ချစ်ဦးညို - စာမရီသို့ ထူးထူးခြား
ခင်းဖြန့်နံ့သာ ပန်းမွေ့ရာ
သမုဒ္ဒရာအောက်မှနေ၍ ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့ပြီ။ အလိမ်း လိမ်း စိုရွှဲသော ရေသီးရေပေါက်တို့ကို ကိုယ်ဆန့်၍ ခါထုတ်ပစ်လိုက်သည်။ စိမ်းဖန့်ဖန့် အကြေးမျှင်တို့သည် ရှည်မျောချောမွေ့ ကိုယ်လုံးထက်မှ လှိုင်းသို့နှယ် အလွန်အလိပ်များ ထ, သွားကြသည်။
မောပန်း နွမ်းနယ်ခြင်း၊ အို ... မဟုတ်သေး။
မောပန်းနွမ်းနယ်ခြင်းဆိုသည်က ခန္ဓာကိုယ်နှင့် သက်ဆိုင်သော ဝေဒနာ။ သည်မျှလောက်ကိုဖြင့် သမုဒ္ဒရာ ကမ်းစပ်သောင်ပြင်ပြန့်ကျယ်တစ်လျှောက်၌ တိုက်ခတ်သော လတ်ဆတ်သန့်စင်လေ ရှူရှိုက်လိုက်ရုံသာ။ ဆားငန် နံ့သင်းသော လေကို အားပါးတရ ရှူရှိုက်လိုက်ရလျှင် မောပန်းနွမ်းနယ်ခြင်းတို့ ပျောက်ကင်းသက်သာသွားနိုင်သည်။
ယခု ခံစားနေရသည်က ခန္ဓာကိုယ်၏ မောပန်းနွမ်းနယ်ခြင်း မဟုတ်။ ရင်ထဲက မောပန်းမှု၊ နှလုံးသည်းပွတ်၏ နွမ်းနယ်မှု။
ပြီးတော့ လှပတင့်တယ် ပျိုမျစ်နုနယ်သော အသွေးအသားတို့၏ မွတ် သိပ်မှု။
စိမ်းညိုပြာမှောင် သမုဒ္ဒရာ ရေပြင်ကို ငုံ့ကြည့်မိပြန်သည်။
ဤရေပြင်၏ အောက်၊ နက်လှစွာသော တစ်နေရာတွင် သူတို့သည် ချမ်းသာသုခ စည်းစိမ်အဝဝတို့ဖြင့် ပျော်ရွှင်ခံစား နေရစ်ခဲ့ကြပေပြီ။ သူတို့၏ပျော်ရွှင်မှုသည် မိမိအား ကြေကွဲမှုအဖြစ် ရိုက်ခတ်သည်။ သူတို့အားလုံး၏ ပျော်ရွှင်မှု အလယ်တွင် မိမိသည် အထီးကျန်ဘဝဖြင့် ပူလောင်ပြင်းပြဝေဒနာတို့ကို သာ တစ်ရံမလပ် ခံစားနေရသည်။
သူတို့မှာတော့ ချစ်သောလင်၊ ချစ်ခင်ပွန်းတွေနှင့်။
လင်ယောက်ျား သေဆုံးခဲ့လေသော မိမိအဖို့မူ မုဆိုးမအဖြစ်ကို ခါးသီး ပူပြင်းစွာ လက်ခံလိုက်ရချေသည်။ ထိုအခါ သမုဒ္ဒရာအောက်မှ ဘုံဗိမာန်သည် မိမိအတွက် ငရဲပြည် ဖြစ်သွားခဲ့သည်။ အေးမြလတ်ဆတ်သော ရေအထုအောက် ဗိမာန်အတွင်းဝယ် ဖော်မဲ့တစ်ကိုယ်ဘဝဖြင့် ပူပြင်းလောင်ကျွမ်းနေခဲ့ရသည်။
အထီးကျန်ဘဝ၏ လောင်ကျွမ်းမှုကို မခံနိုင်တော့သည့် အဆုံးဝယ် သမုဒ္ဒရာအောက် ဘုံဗိမာန်ကို စွန့်ခွာခဲ့တော့သည်။ နေရာဌာနကိုသာမက အတိတ်ကာလကိုပါ စွန့်ပယ်ပစ်ခဲ့သည်။ ဘုံဗိမာန်၊ အတိတ်ကာလ၊ အထီးကျန် ဘဝ၊ ပြီးတော့ မျိုးတူရွယ်ဖွားနဂါး အပေါင်းတို့ နေရစ်ခဲ့တော့။
သမုဒ္ဒရာ ကမ်းခြေသောင်စပ်၊ ရေမသွေ့တသွေ့ ခင်းပြန့်ထက်မှာ ခြေ ရာတွေ တွေ့လိုက်ရသည်။ ရေနူးသောင်၊ သဲတို့က ခြေရာတွေကို အမိအရ ဖမ်း ဆုပ်ထားနိုင်ကြဆဲ။ လှိုင်းတို့က ခြေရာတွေကို မဖျက်ကြသေး။
အချိုင့်အခွက်နည်းသော ခြေရာတွေ ဖြစ်သည်။ ပြည့်ဖြိုးသော ဖဝါးတို့မှ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု အတတ်သိလိုက်သည်။ ပြီးတော့ ခြေရာတွေ က ဗျက်ကျယ်သည်။ ခြေမ၊ ခြေချောင်းရာတွေမှာ စူးစူးထင်ထင် ရှိသည်။ ခြေ လှမ်းကြသည်။ ကြားရရွား ခြေလှမ်းများ ဖြစ်ရမည်။
မဆိုစလောက် ရင်ထဲမှာ လှိုင်းတွန့် ထ,သွားသည်။
သောင်ကမ်းတွင် ပြုံးမိလေသလား မသိ။
အလိုလို နိုးကြားတတ်သော အာရုံဖြင့် ဤခြေရာ ပိုင်ရှင်သည် ပုရိသ ယောက်ျားတစ်ယောက်ပဲဟု သိလိုက်သောကြောင့်ပင်။ ။
ခြေရာများအတိုင်း ထက်ကြပ်လိုက်ခဲ့သည်။ သဲသောင်ပြင်မှသည် ကျောက်ဆောင်ကမူများ အကြို အကြား။ ထိုမှသည် အမြင့်ပိုင်းကုန်းစပ်။ ထိုမှ သည် ပုန်းညက်ပင်တော။ ထိုမှသည် အတွင်းပိုင်း ခင်တန်းတော။ ။
ယောက်ျားတစ်ယောက်၏ခြေရာဟု အတတ်သိပြီးနောက် ထိုခြေရာ အတိုင်း လိုက်ရခြင်းကပင် ရင်ဖိုစွာ တစ်မျိုးဖြစ်နေရသည်။ ခရီးအဆုံးတွင် ဘယ် သူ့ကိုများ တွေ့ရမှာပါလိမ့်။ ခရီးအဆုံးတွင် ခြေရာရှင်သည် ဘယ်သို့များ နေမှာ ပါလိမ့်။ ခရီးအဆုံးတွင် ခြေရာရှင်သည် ။
ကဗွီးပင်တောအုပ်တို့အကြား၊ မှိုင်းညို သစ်ရိပ်တို့အောက်၊ ပန်းခြံများ ဝန်းရစ်နေသော ကွက်လပ်ကွင်းပြင်ငယ်၏ အလယ်တွင် သေးငယ်လှပသော ကျောင်းသင်္ခမ်းတစ်ခုကို တွေ့လိုက်ရပေပြီ။
ကျောင်းသင်္ခမ်းဝန်းကျင် မြေပြင်သည် ညီညာပြန့်ပြူးနေသည်။ ကဲ လားပြတင်းကို ချထားသည်။
မျက်နှာစာတွင် ခြေဆေးခုံနှင့် ရေအိုးရှိသည်။ ခနော်နီခနော်နဲ့ ဝရန်တာ လက်တန်းပေါ်တွင် သစ်ခေါက်ဆိုးအဝတ်တစ်ထည် ဖြန့်လွှားထားသည်။ ခြေရာရှင်သည် ဤကျောင်းသင်္ခမ်းတွင် နေထိုင်သူ ဖြစ်ရမည်မှာ သေချာသွား သည်။ ယခု ပိုင်ရှင်မရှိ။ အို ..... ကျောင်းသင်္ခမ်း သစ်ခေါက်ဆိုးဆိုတော့ သူ....သူဟာ ရသေ့တစ်ပါးပေါ့။
ပျော်ရွှင်နေခဲ့သော စိတ်အစဉ်ဝယ် တစ်ချက် ညိုသွားသည်။
ရသေ့တစ်ပါး ဒါဆိုရင် တရားဘာဝနာနဲ့ ပျော်မွေ့ -
သမုဒ္ဒရာကမ်းခြေဘက်မှ လှိုင်းပုတ်သံ တရုန်းရုန်းက သဲ့သဲ့လွင့်လာ သည်။ ပုန်းညက်တောဆီမှ သစ်ရွက်သံ တရှဲရှဲ ကြားရပြန်သည်။ ။
စိတ်မာန်တင်းလျက် ကျောင်းသင်္ခမ်းရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်ခဲ့ သည်။ ပိုင်ရှင်ရှိမနေကြောင်း သေချာသွားသည်။ ပိုင်ရှင်သည် သစ်သီးဝလံ အလို့ငှာ တောထဲသို့ သွားနေပေလိမ့်မည်။
စေ့ထားသော ကဲလားကို အသာဟလျက် အထဲသို့ လှမ်းကြည့်လိုက် သည်။ ဝါးကွပ်ပျစ်၊ သစ်သားခေါင်းအုံး၊ ပရိက္ခရာအချို့၊ ရေအိုးနှင့် ရေမှုတ် ဤမျှသာ ဖြစ်သည်။ သေချာသွားပြီ။ ဤသင်္ခမ်းတွင် တစ်ယောက်တည်းသာ ရှိသည်။ သို့သော် သူသည် ရသေ့အိုလော၊ ရသေ့ပျိုလော၊ အဆင်းအင်္ဂါဆိုးသူ လော၊ တင့်တယ်သူလော ....။
အထီးကျန်ဝေဒနာက ရုန်းကြွလာသည်။
သိလိုသော စိတ်ဆန္ဒကို တားဆီးဖို့ မကြိုးစားတော့။
ဆုံးဖြတ်လိုက်သည်။ သူဟာ သဒ္ဓါပဗ္ဗဇိတလား၊ သဒ္ဓါတည်းဟူသော အကြောင်းကြောင့် ရသေ့ဝတ်သူလား၊ ဒါမှမဟုတ် အခြားအကြောင်းကြောင့်လား သိအောင် စုံစမ်းတော့မည်။ စုံစမ်းဖို့က မခက်၊ ဣတ္ထိယတို့၏ ပကတိသော ဉာဏ်က နိုးကြားလာသည်။
ကြမ်းခက်သော ဝါးကွပ်ပျစ်၊ သစ်သား ခေါင်းအုံးတို့ဖြင့်သာ ပြီးအပ် သည့် အိပ်ရာကို မွေ့လျော်ဖွယ် စက်ရာတစ်ခုဖြစ်အောင် ဖန်တီးလိုက်မည်။ အမွှေးနံ့သာ၊ ညက်ညောစွာသော အတွေ့၊ လှပသော အဆင်းတို့ဖြင့် အတိပြီးစေ မည်။ အကယ်၍ ရသေ့သည် သဒ္ဓါပဗ္ဗဇိတဖြစ်ငြားအံ့၊ ကာမဂုဏ်တို့မှ လွတ်ကင်းအပ်ပြီးသူ ဖြစ်အံ့၊ မိမိဖန်တီးသော စက်ရာကို လျစ်လျူရှုလိမ့်မည်။ ရှောင်ရှားလိမ့် မည်။
အကယ်၍မိမိဖန်တီးအပ်သော စက်ရာ၌မွေ့ပါမူ သူသည် သဒ္ဓါပဗ္ဗဇိတ မဟုတ်၊ ကာမဂုဏ်တို့မှ ရုန်းမထွက်နိုင်သေးသူ။ သို့ဆိုလျှင် အထီးကျန်မုဆိုးမ မိမိဘဝသည်လည်း -
သမုဒ္ဒရာသို့ ပြန်ဆင်းရမည်။ သမုဒ္ဒရာအောက် ဘုံဗိမာန်သို့ ပြန်မည်။ နဂါးပြည်မှ နတ်တို့၏ ပန်းမာန် အမွှေးအကြိုင်တို့ကို ယူဆောင်ပြီး ပြန်လာမည်။ ပြီးတော့ ဤအိပ်ရာထက်မှာ ပန်းတို့ကို ဖြန့်ခင်း၊ နံ့သာတို့ ကြဲပက်။
သင်္ခမ်းပိုင်ရှင် ပြန်မရောက်မီ ဤအမှုအားလုံးတို့ကို ပြီးစီးအောင် လုပ်ရ မည်။ သမုဒ္ဒရာအောက် ဘုံဗိမာန်သို့ အမြန်ပြန် ....။
စင်စစ်မူ ရသေ့အဝတ်ဝတ်ထားသောကြောင့်သာ သူ့ကို ရသေ့ ဟု ခေါ်ရခြင်း ဖြစ်သည်။ အလုံးအရပ်၊ အသားအရေ၊ သွင်ပြင်လက္ခဏာများအားလုံး ပင် သူသည် တောမှီပျော်မွေ့ ရသေ့တစ်ပါးနှင့် မတူလှ။ သူ့ အရွယ် ငယ်နုနေ သေးသလို သူ့အသွင်ကြည်လင်ဆဲ ရှိသေးသည်။ သစ်ခေါက်ဆိုးအဝတ် အောက်မှ သူ့အသားစိုင်များမှာ စိုပြည်ဝင်းဝါလျက်ရှိသည်။ ဒေါက်ချာအောက်မှ သူ့မျက်နှာမှာလည်း ယောက်ျားပျိုတစ်ဦး၏ တက်ကြွခြင်းများဖြင့် အရောင်အဝါ တောက်ပလျက်ရှိသည်။
အခြားတစ်ပါး၌ တွေ့ရတတ်သော တောပျော်ရသေ့ကြီးများကဲ့သို့ ပွရောင်းသော မုတ်ဆိတ်ကျင်စွယ်၊ အလိမ်းလိမ်း ရှုပ်ထွေးသော ဆံကျစ်၊ လျော့ ရဲသော လက်ပြင်၊ တုန်ချည့်နှေးကွေးသော အမူအရာမျိုး သူ့မှာ လုံးဝ မရှိ။
ရသေ့ပျိုသည် ထမ်းပိုးတစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲလာသော သစ် သီးများကို ဖြုတ်ကာ စင်ပေါ်သို့ တင်လိုက်ပြီးမှ ထမ်းပိုးကို ကျောင်းသင်္ခမ်း နံရံတွင် ထောင်သည်။ ထို့နောက် ခြေဆေးပျဉ်ခုံတွင် ခြေဆေးလျက် ကျောင်း သင်္ခမ်းထဲသို့ ဝင်ရန် ဝါးလှေကားပေါ်သို့ လှမ်းတက်လိုက်သည်။
ထိုတစ်ဒင်္ဂမှာပင် သူသည် ထူးခြားသော ပန်းရနံ့များနှင့်တကွ အသွင် ပြောင်းနေသော သူ၏ စက်ရာကို အာရုံခံစား တွေ့မြင်လိုက်ရခြင်း ဖြစ်လေသည်။
ပန်းနံ့များက ထူးကဲစွာ ကြိုင်လှိုင် သင်းပျံ့နေသည်။ စက်ရာတစ်ဝိုက် တွင်လည်း အသွေးအရောင်စုံပန်းတို့ ကြဲပြန့်လျက်ရှိသည်။ မာကျောသော သစ်သားခေါင်းအုံး တစ်ဝိုက်မှာ ရွှေရောင်ဝင်းသော ပန်းများက အစုလိုက် အပုံ လိုက်ရှိနေကြသည်။ ပြီးတော့ ကွပ်ပျစ်တစ်လျှောက်တွင် နုညက်သင်းပျံ့သော အမှုန့်များက စို့စို့ပို့ပို့ ခင်းဖြန့်လျက်သား။
ထိုအမှုန့်များကို သူ့လက်ချောင်းများဖြင့် ထိတို့ကြည့်လိုက်သည်။ နုညက်လွန်းသော အတွေ့ကိုရလိုက်သည်။ နံ့သာမှုန့်များဖြစ်ကြောင်း သူသိ သည်။
ချိုအီစူးရဲ ရနံ့များအလယ်တွင် သူသည် အိပ်မက်မက်သလို ဖြစ်သွား သည်။ ပန်းပွင့်များက သူ့ကို ပွေ့ဖက်လာသည်ဟု ခံစားရသည်။ ထို့နောက် အလိုအလျောက်ပင် သူသည် ပန်းမွေ့ရာပေါ်သို့ ပစ်လှဲချမိသွားသည်။ မျက်လုံး အစုံက အလိုလို မှေးဆင်းသွားသည်။ ဂန္ဓအာရုံ၊ ဖောဋ္ဌဗ္ဗအာရုံတွင် ရသေ့ပျို နစ်မြုပ်သွားသည်။ ဤပန်းနံ့သာ အမွှေးအကြိုင်များ မည်သို့မည်ပုံ သူ့ကျောင်း သင်္ခမ်းထဲ ရောက်နေကြောင်းကိုပင် သူ စဉ်းစားဖို့ သတိမရ။
ခဏအကြာမှာပင် ရသေ့ပျိုသည် ပန်းမွေ့ရာထက်တွင် နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။
ထို့ကြောင့် ကျောင်းသင်္ခမ်း ကဲလား အကြားမှ တိတ်တဆိတ် ကြည့် နေသော မျက်လုံးအစုံကိုလည်း သူ သတိမထားမိတော့ချေ။
တိတ်တဆိတ်ကြည့်နေသူသည် ကဲလားမှ မျက်နှာကို အသာအယာ ခွာလျက် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်လေသည်။
တတိယနေ့ ဖြစ်သည်။
ကျောင်းသင်္ခမ်း ကဲလားကို ပိတ်ပြီး ရသေ့ပျိုသည် တောထဲသို့ ဝင်ခဲ့ သည်။ သို့သော် ပို၍နက်သော တောဆီသို့ သူမဝင်ဘဲ လာလမ်းအတိုင်း ပြန်လှည့်ခဲ့သည်။ ထို့နောက် ကျောင်းသင်္ခမ်းကို မြင်နေရသည့် တောချုံခင်တန်း စပ်တွင် အသာအယာ ဝပ်နေသည်။
ပန်းမွေ့ရာထက်တွင် ပထမတစ်နေ့ သူနှစ်ခြိုက်စွာ အိပ်မောကျသည်။ ဒုတိယနေ့ နံနက်တွင် သစ်သီးရှာရန် သူထွက်ခဲ့သည်။ ညနေပြန်ရောက်သော အခါ ပန်းမွေ့ရာ အသစ်တစ်ခုကို တွေ့ရပြန်သည်။ ယမန်နေ့ညက သူအိပ်ခဲ့သော စက်ရာမဟုတ်တော့။ နွမ်းနေသော ပန်းခင်းနေရာတွင် လတ်ဆတ်သင်းပျံ့ဆဲပန်း များကို တွေ့ရသည်။ တစ်ယောက်ယောက်သည် ပန်းအဟောင်းတို့ကို ပန်း အသစ်ဖြင့် အစားထိုးလဲလှယ်ပေးခဲ့ပြီး သူ့အိပ်ရာကို ပန်းသစ်တို့ဖြင့် ပြင်ဆင်ပေးခဲ့ပြန်ပြီ။
ထို့နောက် ယနေ့ တတိယနေ့တွင် သူသည် သင်္ခမ်းမှ ထွက်ခွာ ဟန် ဆောင်ကာ တိတ်တဆိတ် ပြန်လှည့်ခဲ့ပြီး ပန်းကြဲသူကို စောင့်ကြည့်ခြင်းဖြစ် သည်။ ဒုတိယနေ့တွင် လာခဲ့သူသည် တတိယနေ့တွင်လည်း ဆက်လာရမည်။
ရသေ့ပျိုသည် ချုံနွယ်ဘေး ကျောက်တုံးနောက်၌ နေရာယူရင်း ကျောင်းသင်္ခမ်းကို မမှိတ်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ကျောင်းသင်္ခမ်းပိုင်ရှင်သည် ရသေ့ဖြစ်သော်ငြား သဒ္ဓါပဗ္ဗဇိတ မဟုတ်။ ဂန္ထအာရုံ၊ ဖောဋ္ဌဗ္ဗအာရုံတို့၌ ခုံမင်မွေ့လျော်တတ်သူဖြစ်ကြောင်း သိရပြီးသည့် နောက်တွင် ပို၍သေချာစေရန် ဒုတိယအကြိမ် ဒုတိယနေ့ပန်းကြဲသော စက်ရာကို ဖန်တီးပေးခဲ့သည်။ ထိုဒုတိယအကြိမ် စမ်းသပ်မှုလည်း အောင်မြင်ခဲ့ပြန်သည်။ ပို၍ သေချာသွားသည်။ ချောမောတင့်တယ်သော ရသေ့ပျိုသည် ကာမဂုဏ်အာရုံ ကို နှစ်ခြိုက်စွဲလန်းဆဲ။
ထို့ကြောင့် တတိယနေ့ တတိယအကြိမ်အဖြစ် ယခင်နှစ်ကြိမ်ထက် ပို၍လှ၊ ပို၍မွှေးသော ပန်းများကို ယူဆောင်လာခဲ့သည်။ ယခု ရသေ့ပျို၊ အပြင် ထွက်သွားပြီ။ နတ်နဂါးတို့ပြည်၌ ဖြစ်သော အလှဆုံး၊ အမွှေးဆုံးပန်းများဖြင့် သူ့ကို ထပ်မံသိမ်းသွင်းရပေဦးမည်။ ကျောင်းသင်္ခမ်းထဲသို့ သူမ လှမ်းဝင်လိုက် သည်။
ကျောင်းသင်္ခမ်းအတွင်း လှမ်းဝင်လိုက်သည့် ပထမခြေလှမ်းအပြီးမှာပင် သူမ သိလိုက်လေပြီ။ အလိုလို နိုးကြားတတ်သော အာရုံဖြင့် ဤသင်္ခမ်းထဲတွင် သူမတစ်ဦးတည်း မဟုတ်ကြောင်း၊ အခြားသူတစ်ယောက် ရောက်ရှိလာကြောင်း ခံစားသိရှိလိုက်သည်။
သူမ နောက်လှည့်ကြည့်လိုက်သည့်အချိန်မှာပင် သူ့ကို တွေ့ရသည်။
မျက်လုံးအစုံတို့ အပြန်အလှန် ဆွဲငင်နေကြသည်။
တစ်ခါမှ မတွေ့ဖူးကြပါပဲလျက် နှစ်ပေါင်းများစွာ ကာလရှည်ကြာ ရင်းနှီးခဲ့သည့် အကြည့်များ ဖြစ်ပေါ်နေကြသည်။
“မင်း ဘယ်သူလဲ”
“ကျွန်မ နဂါးမ”
အမေးနှင့်အဖြေတို့ ထက်ကြပ်ပေါ်လာသည်။
သူ့အကြည့်က သူမတစ်ကိုယ်လုံးကို တစ်ချက်တည်းနှင့် ခြုံငုံသုံးသပ် လိုက်သည်။ သူမကလည်း သူ၏အကြည့်ကို ဆီးကြိုငံ့လင့်လျက် မျက်လွှာမချ ဘဲ ကြိုဆိုသည်။
“မင်းမှာ ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသလား”
“အရင်က ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ကွယ်လွန်သွားပြီလေ၊ ကျွန်မ
မုဆိုးမ”
လိုရင်းကို မေးသော အမေးနှင့် ပြီးပြည့်စုံသော အဖြေတို့ ထွက်ပေါ်လာ ကြပြန်သည်။ သူမ၏ မျက်နှာပေါ်၌ အပြုံးရိပ်တစ်ခု မသိမသာ လက်ခနဲ ပေါ် သွားပြီး စွတ်စိုသော နှုတ်ခမ်းများအကြားမှ မေးခွန်းတစ်ခု ထွက်ကျလာသည်။
“အရှင် ဘယ်ကလဲဟင်”
“ငါ ဗာရာဏသီမင်းကြီးရဲ့ သားတော် ဗြဟ္မဒတ်မင်းသားပဲ။ ငါ့ အကြောင်းကို ထားလိုက်စမ်း၊ မင်းက နဂါးဆိုရင် ဘာကြောင့် နဂါးပြည်စွန့်ပြီး ဒီရောက်နေရတာလဲ”
ကျောင်းသင်္ခမ်း အိပ်ရာပေါ်ရှိ ပန်းရနံ့များ တစ်ချက်သုတ်ဖြူး လွင့်ဝဲ လာသည်။ ချိုအီမွှေးမြ လေပြည်က သူတို့နှစ်ယောက်စလုံးကို ဝန်းရစ်ထုံမွှမ်းနေ သည်။
“အရှင် ... နဂါးပြည်မှာ အခြားအခြားသော နဂါးမတွေဟာ ချစ်သူ တွေ၊ ခင်ပွန်းတွေနဲ့ ပျော်ရွှင်စွာ ခံစားနေကြတယ်။ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ ကျွန်မကို ဆူးချွန်တွေလို ထိုးစိုက်ကြတယ်။ ဒါကြောင့် နဂါးပြည်ကို ကျွန်မ အပြီးတိုင် စွန့်ခွာလာခဲ့တယ်။ ကျွန်မအတွက် မြင့်မြတ်တဲ့ ရင်ခွင်တစ်ခုကို ရှာဖို့ ထွက်လာခဲ့တယ်လေ”
သူမအကြောင်းမှာ ပြည့်စုံသွားပြီ။ သူက သူ့အကြောင်းကို ပြောပြ သည်။ အိမ်ရှေ့အရာ အပ်နှင်းပြီးကာမှ မိမိထက် ဘုန်းတန်ခိုးအာဏာ ကြီးထွား လာမည်ကို စိုးရွံ့လေသော ခမည်းတော် ဘုရင်ကြီးက တိုင်းပြည်မှ နှင်ထုတ်လိုက် ခြင်း ဖြစ်ကြောင်း။ တစ်ကိုယ်တည်း ထွက်ခဲ့ကာ သမုဒ္ဒရာကမ်းခြေ တစ်နေရာ တောင်ကြားတစ်ခုမှာ ကျောင်းသင်္ခမ်း တည်၍ ရသေ့အသွင်ဖြင့် တောရပ်မှီခဲ့ ကြောင်း -
“ငါဟာ သဒ္ဓါပဗ္ဗဇိတ ရသေ့ မဟုတ်ဘူးဆိုတာ ငါ့ကိုယ်ငါ ဝန်ခံပါ တယ်”
ထိုစကားလုံးဖြင့် သူက နိဂုံးချုပ်လိုက်သည်။
မတိုင်ပင်ရဘဲ သူတို့နှစ်ယောက်စလုံး ပန်းမွေ့ရာခုတင်ထက်တွင် ယှဉ် လျက်ထိုင်မိကြသည်။
အပြန်အလှန် ဖေးမကူညီမှုများ၊ ဖွဲ့ နှောင်မှုများဖြင့် ရှေ့ခရီးကို လျှောက် ကြမည်ဟု နှစ်ဦးစလုံး ဆုံးဖြတ်လိုက်ကြလေသည်။