ချစ်စံဝင်း - ရွှေပင်ငွေပင်စိုက်ပျိုးပါ
နိဒါန်း
ကျွန်တော်တို့သည် ချမ်းသာကြွယ်ဝစေသော ကဏ္ဍရပ်များ ကို လေ့လာခဲ့ကြရာ ယခုဤစာအုပ်တွင် ဖော်ပြတော့မည့် ချမ်းသာ ကြွယ်ဝစေမည့် ဆဌမနည်းသည် အရေးကြီး၍ စွန့်စားမှုရှိသော ကဏ္ဍရပ် ဖြစ်ပါ၏။
ထို့ကြောင့် ကျွန်တော်တို့သည် ဤကဏ္ဍကို အထူးဂရုစိုက်၍ လေ့လာကြရမည် ဖြစ်ပါသည်။
ချမ်းသာကြွယ်ဝစေရေးအတွက် ဆဌမနည်းမှာ-
သင့်ဘဝတွင် စုဆောင်းရရှိသောငွေကို အမြော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံရန် ဖြစ်ပါ၏။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ သံမဏိစည်းကမ်းဖြင့် စုဆောင်းလာသော စုငွေများကို ယခုအခါ ရင်းနှီးမြှုပ်နှံတော့မည် ဖြစ်ပါ၏။
ချမ်းသာကြွယ်ဝစေရေး ဆဌမနည်းစာအုပ်ကို
ရွှေပင်ငွေပင်စိုက်ပျိုးပါ
ဟု အမည်ပေးထားပါ၏။
မိမိ၏စုဆောင်းငွေကို ရင်းနှီးမြှုပ်နှံခြင်းသည် အမှန်တကယ် ရွှေပင်ငွေပင်စိုက်ပျိုးခြင်း ဖြစ်ပါ၏။
စိုက်ပျိုးခြင်းဟုဆိုပါက သာမန်သီးပင်စားပင် တစ်မျိုးမျိုးကို စိုက်ပျိုးရာ၌ပင် ဂရုတစိုက် ပြုလုပ်ဆောင်ရွက်ရ၏။
စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ဆောင်ရာတွင်-
ပထမ ဘာအပင်မျိုး စိုက်ပျိုးမည်ကို ရွေးရ၏။ နှစ်ရှည်ပင်လား၊ ရာသီပင်လား၊ သီးပင်လား စသည်တို့
ဖြစ်သည်။
ဒုတိယ မျိုးကောင်းမျိုးသန့်ကို ရွေးရ၏။
တတိယ မြေဩဇာကောင်းသော မြေတွင် စိုက်ပျိုးရသည်။သို့မဟုတ် မြေဩဇာကောင်းအောင် ပြင်ဆင်ပြီးမှစိုက်ရသည်။
စတုတ္ထ စိုက်ပျိုးပြီးအပင်ကို ဂရုတစိုက် စောင့်ရှောက်ရသည်။
ပဉ္စမ စောင့်ရှောက်ပြုစုပြီး၍ သီးပွင့်လာသော အသီးအပွင့်မှ အချို့ကို စားသုံး၍ အချို့ကို ဈေးကွက်သို့ပို့ ရ၏။
ရွှေပင်ငွေပင်စိုက်ပျိုးရာတွင်လည်း ထိုအဆင့်များအတိုင်းပင် ဖြစ်သည်။ မိမိစုဆောင်းငွေကို ရင်းနှီးမြှုပ်နှံတော့မည်ဟု ဆိုပါက စားပင် သီးပင်တစ်ပင်စိုက်သည်ထက် ပို၍ အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ယခုကျွန်တော်တို့စိုက်မည့်အပင်သည် စားပင်သီးပင်မဟုတ်၊ ရွှေပင်ငွေပင် ဖြစ်နေသောကြောင့်ဖြစ်၏။ ရွှေပင်ငွေပင် စိုက်ပျိုးရာတွင် အသီးသီးတော့လည်း ရွှေသီးငွေသီးများ သီးမည် ဖြစ်၏။ ရင်းနှီးစိုက်ပျိုးရာတွင်လည်း ရွှေတွေငွေတွေကိုပင် ရင်းနှီးရမည် ဖြစ်ပါ၏။
ပထမအဆင့် ဘယ်အပင်မျိုးစိုက်မည်။ နှစ်ရှည်ပင်စိုက် မလား၊ နှစ်တိုပင် စိုက်မလား၊ ရာသီပင်စိုက်မလားဟူ၍ ရွေးရသလို ရင်းနှီးမြှုပ်နှံရာတွင်လည်း ဘယ်နေရာတွင် မိမိငွေကို ရင်းနှီးမလဲ -
အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတွင် ရင်းနှီးမလား။
ကုန်ထုတ်လုပ်ငန်း စသည့်လုပ်ငန်းတစ်ခုခုတွင် ရင်းနှီး မလား။
စားသောက်ဆိုင် လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ အစုရှယ်ယာများ ဝယ်ယူသောလုပ်ငန်း စသည်ဖြင့် မည်သည့်လုပ်ငန်းတွင် ရင်းနှီးရမည်ကို သေချာစွာရွေးချယ်ရမည်ဖြစ်ပါ၏။
ဒုတိယ ယင်းလုပ်ငန်းများတွင် ငွေမည်မျှ ရင်းနှီးမည်လဲ။ ရှိသမျှ စုဆောင်းငွေအကုန် ပုံအော၍ ရင်းနှီးမည်လား၊ သို့မဟုတ်အရင်းကို ခွဲဝေရင်းနှီးမြှုပ်နှံမည်လား၊ မိမိတစ်ဦးတည်းလုပ်မည်လား။ စုပေါင်း၍လုပ်ဆောင်မည်လားဆိုသည့်အချက်တို့ကို ရွေးချယ်ရမည် ဖြစ်ပါ၏။ စုပေါင်းရှယ်ယာခေါ်၍ လုပ်မည်ဆိုပါက ဘယ်သူတွေနဲ့ လုပ်မည်နည်း ဆိုသောအချက်ကို မှန်ကန်စွာရွေးချယ်ရမည် ဖြစ် ပါသည်။
လုပ်ငန်းတစ်ရပ်တွင် ရင်းနှီးမြှုပ်နှံတော့မည်ဟု ဆိုပါက စိုက်ပျိုးမည့်နေရာကို ပြင်ဆင်ရသလို ရင်းနှီးမှုအတွက်လည်း ပြင်ဆင်မှု များကို လုပ်ဆောင်ရန် လိုအပ်ပါ၏၊ မိမိလုပ်ငန်းအတွက် ဘယ် အရပ်တွင် ရုံးခန်းဖွင့်မည်နည်း၊ ကုမ္ပဏီထူထောင်မည်ဟုဆိုပါက မည်သူတွေက ဒါရိုက်တာလုပ်မည်နည်း။ အမှုဆောင်ဒါရိုက်တာအဖြစ် မည်သူကို တာဝန်ပေးမည်နည်း ဟူသောအချက်များကို ရွေးချယ်ရ မည်ဖြစ်၏။
လုပ်ငန်းတစ်ရပ်ကို ရင်းနှီးမြှုပ်နှံပြီးပါက မန်နေဂျာ ကိုယ်စား လှယ်၊ ဝန်ထမ်း စသည်တို့ဖြင့် လွှဲထား၍မရပေ။ ကိုယ်တိုင်ကြီးကြပ် ရမည်ဖြစ်ပါ၏။ မိမိရင်းနှီးမြှုပ်နှံမှုအပေါ် ကိုယ်တိုင်စိစစ်မှု၊ ကိုယ်တိုင် ကြီးကြပ်မှုမပါဘဲ ဘယ်ရင်းနှီးမြှုပ်နှံမှုမှ အကျိုးခံစားခွင့်မရှိနိုင်ပါ။ သစ်ပင်တစ်ပင်ကို စိုက်ပျိုးပြီး ရေမလောင်းဘဲ မပြုပြင် မကပ်ဘဲ