Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - ကျွန်တော်မျက်လှည့်ဆရာ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ကျွန်မနဲ့ မျက်လှည့်စာအုပ်

          ကလေးတို့ ကိုယ်တိုင်လုပ်လို့ရတဲ့ လွယ်လည်းလွယ်၊ အန္တရာယ်လည်းမရှိတဲ့ ဒီ မျက်လှည့်စာအုပ်လေးကို နိုင်ငံခြားစာအုပ်တွေရောင်းတဲ့ စာအုပ်ဆိုင်တစ်ဆိုင်က ကျွန်မ ရလာခဲ့ပါတယ်။ ကျွန်မရဲ့ ကိုယ်တွင်းတစ်နေရာမှာ ပုန်းနေခဲ့တဲ့ အတိတ်က အံ့သြပျော်ရွှင်ခဲ့ ရမှုများဟာ ဒီစာအုပ်လေးကို ကျွန်မ တွေ့လိုက်ရတဲ့အချိန်မှာပဲ တစ်ဖန်ပြန်ပြီးတော့ နိုးထ အသက်ဝင်လာခဲ့တယ်။ ဟုတ်ကဲ့။ ကျွန်မ မျက်လှည့်ကြိုက်ပါတယ်။ မြွေဆေးရောင်းတဲ့ လမ်းဘေးမျက်လှည့်ဝိုင်းများကို စည်းကမ်းကြီးလှတဲ့ ကျွန်မအိမ်ကြောင့် တစ်ခါမှ မကြည့်ခဲ့ ဖူးပေမယ့် ကျွန်မဟာ မျက်လှည့်နဲ့ မစိမ်းတဲ့သူ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ဘကြီးနှစ်ယောက်ဟာ မျက်လှည့်ဝါသနာအိုးများ ဖြစ်လို့ပါ။ သူတို့မှာ စိတ်ဝင်စား စရာအင်မတန်ကောင်းတဲ့ စုံစီနဖာထည့်တဲ့ အိတ်ကလေးလည်း ရှိကြတယ်။ ကျွန်မ အင်မတန် ကိုင်ချင်ပေမယ့် ဘယ်တော့မှ ကျွန်မကို ပေးမကိုင်တဲ့ မျက်လှည့်ပစ္စည်းတွေ ထည့်တဲ့ အိတ်လေးပေါ့။ သိပ်ကိုမှ စိတ်ဝင်စားစရာကောင်းတဲ့ အိတ်လေးပါ။ ဘကြီးနှစ်ယောက်က စိတ်လိုလက်ရရှိတိုင်းမှာ ကျွန်မတို့ကို မျက်လှည့်ပြလေ့ရှိတယ်။ ခပ်ငယ်ငယ်တုန်းကတော့ သူတို့ပစ္စည်းတွေ ဖျောက်ဖျောက်ပြတာကို ကြည့်ပြီးတော့ အံ့သြရပါတယ်။ ဘကြီးနှစ်ယောက် ဟာ အဘွားပြောတဲ့ ပုံပြင်တွေထဲကလို တန်ခိုးရှင်လိုလို၊ မှော်အစွမ်းတွေပဲ ရှိသလိုလို စိတ်ထဲကတွေးထင်လို့ပေါ့။

          ဘကြီးနှစ်ယောက်မှာ တစ်ယောက်က ကလေးတွေရဲ့စိတ်ကို နားလည်သူမို့ ကျွန်မကို မျက်လှည့်ရဲ့သဘာဝကို ရှင်းပြပါတယ်။ မျက်လှည့်ဆိုတာ ကြည့်နေတဲ့ ပရိသတ်ရဲ့ရှေ့မှာတင် လှည့်စားရတဲ့ ပညာတဲ့။ ဘယ်လို ပညာသားပါပါနဲ့ လှည့်စားသလဲဆိုတာကို စဉ်းစားယူရတာ ကိုက မျက်လှည့်ရဲ့ အရသာပဲတဲ့။ မျက်လှည့်ပညာကို သိထားသူတစ်ယောက်ဟာ အကွက်ချပြီးတော့ လိမ်တတ်တဲ့ တန်ခိုးရှင်လိုလို၊ မှော်ဆရာလိုလို လူတွေရဲ့ အလိမ်ကို မခံရတော့ဘူးတဲ့။ ဘကြီးက ကျွန်မတို့ကလေးတွေကို ဘယ်အရာမဆို စဉ်းစားပြီးယုံဖို့၊ ကိုယ့်ရဲ့ မျက်စိရှေ့မှာတင် လုပ်လိုက်တာပဲ ဆိုပေမယ့် အမြင်ရဲ့နောက်မှာ လျှို့ဝှက်တဲ့အံဝှက်လေးတွေ ရှိသေးကြောင်းကို သေသေချာချာ ရှင်းပြပါတယ်။ မျက်လှည့်ကြိုက်သူ ကျွန်မဟာ အကြီးစားမျက်လှည့်ဆန်ဆန်တန်ခိုးပြမှုတွေကို ဘဝခရီးတစ်လျှောက်မှာ တွေ့ရပေမယ့်လည်း နောက်ကွယ်က မြှုပ်ကွက်ကို စဉ်းစားတတ်လာခဲ့ပြီမို့ စုံလုံးကန်းယုံကြည်မှုတွေ မဖြစ်လာတော့ပါဘူး။

          အခု ကျွန်မ ဘာသာပြန်ထားတဲ့စာအုပ်လေးကို စာအုပ်ဆိုင်မှာတွေ့တဲ့အခါ ကျွန်မရဲ့ မျက်လှည့်သွေးလေးက တစ်ဖန် ပြန်နွေးလာတော့တယ်။ ကျွန်မရဲ့ လေးနှစ်အရွယ်သား ကလေးဟာ ကျွန်မ ငယ်ငယ်ကလိုပဲ မျက်လှည့်ကြိုက်ပါတယ်။ သားဟာ ဟက်ပီးဝါးက မျက်လှည့်တွေကို ကြည့်ပြီး အံ့သြသဘောကျတတ်နေပြီမို့ သူ့အတွက် ဒီစာအုပ်လေးကို လက်ဆောင်ဝယ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်ပြောရမယ်ဆို ကျွန်မက မျက်လှည့်သာ ကြည့်ဖူးတာ မျက်လှည့်တစ်ခါမှ ပြဖူးတာ မဟုတ်ပါဘူး။ သားက ငရုတ်ကောင်းမျက်လှည့်က လွဲရင် ကျန်တာကို ကိုယ်တိုင်လုပ်ကြည့်ဖို့ ငယ်လွန်းသေးတာမို့ သားကို ပရိသတ်လုပ်ခိုင်းကာ ကျွန်မကိုယ်တိုင်ပဲ မျက်လှည့်ဆရာမကြီး လုပ်ရတော့တာပဲ။ သားကတော့ တခစ်ခစ်ရယ်ရင်း သဘောတွေကျလို့။ မေမေ မျက်လှည့်ပြတမ်း ကစားမယ်လို့ချည်း ပူဆာတော့တာပဲ။ သားကို မျက်လှည့်ပြရင်းနဲ့ပဲ ဒီမျက်လှည့်ဟာ ကိုးနှစ်၊ ဆယ်နှစ်အရွယ် (middle childhood)လေးတွေ ကိုယ်တိုင်လုပ်လို့ရတဲ့မျက်လှည့်မို့ ဘာသာပြန်ပြီးထည့်ရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ဂျူနီယာမဂ္ဂဇင်းမှာ ကျွန်မ လစဉ်မျက်လှည့်လေးတွေကို တစ်ခန်းချင်း ဘာသာပြန်ဖြစ်ခဲ့တယ်။ သားနဲ့ အတူတူ မျက်လှည့်ပြလိုက်၊ စာရေးလိုက်ပေါ့။ ဒီစာအုပ်ကို ဘာသာပြန်တဲ့အခါမှာ ကျွန်မကိုယ်တိုင်လုပ်လို့ မရတဲ့ မျက်လှည့်တစ်ခန်းကိုတော့ ဝမ်းနည်းစွာပဲ ချန်ထားခဲ့ရပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ပြီး ထည့်လိုက်ရင် ရတာမှန်ပေမယ့် ကျွန်မကိုယ်တိုင် လုပ်လို့မရတဲ့ဟာကို ကလေးတွေကို လုပ်ခိုင်းဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ထင်လို့ပါ။

          ဒီစာအုပ်လေးဟာ ရှစ်၊ ကိုး၊ တစ်ဆယ်အရွယ်ကလေးတွေအတွက်လို့ ဆိုပေမယ့် သုံးလေးနှစ်အရွယ် ကလေးမေမေတို့လည်း ကလေးတွေကို မေမေတို့ ကိုယ်တိုင်လုပ်ပြလို့ ရပါတယ်။ ကလေးရော၊ လူကြီးပါ စိတ်ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်လို့ရတဲ့ မျက်လှည့်တွေပါပဲ။ ကလေးနဲ့ အတူတူ ဘာလုပ်ရမှန်းမသိဘဲ ပျင်းနေတဲ့ မေမေတို့ အပျင်း လည်းပြေ၊ ပျော်လည်းပျော်ရတဲ့ မျက်လှည့်လေးတွေကို ကလေးနဲ့အတူတူ လုပ်ကြည့်ပါဦး။ ပျော်ရမှာ သေချာပါတယ်။

ခေတ်ဘုန်းသစ်