ခင်မျိုးချစ် - ကမ္ဘာကျော်ကြားစာနှင့်စကား
စာရေးဆရာကြီး ဂျော့ဗားနတ်ရှောသည် လွန်ခဲ့သည့် အနှစ် ၅၀ လောက်ကစ၍ ကမ္ဘာ့စာကြည့် ပရိသတ်တို့အား နက်နက်နဲနဲ စဉ်းစားစရာ များကို ဖော်ထုတ်ပေးခဲ့သည်။ သူ၏ ဟာသဉာဏ်ကွန့်မြူးထားသော အငြင်းအခုံ ပေါ်စရာအချက်များပါသည့် ပြဇာတ်ထူးများကိုလည်း ကမ္ဘာ ကြီး၏ တစ်ဝက်ခန့်မျှသော ဒေသများတွင် ရုံတင် ကပြဖတ်ရှုခဲ့ကြရလေ ပြီ။ အသက် ရှစ်ဆယ်ကျော်အထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အဖြစ် အပျက်မှန်သမျှကို အတိအကျ အတိုက်အခံ ဝေဖန်ခံသူ ဖြစ်၏။ ယခုဖော်ပြ မည့် အသံလွှင့်ဟောပြောချက်မှာ ဗားနတ်ရှော၏ ဘယ်အခါမှ မပြောင်းခဲ့သော ကိုယ်ပိုင်အာဘော်အစစ်ဖြစ်၍ သူ့စကားများကို ဖတ်ရှုပြီးနောက် စဉ်းစားစရာ စောဒကတက်စရာများ ပေါ်ပေါက်နိုင်မည် ဖြစ်သည်။
(စာရေးဆရာကြီး ဂျော့ဗားနတ်ရှော၏ ၁၉၃၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က အသံလွှင့် ပြောဆိုချက်ဖြစ်သည်။ ဂ္ဂသမားကြီးဟု ကမ္ဘာတွင်ကျော်ကြားသော ပညာရှိကြီး ဖြစ်သည်။ သူ့စကားလုံး အာဝဇ္ဇန်းများမှာ သူမတူအောင် ပြောင်ရွှန်းလှပေသည်။)
သောတရှင် မင်းမိန်းမ မင်းယောက်ျားများ ခင်ဗျား။ ဒီညဉ့်အဖို့မှာ ဖြင့် အများပြောနေကျ ဖြစ်ပြီး အဓိပ္ပာယ်မရှိတဲ့ လွတ်လပ်မှု အကြောင်းကို ပြောဖို့ ကျုပ်မှာ အချိန်မရှိပါဘူး။ လိုရင်းကို တိုက်ရိုက်ပြောရရင် တကယ် လွတ်လပ်ရေးရတဲ့ လူဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲ။ အမှန်မှာတော့ အချိန်ကာလ နေရာမရွေး ကိုယ်ထင်တာကိုယ်လုပ်နိုင်တဲ့လူ ဘာမှ မလုပ်ချင်ရင်လည်း မလုပ်ဘဲ နေနိုင်တဲ့လူကို တကယ်လွတ်လပ်တဲ့ လူလို့ ခေါ်ရမှာပါပဲ။ သို့သော် အဲဒီလူမျိုး ဘယ်မှာမှ မရှိပါဘူး။ ရှိလည်း မရှိနိုင် ပါဘူး။ ခင်ဗျားတို့ ကျုပ်တို့တစ်တွေမှာ ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ၊ ကျုပ်တို့ တစ်သက်တာလုံးရဲ့ သုံးပုံတစ်ပုံအချိန်ကို အိပ်ပစ် ရမယ်။ ရေချိုးမယ်၊ အဝတ်ဝတ်လိုက် ချွတ်လိုက်လည်း လုပ်ရဦးမယ်။ တစ်နာရီ နှစ်နာရီလောက် စားရသောက်ရဦးမယ်။ တစ်နေရာက တစ်နေရာ သွားဖို့လည်း အချိန်ယူရမယ်။
ကျုပ်တို့ဟာ ကျေးကျွန်ပေါင်း သောင်းခြောက်ထောင်ရှိတဲ့ ရှင် ဘုရင်ကြီးပဲဖြစ်ဖြစ် သို့တည်းမဟုတ် ကျွန်ရယ်လို့ မရှိနိုင်ဘဲ ကိုယ့်ဇနီးကိုပဲ စေခိုင်းနေရတဲ့ ဆင်းရဲသားပဲဖြစ်ဖြစ်၊ တစ်နေ့တစ်နေ့မှာ အချိန်တစ်ဝက် လောက်ဟာ မလွန်ဆန်နိုင်တဲ့ ဓမ္မတာသဘာဝကိစ္စတွေရဲ့ ကျွန်ဖြစ် နေရပါ တယ်။ ဇနီးမယား သက်လယ်များမှာ ဆိုရင်လည်း ကမ္ဘာကြီးရဲ့ လူဦးရေ တည်တံ့မှုအတွက် ကလေးမွေးရတဲ့ အလုပ်ဝန်ထုပ်ကြီးကို အပို ထမ်း ဆောင်ရသေးတယ်။ ဒီလို သဘာဝကပေးတဲ့ ဓမ္မတာတာဝန်တွေကို ရှောင်လို့ မရဘူး။ ဒါပေမဲ့ အဲဒီတာဝန်တွေနှင့် တွဲပါလာတဲ့ အခြားအလုပ် ပိုတွေက ရှိသေးတယ်။ အဲဒီအလုပ်မျိုးတွေက အချောင်ခိုလို့ရတယ်။ ကျုပ် တို့ဟာ အစားစားရမှ နေနိုင်မယ်ဆိုတော့ အစားရှာဖို့ လိုလာတယ်။ အိပ်ရမှ ဖြစ်မယ်ဆိုတော့ အိပ်ရာအိပ်ခင်းရှိမှ ဖြစ်ပြန်တယ်။ လမ်းပေါ်ထွက်လျှောက်ရဦးမယ်ဆိုတော့ ကျုပ်တို့ရဲ့ ဗလာချည်းစည်းကိုယ်ခန္ဓာကို ဖုံးလွှမ်း ဖို့ အဝတ်အထည် လိုပြန်တယ်။
သည်တော့ အစားအသောက် အိမ်၊ အဝတ်အထည်ဆိုတာ လူ့ လက်နှင့် လုပ်လို့လည်းရတာပဲ။ သူများလုပ်ပြီးသားကို အသာလေး အချောင်ခိုးယူလည်း ဖြစ်တာပဲ။ ဥပမာ ပျားရည်လိုချင်ရင် ပျားတွေ ပင်ပန်းခံပြီး စုဆောင်းထားတာကို အရန်သင့်ကလေး သွားခိုးယူလို့ ရတာ ပဲ။ တစ်နေရာက တစ်နေရာကို သွားဖို့ ကိုယ့်ခြေထောက်နှင့် သွားရမှာ ပျင်းရင် မြင်းကို ကျွန်လုပ်ခိုင်းနိုင်တာပဲ၊ အဲဒီလို ပျားတွေ မြင်းတွေအပေါ် မှာ အနိုင်ကျင့်တာမျိုးကို လူအချင်းချင်း ယောက်ျား၊ မိန်းမ၊ ကလေးမကျန် အားလုံးအပေါ်မှာလည်း အပေါ်စီးအနိုင်ကျင့်နိုင်တယ်။ အဲဒီလို အနိုင်ကျင့် နိုင်အောင် ကိုယ်က သူတို့အပေါ်မှာ အာဏာသုံးလို့ ဖြစ်စေ လိမ်လည်ဖြားယောင်းလို့ ဖြစ်စေ ဉာဏ်နီဉာဏ်နက်တွေ သုံးလို့ဖြစ်စေ နောက်ဆုံး ကုန် ကုန်ပြောရရင် ဒီလိုသူတို့ ကျွန်ခံလုပ်ကျွေးသမှု ပြုတာဟာ နတ်လူ သာဓု ခေါ်တယ်၊ ကုသိုလ်ရတယ်လို့ တရားဟောလို့ဖြစ်ဖြစ် ဖြစ်တဲ့နည်းနဲ့ ငြင်း နိုင်သေးတာပဲ။
ဒီတော့ ခင်ဗျားတို့ သတိသာ ထားကြပေတော့။ လူတစ်ဦးတစ် ယောက်ဖြစ်ဖြစ် လူတန်းစား တစ်စုကဖြစ်ဖြစ် အာဏာရသွားရင် ခုတင် ကပြောတဲ့ သဘာဝကိစ္စ တာဝန်တွေထဲ ရောပေါင်းပြီး အဲဒီတာဝန်တွေကို သူများလွှဲချလို့ဖြစ်တဲ့ တာဝန်ဟူသမျှကို ခင်ဗျားတို့ ခေါင်းပေါ်၊ ပခုံးပေါ် ပုံချမှာ ဧကန်ပဲ။ အဲဒီလိုအခါမျိုး ကျလာရင် ခင်ဗျားတို့ဟာ တစ်နေ့ ၂၄ နာရီရှိတဲ့အနက် ရှစ်နာရီက ဆယ့်လေးနာရီအထိ အလုပ်ကုန်းလုပ်ရတဲ့ ဘဝမျိုး ရောက်ကြရလိမ့်မယ်။
တကယ်ဆိုတော့ ခင်ဗျားရဲ့ တစ်အိမ်ထောင်အတွက်ချည်း စားရေး၊နေရေးဆိုရင် ဒီလောက် အချိန်တွေ များများ အလုပ်လုပ်ဖို့ မလိုပါဘူး။ ဒီတစ်ဝက်လောက် လုပ်ရင်ပဲ နေနိုင်လောက်ပါပြီ။ အဲဒါဟာ တကယ် ရိုးသားဖြောင့်မတ်တဲ့ အစိုးရဆိုရင် ခင်ဗျားတို့ကို ဒီလို သက်သက် လူတစ် ဦးက သို့မဟုတ် လူတန်းစား တစ်ဦးဦးက ကြောပြီး ခိုင်းတာကို တားမြစ် ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ အများအားဖြင့် အစိုးရတွေရဲ့ ရည်ရွယ်ချက် က အဲဒီလို ကာကွယ်ပေးဖို့နှင့်တော့ တစ်ဖက်တစ်လမ်းစီ ဖြစ်နေတာကို ကျုပ်ပြောရတာ အများကြီး ဝမ်းနည်းပါရဲ့။
အစိုးရတွေဟာ ခင်ဗျားတို့ကို ကျွန်လုပ်ခိုင်းပြီး လွတ်လပ်တယ်လို့ ပြောလိုက်ကြသေးတယ်။ ဒါပေမဲ့ တစ်ခု သူတို့ လုပ်တတ်တာ ရှိပါသေး တယ်။ ကျွန်စနစ်ကို နည်းနည်းပါးပါး စည်းကမ်းကလေး ဘာလေးလုပ် ပေးပြီး ခင်ဗျားတို့ရဲ့ သခင်တွေရဲ့ လောဘကို ကန့်သတ်ပေးတယ်။ ကပ္ပ လီတွေ ကိုယ်ပိုင်ကျွန်လုပ်ခိုင်းတာဟာ အခပေးခိုင်းတာလောက် တွက်ခြေ မကိုက်တော့ ကိုယ်ပိုင်ကျွန်စနစ်ကို ဖျက်ပစ်ပြီး မင်းတို့တွေ ကိုယ်ကြိုက်တဲ့ အလုပ်ကိုလုပ် ကိုယ်ကြိုက်တဲ့ သခင်ကိုရှာကြရော့လို့ လွတ်လပ်ရေးပေး လိုက်တယ်။ အဲဒါကို သူတို့က မဟာအဓိပတိ လွတ်လပ်ရေးအောင်ပွဲကြီး ဆိုပြီး ကြွေးကြော်ကြတယ်။ ခင်ဗျားတို့အဖို့မှာတော့ ဘာများထူးသလဲ။ ခါတိုင်း လမ်းကလွဲပြီး တခြားလမ်းသွားနိုင်တာမှ မဟုတ်ဘဲ။
ခင်ဗျားတို့က ထပ်ပြီး ဆူပူတောင်းဆိုကြတော့ နောင်ခါ ကိုယ့်တိုင်း ပြည် ကိုယ်အုပ်ချုပ်ခွင့်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီကတိကို တစ်ခါ မလိမ့်တစ်ပတ်လုပ်၊ ခင်ဗျားတို့ကို မဲဆန္ဒပေးနိုင်ခွင့်ပေး။ ငါးနှစ် တစ်ကြိမ် ရွေးကောက်ပွဲ လုပ်စေတယ်။ ရွေးကောက်ပွဲကျတော့ သူတို့၏ ပိုက်ဆံရှိတဲ့ အလိုတော်ရိ နှစ်ယောက်ထဲက ကြိုက်ရာရွေးခိုင်းတာဘဲ။ ကိုယ် မကြိုက်တဲ့ လူကိုပယ်ပြီး ကိုယ်ကြိုက်တဲ့လူကို လွတ်လွတ်လပ် လပ် ရွေးနိုင်ပါရဲ့။