ခင်မောင်ညို(ဘောဂဗေဒ) - ဝန်ဆောင်မှုကုသိုလ်နှင့်အယ်ဒီတာ့အတွေးများ
ကာလဒါနလေးတစ်ခု
နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့တဲ့ အခြေခံ သံတမန် ရေးရာ ခု ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၁၇ က မိတ်ဆွေတွေ၊ တပည့်ဟောင်းတွေက ကျိုက်ထီးရိုးသွားကြမယ် လိုက်မလားဆိုတော့ အတော် ပဲ လိုက်ချင်သွားချင်နေတာ ကြာပြီလို့ ဖြေလိုက်ပါတယ်။ ဟုတ်တယ်။ အရင်လက သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နားက တောင်ပြာတန်းတွေ ကို ရောက်တဲ့အချိန်မှာ ကျိုက်ထီးရိုး သွားချင်တဲ့ စိတ်ပေါက်လာတာပါ ပဲ။ တစ်ရက်မှာတော့ သင်တန်းသားဟောင်းတွေစုပြီး အလှူအတန်း လုပ်ဖို့ စီစဉ်ကြပါတယ်။
မူလက ကျိုက်ထီးရိုး ဆံတော်ရှင်တစ်ဝိုက်က ကျောင်းတွေကို ဆန်လှူမယ်ဆိုပြီး စိတ်ကူးကြတယ်။ ရန်ကုန်ကနေ ကင်မွန်းစခန်းအထိ သွားဖို့ မော်တော်ကားလှူတဲ့သူလည်း ပေါ်လာတယ်။ ကျိုက်ထိုကို လှမ်းပြီး ဘုန်းကြီးကျောင်းစာရင်းနဲ့ ဝါဆိုသံဃာ စာရင်းတွေ တောင်း ကြတယ်။ ကျိုက်ထိုကလည်း ကားတစ်စီး ကြိုပြီး စီစဉ်ပေးထားတယ်။
အလှူငွေက ကောက်ရင်းကောက်ရင်းနဲ့ ဆန်အိတ် (၂၀) ကျော် စာလောက်ဖြစ်လာတယ်။ ဆန်အိတ်ကိုတော့ ကျိုက်ထို ရောက်မှပဲ ဝယ်ကြမယ်ပေါ့။
၁၂. ၉. ၂၀၀၉ နေ့ နံနက် ၄ နာရီခွဲလောက် အိမ်ကနေထွက် တယ်။ ကားကလည်းကောင်း၊ မောင်းတဲ့သူတွေကလည်း ကျွမ်းကျင် လေတော့ သိမ်ဇရပ်အထိ၊ စစ်တောင်းတံတားသစ်ကြီးကို ဖြတ်ပြီးမောင်းကြတယ်။ အဲဒီတံတားကြီးမပြီးခင်က သတင်းစာအဖွဲ့နဲ့ ရောက်ခဲ့ ဖူးသေးတယ်။ သိမ်ဇရပ်ကထမင်းဆိုင်တစ်ဆိုင်မှာ နံနက် စာစားပြီး ကျိုက်ထိုကိုခရီးဆက်တော့ ဟိုမှာအဆင်သင့် စောင့်နေ ကြပြီ။ ကျိုက်ထိုမှာ ဆန်လိုက်ဝယ်ကြတော့ လက်လီလက်ကား ဆိုင်တွေမှာ ကိုယ်လိုချင်တဲ့ ဆန်အိတ်အရေအတွက်ကိုမရတော့ကြာနေကြရော။ နောက်တော့ တာဝန်ရှိသူတစ်ယောက်က ဆန်စက်လိုက်ပို့မှပဲ ကိုယ်လိုချင်တဲ့ အရေအတွက်ကို ရတော့တယ်။ ရန်ကုန်ဈေးနဲ့ ကျိုက်ထိုဈေးက ကွာနေလေတော့ ဆန်အိတ်နောက်ထပ် ၁ဝ လုံးလောက် ထပ်တိုးလာတယ်။
ပြီးတော့၊ ဆီ၊ ကြက်သွန်နီ၊ သကြား၊ နို့ဆီအစ သွား တိုက်ဆေး၊ သွားပွတ်တံအဆုံး ဝယ်လိုက်ကြတာပစ္စည်းက ၁၂ မျိုး၊ တန်ဘိုးက ၂၂ သိန်းကျော်လောက်ဖြစ်သွားတယ်။ တောင်တက်ကားခနဲ့ တည်းခိုတာ၊ စားတာသောက်တာတွေကတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့။ ဒီအချိန်က ဘုရားပွဲတော်ရာသီမဟုတ် လေတော့ ကင်မွန်းစခန်းမှာ ဆိုင်တချို့ပဲရှိတယ်။ တချို့ ဆိုင်တွေက အခုမှ ပြင်တုန်းဆင်တုန်း ရှိသေးတယ်။နှစ်ပေါင်း ၃၀ လောက် ကျောင်းဆရာလုပ်ခဲ့၊ အဆောင်မှူးလည်း လုပ်ခဲ့တာတွေက ကျိုက်ထီးရိုးမှာလည်း အစွမ်းပြ တယ်။ ခပေါင်းဆောင်မှာနေသွားဖူးတဲ့ ကျောင်းသားဟောင်း တစ်ယောက်က ကျိုက်ထီးရိုး ကင်မွန်းစခန်း ရင်ပြင်တော် ကားလိုင်းမှာ အလှည့်ကျအုပ်စု ခေါင်းဆောင်ဖြစ်နေလေရဲ့။သူကပဲ အပြန်ခရီးကိုဝင်ပြီး ကုသိုလ်ယူတယ်။
ကင်မွန်းစခန်းမှာ နေ့လည်စာစား၊ ကိုယ်ရန်ကုန်က ယူ လာတဲ့ကားကိုထားခဲ့ပြီး၊ ဆန်အိတ်တွေ၊ ပစ္စည်းတွေနဲ့ တောင်ပေါ် တက်ကြတယ်။ ဒေါနတောင်ဘက်မှာနေခဲ့ဖူးတဲ့ တာဝန် ရှိသူ တစ်ယောက်လည်း ပါလာပေမယ့် သူကကျိုက်ထီးရိုးတောင်တက် ခရီး မတ်စောက်ပုံကို အတော် ပြုံးနေတယ်။
ရသေ့တောင်ကိုရောက်တော့ ရသေ့တောင်ဘေးဘက် လမ်းကနေ၊ တဖြည်းဖြည်း တက်လိုက်တာ၊ ကားကဆက်သွယ် ရေးတိုင်နားကိုရောက်တော့ ပြန်ပြီးဘီလူးနှစ်ကောင် ကျောင်း တိုက်ဝင်ကြတယ်။ ဘယ်အလုပ်သမား၊ ဘယ်ကပ္ပိယမှရှိတာ မဟုတ်လေတော့ ဆန်အိတ်တွေ ပစ္စည်းတွေကို ကိုယ့်ဘာသာထမ်း၊ ရေညှိတွေရှိနေတဲ့ လှေခါးထစ်မတ်မတ်ကို ချော်မလဲအောင် သတိထားပြီး တင်ကြရတယ်။ ကျိုက်ထီးရိုးဘုန်းကြီးကျောင်းကနေသယ်ရင် ဆန်တစ်အိတ်ကို ၂၅ဝဝ လောက်ကုန်မှကျောင်း ရောက်တာ အခုကိုယ့်ကျောင်းအထိ၊ ရိက္ခာပြတ်နေတဲ့အချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ တာကို ဆရာတော်တွေက အတော်ဝမ်းသာကြတယ်။
ကျိုက်ထီးရိုးတောင်ခြေမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားတွေအားကိုးနဲ့ ကိုယ့်ပစ္စည်းကိုယ်တောင် သယ်စရာမလိုပါဘူး။ ကျိုက်ထီးရိုးဆံတော်ရှင်ကို၊ လူရှင်းရှင်းနဲ့ အားပါး တရဖူးကြ၊ အဓိဌာန်ပြုခွင့်ရကြတယ်။ ပစ္စည်းတွေကို ညဘက်မှာခွဲတမ်းချတယ်။ အနီးအနားကကျောင်းတွေကို နံနက်မှာလိုက်ပင့်ပြီး ရေစက်ချလှူဒါန်းကြတယ်။ ကျိုက်ထီးရိုးကျောင်းထိုင် ဆရာ တော်က သမ္ဗုရိသဒါနတရားဟောတယ်။
လိုအပ်တဲ့နေရာတွေ လိုအပ်တဲ့အချိန်မှာ လိုအပ်တာတွေကို အပင်ပန်းခံပြီး ကြိုးစား ပမ်းစားနဲ့ ကျောင်း ၂၃ ကျောင်းကို လှူဒါန်းခွင့်ရကြတာ ဝမ်းသာလို့မဆုံးကြဘူး။ အခုအလှူက ပထမအကြိမ်ဆိုတော့ နောင်နှစ်တွေလည်း ဒီအချိန်ပဲဆက်လာကြ၊ လှူကြမယ်၊ အခုကတည်းက စုဆောင်းကြမယ် တိုးချဲ့ပြီး လှူနိုင်အောင်လုပ်ကြမယ်လို့ သဒ္ဓါတရားတွေ ပွားများလာကြတာကို အမျှဝေလိုက်ရပါတယ်။
စွမ်းအားများ
ကိုယ်ကြုံတွေ့နေခဲ့ရတဲ့ ခေတ်နဲ့စာရင်၊ ဒီခေတ်လူငယ်တွေဟာ ကံက သိပ်ကောင်းကြတယ်။ မရစဖူးအခွင့်အရေးတွေကို ရကြတယ်။ အဲဒီအခွင့်အရေးတွေကို ရယူအသုံးချဖို့အတွက်၊ 'ဉာဏ်” ရှိဖို့တော့ လိုပါတယ်။ ကံပေးတာချင်းအတူတူ၊ ဉာဏ်ရှိတဲ့သူက ဉာဏ်ရှိတဲ့ အလျောက် များများ ရယူအသုံးချနိုင်ကြပြီး ဉာဏ်မရှိတဲ့သူကတော့ ပေးတိုင်းရမှာမဟုတ်ဘူး။
လူရဲ့ စွမ်းအားနဲ့ပတ်သက်လို့ ယောဆရာတော်အများကြီး ဟောပြောဆုံးမတာကို ဖတ်ဖူး၊ ကြားဖူးတယ်လို့ မှတ်မိနေတော့ ဆရာတော်ရဲ့ တရားတွေကို ပြန်လိုက်ရှာတယ်။
အခု ယောဆရာတော်ရဲ့ “ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ” ဆိုတဲ့ တရားတော်ကို ပြန်နာနေတယ်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ ဆိုတဲ့ အများသိပြီးသားစကားကို ထပ်ပြီးတိုးချဲ့မယ်ဆိုရင် ကုသိုလ်မရ၊ ဝမ်းသာဝ ဆိုတဲ့အလုပ်မျိုးတွေရှိနိုင်သလဲ၊ အကုသိုလ်ရ၊ ဝမ်းလည်းဝ ဆိုသလို၊ ဝမ်းဝပေမဲ့ ကုသိုလ် လုံးဝမရတဲ့အပြင် မိမိအကျိုးသူတစ်ပါး အကျိုးထိခိုက်စေတဲ့၊ အကုသိုလ်အလုပ်မျိုးတွေကို လုပ်ရတဲ့ အခြေ အနေမျိုးလည်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဝမ်းဝရုံသာမက ကုသိုလ်ရတဲ့အလုပ် ကုသိုလ်ဖြစ်တဲ့အလုပ်၊ မိမိ သူ တစ်ပါးနှစ်ဦး အကျိုးဆောင်ရက်ပေးနိုင်တဲ့ အလုပ်မျိုးကို လုပ်ခွင့်ရ ကြရင် အကောင်းဆုံးပါပဲ။
အနှစ် ၂၀ လူ့စွမ်းအား
ဂျပန်မိတ်ဆွေတစ်ယောက်က ညွှန်းလိုက်လို့ ဂျပန်သုတေသီ တစ်ရ ယောက်ရောက်လာတယ်။ သူကလွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပညာရေးနယ်ပယ်၊ အထူးသဖြင့် အဆင့်မြင့်ပညာရေး နယ်ပယ်၊ တက္ကသိုလ်ပညာရေးနယ်ပယ်မှာ ဘာတွေအပြောင်းအလဲဖြစ်ခဲ့သလဲ။ ဘာတွေတိုးတက်မှုတွေ ဖြစ်ခဲ့သလဲဆိုတာကို သိချင်သတဲ့။ ဟုတ်ပါရဲ့ ကိုယ်တောင်မစဉ်းစားမိဘူး။
ပထမဆုံး မျက်စိထဲမြင်လာတာတွေက ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေပါ။ ဆယ်ဂဏန်းသာရှိတဲ့ တက္ကသိုလ်တွေကနေ ရာဂဏန်းအထိရှိလာတယ်။ တစ်ပြည်လုံးအနှံ့ တက္ကသိုလ်တွေရှိလာ တယ်။ မူလက ရန်ကုန်မှာသာရှိတဲ့ စီးပွားရေးတက္ကသိုလ်ဟာ အခု မုံရွာနဲ့ မိတ္ထီလာမှာပါရှိလာပြီး ၃ ခု ဖြစ်သွားတယ်။ ဘွဲ့ပေးရာမှာလည်း ဘာသာရပ်အခွဲတချို့ ထပ်ပေးတယ်။
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ပေးတယ်။ ဒါတင်မက သေးဘူး။ ပြည်သူ့ရေးရာ အုပ်ချုပ်ရေးမဟာဘွဲ့ပေးတယ်။ အချိန်ပြည့် တက်ရတဲ့အတန်းတွေအပြင် အချိန်ပိုင်းသင်တန်းတွေပါ ဖွင့်လှစ်တယ်။ ဝန်ထမ်းတစ်ပိုင်းတွေက အချိန်ပြည့်တက်ရတဲ့ သင်တန်းတွေထက်၊ နံနက်ပိုင်း ညနေပိုင်းတွေမှာ အချိန်ပိုင်းတက်ရတဲ့ သင်တန်းတွေကို ပိုစိတ်ဝင်စားလာကြတယ်။ အခု အလုပ် ခေါ်ရာမှာ အမ်ဘီအေရရ မယ်၊ အမ်ပီအေရရမယ်လို့ထည့်ပြီး ခေါ်လာတာတွေ တွေ့ရတယ်။
ထုံးစံကတော့၊ အစိုးရဝန်ထမ်းတွေသာ၊ ပညာတော်သင်သွားခွင့်ရကြတာပါ။ အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကတစ်ဦးချင်းပါ၊ ပညာတော်သင်တွေ သွားခွင့်ရကြတာ တွေ့ရတယ်။ ဒါကြောင့် ပြည်ပမှာဘွဲ့လွန်ပညာတွေ ဆည်းပူးခွင့်ရကြ၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခွင့်ရကြတဲ့သူတွေလည်း အများကြီး တိုးပွားလာတာ တွေ့ရတယ်။
ဟိုတုန်းက နိုင်ငံခြားပါရဂူဘွဲ့ရတဲ့ သူအတော်ရှားတဲ့ တက္ကသိုလ်တွေမှာ အခု- ပြည်တွင်း ပါရဂူဘွဲ့ ရတဲ့သူတွေ မွေးထုတ်နိုင်တာကိုလည်း သတိထားမိပါတယ်။
၁၉၈၈ မှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးတဲ့ အချိန်ကစပြီး စာသင်ခန်းထဲကျောင်းထဲမှာပဲရှိနေတဲ့ စာရင်းကိုင်ပညာ၊ ဈေးကွက်တင်ပညာ၊ စီမံခန့်ခွဲရေးပညာရပ်တွေကို လူတွေက ပိုစိတ်ဝင်စားလာကြတာတွေ့ရတယ်။ ဒီဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနတွေကနေ၊ နံနက်ပိုင်း၊ ညနေပိုင်းသင်တန်းတွေဖွင့်၊ ဒီပလိုမာသင်တန်းတွေပေးလာ ကြတာတွေ့ရတယ်။ လူမှုရေးပညာ၊ အသုံးချစိတ်ပညာ၊ ဥပဒေပညာနဲ့ စီးပွားရေးဘာသာရပ်တွေ သာမက၊ အင်္ဂလိပ်ဘာသာနဲ့ တစ်ခြားဘာသာစကားတွေကိုလည်း လေ့လာဆည်းပူးမှု အရှိန် အဟုန် ကြီးမားလာခဲ့တယ်။
ပညာဆည်းပူးလိုမှုဝယ်လိုအားကို ဖြည့်စွမ်းဖို့ အစိုးရတက္ကသိုလ်တွေသာမက၊ ပုဂ္ဂလိက သင်တန်းတွေပေါ်ပေါက်လာတယ်။ ဒီသင်တန်းတွေမှာ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့စွမ်းရည်တွေ၊ နိုင်ငံခြားမှာသွားရောက်အလုပ်လုပ်ကိုင်ဖို့ အထောက်အကူပြုတာတွေ၊ ကွန်ပျူတာနဲ့ပတ်သက်တာတွေ ပါဝင်တဲ့အပြင် ပြည်ပနိုင်ငံတွေကပေးတဲ့ ဒီပလိုမာတွေရဖို့ ပြည်ပတက္ကသိုလ်တွေကို သွားရောက်ပညာသင်ယူဖို့ဦးတည်တဲ့ သင်တန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံခြားပညာ သင်ယူဖို့၊ ဦးတည်ပြီးလေ့ကျင့်ပေးတဲ့ သင်တန်းတွေရဲ့ ဟောပြောပွဲ ဆွေးနွေးပွဲတွေကို ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ အမြဲမြင်တွေ့နေရပါတယ်။
သင်တန်းကျောင်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ သက် ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေဖော်ပြတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထွက်ပေါ်လာခဲ့တာကိုလဲ ထည့်ပြောရမှာဖြစ်ပါတယ်။ အပတ်တိုင်း အပတ်တိုင်း ကွန်ပျူတာ၊ အင်ဂျင်နီယာ၊ စီးပွားရေး လုပ်ငန်းပညာနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အမြဲရှိနေပါတယ်။
ခြုံပြီးပြောရရင် လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပညာရေးကဏ္ဍတစ်ဟုန်ထိုးကြီးထွား တိုးတက် လာခဲ့ပြီး ဈေးကွက်အင်အားစုတွေရဲ့ မောင်းနှင်မှုကြောင့် ပုဂ္ဂလိကကဏ္ဍအပါအဝင် ကျယ်ပြန့် တိုးတက်တဲ့ စီးပွားရေးကဏ္ဍတစ်ခုဖြစ်ပါတယ်လို့ သုံးသပ်မိပါတယ်။
ဆန္ဒနှင့် အခွင့်အလမ်း
ကိုယ် လူရဲ့ စွမ်းအားတွေအကြောင်းရေးရင်းနဲ့ ဒါန၊ သီလ၊ ဘာဝနာ ရာ တွေရဲ့ စွမ်းအား၊ သီလ၊ သမာဓိ၊ ပညာတွေရဲ့ စွမ်းအားရတနာ သုံးပါးရဲ့ စွမ်းအားတွေအကြောင်း ယောဆရာတော် အတော်လေး ဟောပြောဆုံးမဖူးတယ်လို့ မှတ်မိတယ်။ အသေအချာတော့မမှတ်မိဘူး။ ဒါနဲ့အိမ်မှာ ယောဆရာတော်ရဲ့ စာအုပ်တွေကို လိုက်ရှာတော့ရှာမတွေ့။ စာအုပ်ဆိုင်တွေမှာလည်း မတွေ့။ လမ်းဘေးက တရားခွေဆိုင်တွေမှာ လည်း တစ်ခြားအခွေတွေ တွေ့ပေမဲ့ ကိုယ်လိုချင်တာမတွေ့ရ။ နောက်ဆုံး တေးသံသွင်းဆိုင်တစ်ဆိုင်ရောက်မှ ကိုယ်လိုချင်တဲ့ ဆရာတော်ရဲ့ တရားခွေတစ်ချပ်မှာ တရား အပုဒ်ရေ ၃၀၀ လောက်ပါပြီး၊ ဈေးနှုန်းကလည်း တစ်ထောင်တောင်မပေးရ။
ဟိုတုန်းကလိုဆို တရားအပုဒ်ရေ ၃ဝဝ ကို အခွေ ၃ဝဝ စီဒီ ၃ဝဝ စုရမှာပဲ။ စုတော့လည်း တစ်ချပ်တည်းနဲ့ပြီးရော။ လူတွေ စွမ်းရည် တက်လာတော့ ရုပ်ဝတ္ထုတွေလည်း စွမ်းရည်တက်လာတယ်။
လှည်းတန်းရောက်ရင် ဆုံရမယ့်တွေ့ရမယ့်သူတွေများလာမယ် ပြောဖြစ်ဆိုဖြစ်ကြမယ်လို့ ထင်ထားပေမဲ့၊ တကယ်တမ်းကျတော့ ပြောစရာဆိုစရာ ဆုံစရာလူက သိပ်မရှိလှပါဘူး။ ဒီကနေ့မှပဲ MRTV4 ကဆရာမျိုးမြတ်သူရယ်၊ တက္ကသိုလ်ထွန်းနောင်ရယ်၊ သုံးယောက် သား ဆုံမိကြတယ်။ ဆရာထွန်းနောင်က တစ်ယောက်တည်းနေရတာ။
တစ်ရက်မှာ မိတ်ဆွေကိုဗလနဲ့လိုက်သွား ပြီးတော့ ဆရာမျိုးအိမ် ဆက်လိုက်သွားတော့ သူတို့လမ်းတစ်လမ်းလုံး Game ဆိုင်တွေချည်းပဲ။ ကိုယ်ရောက်ဖူးတဲ့လမ်းပေမဲ့ မှတ်တောင် မမှတ်မိဘူး။
ဒီခေတ်မှာ လေ့လာဆည်းပူးစရာ အခွင့်အလမ်းမရှိဘူး။ မွန်းကျပ်မှုတွေကို ဖြေဖျောက်စရာ မရှိဘူးလို့ပြောရင် ကိုယ်တွေ့ခဲ့ရတဲ့ သာဓကလေးတွေကိုကြည့်ပြီး ပညာယူစရာနည်းပညာတွေရော ဖျော်ဖြေမှုအတွက် သုံးစရာတွေရော အများကြီးပါ။ ဘာမျှမလုပ်ဘဲ၊ ကိုယ့်ကိုယ်ကို ဖျော်ဖြေမှုမလွန် ကဲ အပ်ဘူးလို့ ယူဆမိပေမဲ့ လေ့လာဆည်းပူးမှု လွန်ကဲတယ်ဆိုတာမျိုးတော့ မတွေ့ဖူးသေးပါ ဘူး။ ကိုယ်သာဆန္ဒ ရှိနေမယ်ဆိုရင် ကိုယ့်စွမ်းအားတွေဖြည့်စရာ၊ ပြန်ဖြည့်စရာနည်းပညာတွေ၊ အခွင့်အလမ်းတွေ၊ လက်တစ်ကမ်းမှာ ရှိနေတယ်လို့ ထင်မိပါတယ်။
ဟာသဓာတ်ခံရှိလျှင် အလုပ်ပိုမြဲသည်
အလုပ်မြဲချင်လျှင် မြဲအောင်လုပ်ပါ၊ ဟာသဓာတ်ခံရှိပါ။ “ပေါ့ပေါ့ပါးပါးနေပါ၊ ထိုးကြိတ်ထားသော ရှပ်အင်္ကျီတွေ၊ ကြာကြာမခံ” ဟူသော အောင်မြင်ရေး မဂ္ဂဇင်း၌၊ ရော်ဂါအေးလ်စ် ရေးသည့် ဆောင်းပါး သည် ထိုအကြောင်းကို “ကျွန်တော်နှင့်တွေ့ရန်သည့် အချို့ ဖောက်သည် တွေအတွက် ကျွန်တော်ပေးသောအကြံကို တိုတိုပြောပြောရလျှင် ပေါ့ပေါ့ပါးပါးနေပါ”ဟု ပြော၍ရသည်။ ဂွကျကျရှိလှသော်လည်း ကိုယ့် အလုပ်ခွင်သည် ကိုယ်ပေါ့ပေါ့ပါးပါးနေဖို့ အလေးအနက်ထားသည့် အပေါ်တွင်မူတည်သည်” ဟုရေးထားသည်။
အမှုဆောင်အရာရှိများကို အလုပ်ရှာဖွေခန့်ထားသော လုပ်ငန်း တစ်ခု၏အလိုအရ၊ အလုပ်ပြုတ်သူ ၈ဝ ယောက်တွင် ၇ ယောက်သည်။ ကျွမ်းကျင်မှုမရှိ၍မဟုတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ပဋိပက္ခဖြစ်ကုန်၍ ဖြစ်သည်။ အမှုဆောင်အရာရှိတစ်ယောက်အနေဖြင့် အလတ်တန်းနှင့် အထက် စီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရသောအခါ လုပ်ရည် ကိုင်ရည်ထက်၊ ဆက်ဆံရေး စွမ်းရည်နှင့် လုပ်ချင်ကိုင်ချင်စိတ်ဖြစ်အောင် လုပ်ပေးနိုင်စွမ်းတို့ အပေါ်မူတည်ပြီး ရာထူးတက်ရခြင်း ဖြစ်သည်။ အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးသည် လည်း အရေးကြီးသည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အထက် လူကြီးတွေက ကိုယ်ကြိုက်သည့်သူတွေကို ရာထူးတိုးပေးကြသည်။