Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - အာစီယံအိုင်အမ်အက်ဖ်မြန်မာ့စီးပွါးရေး

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အပြောင်းအလဲတွေကြားက ကျွန်တော့်ဇာတိ

           ဒီတစ်ခေါက် ဇာတိရပ်ရွာပြန်တဲ့ခရီးကတော့ အတော်လေး မောလှပေမယ့် ပျော် စရာကောင်းတဲ့ခရီးတစ်ခုပါ။

           ပထမဆုံး ပျော်စရာကောင်းတာက ရန်ကုန်ကနေ ကျွန်တော်တို့ဇာတိကို တိုက် ရိုက်၊ အမြန်လေအိတ်ကားနဲ့ သွားခွင့်ရတာကြောင့်ပါ။ အောင်မင်္ဂလာအဝေးပြေးကားဂိတ် က ရွှေစင်္ကာဆိုတဲ့ မြင်းခြံ-နွားထိုးကြီးဘက်သွားတဲ့ ကားလိုင်းက ကျွန်တော်တို့ဆီကို တိုက်ရိုက်သွားနိုင်တဲ့လိုင်း တိုးချဲ့တယ်။ အိပ်ရေးပျက်မှာစိုးလို့ ညကား မစီးချင်ပေမယ့် တိုက်ရိုက်သွားတဲ့ ကားလိုင်းစီးချင်တာရယ်၊ သူတို့ကို အားပေးချင်တာရယ်ကြောင့် အာစရိယပူဇော်ပွဲသွားတဲ့ခရီးစဉ်မှာ ခါတိုင်းလို ကားငှားမနေတော့ဘဲ စီးဖြစ်ကြပါတယ်။ ၁၁၅ မိုင်ရောက်တော့လည်း ငါန်းဇွန်သွားမယ့်ခရီးသည်များလို့ခေါ်သံကြားရတာ အရသာ ရှိလိုက်တာ၊ ရေရှည်တည်တံ့နိုင်ပါစေလို့သာ ဆုတောင်းပါတယ်။

           ရန်ကုန်ကနေ ညနေ ၇ နာရီထွက် မိတ္ထီလာရောက်တော့ မြင်းခြံလမ်းကိုခွဲထွက်၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံတွေကိုဖြတ်၊ ညဘက်ရောက်တော့ ကိုယ့်အရပ်ဒေသနဲ့ နီးပြီပေါ့။ ၁၂ နာရီလောက် ကားစီး၊ ကိုယ့်မြို့နယ်ထဲက မြို့သာဆိုတဲ့ မြို့လေးကိုဖြတ်ပြီး မကြာမီ ကတ္တရာလမ်းကောင်းကနေ ငါန်းဇွန်ကို ရောက်တော့တာပါ ။ ခါတိုင်း မန္တလေး ဘက်ကလာရင်ဖြတ်ရတဲ့ တံတားဦးတို့၊ ကျောက်တလုံးတို့၊ ရွာသစ်တို့ဘက်တောင် မရောက်။

           ဒါကြောင့် ညဘက် ဆွေးနွေးပွဲလုပ်ကြတော့ လျှပ်စစ်မီးရပြီ၊ တယ်လီဖုန်းရနေပြီ။ ရန်ကုန်အထိ ကားလမ်းပေါက်နေပြီ။ ညနေကားစီး၊ နံနက် ရန်ကုန်ရောက်၊ နေ့ခင်း လုပ်စရာရှိတာတွေလုပ်၊ ညနေ ၇ နာရီ အပြန်ကားစီး၊ နောက်တစ်နေ့မနက် ငါန်းဇွန် ပြန်ရောက်နိုင်တာမို့ ဒီအခွင့်အလမ်းတွေကို ဘယ်လိုအသုံးချကြမလဲဆိုတာ စဉ်းစားဖို့ ကောင်းတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

           မြို့သာက တပည့်တွေ၊ မိတ်ဆွေတွေ ဖိတ်ကြားလို့ ရောက်သွားပြန်တော့ လျှပ်စစ်မီးရပြီ၊ အဝေးပြော တယ်လီဖုန်း (မိုဘိုင်းဖုန်း) တွေတော့ မရသေး။ မြို့သာက ငါန်းဇွန်ထက်စည်ကားတဲ့ လမ်းပန်းအဆက်အသွယ် ကောင်းတဲ့မြို့လေးဆိုတော့ သူ့ရဲ့ တိုးတက်မှုက ပိုမြန်မယ်လို့ တွက်ဆရပါတယ်။

           ငါန်းဇွန်ရောက်တော့ လာကြိုနေတဲ့သူတွေနဲ့ အတူ၊ အပြေးအလွှား မုန့်သွားစား ကြတယ်။ ခါတိုင်းစားနေကျ မသန်းစုမုန့်ကို တတိယနေ့မှာ အားပေးရပြီး ပထမနှစ်ရက်မှာ မအေးမူဆိုင်ကိုအားပေးကြရတော့ ဆိုင်က စားပွဲတစ်လုံး အပိုချထားပြီး စောင့်ကြိုနေ တာတွေ့ရတယ်။ ဖောက်သည်မသန်းစုကတော့ အကြောင်းသိပီပီ လိုက်ပွဲပါ အသင့်ပြင်၊ မုန့်ကျွတ်နဲ့ ဟင်းရည်တွေ တဝကြီးထည့်ပေးပေမယ့် ပိုက်ဆံပေးလို့ မရဘူး။

           မြို့ သာက တပည့်ဟောင်းတွေက ထမင်းလဲကျွေး၊ ကန်တော့လည်း ကန်တော့၊ စကားပြောလို့ကလည်း မကုန်ပေမယ့် ၂ နာရီမှာ ငါန်းဇွန် အ.ထ.က က ကလေးတွေကိုဟောပြောဖို့ ချိန်းထားလေတော့ အပြေးပြန်ကြရတယ်။ လိုက်ပို့ ကျေးဇူးပြုတဲ့ ဦးမြကြီး ဆိုတာကလည်း ငါန်းဇွန်သာမက မြန်မာတစ်နိုင်ငံလုံးမှာ စက်မှုလက်မှုနဲ့ပတ်သက်လို့ ထိတ်ထိတ်ကြဲဆိုတော့ သူ့ရဲ့ ထူးခြားတဲ့အတွေးအမြင်တွေ၊ သုံးသပ်ချက်တွေကို ကြားနာခွင့် ရပါတယ်။

           ခရီးမထွက်မီ ကွန်ပျူတာနဲ့ တယ်လီဖုန်းပစ္စည်းဆိုင်ဝင်ကြည့်တော့ ရန်ကုန်မှာ ကိုယ်တစ်ခါမျှ မမြင်ဖူးတဲ့ ဓာတ်အားသွင်းကြိုးတွေ့ ရတယ်။ ဓာတ်အားကို မော်တော် ကားတို့၊ ဆိုင်ကယ်တို့ရဲ့ ဘက်ထရီကနေ ရယူနိုင်ဖို့ ကလစ်နှစ်ခုပါပြီး တစ်ပြိုင်နက်တည်း ဓာတ်ခဲလည်းအားသွင်းလို့ရသလို တယ်လီဖုန်းအမျိုးမျိုးကိုလည်း အားသွင်းလို့ရတယ်။ ဦးမြကြီးက ကားမှာ အဲဒီကြိုးကို တပ်ထားတော့ ကိုယ့်တယ်လီဖုန်းကိုလည်း သွားရင်း လာရင်း အားသွင်းလို့ရနေတယ်။ “ကျွန်တော် ဓာတ်ခဲအပိုဆောင်ထားတယ်” ဆိုတော့ ဆရာသုံးပုံနဲ့ ဆို ဓာတ်ခဲကို အထုပ်လိုက်ဆောင်ထားရမှာပဲလို့ အားပေးရှာတယ်။ ဦးမြကြီးရဲ့ Facebook ကိုကြည့်တော့ အဘိဓမ္မာတွေ၊ ပဋ္ဌာန်းတွေ၊ ဝိပဿနာတွေ တွေ့ရပါလိမ့်မယ်။ အပြင်မှာ တွေ့ချင်ရင်တော့ အိမ်သွားမရှာနဲ့။ ငါန်းဇွန်က လမ်းပေါ်မှာ တစ်နေ့ ဆယ်ခေါက်လောက် ကူးသန်းနေတာကို တွေ့နိုင်ပါတယ်။

           အစဉ်အလာမပျက် မိဘဘိုးဘွားအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ မိဘဘိုးဘွားတွေ လှူဒါန်းခဲ့ရာ သဲဖြူကျောင်း ပရိယတ္တိစာသင်တိုက်ကို သွားရောက်ပြီး ပရိယတ္တိလုပ်ငန်းတွေကို တိုက်ဆိုင်တဲ့ အခိုက်အတန့်မှာ ကူညီထောက်ပံ့ခွင့် ရခဲ့ပါသေး တယ်။ သဲဖြူကျောင်းဆရာတော်တွေက ခရီးစဉ်မှာ ကျောင်းက ကားကို ယူသုံးဖို့ ခွင့်ပြုပေ မယ့် သူတို့လုပ်ငန်းစဉ် အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် မယူမသုံးခဲ့ပါဘူး။ အ.ထ.က မှာ စောင့်ဆိုင်းနေတဲ့ ကလေးတွေကို ဟောပြောဖို့ ဆွေမျိုးတော်သူဖြစ်တဲ့ ဆရာမ ဒေါ်ယမင်းနဲ့ ဆရာမနှစ်ယောက်က အခမ်းအနားကို စီစဉ်ပေးကြပါတယ်။ ကလေးတွေ အများစုက ကိုးတန်းတဲ့။ ဆယ်တန်းနဲ့ ရှစ်တန်းက စာကျက်နေသတဲ့။

           ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်က အပင်ပန်းခံမှ ကြီးရင်သက်သာမယ်။ ငယ်ငယ်ရွယ်ရွယ်က အသက်သာခိုနေရင် အသက်ကြီးတဲ့အခါ ပင်ပန်းမယ်။ ကိုယ့်ကိုယ် ကိုယ် ခိုင်းတာက သခင်၊ သူများခိုင်းတာခံရရင် ကျွန်၊ ကိုယ့်ကိုယ်ကိုယ် မခိုင်းရင် သူများက ဝင်ခိုင်းသွားမယ်၊ ကောင်းတာမှန်တာကို ကိုယ်တိုင်လည်း လုပ်ရဲရမယ်၊ သူများလုပ်ရင် လည်း အားပေးထောက်ခံရမယ် စသဖြင့် ကလေးတွေ နားဝင်နိုင်လောက်မယ်ထင်တာ တွေကို ချင့်ချိန်ပြီး ပြောပါတယ်။ သူတို့ကို ပြောခိုင်း၊ မေးခိုင်းတယ်။ ဒီတစ်ခေါက် ကလေးတွေကို လက်ဆောင်ပေးဖို့ စာအုပ်မပါလာတာနဲ့ မုန့်မကျွေးရတာ သတိရတယ်။ ဟောပြောပွဲအပြီးမှာ ကလေးတွေရဲ့ စာအုပ်ထဲ လက်မှတ်ထိုးပေးရသေးတယ်။ ကလေးတွေ ရဲ့ စာအုပ်တွေက ခဏလေး ပျောက်ပျက်သွားမှာ မှန်ပေမယ့် ကလေးတွေကို စာအုပ်တွေ၊ စာရေးသူတွေနဲ့ ရင်းနှီးစေချင်လို့ လုပ်ပေးတဲ့ အလေ့အကျင့်လေးတော့ ကျန်ရစ်မယ် ထင်ပါတယ်။

           ညနေဘက် ရသမျှအချိန်လေးမှာ အဒေါ်တွေ၊ ဆွေမျိုးတွေနဲ့ ခဏတွေ့ပါတယ်။ ဆွေတွေမျိုးတွေက ဘယ်လောက်ပဲ မပြည့်စုံ မပြည့်စုံ။ ရောက်တုန်းရောက်ခိုက် ကျွေး ချင်ကြ၊ မွေးချင်ကြ၊ ပေးချင်ကြနဲ့။ ဒီတစ်ခေါက်မှာ အဒေါ်အပျိုကြီးတစ်ယောက် ချက်ကျွေး တဲ့ စတုမဓူကိုလည်း စားခဲ့ရပါသေးတယ်။ အတူပါမလာဖြစ်တဲ့ သမီးနဲ့ ညီမလေး မိသားစုကိုလည်း ဝိုင်းမေးကြတယ်။

           ညဘက်ဆွေးနွေးပွဲကိုတော့ အရင်နှစ်ကထက် တက်ရောက်တဲ့သူများပြီး လွတ် လွတ်လပ်လပ် ဆွေးနွေးကြပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ ဒေသခံတွေကြားက ကွဲပြားတဲ့အမြင်တွေကိုနားထောင်ရတယ်။ မတူတဲ့အယူအဆတွေကို လက်ခံနိုင်တဲ့ အလေ့ အကျင့်ကို လေ့ကျင့်ယူရဦးမှာပါ။

           ယေဘုယျအားဖြင့်တော့ ဒေသခံသူငယ်ချင်းတွေက ကွဲပြားတဲ့ပါတီတွေရဲ့ “ ဆောင်မှုအောက်မှာရောက်နေပြီး အချင်းချင်း အတန်အသင့် ယှဉ်တွဲနေထိုင်နိုင်ကြ တော်သေးရဲ့ လို့ သုံးသပ်မိပါတယ်။ ဆွေးနွေးပွဲက အရှိန်သိပ်ကောင်းနေလို့ မနည်းကြီး ဖြတ်ယူရတယ်။ ဒါတောင် နောက်ရက်မှာ ဘက်လိုက်တယ်လို့ ယူဆတဲ့ သုံးသပချက တစ်ခုကို ပြန်ကြားရတဲ့အခါ ကိုယ့်အယူအဆကို လူရှေ့သူရှေ့မှာ ဘာကြောင့် မပြောရဲ သလဲလို့ ပြန်မေးကြည့်ခဲ့ပါတယ်။ အပြောင်းအလဲတွေအောက်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးတွေကို ကိုယ့်ဒေသ၊ ကိုယ့်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာ စဉ်းစားကြဖို့ အထူးတိုက်တွန်းခဲ့ပါတယ်။ မြို့မြောက်ဘက်က ကျွန်းတွေခြားသွားတဲ့ ဧရာဝတီမြစ်ကြီးရဲ့ နေရာမှာ အစားထိုးပေါ်ပေါက်လာတဲ့ မြို့ တောင်ဘက်က လမ်းတွေကို အားကိုးအားထား ပြုစေချင်တာပါပဲ။

           မြို့အကြောင်းပြောတဲ့အခါမှာ နံနက်စောစော ဆွမ်းလောင်းဖို့သွားရင်း စောနေ သေးလို့ ပဲထပ်တရာနဲ့ လက်ဖက်ရည်တစ်ခွက် စားသောက်တာ ပိုက်ဆံရှင်းတော့ နှစ်ရာ (၂၀၀) ပဲကျလို့ ဟုတ်မှဟုတ်ရဲ့ လားလို့ ထင်မိအောင် ဖြစ်သွားတာကိုလည်း ချန်လို့ မဖြစ်ပါဘူး။ နောက်တစ်ရက်မှာ ငယ်သူငယ်ချင်းဖြစ်တဲ့ ဦးချစ်သန်းက လက်ဖက်ရည်တိုက် မုန့်ကျွေးတော့ ဒီပိုက်ဆံပေမယ့် ငါန်းဇွန်မှာ ရှာလို့မလွယ်ဘူးဆိုတဲ့အကြောင်း ပြောသွား သေးတယ်။ အစဉ်အလာမပျက် ငါန်းဇွန်က ဆွမ်းလောင်းအသင်းကြီးမှာ အရုဏ်ဆွမ်းလောင်းလှူကြပြီး ကွယ်လွန်သွားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို အမျှပေးဝေခဲ့ကြပါ တယ်။ ဒီတစ်ခေါက်မှာ သဒ္ဓါပေါက်ပြီး ကွယ်လွန်သွားတဲ့ အဘွား ဒေါ်လှရွှေ၊ မိဘတွေဖြစ် တဲ့ ဦးချစ်ဦး ဒေါ်မြရင်တို့ကို ရည်စူးပြီး မိသားစုအနေနဲ့ တစ်ရက်စာ ဆွမ်းလောင်းလှူစရိတ် လှူဒါန်းကုသိုလ်ပြုခွင့် ရခဲ့ပါသေးတယ်။ သွားရင်းလာရင်းနဲ့ မြို့အရှေ့ အင်းဝကျောင်းက သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို သွားရောက်ဂါရဝပြုရာမှာတော့ ဆရာတော်ကြီး က အဘိုးအဘွားနဲ့မိဘတွေအမည်ကို မှတ်မိနေတာတွေ့ရလို့ အံ့သြဝမ်းသာရပါသေး တယ်။

           နံနက်ခင်းမှာ တပည့်ဟောင်းဖြစ်သူ ဆရာမဒေါ်တင့်ဆန်းက သူတို့ဦးစီးတဲ့ ထန်းစဉ်လှရွာက ယဉ်ကျေးလိမ္မာသင်တန်းကို လာပြောပါဦးဆိုလို့ ဆိုင်ကယ်နဲ့ အပြေး အလွှားသွားပြီး နာရီဝက်လောက် ပြောနေကျစကားတွေကို ပြောရဟောရသေးတယ်။ အရင်က ငါန်းဇွန်မှာပဲရှိတဲ့ ယဉ်ကျေးလိမ္မာသင်တန်းက အခု ကျေးရွာတွေအထိ ပျံ့နှံ့လာပြီး ကလေးတွေက စနစ်တကျ သီလယူ၊ မေတ္တာပို့ ၊ အမျှဝေအထိ ဒါနပြုတာတွေကြည်ညိုခဲ့ ရပြီး ကလေးတွေက ကိုယ့်နာမည်တပ်ပြီး ဆုတောင်းမေတ္တာပို့သတာကို ကြည်ကြည်နူးနူးခံယူကာ အာစရိယပူဇော်ပွဲအမီ အပြေးပြန်ခဲ့ရပါတယ်။ ချယ်ရီတို့၊ ပတ္တမြားတို့၊ Sky Netတို့မှာ အပတ်စဉ်ပြောနေပေမယ့် ပတ္တမြား FM မှာ ပြောတာကို နားထောင်တဲ့ပရိသတ် က ထန်းစဉ်လှရွာရောက်မှပဲ တွေ့ခဲ့ပါတယ်။

           အာစရိယပူဇော်ပွဲကို ပြန်ရောက်တော့ လူတောင်အတော်စုံနေပြီ။ ခရီးသွား အဝတ်အစားကိုအမြန်လဲပြီး ငါန်းဇွန် အ.ထ.က က အောင်ဆန်းခန်းမထဲ ဝင်ရတယ်။ ခန်းမရဲ့ ထိပ်မှာ လေ့လာဆည်းပူးဖို့ဝင်လာတယ်။ အလုပ်အကျွေးပြုဖို့ ထွက်ခွာတယ်” ဆိုတဲ့ စာတန်းလေးက ကျွန်တော်တို့ကို အမြဲသတိပေးနေတယ်။ ဟိုတုန်းက နှစ်နှစ်တစ်ခါ အလုပ်အကျွေးပြုကြတဲ့ ကျေးဇူးတုံ့ပြန်ကြတဲ့ အာစရိယပူဇော်ပွဲကို တစ်နှစ်တစ်ကြိမ် လုပ်ကြမယ်ဆိုတော့ ဖြစ်မှဖြစ်ပါ့မလားလို့ စိုးရိမ်ကြတယ်။ နှစ်နှစ်တစ်ခါဆိုရင် ဆရာကြီး၊ ဆရာမကြီးတွေ အတော်လျော့သွားမှာ စိုးရိမ်တာကိုး။ တကယ်တမ်းကျတော့ မနှစ်နဲ့ဒီနှစ် ကြားမှာ ကန်တော့ခံ ဆရာ၊ ဆရာမက မလျော့၊ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူ တွေက ၉ ယောက်တောင် လျော့သွားတယ်လို့ ဆရာမကြီးတစ်ယောက်က စာရင်းချပြ တယ်။

           ဝမ်းသာစရာတွေ တွေ့နေတဲ့ကြားထဲက ကိုယ့်ကို လွှတ်တော်ကိုယ်စားလှယ် လောင်း လုပ်စေချင်တဲ့ မြို့နယ်ပါတီဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ ဈာပနကို ရောက်ခဲ့ရတော့ သူ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အကြောင်း စိတ်ထဲက တောင်းပန်ခဲ့ရပါတယ်။အာစရိယ ပူဇော်ပွဲ အပြီးမှာ ပုဂံနဲ့ခေတ်ပြိုင် ဘုရားတွေအများကြီးရှိတယ်လို့ဆိုတဲ့ ငါန်းမြားကို မိတ်ဆွေ တွေက ဆိုင်ကယ်သုံးစီးနဲ့လိုက်ပို့ကြတယ်။ လမ်းခရီးက သာယာတာကြောင့် ဓာတ်ပုံရိုက် လို့ မဝနိုင်။ အရင်တစ်ခေါက်ကားနဲ့ ဖြတ်စဉ်ကလောက် လမ်းမကြမ်းတော့ဘူး။ ရှေး           ဟောင်းဘုရားတွေ ဖူးတွေ့ခွင့်ရပေမယ့် အထောက်အထားတွေမရှိ၊ ပြောပြနိုင်တဲ့သူကလည်း မတွေ့။ အုတ်ဖိုတစ်ခုရှိတဲ့ ဧရာဝတီမြစ်လယ်ကျွန်းမှာ ဒေသစာတွေ စားခဲ့ရတာတော့ အမှတ်တရ။ဧရာဝတီမြစ်လယ်က ကျွန်းပေါ်မှာ အင်တင်နာတိုင် ထောင်ထားလို့ သူတို့ရဲ့ အုတ်လုပ်ငန်းက ဖောက်သည်တွေနဲ့ အဆက်မပြတ်။ မိဘကို အုတ်ဖုတ်ရာမှာ ကူလုပ်နေတဲ့ ကလေးငယ်တွေက ပင်ပန်းပုံမပေါက်ဘဲ ပျော်ရွှင်နေပုံပေါက်နေတယ်။ ငါန်းမြာက အသွား ၂ နာရီ၊ အပြန် ၂ နာရီလောက် ဆိုင်ကယ်စီး၊ ညနေခင်း ကျေးလက်ရှုခင်းတွေ အရယူပြီး ပြန်လာတော့ မနှစ်က ကမ္မကထလုပ် လှူခဲ့တဲ့ အ.ထ.ကကျောင်းဝင်းထဲက အဝီစိတွင်းကို သွားကြည့်တယ်။ တည်းတဲ့အိမ်ပြန်ရောက်တော့ လူလည်းပန်း၊ တယ်လီဖုန်းနဲ့ ကင်မရာ ဓာတ်ခဲတွေလည်းကုန် ညနေစာတောင် မစားနိုင်ဘဲ တန်းပြီးအိပ်မောကျသွားတယ်။

           ပြန်မယ့်ရက်မှာ ဈေးထဲရောက်သွားပြန်တော့ ဆရာကြီးတစ်ယောက် သြဝါဒပေးရင် “အမြဲတမ်းဈေးဖြစ်စေချင်တယ်” လို့ ပြောတာကို သွားသတိရမိတယ်။ ရာသီစာ သီးနှံတွေ လတ်လတ်ဆက်ဆက်စိမ်းစိမ်းစိုစိုကြားထဲက ဈေးသည်တွေရဲ့ မျက်နှာတွေ ရွှင်ပြုံးနေကြတာ သတိပြုမိတယ်။ ဈေးလေးက သန့်ရှင်းသပ်ရပ်လိုက်တာလို့ အဝေးက မိတ်ဆွေတွေ မှတ်ချက်ချကြတယ်။ ရောက်တာ နှစ်ရက် သုံးရက်ရှိပြီဆိုတော့ ဆွေမျိုးတွေ လည်းသိ၊ သူစိမ်းတွေလည်း ရင်းနှီး၊ ထန်းစဉ်လှရွာက ဈေးသည်တွေ၊ ကလေးတွေက နှုတ်ဆက်နဲ့ အတော်ပျော်စရာကောင်းနေပေမယ့် ဒီနေ့ညနေပြန်တော့မယ့်အကြောင်း နှုတ ဆက်ရတယ်။

           နေ့ခင်းဟောပြောပွဲမှာ ဆေးရုံက ဆရာဝန်၊ ဆရာမတချို့လာပြီး နားထောင်ကြ တာနဲ့ ကိုယ်လည်း ဆေးရုံမိသားစုဝင်တစ်ယောက်ဖြစ်တဲ့အကြောင်း မိတ်ဆက်ရတယ်။ ဖခင်ကြီးအလွမ်းပြေ ဆေးရုံလေးကိုသွားကြည့်တော့ ဧည့်သည်ရောက်နေလို့ အလုပ်ရှုပ်နေ ကြ၊ အစည်းအဝေးထိုင်နေကြတာ တွေ့ရတယ်။ ဟိုတုန်းက ဆရာဝန်တစ်ယောက်လောက် ပဲ ရှိပေမယ့် အခု ဆရာဝန်လေးငါးယောက်၊ သွားဆရာဝန်လည်းရှိ၊ သူနာပြုတွေလည်း အားပြည့်နဲ့မို့ ဒေသခံတွေ ဝိုင်းဝန်းအားကိုးရာဖြစ်လာပြီး ဆေးဝါးလည်း အခမဲ့ယူနိုင်ကြ တယ်။ ဒေသခံတွေရဲ့ တတ်အားသမျှ ဝိုင်းဝန်းကူညီမှုတွေလည်း ရရှိတယ်ဆိုလို့ အတော် ကြည်နူးခဲ့၊ ဂုဏ်ယူခဲ့ရပါတယ်။ ဆေးရုံမှာ အဆောက်အဦတွေတိုးနေတဲ့အပြင် ရုပ်မြင် သံကြားနဲ့ ဖတ်စရာစာစောင်တွေကိုပါစီစဉ်ပေးထားတာတွေ့ရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ရောက်လာတဲ့ ဆရာဝန် ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပျော်ရွှင်စွာနဲ့ တာဝန် ထမ်းဆောင်နိုင်ကြပါစေလို့လည်း ဆုတောင်းခဲ့ပါတယ်။ ငါန်းဇွန်က ပြန်လာပေမယ့် အပြန်ခရီး ကားပေါ်မှာ ရန်ကုန်ဂိတ်ရောက်တဲ့အထိ ရှေ့ဆက်လုပ်စရာ ပညာရေး၊ ကျန်းမာ ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးလို့ ကောင်းနေခဲ့ပါကြောင်း။

၇.၁.၂၀၁၄