ခိုင်မြဲကျော်စွာအသစ်
ကျွန်တော်ကဗျာရေးရတာပျော်တယ်။
ပရော်ဖက်ရှင်နယ်ကဗျာရေးသူတစ်ယောက်အဖြစ် ရပ်တည်ရတာ။
ကဗျာရဲ့မျှော်လင့်ခြင်းဘက်တီးရီးယားအသစ်က မမျှော်လင့်ခြင်းမှိုဆီကလာတယ်။
ကျွန်တော့်ကျိုးကြောင်းဆက်နွှယ်မှုကိုဖြိုဖျက်ပစ်ဖို့ကျွန်တော်ပင်နီဆလင်အမြင်သစ်ကိုပွဲထုတ်တယ်။
လူတကာ့ခြေအိတ်ထဲက ရေစိုနေတဲ့ ခေတ်ပေါ်ကဗျာ main stream ကို အပွင့်စနစ်မီးပူနဲ့ထိုးချင်တယ်။
၂၀၁၂၊ ၂၀၁၃ အသစ်အဆန်းဖောက်လုပ်တဲ့ကဗျာတူးမြောင်းတွေကိုကျွန်တော့်ဘဏ်စက္ကူနဲ့
အကုန်စုတ်ယူဖို့ ကြိုးစားပမ်းစားလုပ်ခဲ့။
စာလုံးတစ်လုံးမှာဓာတ်မတည့်တဲ့အဓိပ္ပာယ်။
ကလန်ကဆန်နိုင်နေတဲ့လိုင်းများ။
ခုန်ဆွခုန်ဆွဖြစ်နေတဲ့ကဗျာ။
ကျွန်တော့်ကဗျာသက္ကရာဇ် နှောင်းပိုင်းမှာကျွန်တော့်ရဲ့ ဉာဏ်မိုးရေထဲကိုလက်ထိုးခံပြီး
အဓိပ္ပာယ်လက်ဆုပ်လက်ကိုင်ပြုနိုင်မှုမရှိတဲ့ကဗျာတွေ။
သမိုင်းမှာ
အရေးပါပြီးလွှမ်းမိုးနိုင်တဲ့ဖန်တီးသူ
ကူရိုဆာဝါကိုအားကျတယ်။
ရုပ်ရှင်ဟာရုပ်ရှင်ဆန်မှုကိုဆန့်ကျင်ပြီး ရုပ်ရှင်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကို
အားကျတယ်။
ကျွန်တော်လည်းကဗျာဆန်မှုပစ္စည်းကိုတွန်းထုတ်ပစ်မိတဲ့အကြောင်း။
ကျွန်တော်ဟာကဗျာအမြင်အသစ်တွေရဲ့ ဩဇာခံဖြစ်တဲ့အကြောင်း။
ဆင်ခြင်တုံတရားကိုဆင်ခြင်ဖို့ပျင်းရိငြီးငွေ့တဲ့ဒြပ်သားဘက်က၊ ကဗျာဖြစ်တဲ့အကြောင်း။
ကဗျာပညာတတ်ဖြစ်ဖို့လေ့ကျင့်စမ်းသပ်ရင်းရေးသားနေတဲ့ကဗျာဖြစ်တဲ့အကြောင်း။
ကောက်ရ/ရွေးချယ်/ /တည်ဆောက်///... ။
ကျွန်တော့်ကဗျာတွေကို ဆက်လက်ဖတ်ကြည့်စေချင်ပါတယ်...
ခိုင်မြဲကျော်စွာ
၂၂၊ မတ်၊ ၂၀၁၉။
လပြည့်ည
အနော်မာသောင်ကမ်းခြေမှာတိုးဂိတ်မရှိခဲ့
လပြည့်တဲ့နေ့ကသိကြားမင်းဝတ်စုံပေါ် ဘရာဆန်းဆန်းကြီးဝတ်ပြီး
နိုးလာတယ် ၊
ဆောက်လက်စအနမ်းမှာ ကိုယ်ဝန်ရှိမရှိ စစ်ဆေးတယ်
ကျွန်ုပ်သမားတော်ကပြောတယ် သင့်အချစ်ဟာ ငါ့ရဲ့ဘတ်စ်ကားစနစ်ဖြစ်တယ်။
ငါ့ပင်လယ်က ရေမှာပေါ်တယ်
ငါ့ရဲ့ ဉာဏ်အနမ်းဟာ သင့်အတွက်မျက်မှန်လိုတယ်
ငါဟာ ကောင်မလေးရဲ့နာမည်ပုလင်းကြီးချိတ်ထားတဲ့ ဘိုးတော်
ငှက်ပျောပွဲအုန်းပွဲစီရင်စုမှာ ရင် ၃ တန် ကုန် ၃ တန်ကို
အလစ်သုတ်ကြပါစို့။
လမင်းရဲ့ငွေရောင်မော်လီကျူးကို ငါတို့တားဆေးက
အလုပ်ထုတ်ပစ်လိုက်တယ်
ပိုးစုန်းကြူးလေးကရှေ့နေ ၂၀၀ ဖိုးလောက်နဲ့ရှက်နေတယ်
တို့နှစ်ယောက်လောကအမွန်ဟာ ဆပ်စလူးပန်းတိုင်ပေါ်တတ်ရပ်လို့
ဆစ်လ်ဗီယာပလာ့သ်လို အိမ်စာကို ဂက်စ်မီးဖိုထဲ
ခေါင်းထိုးပေးကြသူအချင်းချင်း။
ငါရဲ့မာကျောက်ဟာ ဇာဘော်လီကြိုးတွေနဲ့ရှုပ်ထွေးခဲ့
သစ္စာဆီလီကွန်ကို ဆွီတီးဟုမ်းမွေ့ရာထဲပစ်ထည့်ခဲ့ကြတယ်
ငါ့ပြစ်မှုက လပြည့်ညကို တပ်ပြေးနှစ်ယောက်ရဲ့ ဇွဲမလျှော့တာပါပဲ
နောက်ဘဝကျရင် သင်သစ္စာရှာဖို့ ငါမြင်းလုပ်ပါ့မယ်။ ။
၁၀၊ မတ်၊ ၂၀၁၉။
ငါ့ကဗျာတွေကြီးလာတဲ့အခါ
ငါသင်္ချာကိုဘယ်လိုအောင်ခဲ့လဲသိလား
ကြယ်တွေလတွေကိုခေါင်းတိုက်ရှင်းထုတ်ပြီး အဝါကတ်စက်ရုံမှာ
နောက်ဘဝနောက်ဘဝကိုသင်ယူတယ်
ငါ့ကဗျာတွေသာနောက်ထပ်ကြီးမလာခဲ့ရင် ငါမုန့်ဟင်းခါးဖြစ်နေလောက်ပြီ။
ကျွန်တော့်မှာကြယ်တစ်ပန်းကန်ရှိတယ်
ငါ့ဝက်ခေါင်းမှာကပ်နေတဲ့ခွေးရူးကို မံမီကြီးကဇွန်းခက်ရင်းနဲ့ကစားနေတယ်
ငါ့အမေထဘီစကို ငါပြန်ကိုက်ရင်ကောင်းပါ့မလား
ငါ့ကဗျာတွေကြီးလာတဲ့အခါ ငါ့စပါးခင်းကို ဥပဒေကျောင်းတက်ခွင့်ပေးပြီးသား
ဖြစ်နေအောင်။
ငါ့ကလေးထိန်းသတ်သတ်ရှိတယ်
ငါ့ဖခင်ဘုရင်ကြီးတွေကို သားသမီးစကားနားမထောင်ရင်ပင့်ကူဖြစ်သွားခိုင်းမယ်
ရုပ်နာမ်သေအောင် ခုတင်ပေါ်မှာစပိုက်ဒါမန်းလို
ခရုကောက်ခိုင်းမယ်
ငါ့ကဗျာတွေကြီးလာတဲ့အခါ ငါ့ခေါင်မိုးပေါ်မှာဘယ်ငါးမှမကျန်တော့ဘူး။
ငါ့မှာ ၅ သောင်းတန်မှန်စီရွှေချထားတဲ့ဂြိုဟ်တုလိုင်စင်ရှိတယ်
ဝီစကီတစ်လုံးဝတ်ပြီးမော်တော်ပီကယ်တွေ ဒိုးဇက်ဆော့နေတဲ့တဲကို
ပျက်ကျတယ် ။
လူကြီးလူကောင်းနတ်ကစောက်တလွဲတွေလုပ်ပြီး ၆ နာရီမထိုးသေးတဲ့ကတ္တရာလမ်းတွေက
လမ်းမီးတိုင်ဆီကငွေတောင်းတယ်
ငါ့ကဗျာတွေကြီးလာတဲ့အခါ မင်းတို့ရှေ့နေကမင်းတို့ကိုကယ်လိုက်ပြီပြောမယ်။
ငါ ငါးမန်းတစ်ကောင်မွေးဖူးတယ်
ငါလုပ်နိုင်တယ်ငါလုပ်နိုင်တယ်ပြောပြီး အသက်ကယ်ပလွေက
အသားတုံးရဲ့ပါးစပ်ကိုလာမှုတ်တယ်
စံပယ်ပန်းချီမှာလာနေတဲ့ ဓမ္မတာကို
လေညင်းလေးက ရှူရှိုက်တယ်
ငါ့ကဗျာတွေကြီးလာတဲ့အခါ ငါ့ရဲ့ဘူးထဲမှာလေ ၃၁ ဘာကျန်သေးလား။
ငါ့ကြောင်လေးမီမိုသေသွားတဲ့နေ့ကခွဲရေးတွဲရေးပြန်စတယ်
သယံဇာတဆေးရုံက ကျောက်စိမ်းပတ်တီးကိုပြန်ဖတ်နေတယ်
ငရုတ်ကောင်းရှိတာတောင်ပြည်တွင်းစစ်က ရှမ်းခေါက်ဆွဲဆိုင်မှာ
တော်တော်ဆိုးတယ်
ငါ့ကဗျာတွေအိပ်မပျော်တဲ့အခါ နပိုလီယံကိုသူ့အမေကမှာတယ်
ညဘက်အိမ်စောစောပြန်ခဲ့ဖို့။