Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - မိဘလက်စွဲ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အမှာ

          ဒီစာအုပ်လေးက ကလေးစိတ်ပညာရှင် Dr Eve M.Dreyfus ရေးတဲ့ စာအုပ်လေးပါ။ သူက ကလေးတစ်ယောက်အမေ ဖြစ်တဲ့အပြင် ဆယ်နှစ်ကျော်လောက် ကလေးတွေနဲ့ အတူတူ အလုပ်လုပ်လာတဲ့သူလည်း ဖြစ်ပါတယ်။ မိဘတွေ လွယ်လွယ်ကူကူနဲ့ ဖတ်လို့ ရသလို အိတ်ဆောင်ကလေးအဖြစ် ဘယ်သွားသွားယူသွားနိုင်တဲ့ စာအုပ်လေးမို့ မြန်မာ ပြည်က ကလေးတို့ရဲ့ မေမေ၊ ဖေဖေတွေအတွက် ဘာသာပြန်ရင်ကောင်းမယ်လို့ ကျွန်မ စဉ်းစားမိပါတယ်။ သူရေးထားတဲ့ စာအုပ်ကလေးက စာနည်းနည်းပဲပါပေမယ့်လို့ မိဘတစ်ယောက်အနေနဲ့ ကလေးတို့ကို ပြုစုပျိုးထောင်တဲ့အခါမှာ လုပ်ပေးသင့်တာတွေနဲ့ မလုပ်ပေးသင့်တာတွေကို လွယ်ကူ ရှင်းလင်းစွာ ရေးသားထားတာမို့ သိပ်ကိုမှ ပြည့်စုံလုံလောက်တယ်လို့တောင်မှ ဆိုလို့ရတဲ့ စာအုပ်လေးပါပဲ။ ကလေးတစ်ယောက် ကို ပျော်ရွှင်လွတ်လပ်ပြီးတော့ အမှီခိုကင်းကင်းနဲ့ ကြီးပြင်းလူလားမြောက်လာစေဖို့ အတွက် ဒီစာအုပ်ကလေးက အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ ဖေဖေ၊ မေမေတို့ ဖတ်ကြည့်ပါဦး။

ခေတ်ဘုန်းသစ်

အော်ဟစ်ပြောဆိုခြင်းက ဆုံးမခြင်းမမည်ပါ

          ကိုယ်ပြောတဲ့စကားကို ကလေး နားထောင်ဖို့အတွက် ကလေးကို အော်ဟစ် ပြီးတော့ ပြောစရာမလိုပါဘူး။ မိဘတို့အနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဘယ်တော့မှ မအော် မိပါစေနဲ့။ ကလေးရှေ့မှာလည်း ကလေးအတုယူ မမှားစေရအောင်လို့ မိဘများအနေနဲ့ ကလေးရှေ့ထားပြီးတော့ အော်ငေါက်အော်ဟစ်တာမျိုးတွေ မလုပ်မိဖို့လိုပါတယ်။ အိမ်မှာမောင်နှမချင်း၊ လင်မယားချင်း၊ မိသားစုဝင်အချင်းချင်း ကလေးရှေ့ထားပြီးအော်ဟစ်နေတာမျိုးတွေလည်း မလုပ်မိဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကလေး တို့ဟာ ရေမြုပ်နဲ့တူပါတယ်။ သူတွေ့ကြုံ၊ ကြားနာနေရတဲ့ ပတ်ဝန်းကျင်ကနေ တစ်ဆင့် အပြုမူကောင်း၊ အပြုမူဆိုးတွေကို အမြဲသင်ယူ လေ့လာနေကြလို့ပါပဲ။ တကယ်လို့ ကိုယ်က ကလေးရှေ့မှာ အော်ဟစ်ပြီးတော့ မပြောဆိုဘူးဆိုရင် ကလေးကလည်း အော်ဟစ်ပြီးတော့ ပြောဆိုတတ်မှာ မဟုတ်ပါဘူး။

          မိဘတို့အနေနဲ့ စိတ်တိုစရာ တစ်ခုခု၊ သဘောမကျစရာ တစ်ခုခုကို တွေ့မိလို့ အော်ဟစ်ချင် စိတ်ပေါက်လာတယ်ဆိုရင် ခဏလောက် ငြိမ်ငြိမ်ကလေး နေလိုက်ပြီး တော့ ကိုယ့်စိတ်ကို ထိန်းပါ။ အဲလို မထိန်းနိုင်ဘဲနဲ့ ကလေးရှေ့မှာ အော်မိဟစ်မိပြီ ဆိုရင်တော့ သေချာပါတယ် မကြာခင်မှာပဲ ကလေးဟာလည်း အော်တတ်ဟစ်တတ် ဖြစ်လာတော့မှာပါပဲ။ အော်ဟစ်ခြင်းဟာ ကူးစက်ရောဂါနဲ့ တူပါတယ်။ အင်မတန် ကူးလွယ်ပျံ့လွယ်နိုင်တဲ့အရာပါ။ ကလေးရှေ့မှာ မအော်မိမဟစ်မိစေဖို့ မိဘတို့ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ နူးညံ့လိမ္မာတဲ့ ကလေးတွေ ဖြစ်လာဖို့ သေချာပါတယ်။ မိဘတို့အနေနဲ့ အခုကစပြီးတော့ ကလေးရှေ့မှာ မအော်ဟစ်မိအောင်လို့ ကိုယ့်ကိုယ် ကိုယ် ထိန်းချုပ်ပြီးတော့ စလုပ်ကြည့်ကြရအောင်။

ကလေးဆိုတာ မမေ့ပါနဲ့

          မိဘတွေက တစ်ခါတလေမှာ ကလေးတွေကို စိတ်ဆိုးစိတ်တိုကြပါတယ်။ ဘာလို့ စိတ်တို စိတ်ဆိုးရသလဲဆိုတော့ သူတို့ မျှော်လင့်ထားသလောက် ကလေး တွေက လုပ်မပေးနိုင်ကြလို့ပါပဲ။ တချို့မိဘတွေက ကိုယ့်ကလေး သေးသေးလေးတွေ ကို အရွယ်ရောက်ပြီးသား လူကြီးလောက်နီးနီး ထင်တတ်ကြတယ်လေ။ ကလေးဆိုတာ ကလေးသာပဲမို့ ကလေးဆိုတာကို မမေ့ဖို့ လိုပါတယ်။ ကလေးက ကလေးပဲမို့ ယဉ်ကျေးရမှန်း နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ စိတ်ထဲ ထင်တဲ့အတိုင်း ပြောချ ပစ်လိုက်တာဟာ ရိုင်းတယ်လို့လည်း သူတို့ သိချင်မှသိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က ကလေးပဲကိုး။ ကလေးသာပဲမို့ အဖေ၊ အမေဆီမှာ ပိုက်ဆံ ရှိမှန်းမသိ၊ မရှိမှန်း မသိ အတင်းငိုယိုပြီးတော့ ပူဆာချင်လည်း ပူဆာမယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေ လုပ်ကောင်းလုပ်မယ်။ အဲလို ကလေးလုပ်တဲ့အခါမျိုးမှာ နားမလည်လေ ခြင်းရယ်လို့ တွေးပြီးတော့ ကလေးကို စိတ်ဆိုးစိတ်တိုနေမယ့်အစား ကလေးတို့ ယဉ်ကျေးလိမ္မာလာစေဖို့ စာအုပ်ကလေးတွေ ဖတ်ပြတာပဲ ဖြစ်ဖြစ် ၊ ကလေး နားလည်အောင်လို့ အေးအေးဆေးဆေး ရှင်းပြပြောပြတာမျိုးပဲ ဖြစ်ဖြစ်လုပ်ပေးလို့ ရပါတယ်။ ကလေးတို့ ငိုယိုတာ၊ ဂျီကျတာ၊ ပူဆာတာ၊ တစ်ကိုယ်ကောင်းဆန်ချင်တာတွေဟာ တကယ်တော့ ပုံမှန်ကလေးသဘာဝများသာ ဖြစ်ပါတယ်။ တစ်ခါတည်း အပ်ချလောင်း ဆိုပြီးတော့ မန်းလိုက်မှုတ်လိုက်သလို မွေးကတည်းက လိမ္မာလာလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ မိဘတို့ အနေနဲ့ ကလေး အပြုအမူမှားတစ်ခုကို တစ်ခါလုပ်တိုင်း လုပ်တိုင်းမှာ အဲလိုလုပ်တာ မကောင်းကြောင်းကို ကလေးနားလည်အောင်လို့ နားလည် တဲ့အထိ သင်ကြားပြသ ပြောဆိုပေးရမှာပါ။ မွေးကတည်းက လူကြီးတစ်ယောက်လိုမျိုး အားလုံး တတ်သိနားလည်လာတဲ့ ကလေးဆိုတာ ဘယ်မှာမှ၊ ဘယ်တုန်းကမှ မရှိခဲ့ ပါဘူး။