Skip to product information
1 of 2

Other Websites

ချစ်ဦးညို - ချစ်သောပါဒဧကရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပထမပိုင်း

ဧကရီ

[အနုလောမချစ်မေတ္တာ ]

ချစ်သူ...

လွင့်ပျံနေသော တိမ်တို့၏ အရောင်စုံကို၎င်း၊ လှုပ်ခါသော ပန်းပွင့် တို့၏ အသွေးစုံကို၎င်း၊ ယိမ်းနွဲ့နေသော သစ်ရွက်တို့၏ အဆင်းစုံကို၎င်း၊ ငါသည် ငါ၏ ပန်းချီကားချပ်ပေါ်သို့ တိကျပြတ်သားစွာ ပို့ဆောင်ခြယ်သ နိုင်စွမ်းရှိပါ၏။

ကျောက်အင်တုံ အတွင်းဝယ်၊ ငါသည် ကမ္ဘာလောက၏ အရောင် အားလုံးကို ရောစပ်ဖန်တီးနိုင်၏။ ပန်းချီကားချပ်ပေါ်၌ ငါသည် ကမ္ဘာလောက၏ အဖြောင့်အတန်း၊ အလင်းအမှောင်၊ အနီးအဝေး၊ အထုအထည်၊ အချိုးအကွေ့ အတွန့်အကောက် အားလုံးကို တစ်မုဟုတ်ချင်း ကူးယူဖန်ဆင်းနိုင်၏။

ဆေးတို့ထားသော စုတ်တံကို ဖွဖွရွရွကိုင်ထားသော ငါ၏ လက်ချောင်း တို့သည် ကြုံလှီဖျော့တော့နေကြသော်လည်း ထိုလက်ချောင်းများဖြင့်ပင် လောက တစ်ခုလုံးအား ငါ ဆုပ်တွယ်နိုင်ပါ၏။လောက၏ အလှအပ အလုံးစုံသည် ငါ့စုတ်တံ၊ ငါ့ ဆေးစပ်အင်တုံ၊ ငါ့ ပန်းချီကားချပ်၌ ဦးညွတ်ပျပ်ဝပ်နေကြရ၏။

အို ... ချစ်သူ... သို့ပါသော်လည်း...

သင်၏ နှုတ်ခမ်းတစ်လွှာမှ၊ သင်၏ မျက်တောင်တစ်ကော့မှ၊ သင်၏ ဆံတစ်ပင်မှ၊ သင်၏ ရင်ဝတ်တန်ဆာတစ်ချည်မျှင်မှ၊ သင်၏ လက်ချောင်း တစ်ချောင်းမှ၊ သင်၏ နဖူးပြင်တစ်စမှ၊ သေးငယ်သော အလှအပ တစ်ခုခုကိုသော်မှပင်၊ ငါ့ပန်းချီကားချပ်ပေါ်၌ ရေးခြယ်ရန် ငါ မတတ်နိုင်ပါတကား။

 ချစ်သူ...

ရောင်ငါးခုရှိသော၊ မဟာဂန္ဓဗ္ဗ အမျိုးအနွယ်လည်း ဖြစ်ပေသော၊ လောက၏ ဂီတမှူးလည်း ဖြစ်ပေသော၊ ပဉ္စသီခနတ်သားသော်မှပင် သုံးဂါဝုတ် ပမာဏရှိသော ဥသျှစ်မည့် အဆင်းကိုဆောင်သော “ဗေဠုဝပဏ္ဏု"နတ်စောင်း ဖြင့် ချစ်သူ သူရိယဝစ္ဆသာဒေဝီ၏ အလှကို ဖွဲ့ဆိုတီးခတ်ခဲ့ပေ၏။

တစ်ဆယ့်ငါးပုဒ်သော ဂါထာတို့ဖြင့် သူ၏ ချစ်မေတ္တာကို သီကျူး ဖွင့်ဟနိုင်ခဲ့ပေ၏။ အော်... ငါမူကား ပဉ္စသီခနတ်သား ကဲ့သို့ မဟုတ်နိုင်ပါ တကား။

သင့်အလှ၌ နစ်မြောစီးဝင်ခဲ့ရသော ငါသည်းပွတ်နှလုံးတို့သည် မဟာသမုဒ္ဒရာမှ လှိုင်းတံပိုးကဲ့သို့ ဆူဝေမြင့်မောက်ခဲ့ရသည်ဖြစ်၍ ငါ၏ ချစ် မေတ္တာတို့ကို ပဉ္စသီခကဲ့သို့ပင် နှုတ်မှ ထုတ်ဖော်မသီကျူးနိုင်တော့ပါ။

ပဉ္စသီခ၏ “ဗေဠုဝပဏ္ဏ မှ စောင်းသံသည် လေးလတိုင် အသံမစဲဟု အဆိုရှိ၏။ ငါသာ စောင်းသမားဖြစ်ခဲ့မူ သင့်အလှကို ဖွဲ့ဆိုတီးခတ်နိုင်ခွင့် ရခဲ့မူ ငါ့စောင်းသံသည် လေးလ လေးနှစ် လေးအသင်္ချေ အနန္တ အသံမစဲသည် ဖြစ်ကောင်း၏။

 ချစ်သူ...

သင့်အား စတင်တွေ့မြင်ရသော အချိန်မှစ၍...

ငါ့မျက်လုံးအစုံသည် သင့်ရုပ်သွင်မှတစ်ပါး အခြားသော အရာတို့၌ ကန်းကွယ်ခဲ့ပြီ...

ငါ့နားတို့သည် သင့်အသံမှတစ်ပါး အခြားသော အရာတို့၌ ဆွံ့အ ခဲ့ပြီ...

ကမ္ဘာလောကအား ဖန်ဆင်းနိုင်သော ငါ့လက်ချောင်းများအတွင်းမှ ပုံရေးစုတ်တံသည် သင့်မျက်နှာမှတစ်ပါး အခြားသော အရာတို့၌ ရေးဆွဲခြယ်သ ရန် ငြင်းဆန်ခဲ့ကြပြီ။

သို့သော် သင့်အလှ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုခုကို သော်မှ ငါ ရေးဆွဲခြယ်သခြင်းငှာ မတတ်နိုင်ပါတကား...။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)