ခင်မောင်ညို(ဘောဂဗေဒ) - လူမှုဆက်ဆံရေးနည်းဗျူဟာ
အခန်း(၁)
ဝန်ဆောင်မှုဆိုတာ
အတွေ့အကြုံ (၁)
တလောက ကျွန်တော် အမေရိကန်နိုင်ငံကို ရောက်ခဲ့ တယ်။ နယူးယောက် ကနေဒီလေဆိပ်ကနေ ဆန် ဖရန်စစ္စကို ကိုလည်း လေယာဉ်နဲ့ ခရီးဆက်ခဲ့ပါ တယ်။ လေဆိပ်မှာ လေယာဉ်လက်မှတ် ပြုကြတော့ ကျွန်တော့်ရှေ့မှာက လူသုံးယောက်လောက် တန်းစီ နေပါတယ်။ ကောင်တာမှာက ကြည့်ပျော်ရှုပျော် မိန်းကလေး တစ်ယောက်ပါ။ အဝတ်အစားကလည်း သပ်သပ်ရပ်ရပ် ရှိလှတယ်။
သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ ကျွန်တော့် အလှည့် နီးလာပါတယ်။ လူတန်းအတိုင်း စီနေချိန်မှာ ပဲ လှမ်းပြီး ပြုံးပြပါတယ်။ သူ့အပြုံးက ခဏလေး သည်းညည်းခံဖို့ ပြောနေပါတယ်။ ကျွန်တော့်အလှည့် မကြာခင် ရောက်တော့မယ်ဆိုတာ ကျွန်တော် သိနေ ပါတယ်။
ကျွန်တော် ကောင်တာကို ရောက်တော့ အားရ ပါးရ ပြုံးကြို နှုတ်ဆက်ခံရပါတယ်။
“မင်္ဂလာ နံနက်ခင်းပါ။ ကျွန်မက ဂျွန်အယ်လီ ဆင်ပါ။ ရှင် ဒီနေ့ နေကောင်းရဲ့လား”
မေးတော့ ကျွန်တော်က ပြန်ပြုံးပြပြီး နေ ကောင်းတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ကျွန် တော့်ရဲ့ လေယာဉ်လက်မှတ်ကိုလည်း လှမ်းပြီး ကမ်း လိုက်ပါတယ်။ သူက အတွေ့အကြုံရှိပြီးတဲ့ မျက်လုံးတွေနဲ့ လက်မှတ်ကို မြန်မြန်ပဲ စစ်ဆေး ကြည့်ရှုလိုက် ပါတယ်။
“မစ္စတာ ဂျွန်ဆင်၊ ရှင်က ဆန်ဖရန်စစ္စကို သွား မလို့ကိုး”
လို့ လက်မှတ်ကို ကြည့်ပြီး ပြောလိုက်ပါသေး တယ်။ လက်မှတ်ကို ကြည့်တာကလည်း မြန်လိုက် တာ။ သူ့ကြည့်ရတာလည်း အေးအေးဆေးဆေး သက် သောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိပုံရပါတယ်။ ပြီးတော့ စကားဆက်လိုက် သေးတယ်။ “အဲဒီနေရာဟာ အလွန်ပျော်စရာကောင်း ပါတယ်။ အခု အချိန်မှာ ရာသီဥတုကလည်း သိပ် ကောင်းတော့ ရှင် ပျော်မှာပါ” တဲ့။ သူဟာ သူ့အလုပ်ကို သူ ပျော်ရွှင်ကျေနပ်ပုံရပါတယ်။
“ရှင့်လေယာဉ်က ဂိတ် ၁၁ကနေ ထွက်ပါမယ် ရှင်၊ ကျွန်မတို့ လေကြောင်းကို စီးတဲ့အတွက် ကျေးဇူး တင်ပါတယ် မစ္စတာဂျွန်ဆင်”
ဒီပုံစံအတိုင်းဆို ကျွန်တော် ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဘယ်အကြောင်းကြောင့်မှ ကျွန်တော် နောက်ကြောင်း ပြန်ဆုတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန် တော် ကျေကျေနပ်နပ်နဲ့ လေယာဉ်ပေါ် တက်လာခဲ့ ပါတယ်။ ကျွန်တော် ပျော်ရွှင်နေတာ ကျွန်တော့် မျက် နှာနဲ့ ကျွန်တော့် သွားလာလှုပ်ရှားပုံမှာ ပေါ်လွင်ပုံ ရပါတယ်။ လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ် လေးက ကျွန်တော့်ကို အပြုံးနဲ့ ကြိုနေပါတယ်။
ဒါမျိုးကိုမှ ထိပ်တန်း ဝန်ဆောင်မှုလို့ ကျွန်တော် မြင်ပါတယ်။
ဒါပေမယ့် ... ။
အတွေ့ အကြုံ (၂)
တခြား ခရီးစဉ်တစ်ခုမှာ အခုလိုပဲ ကျွန်တော် တန်းစီ ရပါတယ်။ ဒီတစ်ခါ တန်းစီရာမှာတော့ ကျွန်တော့် ရှေ့မှာ လူ ၆ယောက်၊ ၇ယောက်လောက် ရှိပါတယ်။ အတိအကျ ဘယ်နှယောက်ရှိတယ် ဆိုတာတော့ မြင် တောင် မမြင်ရပါဘူး။
ရှေ့ဆုံးက ခရီးသည်ခမျာ ပြဿနာတက်နေပုံ ရပါတယ်။ နောက်က စောင့်နေရတဲ့ လူတွေလည်း စိတ်သိပ်မရှည်ကြတော့ဘူး။ ရှေ့ဆုံးက ခရီးသည်ကကောင်တာကို မှီလို့။ ကောင်တာက ဝန်ထမ်းက တယ်လီဖုန်း ဆက်နေတယ်။ သူ့မျက်နှာကြည့်ရတာတော့ ဒီလို ပြဿနာမျိုးတွေကို ခဏခဏ ကြုံဖူးပုံ ရပါတယ်။ နောက်ထပ်လည်း ထပ်ကြုံချင်ပုံ မရဘူး။ ဒါပေမယ့် မကြုံချင်ဘဲ ကြုံနေပုံ ရပါတယ်။ သူ့ အလုပ်ခွင်မှာ မပျော်ရွှင်တာလည်း သိပ်ထင်ရှားပါ တယ်။
သူ့ပခုံးတွေကလည်း ကွေးလို့။ ခေါင်းကလည်း ရှေ့ကို စိုက်ကျနေတယ်။ မကျေမနပ် မနှစ်မသက်နဲ့ စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေရဲ့ မျက်လုံးဒဏ်ကို လည်း ကြောက်ပုံရတယ်။ မျက်လုံးချင်း မဆုံမိအောင် သတိထားပြီး ရှောင်နေတယ်။ နောက်ဆုံးမတော့ ပထမ ခရီးသည်ရဲ့ ပြဿနာ ရှင်းသွားပါတယ်။ ပါးနောက်တစ်ယောက်ဘက်ကို လှည့်လိုက်ပြီး သမား ရိုးကျလေသံမျိုးနဲ့
“ကဲ နောက်တစ်ယောက်” လို့ ခေါ်လိုက်ပါတယ်။
နောက်ဆုံးမှာ ကျွန်တော့်အလှည့် ရောက်လာ ပါတယ်။ ကျွန်တော့်ကို ဘယ်လိုမှ နှုတ်မဆက်ပါဘူး။ ဟိုဘက်ကောင်တာက လူနဲ့ မကျေမနပ် စကားပြော နေပါတယ်။ ကျွန်တော့်ကို လှည့်တောင် မကြည့်ပဲ လက်လှမ်းဖြန့်ပြပါတယ်။ ကျွန်တော့်ဆီက တစ်ခုခုတောင်းနေပုံရတယ်။ ဟုတ်တာပေါ့။ ကျွန်တော့် လက်မှတ်ကို ပြရမှာပေါ့။
လူကို တစ်ချက်မှ လှည့်မကြည့်၊ စကားလည်း တစ်ခွန်းမှ မပြောဘဲနဲ့ ကျွန်တော့်လက်မှတ်ကို မျက် မှောင်ကြုတ် ကြည့်လိုက်ပါတယ်။ သက်ပြင်းတွေ ချ ပြီး “လန်ဒန်လား” လို့ ခပ်မာမာ မေးလိုက်ပါတယ်။ ကျွန်တော့်မှာ ဘာများ မှားလို့ပါလိမ့်လို့ တံတွေးတွေ မြိုချပြီး ကသောကမျော ဖြေလိုက်ရပါတယ်။
အပြစ်ရှိသူ တစ်ယောက်လို ခံစားလိုက်ရတော့ တောင်းတောင်းပန်ပန် ခေါင်းညိတ်ပြလိုက်မိပါ တယ်။
သူ့ရှေ့က ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်။ ခလုတ်တွေကို ခပ်ပြင်းပြင်းလေး လျှောက်နှိပ်၊ပါးစပ်က ပွစိပွစိနဲ့ ရွတ်နေပါတယ်။ ခဏနေတော့ ကျွန်တော့်ကို လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ကို ထိုးပေးပြီး နောက်တစ်ယောက်လို့ ခေါ်ပြန်ပါရော။
ခရီးသည်တွေက ထွက်ခွာရမယ့် နေရာကို ခြေဒရွတ်တိုက်ဆွဲပြီး ဆက်လက် ထွက်ခွာလာခဲ့ရတဲ့ ကျွန်တော့်မှာ ပြုံးချင်စိတ် လုံးဝ ကုန်ခန်းနေပါတယ်။ ကျွန်တော့် ဘေးပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေ လို့တော့ မဟုတ်ပါဘူး။ လေယာဉ်ပေါ် တက်တော့ တိုးဝှေ့နေကြတဲ့ လူတန်းထဲကို အလုအယက် တိုးဝင် ခဲ့ပါတယ်။ လူတစ်ယောက်ကတော့ ခရီးသည်တွေ မကျန်ရစ်ရလေအောင် စိုးရိမ်နေပုံပါပဲ။
ကျွန်တော်လည်း တခြား ခရီးသည်တွေလိုပဲ ဖြစ်အောင် ကျွန်တော့်ရဲ့ မျက်နှာထားကို ပြင်လိုက်ရ ပါတယ်။ ကျွန်တော်ဟာ သူများနဲ့ မတူတဲ့လူ မဖြစ် ချင်ပါဘူး။ ဒီတော့ သူတို့လို ရှုံ့ရှုံ့မဲ့မဲ့ပဲ နေရတယ်။ ပြုံးနေတဲ့ လူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော် တစ်ယောက်တည်းသာ ပြုံးနေရင် လူထူးကြီး ဖြစ်နေမှာပဲ။ တကယ်တော့ ပြုံးချင်စရာလည်း မရှိ ပါဘူး။
လေယာဉ်ပေါ်က လေယာဉ်မယ်တွေကိုတော့ သိပ်သနားတာပဲ။ ဒီလို မကျေမနပ်၊ မပျော်မရွှင် ဖြစ်နေတဲ့ လူတွေကို ပြုစုဖို့ ဘယ်မှာ လွယ်လိမ့်မလဲ။သူတို့ မျက်နှာ ကြည့်ရတာလည်း မရွှင်မလန်းနဲ့။
အဲဒီနေ့ ညနေပိုင်းက မိသားစု စကားဝိုင်းမှာ အစိုးရရဲ့ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတဲ့ အကြောင်း၊ လေဆိပ်ကော်ဖီဆိုင်က ဈေးကြီးတဲ့ အကြောင်း၊ ဆက်ဆံရေး ကျဲတဲ့ အကြောင်းတွေချည်း ကျွန်တော် ပြောဖြစ်ပါတယ်။
မိန်းမက နည်းနည်းပဲ ဝင်ပြောတယ်။ ဘဝ ဆိုတာ အတားအဆီးကျော် ပြိုင်ပွဲကြီးနဲ့ တူတယ် ဆိုတာတော့ သူလည်း သဘောတူသတဲ့။
အတွေ့အကြုံ (၃)
ကျွန်တော်တို့ သင်တန်းတစ်ခု တက်ဖို့ ဟိုတယ်ကို ၇ နာရီလောက် ရောက်သွားကြတယ်။ ကောင်တာ ရောက်သွားတော့ မောင်မင်းကြီးသားက ကျွန်တော် တို့ကို သတိတောင် မထားမိဘူး။ မဂ္ဂဇင်း တစ်အုပ်ထဲ မှာ အာရုံမြုပ်နေလိုက်တာ ကျွန်တော့်သူငယ်ချင်းက ကျယ်ကျယ်လောင်လောင် ချောင်းဟန့်ယူရတယ်။ ကျွန်တော်ကလည်း ခပ်နောက်နောက်နဲ့ပဲ “မင်္ဂလာ နံနက်ခင်းပါဗျာ” လို့ ဆိုမှ မောင်မင်းကြီးသားက နည်းနည်းလေး စောင်းငဲ့ ကြည့်ဖော်ရတယ်။ ပြီးတော့ မဂ္ဂဇင်းပေါ်က ကျော်ပြီး ဘာရှုပ်မလို့လဲဆိုတဲ့ သဘောမျိုး မျက်မှောင်ကြုတ်ကြည့်တယ်။
“ကျွန်တော်တို့က ဒီမှာ သင်တန်းတစ်ခု တက် မလို့ဗျာ။ ပစ္စည်းတွေတော့ မနေ့ကတည်းက ပို့ထား ပါတယ်။ ပစ္စည်း ရောက် မရောက် သိချင်လို့တောင် တယ်လီဖုန်း လှမ်းဆက်သေးတယ်။ ကျွန်တော်တို့ ပြင်ရဆင်ရအောင် အခန်းကို သွားလို့ရမလား။”
ကောင်တာက ဧည့်ကြိုပုဂ္ဂိုလ်က ဓာတ်လှေ ကား ကို လက်ညှိုးထိုးပြတယ်။ ပြီးတော့မှ “အပြာ ရောင် ခလုတ်ကိုနှိပ်၊ အပေါ်ထပ်မှာ ခန်းမက ပုဂ္ဂိုလ် တွေ ရှိတယ်”
နာရီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး “သူတို့ ရောက်ချင်မှ ရောက်ဦးမယ်ဗျ၊ သူတို့က နောက်ကျတတ်ကြတယ်” ။
ဓာတ်လှေကားထဲမှာ အပြာရောင် ခလုတ် တစ်ခု တွေ့တာနဲ့ နှိပ်ကြည့်လိုက်ကြတယ်။ ဓာတ်လှေ ကားက စည်းဝေးခန်းမမှာ မရပ်ဘဲ အထက်ဆုံးထပ် အထိ ရောက်သွားတယ်။ အပေါ်ဆုံးထပ်ကနေ ကြက် သွန်နီနံ့တွေ နံစော်နေတဲ့ စကားခပ်ပေါပေါ ကမ္ဘာ လှည့် ခရီးသည် တစ်စု ဝင်လာတယ်။ တိုးကြေကြ နဲ့ပေါ့ဗျာ။ သူတို့နဲ့အတူ ဓာတ်လှေကား ပြန်ဆင်း လာတော့ စောစောက ကျွန်တော်တို့ ဖြတ်လာခဲ့တဲ့ အစည်းအဝေးခန်းမကို ကျော်ပြီး အောက်ဆုံး အထပ် မှာ သွားရပ်တယ်။ ဒီတော့ ဧည့်ကြိုကောင်တာကိုပဲသွားမေးရတော့တယ်။
ဒီတစ်ခါတော့ ကောင်တာက လူကြီးမင်းကို တော်တော်ကြာအောင် စောင့်ရတယ်။ သူ့ခမျာ မဂ္ဂဇင်းတောင် ဆက်မဖတ်နိုင်ရှာဘဲ ကမ္ဘာလှည့် ခရီး သည်တွေအတွက် အငှားကား ငှားပေးရတာ ဗျာလောင်ကို ခတ်နေတာပဲ။ ကျွန်တော်တို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ် ဆိုတော့ ကျွန်တော်တို့ကို မြင်အောင် အမျိုးမျိုး လုပ်ပြ၊ အမျိုးမျိုး နှုတ်ဆက်၊ လက် ဟန်ခြေဟန်လည်း ကုန်ရော။ ဒါပေမယ့် ဘယ်လိုမှ ကို ခေါ်လို့မရဘူး။ နောက်ဆုံး သူ့ကိစ္စတွေ အကုန် ပြီးလို့ မရှောင်သာတော့မှ လက်ခံ စကားပြောဖော် ရတော့တယ်။
သူက “အဲဒါ ခန်းမဆော့ မဖွင့်ရသေးလို့ ဖြစ် မယ်ဗျ။ ဒါကြောင့် ခင်ဗျားတို့ အပေါ်ဆုံးထပ်အထိ ရောက်သွားတာ။ သော့က မန်နေဂျာဆီမှာ” ဆိုပြီး ပြီးပါလေရော။
ဒါနဲ့ ကိုယ့်ဘာသာ ကိုယ်ပဲ မန်နေဂျာရှာပုံတော် ဖွင့်ရတော့တယ်။ ဘယ်သူ့ဆီကမှလည်း အကူအညီ မရပါဘူး။ နောက်ဆုံးတော့ မန်နေဂျာနဲ့တူတဲ့ လူ တစ်ယောက်ကို တွေ့ရပါလေရော။ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့တော့ လူကဲခတ် တော်လှပြီ ဆိုပြီး ဂုဏ်ယူနေကြတာ။ သူက သူ့ကို မန်နေဂျာလို့ ပြောရင်လည်း ရပါတယ်တဲ့။ ဒါပေမယ့် သူ့မှာလည်းသော့မရှိဘူးဆိုတော့ အလကားပါပဲဗျာ။ ကောင်တာ ကို နောက်တစ်ခေါက် ပြန်သွားရတယ်။ရှာလိုက်၊ စောင့်လိုက်နဲ့ ခန္တီပါရမီ အထပ်ထပ် ဖြည့်ဆည်းပြီးမှ အိပ်ပျော်နေလို့ နောက်ကျသွားတဲ့ မန်နေဂျာဟာ သော့နဲ့တကွ ကြွမြန်းလာပါတော့ တယ်။ သူရောက်မှ စည်းဝေးခန်းကို တောက်လျှောက် ရောက်တော့တယ်။
စည်းဝေးခန်းထဲ ဝင်မိတော့ ခန်းမအဝက ပုဂ္ဂိုလ်တစ်ယောက်က
“သူကပြောတော့ ၇နာရီခွဲ အထိ မသုံးသေးဘူး ဆိုဗျ”
လို့ မကျေမနပ် ဆီးပြောတာ ခံရပါတယ်။
ဒီပုဂ္ဂိုလ်ပြောတဲ့ “သူဆိုတာ ဘယ်သူမှန်း မသိခဲ့ ရပါဘူး။ “ ကျွန်တော်တို့ကတော့ တစ်ခါဆက်ဆံ ရာသက် ပန် ဖြစ်သွားပြီ။ နောင်များဆိုရင် ဒီမြို့မှာရှိတဲ့ ဟို တယ်တွေ အားလုံး မအားမှဘဲ ဒီဟိုတယ်ကို လာဖြစ် တော့မယ်။