Skip to product information
1 of 3

Other Websites

ချစ်နိုင်(စိတ်ပညာ) - စာဖတ်ခြင်းဖြင့်ကြီးမြင့်ပါစေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

ဖူးစာဆုံခဲ့ကြသူများ

တစ်နေ့သောအခါ ကျွန်တော့်သမီးက “မြန်မာ့ ရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး အိမ်ထောင်ပြုတာ တော်တော်ရှားတယ်နော်” ဟု ပြောပါသည်။

ထိုအခါ ကျွန်တော်၏ဇနီးက “ရုပ်ရှင်မင်းသား ပြေတီဦးနဲ့ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်တို့ စုံတွဲက လွဲရင် အရင်မရှိဘူးထင်တာပဲ” ဟု ထင်မြင်ချက်ပေးပါသည်။

“အဖေ၊ ဟုတ်သလား၊ မြန်မာရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး ယူတာမရှိဖူးဘူးလား?” ဟု မေးပါသည်။

မှန်သည့်အတိုင်းဆိုလျှင် ရုပ်ရှင်မင်းသားနှင့် မင်းသမီး သည် ဇာတ်ဝင်ခန်းအတွက် ချစ်ခန်းကြိုက်ခန်းတွေရိုက်ရင်း အပြင်မှာလည်း တကယ်ကြိုက်သွားကြတာတွေရှိကြပါ ပေသည်။ သို့သော် ဇာတ်ကားလည်း ရိုက်ပြီးရော သူတို့ ချင်းလည်း မီးဝေးချိတ်မာဝေးကွာသွားကြသည်က များပါ၏။

ဟောလီးဝုရုပ်ရှင်လောက၊ ဟောင်ကောင်ရုပ်ရှင်လောက၊ အိန္ဒိယ ဘောလိဝုရုပ်ရှင်လောကနှင့် ကိုရီးယား ရုပ်ရှင်လောကတို့တွင် မင်းသားနှင့် မင်းသမီးချစ်နေကြပုံ ရပြီ၊ တွဲနေကြပြီစသည်ဖြင့် စာစောင်တွေက ရေးကြ စွပ်စွဲ ကြ၊ လူတွေပြောနေကြသည့်ကြားက လက်မထပ်ဖြစ်သော အတွဲတွေ မရေအတွက်နိုင်အောင် များပါသည်။ လီဗြောင်ဟွန်း နှင့် လီမင်ဂျန်။

ရုပ်ရှင်မင်းသား ချာလ်တန်ဟေစတန်နှင့် အယ်လီဇဘက် တေလာတို့ အတွဲသည် နာမည်ကြီးခဲ့သည်၊ လက်ထပ်ဖြစ် ကြသည်။ သုံးလေးနှစ်ကြာတော့ ကွဲသွားကြသည်။ နောက် လေးငါးနှစ်ကြာသောအခါ ပြန်လည်လက်ထပ်ပြန်သည်။ များမကြာမီ မိတ်ဆွေလိုပဲ နေကြတော့မည်ဆိုပြီး ကွဲကွာ သွားကြပြန်ပါသည်။ အလားတူ တွဲလိုက်ကွဲလိုက် စုံတွဲတွေက အလွန်တရာများပြားကြပါသည်။

မင်းသားနှင့် မင်းသမီး သမီးရည်းစားဖြစ်တတ်ကြ ပါသည်။ ရုပ်ရှင်လောကမှာ ဖြစ်ရိုးဖြစ်စဉ်။ မှန်သည်။ သို့သော် ရခဲသည်။ ချစ်မိတတ်သည်။ သို့ပေမယ့် အကြင်လင်မယားအဖြစ် အိမ်ထောင်စုဘဝတစ်ခုဟူ၍ ပေါင်းဆုံ မိကြသူကား ရှားပါးသည်။ ရေတွက်ကြည့်တော့ မများလှ။ ရှိတော့ရှိသည် ရှားသည်။

“မြန်မာရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး ဖူးစာဆုံတဲ့ စုံတွဲတွေ ရှိခဲ့ပါတယ် သမီးရယ်”

ကျွန်တော်က စာရွက်ပေါ်မှာ ချရေးပြီး သမီးကို အောက်ပါ မြန်မာရုပ်ရှင်မင်းသား၊ မင်းသမီးတို့အမည်ဖော်ပြလိုက်ပါသည်။ ရုပ်ရှင်ချစ်သူများက အခြားစုံတွဲများ သိလျှင်လည်း ဖြည့်စွက်ကြပါလေ ...။

 ၁။ ဖိုးပါကြီး                                          မေချစ်

 ၂။ အေဝမ်းညွှန့်မောင်                              မေမြင့်

 ၃။ သိန်းဇော်                                         မေလွင်

 ၄။ ကျော်ဝင်း                                        တင်တင်မူ

 ၅။ ကျော်ဆွေ                                        ခင်ယုမေ

 ၆။ ကျော်ဖေ                                         ခင်လေးဆွေ

 ၇။ ရွှေဘ                                              သင်းသင်းလဲ့

 ၈။ မောင်ဗမာဘကွန်း                             ဘေဘီနွဲ့

 ၉။ သိန်းတန်                                          သိန်းသိန်းဦး

 ၁၀။ နုမောင်                                          ခင်သန်းနု

၁၁။ သန်းထွတ်                                       ဝါဝါဝင်းရွှေ

၁၂။ တွံတေးသိန်းတန်                              ချစ်စပယ်

 ၁၃။ ကျော်ဟိန်း                                     စန္ဒာ

၁၄၊ မောင်ယဉ်ထွေး                                ရှုမဝ စမ်းစမ်းအေး

၁၅။ ခင်မောင်ချင်း                                  စမ်းစမ်းဝင်း

၁၆။ အကော်ဒီယံအုန်းကျော်                    မြတ်မွန်

 ၁၇။ သီဟတင်စိုး                                   ဇင်မာဦး

 ၁၈ ပြေတီဦး                                         အိန္ဒြာကျော်ဇင်

တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ်မေတ္တာမှန် ဖြင့် အပြန်အလှန်ချစ်မိဖို့ဆိုတာ ရခဲသောတိုက်ဆိုင်မှု ဖြစ်ပါ သည်။ မြင်မြင်ချင်းချစ်မိသည်။ ခဏတော့ချစ်သည်ဟု ထင်မိတတ်သည်။ ကြာရှည်တော့ တည်ခဲသည်။

ရုပ်ရှင်လောကမှာဖြစ်စေ အပြင်မှာပဲဖြစ်စေ၊ ခိုင်မြဲ သော အချစ်က တွေ့ရခဲ့ပါ၏။ ချစ်သည်ဆိုစေဦး လက်ထပ် ဖြစ်ဖို့ မလွယ်သေး။ နှစ်ဘက်မိဘဆွေမျိုးအသိုက်အဝန်းချင်း သဘောတူကြည်ဖြူကြဖို့ လိုပေသည်။ လက်ထပ်ဖြစ်ပြီ ဆိုပါစို့။

ရာသက်ပန်ရိုးမြေကျ ခိုင်မြဲဖို့က မလွယ်ပေ။ လမ်းခွဲသွား ကြသော သတင်းတွေက များလှသည်။ ဟောလီးဝုမှာ ဖြစ်စေ၊ ဘောလိဝုမှာ ဖြစ်စေ။

နှစ်ဦးသဘောတူ ကြည်ဖြူလက်တွဲကြပြီး ခိုင်မြဲ သော အိမ်ထောင်စုကို တည်ဆောက်ကြသော ရုပ်ရှင်မင်းသား မင်းသမီး တို့အား ချီးမွမ်းရပေမည်။ အခက်အခဲအမျိုးမျိုးကို လက်တွဲပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ မေတ္တာနှင့်သစ္စာကို အသိအမှတ်ပြုရပေလိမ့်လည်။ တစ်ယောက် အကြိုက်ကို တစ်ယောက်လိုက်ခဲ့ကြရမည်။

တကယ်တော့ ဖူးစာဆိုသည်မှာ မလွယ်ပါ။

ရုပ်လည်းချော၊ အမူအရာလည်းကောင်း၊ သီချင်းအဆို လည်း ထင်ရှားအောင်မြင်၊ အရွယ်ကော၊ ကျော်ကြားမှုရော ဘာမှပြောစရာမရှိသော ရုပ်ရှင်မင်းသမီး မေရှင်သည် မည်သည့် မင်းသား၊ အရပ်သားနှင့်မှ မညားဘဲ တစ်ကိုယ်တည်း အပျိုကြီး အဖြစ် အရိုးထုတ်သွားခဲ့ ပေသည်။ မေချစ်၊ မေမြင့်၊ မေလွင် ဟူသော အေဝမ်း “မေ” ဆီးရီးစ်ကို တွေ့ရသဖြင့် မင်းသမီးမေရှင်ကို သတိရမိ သည်။ အငြိ စွန်းလည်း ကင်းရှင်းပြီး ဂုဏ်သိက္ခာနှင့် ပြည့်စုံပါသည်။

ရုပ်ရှင်မင်းသမီး မေရှင်သီဆိုသော သီချင်းပေါင်းများ စွာအနက်မှ အောင်ခြင်းရှစ်ပါးသမီးချင်းကို ရပ်ကွက်ထဲရှိအလှူအတန်းပွဲလမ်းစသည့်တို့မှာ နံနက်ခင်းအချိန်၌ ယနေ့ အချိန်ကာလတိုင်အောင် ကြားနေရဆဲ မဟုတ်ပါ လား။

ရုပ်ရှင်မင်းသားနှင့် ချစ်ဖူးသူ ခင်ဖူးသူများရှိနိုင် ပါသည်။ မင်းသမီးနှင့် ရင်းနှီးဖူးသူ၊ နီးစပ်ခဲ့ဖူးသူတွေ့ရှိ နိုင်ကြပါသည်။ သို့သော် တရားဝင်လက်ထပ်ယူပြီး ဘဝ တစ်သက်လုံးအတူတကွ မိသားစုတစ်ခုကို ထူထောင်နိုင် ပါမည်လား ဆိုလျှင်ကား စဉ်းစားတွေဝေရမည်ထင်၏။ အနု ပညာရှင်၏ ဘဝသည် သာမန်လူအများ၏ ဘဝမျိုးတော့ မဟုတ်ကြပေ။ ပိုမိုထူးခြားလေသည်။

အနုပညာရှင်အဖြစ် အောင်မြင်လာသူတို့၏ အားသာ ချက်၊ အားနည်းချက်များသည် ထူးခြားသော ဝိသေသ လက္ခဏာများရှိကြသည်။ အားလုံးလည်း သိကြသည်။

Artist ဟူသော ရုပ်ရှင်ဇာတ်ကားတစ်ကားပြသသည် ကို ကျွန်တော်တို့ မိသားစုကြည့်ကြရင်းက ရုပ်ရှင်မင်းသား နှင့် ရုပ်ရှင်မင်းသမီးတို့ ပေါင်းဆုံသွားကြပုံကို ဇာတ်လမ်းအရ တွေ့ကြသဖြင့် ဆွေးနွေးပြောဆိုမိကြခြင်း ဖြစ်ပါသည်။

ရှားရှားပါးပါးနှင့် ခက်ခက်ခဲခဲဖူးစာဆုံကြသော ရုပ်ရှင် မင်းသား ပြေတီဦးနှင့် ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်တို့ အပါအဝင် ဘဝချင်းပေါင်းဆုံကြသော စုံတွဲအနုပညာရှင်များ အားလုံး ပျော်ရွှင်ကြည်မွေ့သော မိသားစုဘဝရရှိ ကြပါစေဟု ဆန္ဒပြုပါသည်။

ချစ်နိုင် (စိတ်ပညာ)

၈-၇-၂၀၁၂

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)