ခင်မောင်ညို(ဘောဂဗေဒ) - လူငယ်များအတွက်ငွေရေးကြေးရေး
အခန်း ( ၁ )
ကောင်းမွန်တဲ့ ဘဝ
၁။ ကောင်းမွန်တဲ့ဘဝ
ကိုယ့်ကလေးတွေကို ကောင်းတဲ့ဘဝတစ်ခုမှာ ပျော်ပျော်နေစေချင်တယ်။ ဒါပေမဲ့ ကောင်းတဲ့ဘဝဆိုတာ ဘာလဲ၊ ပိုက်ဆံတွေအများကြီးရှိတာလား အိမ်ထောင်ရေး အဆင်ပြေတာ လား၊ အလုပ်အကိုင်ကောင်းကောင်းရတာလား။ ။
ကောင်းတဲ့ဘဝကို ဘယ်လိုပဲအဓိပ္ပာယ်ဖွင့်ဖွင့်၊ ငွေကြေးဟာအရေးပါတဲ့ နေရာမှာရှိနေ တယ်။ ဒါပေမဲ့ ကောင်းတဲ့ဘဝဆိုတာ (C) ငါးလုံးရှိမှဖြစ်တာလို့ ယုံကြည်နေတဲ့သူတွေရှိတယ်။ အဲဒီ-စီ- ငါးလုံးက အကြွေးဝယ်ကဒ် (Credit card)၊ တိုက်ခန်း (Cordominium)၊ မော်တော် ကား (Car)၊ ပိုက်ဆံ (Cash) နဲ့၊ ကလပ်အသင်းဝင် (Club Member)တွေ ဖြစ်တယ်။ ကောင်းတဲ့ ဘဝကို ဒီလိုအဓိပ္ပာယ်ဖွင့်တာဟာ သိပ်ပြီးရုပ်ပိုင်းဆန်ရုံသာမက မှန်လည်းမမှန်ဘူး။
အဲဒီ (C)ငါးလုံးကို ရဖို့အတွက် ကြွေးလည်ပင်းနစ်ပြီး ဒုက္ခရောက်ရတဲ့သူတွေရှိတယ်။
ကြွေးနွံနစ်ပြီး အဲဒီကြွေးနွံကရုန်းမထွက်နိုင်တာဟာ ဘဝရဲ့ အကြီးမားဆုံး ဒဏ်ရာ တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကြွေးတင်ရာကနေ ပိုင်ဆိုင်သမျှတွေ ဆုံးရှုံးမယ် နာမည်ပျက်မယ် စိတ်မငြိမ်းချမ်းရဘူး ပျော်ရွှင်တဲ့မိသားစုဘဝကိုလည်း ထိခိုက်မယ်။
လူငယ်နဲ့ ငွေကြေး
လူအတော်များများ ကြွေးတင်ရတဲ့အကြောင်းက “ယဉ်ကျေးမှု အရလိုအပ်ချက်တစ်ရပ် ဖြစ်တယ်လို့ ထင်နေတာတွေနောက် လိုက်လိုက်နေရလို့ပါ။ တတ်နိုင်တာမဟုတ်ဘဲနဲ့ သူတို့ တစ်သက်လုံးစုထားသမျှတွေ သူများဆီကအများကြီး ချေးထားတာတွေကို သားသမီးတွေရဲ့ မင်္ဂလာဆောင်တို့ ၊ နှစ်သစ်ကူးတို့၊ သင်္ကြန်တို့လို့ ပျော်ရွှင်ပွဲတွေအတွက် သုံးကြတယ်။ အဲသလို ပွဲလမ်းတွေအတွက် တကယ်တမ်းကတော့ အများကြီးသုံးဖို့ မလိုပါဘူး။ ဒီနည်းနဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ အထင်ကြီးအောင်လုပ်ဖို့လည်း မလိုပါဘူး။
နောက်ပြဿနာတစ်ခုကတော့ တတ်နိုင်တာလည်းမဟုတ်ဘဲနဲ့ ခေတ်မီအသုံးအဆောင် တွေ၊ ပစ္စည်းတွေ ပိုင်မှဖြစ်မယ်လို့ ထင်တာပဲ။
လူမှုဒုက္ခတွေကြောင့်လည်း လူအတော်များများ ကြွေးတင်ကြတယ်။ အရက်တွေ၊ ဆေးလိပ်တွေ၊ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားတွေ စွဲကုန်ကြတယ်။
ကြွေးမြီဆိုတဲ့ ထောင်ချောက်ထဲကျလို့ ၊ မိသားစုတွေကိုလည်း ပြိုကွဲစေတတ်တယ်။ သားသမီးတွေက သူတို့ယူထားတဲ့ ကြွေးတွေကို မဆပ်နိုင်တာနဲ့၊ ကိုယ့်မှာတာဝန်ကင်းရအောင် ဆိုပြီး သားသမီးအဖြစ်က စွန့်ပစ်တယ်ဆိုတဲ့ မိဘတွေရှိတယ်။
ဒါကြောင့် ကောင်းမွန်တဲ့ ဘဝဆိုတာ ဘဏ်တွေကမထိန်းချုပ်ဘဲ ကိုယ်ဘဝကိုကိုယ် ထိန်းချုပ်နိုင်တဲ့ဘဝမျိုးကို ဆိုလိုပါတယ်။ မော်တော်ကားဝယ်ထားတဲ့ အကြွေး၊ အရစ်ကျပေးဝယ် ထားတဲ့အကြွေးတွေအတွက် ကြွေးရှင်ကတစ်ချိန်လုံး လိုက်တောင်းတာကို ခံနေရရင် ကိုယ့်ဘဝ ကိုယ်ထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး။
ကြွေးမြီထောင်ချောက်ဟာ အလွန်ဆိုးဝါးတဲ့ သံသရာကိုလည်စေပြီး၊ ချိုးထွက်ဖို့လဲ ခက်စေနိုင်တယ်။ ပိုက်ဆံကို ကြွေးပဲဆပ်နေရရင် အနာဂတ်အတွက် မစုဆောင်းနိုင်ဘူး။ ကြိုးစား ပမ်းစားအလုပ်လုပ်ပေမယ့်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ဒါကြောင့်ကလေးတွေ ဉာဏ်ပညာရှိရှိ- ကိုယ့်ပိုက်ဆံကို စီမံခန့်ခွဲတတ်ပြီး၊ အနာဂတ် အတွက်စုတတ် ရင်းနှီးမြှုပ်နှံတတ်အောင် သင်ပေးရမယ်။ စုဆောင်းဖို့ အားပေးတဲ့အနေနဲ့၊ သူ့ မုန့်ဘိုးထဲက တချို့ကို လစဉ်လတိုင်းဖယ်ခိုင်းထားရမယ်။ အရင်ဆုံးစု- ပြီးမှသုံးစေရမယ်။ သုံးပြီး လို့ကျန်တာကို စုတာမျိုးမလုပ်စေရဘူး။ သုံးပြီးမှစုရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး။
ကောင်းမွန်တဲ့ဘဝဆိုတာ ငွေကြေးကိစ္စတခုတည်းပဲ မဟုတ်ဘူး။ ဒါပေမဲ့ ငွေကြေးဟာ အရေးပါတဲ့ နေရာမှာရှိနေတယ်။ ငွေမရှိရင်- မရှင်သန်နိုင်ဘူးလေ။
ကလေးတွေကို သင်ပေးထားရမယ့် အရေးကြီးတဲ့ သင်ခန်းစာက၊ ကောင်းမွန်တဲ့ဘဝကို ခံစားဖို့အတွက် ကိုယ့်ဘဝကို ကိုယ်ထိန်းချုပ်နိုင်ရမယ်။ ကိုယ့်ဘဝကို ကိုယ်ထိန်းချုပ်ထားနိုင်ဖို့ ဆိုတာလည်း ကိုယ့်ငွေကိုကိုယ်ထိန်းချုပ်ထားနိုင်မှ ဖြစ်တာ။//
၂။ ငယ်ကစ
ဒီနေ့ခေတ်ကလေးတွေဟာ ဟိုတုန်းကကလေးတွေထက် သုံးစရာငွေတွေ ပိုရကြတယ်။ အရင်မျိုးဆက်ထက်ပိုရကြတယ်။ ငွေအပေါ်မှာထားရှိတဲ့ သူတို့ရဲ့ သဘောထားကို သူတို့မိဘတွေ၊ မီဒီယာတွေနဲ့ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုရှိမယ်။ ကလေးတစ်ယောက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ သုံးစွဲပုံသုံးစွဲနည်းဟာ လူကြီးဘဝအရွယ်ရောက်ရင် ငွေအပေါ်ထားတဲ့ သဘောထားကို ပုံသွင်းမှာဖြစ်လို့ ငယ်ငယ်ကတည်းက လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။
ငွေကိုကောင်းကောင်း စီမံခန့်ခွဲတတ်တဲ့ကလေးတစ်ယောက်ဟာ ပီပြင်တဲ့ ဘဏ္ဍာရေး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ့် အလားအလာများပြီး ငွေကြေးနဲ့ ပတ်သက်လို့ ဒုက္ခရောက်မယ့် အလားအလာနည်းတယ်။
ဒါပေမဲ့ ကလေးတွေကို ငွေကြေးရဲ့ တန်ဖိုးအကြောင်း ဒီနေ့ခေတ်မှာ သင်ပေးရတာ သိပ် ခက်တယ်။ အခုခေတ်က ငွေကိုသိပ်မကိုင်တဲ့ ငွေမဲ့လူ့အဖွဲ့အစည်းဖြစ်နေပြီ။ ဝယ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအတွက် ချက်ချင်းငွေပေးတာမျိုးကို သူတို့ သိပ်မမြင် ဖူးကြဘူး။ ပြီးတော့ ချေးငွေတွေကလည်း အလွယ်တကူ ရနိုင်တာဖြစ်လို့ ငွေကြေးကို စီမံခန့်ခွဲဖို့ ဟာ ပိုပြီး အရေးကြီးတယ်။
ဒါပေမဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ကျွမ်းကျင်မှုဆိုတဲ့ ဘာသာရပ်မျိုးကို ကျောင်းတွေ မှာ သင်မပေးလေတော့ မိဘတွေကပဲ တာဝန်ယူပြီးသင်ပေးရမှာပဲ။ ဒီတော့ ဘယ်အချိန်ကစပြီး၊ ကလေးတွေကို စသင်ပေးကြမလဲ။
သုံးနှစ်သားကစ
ကလေးတွေဟာ မွေးကတည်းက ငွေကြေးစီမံခန့်ခွဲမှု စွမ်းရည်ရှိလာတာ မဟုတ်လေတော့ သင်ပေးဖို့လိုတယ်။ မိဘတွေအနေနဲ့ ကလေးသုံးနှစ်သားလောက် ကတည်းက စသင်ပေးနိုင်တယ်။ အဲဒီ အရွယ်ကတည်းက ကလေးဟာ အရုပ်ရဖို့ ၊ မုန့်ရဖို့၊ ပိုက်ဆံပေးရတယ်ဆိုတာ နည်းနည်းသဘောပေါက်နေပြီ။ မိသားစုနဲ့ ဈေးဝယ် ထွက်ကတည်းက သူတို့သတိထားမိနေပြီ။
နမူနာကောင်းပြ
လုပ်ပြတာက ပြောတာထက်ပိုထိရောက်တယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ ကလေးရဲ့ သဘောထားကို ပုံသွင်းရာမှာလဲ ဒီလိုပဲ။ မိဘတွေပြောတာတစ်မျိုး၊ လုပ်တာ ကတစ်မျိုးဖြစ်နေရင် လည်း ကလေးတွေက သဘောပေါက်တယ်။ ဒါကြောင့် မိဘတွေဟာ ကိုယ့်ရဲ့ သဘောထား ကိုယ်လုပ်ပုံကိုင်ပုံတွေကို အရင်ဆုံးသုံးသပ်သင့်တယ်။ ဥပမာ- ကိုယ်တိုင်ကကြွေးတင်နေတဲ့ ပေါ်သမျှ အဝတ်အစားတွေ၊ နာမည်ကျော်တံဆိပ်တွေ ကိုယ့်ကိုယ်ပေါ်မှာတင်ပြီး အခမဲ့ လမ်းလျှောက် ကြော်ငြာပေးနေ တာမျိုး မဖြစ်စေရဘူး။
မုန့်ဖိုး
မိဘတွေက နမူနာကောင်းပြတာအပြင် ကလေးတွေဟာ အတွေ့အကြုံက လည်း သင်ခန်းစာ ယူကြတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေ ငွေကြေး ကိုင်တွယ်တဲ့ အလေ့ အထရှိအောင် လုပ်ပေးသင့်တယ်။ ဒီနေရာမှာ မုန့်ဖိုးပေးတာဟာ အရေးကြီးတယ်။
ဘာဖြစ်လို့လဲ
မုန့်ဖိုးဟာ ပေးတတ်ရင် ဆရာကောင်းဖြစ်တယ်။ စိတ်ချရတဲ့နေရာမှာ ကလေးတွေ ငွေကြေးကို စီမံခန့်ခွဲခွင့်ရတယ်။ မုန့်ဖိုးပေးတာက သိပ်များတာမဟုတ် လေတော့ အမှားအယွင်း ဖြစ်ရင်လည်း အန္တရာယ်မကြီးဘူး။ လူကြီးတွေဖြစ်သလို တစ်ချက်မှားတာနဲ့ အိမ်တွေကားတွေ ဆုံးရှုံးတာမျိုးမဖြစ်နိုင်ဘူး ။
မုန့်ဖိုးပေးတာဟာ ကလေးတွေ၊ ငွေရေးကြေးရေး တာဝန်ထမ်းတတ်အောင် လည်း သင်ပေးနိုင်တယ်။ ဥပမာ- ကလေးတစ်ယောက်က ကစားစရာအသစ်တစ်ခု ဝယ်ချင်တယ်ဆိုရင် အဲဒီကစားစရာကို ရဖို့၊ မုန့်ဖိုးထဲက တချို့ကိုစုခိုင်းနိုင်တယ်။
ကိုယ့်ကလေးရဲ့ အသက်အရွယ်ကိုလိုက်ပြီး ကစားစရာဝယ်ဖို့လို့ သူ့ ရည်မှန်းချက်ကို ရဖို့အတွက် အထောက်အကူပေးနိုင်တယ်။ သုံးတဲ့စုတဲ့ အစီအစဉ်လေးတစ်ခု ဆွဲထားခိုင်းဖို့ ၊ အခွင့် အလမ်းကောင်းတစ်ခု ဖြစ်တယ်။ ကစားစရာရဖို့ ဘယ်လောက်စုရမယ်၊ ဘယ်လောက်ကြာကြာ စုရမယ်ဆိုတာ သိသွားအောင် သင်ပေး နိုင်တယ်။
ကစားစရာဝယ်ဖို့ ငွေစုခိုင်းလိုက်တာဟာ အစစအရာရာ ခုချက်ချင်းရတာမျိုး မဟုတ်ဘူး၊ ချက်ချင်းအလိုမပြည့်နိုင်ဘူးဆိုတာ သိသွားအောင်သင်ပေးရာလည်းရောက်တယ်။ ငွေစုတဲ့အကျိုးကို ခံစားရပြီး အရုပ်ဝယ်နိုင်တဲ့ကလေးဟာ နောင်အခါမှာ အကြွေးဝယ်ကဒ်ပြားလို အရစ်ကျပေးပြီး ဝယ်တာလို၊ တချို့လက်ငင်းပေး တချို့ နောက်မှချေရတာမျိုးလို ချက်ချင်းလက်ငင်းကျေနပ်မှု ရအောင် သွေးဆောင်မှု အမျိုးမျိုး နဲ့ရန်က လွတ်ကင်းနိုင်မယ်။
မုန့်ဖိုးပေးတာဟာ သိပ်အန္တရာယ်မကြီးတဲ့အမှားမျိုး၊ ကလေးတွေလုပ်မိဖို့ အခွင့်အရေး ရစေတယ်။ သူတို့လိုချင်တာနဲ့ တန်ဖိုးကိုစဉ်းစားဖို့ ရက်သတ္တပတ်အနည်းငယ်လောက် စုဆောင်းရင်း မျှော်လင့်တတ်တဲ့ အတွေ့အကြုံလေးရဖို့၊ အသုံး အဖြုန်းလွန်သွားတဲ့ ဒဏ်ကိုခံဖူးဖို့လည်း အထောက်အကူဖြစ်တယ်။
အသုံးအဖြုန်းလွန်သွားရင် ကလေးကိုငွေထပ်မပေးပါနဲ့။ ကလေးကို ကယ် တင်လွန်း အလိုလိုက်လွန်းရင် အသုံးအဖြုန်းလွန်တာရဲ့ ရလာဒ်ကို ဘယ်တော့မှ သဘောပေါက်တော့မှာ မဟုတ်ဘူး။
တကယ်လို့ ကိုယ့်ကလေးအသုံးအဖြုန်းလွန်သွားရင် သူ့အသုံးစရိတ်တွေ ကာမိဖို့၊ မိဘတွေက ငွေချေးနိုင်တယ်။ အကြွေးကိုသုံးတတ်တဲ့ အလေ့အကျင့်ရအောင် ဘယ်အချိန် ဘယ်ကာလမှာ ပြန်ဆပ်မယ်ဆိုတာပဲ လုပ်ထားရမယ်။
ဒါပေမဲ့ ကလေးက အခုတိုင်းပဲ ဆက်ပြီးအလွန်အကျွံ သုံးနေမယ်ဆိုရင်တော့ မုန့်ဖိုး လျှော့ပေးရမယ့် အချိန်ရောက်ပြီ။
ဘယ်အရွယ်လဲ
မူလတန်းကျောင်းတက်ပြီဆိုရင် မုန့်ဖိုးပေးဖို့ အချိန်ရောက်ပြီ။ မုန့်ဆိုင်မှာ ကိုယ့်ဘာသာကိုယ် ပိုက်ဆံကိုင်ပြီး ဝယ်တတ်တဲ့ အရွယ်ရောက် တဲ့အထိ အသက်ကြီးလာဖို့လိုတယ်။
ဘယ်လောက်လဲ၊
ကလေးကိုဘယ်လောက်ပေးမလဲဆိုတာ ကိုယ်က ဘယ်လောက်ပေးနိုင် သလဲ၊ စားသောက်ဆိုင်က မုန့်တွေက ဘယ်လောက်ဈေးကြီးသလဲဆိုတာတွေ အပေါ် မူတည်တယ်။ သူ့တခြားသူငယ်ချင်းတွေ မုန့်ဘိုး ဘယ်လောက်ရကြသလဲဆိုတာ သိထားရင်လည်းကောင်းတယ်။
မိဘနဲ့သားသမီးတွေ မုန့်ဖိုးဘယ်လောက်သုံးရမလဲဆိုတာ သဘောတူညီ ချက်ရထားရမယ်။ မုန့်ဆိုင်မှာမုန့်ဝယ်စားဖို့အတွက်ပဲ ဖြစ်ပေမယ့်၊ နည်းနည်းပိုပေးပြီး၊ ဆုံးဖြတ်ချက်ချတတ်တဲ့ အလေ့အကျင့်ရအောင်လုပ်ပေးနိုင်ပါတယ်။
အရွယ်ရောက်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ဟာ ဘာတွေသုံးမလဲလို့ ရွေး ချယ်ရ၊ စဉ်းစားကြရတယ်။ ရွေးချယ်သမျှ စဉ်းစားသမျှဟာ အမှန်တွေချည်းဖြစ်တာ မဟုတ်ဘူး။ ငွေသုံးရာမှာ အဆုံးအဖြတ်မှား၊ ရွေးချယ်မှုမှားတာရဲ့ ရလဒ်ကို လက်ခံ နေထိုင်တတ်ဖို့ဟာလည်း တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုဖြစ်တယ်။ ဒါကြောင့် ကလေး တွေ ဆုံးဖြတ်ချက်မှားရင်လည်း မှားပါစေ။ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူပါစေ။
မကြာခဏလား
စစချင်းတော့ ကလေးကသိပ်ငယ်သေး၊ ငွေကိုလည်းမကိုင်တတ်သေးတော့ နေ့စဉ်မုန့်ဖိုး ပေးနိုင်တယ်။ ကလေးကြီးလာပြီဆိုရင် တစ်ပတ်စာပေးနိုင်တယ်။ ဆယ်ကျော်သက်အရွယ်ရောက်ပြီဆိုရင် တစ်လစာ- လစဉ်ပေးနိုင်တယ်။ နောက်တစ်ခါ မုန့်ဖိုး ပေးဖို့ စောင့်ရတဲ့အချိန်ကြာလေ အရအသုံးစီမံခန့်ခွဲမှု ပိုလုပ်ရလေပါပဲ။
အရသုံးခန့်မှန်းခြင်း
အသုံးများသွားတာဟာ ငွေကြေးကို စီမံခန့်ခွဲရာကရတဲ့ သင်ခန်းစာတစ်ချို့ပဲ။ ခဏခဏ အသုံးလွန်လွန်သွားတတ်ရင် ဘာလို့ဖြစ်ရတယ်ဆိုတာ ဖော်ထုတ်ဖို့လိုလာပြီ။ ကိုယ့်ကလေးက ဘယ်နေရာတွေမှာ သုံးပစ်သလဲ ဘာဖြစ်လို့ ကုန်သွားတယ်ဆိုတာ သူသိသလား၊ ဘယ်လို ကုန်လို့ ကုန်သွားမှန်းမသိဘူးဆိုရင် ကိုယ့်မုန့်ဖိုး အရ အသုံးကို မှတ်တမ်းထားခိုင်း၊ ဒီနေရာမှာ အရအသုံးခန့်မှန်းမှု ဝင်လာတော့တာပဲ။
အရအသုံးခန့်မှန်းတာဟာ သူဘယ်လိုသုံးလိုက်သလဲဆိုတာကို ခြေရာကောက်ဖို့ အထောက်အကူဖြစ်တယ်။ ပြီးတော့ အသုံးစရိတ်တွေဟာ တကယ်လိုအပ်လို့သုံးတာ လား၊ မလိုအပ်ဘဲ သုံးနေတာလား၊ ချွေးလို့ရမလားဆိုတာ၊ စဉ်းစားဆုံးဖြတ်နိုင်တယ်။