ခင်မောင်ညို(ဘောဂဗေဒ) - လောကဓံတောင်ထိပ်များချိုင့်၀ှမ်းများ
လောကဓံတောင်ထိပ်များ၊ ချိုင့်ဝှမ်းများ
နယူးယောက်တွင်၊ မိုးရွာနေသော ညနေပိုင်း စောစောလေး၌ မိုက်ကယ်လ် ဘရောင်းသည်၊ လူ တစ်ယောက်နှင့် တွေ့ရန် သုတ်သီးသုတ်ပျာ သွားနေ သည်။ သူ၏ မိတ်ဆွေတစ်ယောက်က ထိုလူသည် သူ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်နိုင်သည်ဟု သူ့ကိုပြောထားသည်။ ဆိုင်ငယ်ထဲသို့ သူဝင်လိုက်သည့်အခါ၊ မကြာမီ ကြုံတွေ့ ရမည့်ကာလများသည် သူ့အတွက် မည်မျှတန်ဖိုးရှိမည်ကို မည်သို့မျှ သိစရာအကြောင်းမရှိပေ။ . အန်ကား (Ann Car) ကိုတွေ့တော့ သူ အံ့သြ သွားသည်။ သူမသည် ဒုက္ခတွေ၊ အခက်အခဲတွေ အတော် လေးခံစားခဲ့ရသည်သူတစ်ယောက်ဟု သူ ကြားထား သည်။ ထိုဒုက္ခ အရိပ်အယောင်တွေကို သူမဆီမှာ မြင်တွေ့ ရလိမ့်မည်ဟု သူကထင်သည်။ သို့သော် သူမပုံစံက ဒုက္ခ တွေ့ထားပုံမပေါ်ပဲ၊ တက်ကြွလန်းဆန်းနေပုံရသည်။
အာလာပသလ္လာပ အနည်းငယ်ပြောဆိုကြပြီး နောက် သူက မနေနိုင်တော့ပဲ “အခက်အခဲတွေ ဒုက္ခတွေ ဖြတ်သန်းနေရတယ်လို့ ကျွန်တော်ထင်ပေမဲ့၊ ခင်ဗျား ကြည့်ရတာ အစစအရာရာ အဆင်ပြေချောမွေ့နေသလိုပဲ” ဟု မေးလိုက်သည်။
သူမက “ကျွန်မ အလုပ်ခွင်မှာရော၊ ဘဝမှာပါ၊ အဆင်ပြေပြီး နေရာကောင်းရောက်နေတာလေ။ ဒါပေမယ့် အခြေအနေဆိုးတဲ့ကြားထဲက၊ အခြေအနေကောင်းနဲ့ တွေ့ နေတာ မဟုတ်ဘူး။ အခြေအနေဆိုးတွေကြောင့်ရယ်၊ အဲဒီ အခြေအနေဆိုးတွေကို ဘယ်လိုအသုံးချ၊ အခွင့်ကောင်းယူ မလဲဆိုတာ သိသွားလို့ရယ်ကြောင့်ပေါ့”
မိုက်ကယ်ဇဝေဇဝါဖြစ်သွားသည်။ “ဘယ်လိုလုပ်တာလဲ” ဟု သူကမေးသည်။
“ဟုတ်တယ်၊ ဥပမာအနေနဲ့ဆိုကြပါစို့၊ အလုပ် ခွင်မှာ တို့ဌာနဟာ အခြေအနေကောင်းတယ်လို့ထင်တယ်၊ တကယ်တော့မဟုတ်ဘူး။ တို့ဟာ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုအပေါ်မှာ သာယာနေတယ်။ အခြေ အနေမှန်ကို သဘောပေါက်ချိန်ရောက်တော့၊ တခြား ကုမ္ပဏီတွေက တို့ထက်အများကြီးသာနေတယ်။ အများ ကြီး အခြေအနေကောင်းနေတယ်။ တို့အထက်လူကြီးက၊ တို့ကို အတော်လေး သဘောမကျဘူး။
“အဲဒီအချိန်ကစပြီး၊ တို့ စိတ်ဓာတ်ကျတာပဲ။ နေ့ချင်းညချင်းအခြေအနေကောင်းအောင် ပြန်လုပ်ဖို့၊ ဖိအားလဲပေးတော့တာပဲ။ နေ့တိုင်း နေ့တိုင်း ပိုပိုပြီး သောကတွေများလာတယ်”
မိုက်ကယ်လ်ကမေးလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ”
သူမက ပြန်ဖြေသည်။ “မနှစ်တုံးက အလုပ်ခွင် ထဲမှာ ငါလေးစားတဲ့ လူတစ်ယောက်ဆီက၊ ပုံပြင်တစ်ပုဒ် ကြားဖူးတယ်။ အဲဒီပုံပြင်က အခြေအနေဆိုး အခြေအနေ ကောင်းဆိုတာကို ငါမြင်ပုံ ပြောင်းသွားစေပြီး အခုငါလုပ်ပုံ ကိုင်ပုံကိုလဲ ပြောင်းသွားစေတယ်။ ပုံပြင်က ကိုယ်ရေး ကိုယ်တာကိစ္စမှာတောင်မှ ဘာဖြစ်နေနေ အေးချမ်းမှု ပိုရအောင်၊ ပိုပြီးအောင်မြင်အောင် အထောက်အကူ ဖြစ်နေ တယ်။ ဒီအကြောင်းကို ငါဘယ်တော့မှ မေ့မှာ မဟုတ် ဘူး” “ပုံပြင်က ဘာမို့လို့လဲ” ဟု သူကမေးလိုက်သည်။
အန်က ခဏစဉ်းစားလိုက်သည်။ ထို့နောက်
“ဘာဖြစ်လို့ ပုံပြင်အကြောင်းသိချင်တာလဲလို့ ငါမေးလို့ရမလား”
မိုက်ကယ်လ်က စိတ်မပါလက်မပါနှင့် အလုပ် ခွင်ထဲမှာလည်း မလုံခြုံ၊ အိမ်မှာလည်း သိပ်အဆင်မပြေ ကြောင်း ဝန်ခံလိုက်သည်။
ယခုထက်ပိုပြီး ဘာမှပြောစရာမလိုတော့၊ သူ အပြောခက်နေပုံကို သဘောပေါက်သွားသည်။
“မင်းကြည့်ရတာ မင်းလဲ ငါ့လိုပဲ၊ ပုံပြင်ကို ကြားချင်နေပုံရတယ်”
ဟု ပြောလိုက်သည်။
အန်က မိုက်ကယ်လ်ကို ပုံပြင်ပြန်ပြောပြမည်။ သို့သော် စည်းကမ်းချက်တစ်ခုထားသည်။ ပုံပြင်ထဲမှာ တန်ဖိုးရှိသည့် အရာတစ်ခုခုတွေ့လျှင် သူတစ်ပါးကို ပြန်ပြီးဝေမျှရမည် ဆိုတော့ သူက သဘောတူသည်။ အန်ကလည်း သူကြားချင်တာကို ပြောပြဖို့ပြင်သည်။
“ဘဝမှာ ကြုံတွေ့ရတဲ့ အတက်အကျလောကဓံ တွေကိုရင်ဆိုင်ရာမှာ ဒီပုံပြင်ကို မင်းသုံးချင်တာတွေ့ရ တယ်။ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နားထောင်ရင် မင်းကို အထောက်အကူဖြစ်မယ်။ ပုံပြင်ထဲမှာ မင်းရဲ့ ကိုယ်တွေ့ကို ထည့်ကြည့်၊ ဒါမှ မင်းအတွက် မှန်တယ် မမှန်ဘူးဆိုတာ သိမှာ”
“ဒီဇာတ်လမ်းထဲက ဉာဏ်ပညာတွေဟာ တကယ်တော့ ထပ်နေပါပြီ။ နည်းနည်းလောက်ပဲ ကွာ တယ်”
မိုက်ကယ်လ်က “ဘာလို့ထပ်တာလဲ” ဟုမေး သည်။ “ငါ့အတွက်က ထပ်တလဲလဲ ဖြစ်နေတော့ မှတ်မိ လွယ်တာပေါ့ ။ မှတ်မိသွားတော့ ပိုလုပ်ဖြစ်သွားတာပေါ့” ဟု သူမကဖြေသည်။
သူမက ဝန်ခံသည်။ “တို့ကပြောင်းလဲရမှာဝန်လေးတယ်၊
ဒါကြောင့် အသစ်တစ်ခုခုကို အမြဲတမ်းကြားချင်တယ်။ တစ်ချိန်မှာ တို့ရဲ့ ဝေဖန်တတ်၊ မယုံတတ်တဲ့ စိတ်ကိုကျော်သွားတယ်။ ကိုယ့်စိတ်က စမ်းသပ်တာကိုခံနိုင်တယ်၊ ပိုပြီးရင်းနှီးလာတယ်၊ နှလုံးသားကိုလာထိတယ်၊ ကိုယ့်ဘဝရဲ့ တစ်စိတ် တစ်ဒေသဖြစ်သွားတယ်”
“ဇာတ်လမ်းအကြောင်း၊ အများကြီးစဉ်းစားပြီး တဲ့ အခါ၊ အဲဒီအတိုင်းဖြစ်သွားတာ၊ မင်းကြိုက်ရင် မင်း ဘာသာမင်းလုပ်ကြည့် ရှာဖွေကြည့်ပေါ့”
မိုက်ကယ်လ်က “ဇာတ်လမ်းလေးတစ်ခုက အများကြီး ပြောင်းလဲသွားအောင်လုပ်နိုင်တယ်လို့ ခင်ဗျား တကယ်ထင်သလား၊ ကျွန်တော်က အခု အတော်လေး ဒုက္ခတွေ့နေတာ”
အန်က “ဒီအတိုင်းဆိုရင်၊ မင်းမှာ နောက်ထပ် ဘာကြီး ဆုံးရှုံးစရာအကြောင်းရှိသလဲ၊ တို့မင်းကို ပြောနိုင် တာကတော့ ဒီဇာတ်လမ်းကရတဲ့ သင်ခန်းစာကို မင်း အသုံးချကြည့်တဲ့အခါ အများကြီးအကျိုးရှိတယ်ဆိုတာပဲ။ တချို့လူတွေက နည်းနည်းရတယ်၊ အများကြီးရတဲ့သူက ရတယ်။ အရေးကြီးတာက ဇာတ်လမ်းမဟုတ်ဘူး”
ချိုင့်ဝှမ်းထဲမှာ စိတ်ဆင်းရဲရ
တစ်ခါက ချိုင့်ဝှမ်းများထဲတွင် မပျော်မရွှင် နေနေ ရသည့် လူငယ်တစ်ယောက်ရှိသည်။ တစ်နေ့သ၌ သူသည်တောင်ထိပ်၌ အဘိုးအိုတစ်ဦးကို သွားတွေ့သည်။ ။ သူငယ်ငယ်က သူ၏ချိုင့်ဝှမ်းထဲတွင် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူး သည်။ မြက်ခင်းတွေ၊ ချုံတွေထဲမှာ ကစားလိုက်၊ မြစ်ဖဲ ဆင်းပြီး ရေကူးလိုက်နှင့် နေခဲ့သည်။
သူသိသမျှ ကမ္ဘာဆိုသည်မှာ ချိုင့်ဝှမ်းလေးပင် ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံးလည်း ချိုင့်ဝှမ်းထဲမှာ သာ နေရမည်ဟု ထင်ထားခဲ့သည်။
ချိုင့်ဝှမ်းထဲမှာက တစ်ခါတစ်ရံ တိမ်ထူသည်။ တစ်ခါတစ်ရံ နေသာသည်။ သို့သော် တစ်နေ့လာလည်း ဒီအတိုင်း၊ နောက်တစ်နေ့လည်း ဒီအတိုင်း မပြောင်းမလဲ နေနေရသည်ကို သူပျော်မွေ့သည်။ သို့သော် သူ ကြီးကြီး လာသည်နှင့်အမျှ ကောင်းတာတွေ နေချင်စရာတွေထက်မကောင်းတာတွေ၊ မမေ့ချင်စရာတွေကို ပိုပိုပြီးတွေ့ လာ သည်။ အရင်တုံးက ဘာလို့မကောင်းတာတွေ မမြင်ခဲ့ မတွေ့ခဲ့ရသည်ကို သဘောမပေါက်။
ကြာလာလေ ချိုင့်ဝှမ်းထဲမှာ အလုပ်တွေကို အမျိုးမျိုးပြောင်းလုပ်သည်။ သို့သော် မည်သည့် အလုပ် ကမျှ သူမျှော်လင့်သလိုဖြစ်မလာ။ အလုပ်တစ်ခုတွင် သူ့အထက်လူကြီးက သူ မှားမှားယွင်းယွင်းလုပ်ခဲ့သမျှကို အမြဲတမ်းဝေဖန်နေပြီး ကောင်းကောင်းမွန်မွန် မှန်မှန် ကန်ကန်တွေ လုပ်တာအားလုံးကို ဘယ်တော့မှ ဂရုမစိုက်။ အခြားအလုပ်တစ်ခု၌ သူသည် ကြိုးစားပမ်းစား အလုပ် လုပ်လုပ် မလုပ်လုပ်၊ ဘယ်သူကမျှ ဂရုမစိုက်သော ဝန်ထမ်းပေါင်းများစွာထဲက တစ်ယောက်ဖြစ်နေသည်။ သူလုပ်သမျှ သူ့အတွက်လဲ အရာမထင်။
တစ်ခါကတော့ သူရှာနေတာ နောက်ဆုံးမှာ တွေ့ပြီလို့ ထင်ခဲ့တယ်။ သူ့ကို စိန်ခေါ်ကြ၊ တန်ဖိုးထား ကြသည်ဟုထင်သည်။ လုပ်ရည်ကိုင်ရည်ရှိသော ဝန်ထမ်း တွေနှင့်အတူ အလုပ်လုပ်ရသည်။ ကုမ္ပဏီ၏ ထွက်ကုန် ပစ္စည်းတွေအတွက်လည်း ဂုဏ်ယူခဲ့သည်။ တဖြည်းဖြည်း ချင်း ရာထူးတက်လာရာ ဌာနငယ်တစ်ခု၏ မန်နေဂျာ ဖြစ်လာခဲ့သည်။
ကံဆိုးသည်က ထိုအလုပ်သည် မလုံခြုံဟု သူကမြင်သည်။ သူ၏ ပုဂ္ဂလိကဘဝသည်လည်း ပို ကောင်းမလာ။ စိတ်ပျက်စရာတွေ တစ်ခုပြီးတစ်ခုကဆက်နေသည်။ သူ့မိတ်ဆွေတွေက သူ့ကို နားမလည်ဟု ထင်သည်။ သူ့မိသားစုက သူ့ကို အဆင့်တစ်ဆင့်မှာ ဖြတ်သန်းနေသည်ဟု ပြောသည်။ တခြားတစ်နေရာရာမှာ ပိုပြီးကောင်းလေမလားဟု လူငယ်ကတွေးသည်။ ။
တစ်ခါတစ်ရံ သစ်ပင်ရိပ်မှာရပ်ပြီး တောင်ကြား ကို မိုးထားသော အထင်ကရ၊ တောင်ကုန်းတောင်တန်း ကြီးတွေကို မော့ကြည့်တတ်သည်။ သူ့ကိုယ်သူ အနီး အနားက တောင်ကုန်းတစ်ခုပေါ်မှာ ရပ်နေသလို တွေး ကြည့်သည်။ ခဏတာမျှ သူစိတ်သက်သာရာရသည်။
သို့သော် တောင်ထိပ်တွေနှင့် သူ့ချိုင့်ဝှမ်းကို ယှဉ်ကြည့်လေ စိတ်မသက်မသာပိုဖြစ်လေ။ တောင်ထိပ် သွားဖို့ အရေး သူ့မိဘတွေ၊ မိတ်ဆွေတွေကို ပြောကြည့် သည်။ သူတို့က တောင်ထိပ်ကိုရောက်ရန် အလွန်ခက် ကြောင်း၊ တောင်ကြားထဲမှာပဲ အေးအေးဆေးဆေးနေရတာ ကောင်းကြောင်း ပြောပြကြသည်။ သူတို့မရောက်ဖူးသည့် နေရာကို မသွားဖို့ပြောကြသည်။
လူငယ်သည်သူ့မိဘတွေကို ချစ်သည်။ သူတို့ ပြောတာမှန်သင့်သလောက်မှန်သည်ကိုလည်း သိသည်။ သို့သော် သူသည် သူ့အဖေ သူ့အမေတို့နှင့်မတူသောသူ ဖြစ်သည်ကိုလည်း သိသည်။ တစ်ခါတစ်ရံ၌ တောင်ကြား ၏အပြင်ဘက်တွင် တမျိုးတစ်ဖုံကွဲပြားသော ဘဝနေပုံ နေနည်းတွေရှိရမည်ဟု သူထင်သည်။ ထိုလောကကို သူ ကိုယ်တိုင် ရှာဖွေကြည့်ချင်သည်။ တောင်ကုန်းထိပ်ကကြည့်လျှင် ကမ္ဘာကြီး လောကကြီးကို ကောင်းကောင်း မြင်ရနိုင်သည်။
သို့သော်မကြာမီမှာပင် သံသယတွေအကြောက် တရားတွေ ပြန်ဝင်လာသည်။ သူရောက်နေသည့် နေရာ မှာပင် နေရတော့မည်ဟုထင်မိသည်။ တော်တော်လေး ကြာသည်အထိ လူငယ်သည် တောင်ကြားလေး ချိုင့်ဝှမ်း လေးထဲက ထွက်မသွားနိုင်။ သည်လိုနှင့် တစ်ရက်တွင် သူ့ငယ်ဘဝကို ပြန်စဉ်းစားကြည့်သည့်အခါ အများကြီး ပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ သဘောပေါက်လိုက်သည်။ သူငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး မနေနိုင်တော့၊ ဘာလို့ သူစိတ်ပြောင်းသွားသည်ကို သူမသိ၊ သို့သော်တောင်ထိပ်ပေါ်သွားကြည့်မည်ဟု ချက်ချင်းဆုံးဖြတ်လိုက် သည်။ သူ့အကြောက်တရားတွေကို ခါချလိုက်ပြီး မြန်နိုင် သမျှအမြန်ဆုံးသွားရန် အဆင်သင့်ဖြစ်နေသည်။ ထို့နောက် အနီးဆုံးတောင်ထိပ်သို့ ထွက်လာခဲ့သည်။
လွယ်သည့် ခရီးတော့မဟုတ်ပါ။ တောင်ကုန်း အတက်တစ်ဝက်ခန့်ရောက်ဖို့ အရေးသည်၊ သူထင်ထား သည်ထက်ကြာနေသည်။ သို့သော် အမြင့်ရောက်လေ လတ်ဆတ်အေးမြသော လေအေးက သူ့ကိုအမောပြေ စေသည်။ အပေါ်ကတက်ကြည့်လျှင် သူ့တောင်ကြား သည် သေးသေးလေးဖြစ်သွားသည်။ တောင်ကြားလေး ထဲမှာ သူရှိစဉ်က လေ သန့်ရှင်းသင့်သလောက် သန့်ရှင်း ပါသည်။ သို့သော် တောင်ကြားကို အပေါ်မှ ဆီးကြည့်သည့်အခါ ညစ်နွမ်းညိုမှိုင်းသော လေထုတွေ ဝိုင်းရံနေ သည်ကို တွေ့ရသည်။ ထို့နောက် လှည့်ပြီး ဆက်တက် လာခဲ့သည်။ အပေါ်ရောက်လာလေ ပိုပြီးမြင်လာရလေ။