ခင်မောင်ညို(ဘောဂဗေဒ) - အနာဂတ်ကိုဖန်ဆင်းတဲ့အတိတ်နဲ့ပစ္စုပ္ပန်
ရွှေဧည့်သည် ငွေဧည့်သည်နှင့်
ရွှေလက် ငွေလက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ တက်တက် ကြွကြွ ပြောကြ ဆိုကြတာ တစ်နှစ်ကျော်ကျော်လောက် ရှိရော့မယ် ထင်တယ်။
အခြေခံကစပြီး စဉ်းစားကြမယ်ဆိုရင် ကျွန်တော်တို့ မှာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရော နိမ့်ကျနေပြီး မြင့်မား ဖို့ လိုအပ်နေတာ အမှန်ပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ယေဘုယျအားဖြင့် အမြင်နှစ်မျိုးကို တွေ့ရ ပါတယ်။
ပထမအမြင်တစ်မျိုးကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့်ရရှိမယ့် ဆိုးကျိုးတွေ၊ ထိခိုက်နစ်နာမှုတွေကို အလေးပေးတဲ့အမြင်ဖြစ်ပြီးတော့ ဒုတိယအမြင်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကရရှိမယ့် ကောင်းကျိုးတွေ၊ ထွက်ပေါ် လာမယ့် အကျိုးကျေးဇူးတွေကို အလေးပေးတဲ့အမြင် ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ကောင်းကျိုးရော၊ ဆိုးကျိုးတွေပါ ရောနေတယ်ဆိုတာရယ်၊ ကောင်းကျိုးများ၊ ဆိုးကျိုးနည်းဖို့ ဉာဏ်ပညာတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ လိုမယ် ဆိုတာတွေ ရယ်တော့ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဆိုးကျိုးတွေ၊ ထိခိုက်နစ်နာမှုတွေ ဖြစ်မှာစိုးကြတာက အတိတ်က လုပ်ငန်းစီမံကိန်းတွေမှာ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ၊ လူမှုရေးထိခိုက်နစ်နာမှု တွေကို ထည့်မတွက်ခဲ့လို့ ဆိုးကျိုးခံစားခဲ့ရတာတွေ၊ ခံစားနေရတာ တွေကိုကြည့်ပြီး ပြောကြတာပါ။ အခုဆိုရင် ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်က သတိထားလာကြပါပြီ။ ဟိုတုန်းကတော့ ကိုယ်က လည်း မခေါ်၊ ခေါ်တော့လည်း မလာကြတဲ့အချိန်မှာ လာတဲ့သူကိုပဲ မျက်စိမှိတ်ရွေးချယ်ခဲ့ရတဲ့ အနေအထားကနေ ပြောင်းလဲလာနေပြီလို့ ယူဆပါတယ်။
ဒီထဲမှာလည်း အများကိုထိခိုက်မှာထက် ကိုယ့်လုပ်ငန်း၊ ကိုယ့်လုပ်ငန်းစုကို ထိခိုက် နစ်နာမှာ စိုးရိမ်ပူပန်မှုတွေကိုလည်း တွေ့ရပါတယ်။ ကိုယ့်လုပ်ငန်းတွေ ထိခိုက်မှာ စိုးရိမ်သင့် စိုးရိမ်ထိုက်ပေမယ့် နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ သူ့ကို ကိုယ်ကတား ကိုယ့်ကို သူကပိတ် လုပ်ခဲ့တဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။ ကိုယ့်ခွန်ကိုယ့်အားတွေနဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ခဲ့ကြပေမယ့် တကယ်တိုးတက်ဖို့ဆိုရင် ဒီထက်မက ကြီးမားတဲ့ အင်အားတွေ ငွေအား၊ လူအား၊ အရင်းအနှီးအားတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ပြောနေကြတဲ့ တချို့လုပ်ငန်းတွေဟာ အရင်းအနှီးဘယ်လောက်ရှိသလဲ၊ အတွေ့အကြုံ ဘယ် လောက်ရှိသလဲ၊ နည်းပညာ ဘယ်လောက်ရှိသလဲ မေးလိုက်တာနဲ့ အသံတွေတိတ်သွားကြတာ တွေ့ရပါတယ်။ ရှေ့ဆက်လက်တိုးတက်ဖို့ဆိုရင် လေသံပေးနေရုံနဲ့ မရပါဘူး။
လုပ်သားတွေ ထိခိုက်မှု မရှိဖို့၊ အရည်အသွေးညီ ထုတ်ကုန်တွေ မဖြစ်ဖို့ဆို့တဲ့ စံချိန်စံညွှန်းတွေကိုလည်း ကျွန်တော်တို့ ချမှတ်ဆောင်ရွက်ရမှာပါ။ တစ်နည်းပြောရရင်တော့ ကိုယ့်ကိစ္စ၊ ကိုယ့်အလုပ်၊ ကိုယ့်အကျိုးကို ကိုယ်ပဲလုပ်ရမှာပါ။ ကိုယ်ပဲ ကာကွယ်စောင့်ရှောက်ရမှာပါ။
ဒုတိယအုပ်စုက ရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိမ့်ကျနေလို့၊ ကိုယ့်ပြည်တွင်းအားနဲ့ပဲ မနိုင်လို့၊ ရလာမယ့် အကျိုးကျေးဇူးတွေကိုမျှော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဝင်လာစေချင်တာပါ။ အတိတ်က ပြဿနာတစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်နည်းတာ၊ တချို့နေရာကွက်ကွက်ကလေးပဲ ရင်းနှီးတာ ကျယ်ကျယ်ပြန့်ပြန့် အများအကျိုးရှိအောင် မလုပ် နိုင်ခဲ့တာတွေလည်း မြင်ပြီးသားပါ။ ။
လိုချင်တာကတော့ သားရွှေအိုးထမ်းလာတာ မြင်ချင်တဲ့ကိန်းပါတဲ့။
ဒါတွေက ကျွန်တော်တို့ဘက်က စဉ်းစားတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဘက် ကလည်း အကောင်းအဆိုး၊ အကျိုးအပြစ်တွေ စဉ်းစားကြတာပါပဲ။ ကိုယ့်ထက်တောင် စဉ်းစား ကြသေးတယ်လို့ ပြောရမလား။ သူတို့ကလည်း စီးပွားရေးလုပ်တာဖြစ်လို့ သူတို့အကျိုးကိုရှေ့တန်းတင်စဉ်းစားမယ်ဆိုတာလဲ ကျွန်တော်တို့ မျှော်လင့်ထားလို့ ရပါတယ်။ ရွေးချယ်စရာက စောစောစီးစီး နေရာဝင်ဦးမလား ဒါမှမဟုတ် ခဏစောင့်ကြည့်ပြီး အခက်အခဲနည်းမှ ဝင်လာရင် ကိုယ့်အတွက် နေရာကျန်ပါဦးမလားဆိုတာ သူတို့စဉ်းစားနေကြ တာပါ။ ရင်းနှီး မြှုပ်နှံမှုလုပ်မယ်၊ မလုပ်ဘူးလို့ စဉ်းစားတာမျိုး မဟုတ်ဘဲ အချိန်ကာလနဲ့ ပတ်သက်တဲ့ စဉ်းစားမှု၊ ရွေးချယ်မှုမျိုးကို လုပ်နေတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။
မေလ (၄) ရက်နေ့ နံနက်ပိုင်း၊ မိတ်ဆွေတစ်ယောက် ပို့ပေးလိုက်တဲ့ သတင်းဆောင်းပါးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပတာနဲ့ ဆွဲစေ့ထားတာကို တွေ့ရပါ တယ်။ ရှေ့မှာ ကျွန်တော်တက်ခွင့် နားထောင်ခွင့်ရတဲ့ ဆွေးနွေး ပွဲတွေ၊ ဖတ်ခွင့်၊ ဘာသာပြန်ခွင့်ရခဲ့တဲ့ ဆောင်းပါးတွေမှာလည်း ဒီသဘောတွေကို တွေ့ခဲ့ရပါတယ်။ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံ သူတွေ အားကြိုးမာန်တက် လာကြည့်ကြတယ်။ လိုအပ်နေတာ တွေကိုလည်း ကိုယ်တိုင်မြင်တွေ့သေးကြတယ်။ ပြောသလောက် တော့ ရောက်မလာကြသေးဘူး။
တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံခဲ့ကြသမျှ ပြန်ကြည့်တော့ ထုတ်လုပ်မှုမှာ ဒေါ်လာ (၄၀) သန်း၊ လျှပ်စစ်ဓာတ်အားမှာ (၃၆၄) သန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့က (၃ဝ၉) သန်း၊ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းက သန်း(၃၀၀)၊ သတ္တု (၁၅)သန်း၊ စိုက်ပျိုးရေး (၁ဝ)သန်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းက (၆) သန်းရှိတာ တွေ့ခဲ့ရတယ်။
ကုမ္ပဏီတော်တော်များများကတော့ ကိုယ်စားလှယ်အဖွဲ့ တွေလွှတ်၊ အခွင့်အလမ်းတွေရှာ၊ ရုံးခွဲတွေဖွင့်၊ တချို့လည်း ဖက်စပ်လုပ်ငန်းတွေ လုပ်ခဲ့ကြတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း (၁၄၀၀) လောက်ပဲရှိတယ်။ နှိုင်းယှဉ် စရာက မြန်မာ့လူဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတဲ့လာအိုနိုင်ငံ ၂၀၁၂ ပြက္ခဒိန်နှစ်မှာရခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အတူတူပဲ။
အကြောင်းပြချက်တွေကတော့ နှစ်ရှည် များစွာချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု အကြွင်း အကျန်တွေရယ်၊ အခြေခံအဆောက်အုံ (လမ်းပန်းဆက်သွယ်ရေး) တွေမပြည့်စုံတာရယ်၊ ဓာတ်အား မလုံလောက်တာ၊ မြေဈေးကြီးတာ၊ ကျွမ်းကျင် လုပ်သား ရှားပါးတာ၊ နီးစပ်ရာလုပ်ငန်းကြီးတချို့ ခြယ်လှယ်တာနဲ့၊ အကျင့်ပျက်မှုတွေရှိနေတာ၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှင်းရှင်းလင်းလင်း မရှိသေးတာ၊ ဌာနဆိုင်ရာတွေမှာ စွမ်းအား မပြည့်စုံတာတွေကြောင့် လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေဖြစ်နေတာတွေ့ခဲ့ကြသတဲ့။
လာရောက်မြှုပ်နှံတဲ့နိုင်ငံတွေကြည့်လိုက်တော့ စင်ကာပူက (၄၁၀) သန်း၊ သူ့နောက်က ဗီယက်နမ်နဲ့ တရုတ်၊ ဂျပန်က (၅၄) သန်း၊ အမေရိကန်က အရင်နှစ်ထဲမှာ စာရင်းတောင်မဝင်သေး။
အကြီးဆုံးရင်းနှီးမြှုပ်နှံမှုက ဗီယက်နမ်ကုမ္ပဏီရဲ့ ရုံးတွေ၊ ကုန်တိုက်နဲ့ အိုးအိမ်တွေ စုပေါင်းထားတဲ့ အဆောက်အဦးဆောက်လုပ်ရေး၊ ထိုင်းကတော့ ဓာတ်ငွေ့ နဲ့ လည်လို့ရမယ့် ဓာတ်အားပေးစက်ရုံ ပထမအဆင့်တည်ဆောက်တာ ပြီးသွားပြီ။
စီးပွားရေးလုပ်ငန်းလုပ်ရာမှာ ငွေလွှဲဖို့က ခက်နေတုန်းတဲ့၊ အကြွေးဝယ်ကဒ်ကလည်း ကျယ်ကျယ်ပြန့်ပြန့် မသုံးသေး။ လိုချင်တဲ့ ဝန်ထမ်းရှာတော့ အင်္ဂလိပ်စာအနေနဲ့ အခြေခံရုံး လုပ်ငန်း ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတောင် ရှာရခက်သတဲ့၊
ဒါတောင် စီးပွားရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေ၊ စွမ်းရည်တွေ မပါသေးဘူး။ ဒါကြောင့်ထင်ပါရဲ့ တချို့လုပ်ငန်းတွေက ကိုယ့်လူကိုယ်ခေါ်လာမှ ဖြစ်မယ်ထင်ပါရဲ့ လို့ ပြောနေတာ။
ဗီယက်နမ်နိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးလိုက်တယ်။ ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေ ရှာဖွေကြတယ်။ ဒါပေမဲ့ တကယ်တမ်း ရင်းနှီးမြှုပ်နှံမှုတွေလာဖို့က နှစ်ချီပြီးစောင့်ရတယ်။ ဒါကြောင့် ချက်ချင်းလက်ငင်းကြီး ရင်းနှီး မြှုပ်နှံမှုတွေ ဝင်မလာတဲ့အတွက် စိတ်မပျက်ဖို့၊ မြန်မာကို အားပေးကြတယ်။ ဒီလောက် ကြီးမားတဲ့ နိုင်ငံ တစ်နည်းပြောရရင် ဈေးကွက်၊ အမေရိကန်တွေ ခြေမချရသေးတဲ့ဈေးကွက်က၊ ကမ္ဘာမှာ ဒီတစ်ခုပဲရှိတော့တာ။ ဒီတော့ အနှေးနဲ့အမြန်ဆိုသလို မြန်မာနိုင်ငံကို မလာဘဲနေလို့မရဘူး။
ဒီအချိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရွှေဧည့်သည် ငွေဧည့်သည်တွေ မြန်မာနိုင်ငံ လာဖို့ အချိန်ရွေးနေကြတဲ့ အချိန်ပါ။ ကျွန်တော်တို့က မလာကြနဲ့လို့ ပြောရမယ့်အချိန် မဟုတ် တော့ကြောင်းပါ။ ရွှေလက် ငွေလက်ကမ်းလို့ ကြိုကြရမှာပါ။