Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - မြန်မာ့နွေဦးစီးပွါးရေး

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

လျော့ဈေး

          ဈေးလျှော့ရောင်းတယ်ဆိုတာ အရောင်းသွက်အောင် လုပ် တဲ့ နည်းတစ်နည်း၊ မူလဈေးထက် လျှော့ရောင်းတော့ရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော အရောင်းအဝယ်ဖြစ်လို့ သဘောကျကြတယ်။ အထူးသဖြင့် ဝယ်တဲ့သူက သူတို့ လိုချင်တာကို ဈေးသက်သက်သာသာနဲ့ရလို့ ပိုသဘော ကျကြတယ်။ တကယ်တော့ လျှော့ဈေးဆိုတာ အဓိပ္ပာယ် ကြီးကြီးမားမား မဟုတ်ပါဘူး။ အစွံထုတ်တဲ့ နည်းတစ် နည်းပါပဲ။ စီးပွားရေးလုပ်ငန်းတွေက ဈေးလျှော့ရောင်းရင် ဝယ်သူတွေ လောဘတက်လာမယ်။ အကျိုးအမြတ် နည်း နည်းပိုရမယ်ဆိုတာသိလို့ လုပ်ကြတာပါ။ ဒီနည်းဟာ စီးပွားရေးလောကမှာ ရေပန်းစားအသုံးများလာတယ်။

          စီးပွားရေးလောကမှာသာမက နိစ္စဓူဝ ကြုံတွေ့နေ ရတဲ့ ဘဝထဲမှာလည်း အလုပ်သမားတွေ အနေနဲ့ လျှော့ ပေးချင်တဲ့၊ လျှော့လုပ်ချင်တဲ့စိတ်တွေ ရှိနေကြတယ်။

          အလုပ်ခွင်ထဲမှာ တချို့ဝန်ထမ်းတွေက အပြည့်အဝကြိုးပမ်း လုပ်ကိုင်တာမျိုး မဟုတ်ဘဲ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်ကြတယ်။ ခက်ခက်ခဲခဲလုပ်စရာ၊ ကြာကြာလုပ်စရာနဲ့ တွေ့တဲ့အခါ အလုပ်ချိန်လျှော့လုပ်တယ်။ အလုပ်ကိုလျှော့လုပ်ကြတယ်။ အသက်သာ ခိုကြတယ်။ ကိုယ်သက်သာအောင် လုပ်ကြတယ်။ လျှော့ လုပ်တဲ့သူတွေက အကျိုးရှိတယ်လို့ ထင်ကြပေမဲ့ အလုပ်ရှင်ဘက်ကကြည့်ရင်တော့ လျှော့လုပ် တဲ့ဝန်ထမ်းတွေဟာ အကျင့်ပျက်တဲ့သူတွေပဲ။

          တချို့လူတွေကျတော့ အကောင်းဆုံး၊ အမြန်ဆုံး၊ အမှန်ကန်ဆုံး၊ တတ်နိုင်သမျှ စင်းလုံး ချော အဖြစ်ဆုံးဖြစ်အောင် ကြိုးစားကြတယ်။ အကောင်းဆုံး အလုပ်လုပ်ကြတယ်။ သစ္စာစောင့် သိကြတယ်။ တချို့လူတွေက ပြီးပြီးရော လုပ်ကြတယ်။ ကြီးကြပ်တဲ့သူကတောင် ပြောနေစရာ မလိုဘူး။ ဘယ်သူတွေအကျိုးရှိတယ်၊ ဘယ်သူတွေ ထိခိုက်တယ်ဆိုတာ ဘေးလူက မြင်တယ်။

          ကမ္ဘာပေါ်မှာ ဘယ်ဟာ တန်ဖိုးရှိတယ်၊ ဘယ်ဟာ တန်ဖိုးမရှိဘူးဆိုတာ ဘယ်လောက် အသုံးဝင်သလဲ၊ ဘယ်လောက် လိုအပ်သလဲဆိုတဲ့အပေါ် မူတည်တယ်။ အသုံးဝင်တယ်ဆိုရင် ထူးပြီး ဈေးလျှော့နေစရာမလိုဘူး။ မလိုအပ်တာဆိုရင် ဘယ်လောက်ပဲ ဈေးလျှော့လျှော့ ဘာမှ သုံးလို့ရတာ မဟုတ်ဘူး။ ဒါကြောင့် အကျိုးအမြတ် နည်းနည်းလေး ပိုရဖို့အတွက် လောဘ မကြီးသင့်ဘူး။ အသုံးဝင်တာရဲ့ တန်ဖိုးကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ စကားပြောတဲ့အခါ ကိုယ်ပြောတဲ့စကားဟာ တန်ဖိုးရှိသင့်တယ်။

နိုင်ငံစုံကုမ္ပဏီတစ်ခုက
စီးပွားရေးလုပ်ငန်း
ခေါင်းဆောင်တစ်ယောက်ဖြစ်ရခြင်း

          ပက်ပ်စီကိုလာကုမ္ပဏီရဲ့ ကူညီပံ့ပိုးမှု၊ ယူနက်စကိုရဲ့ အစီ အစဉ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး (Center of E_cellence) ဖွင့်ပွဲကို တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ ပြီးတော့ ပက်ပ်စီ အာရှ ပစိဖိတ်ဒေသခွဲ ဥက္ကဋ္ဌရဲ့ ဟောပြောပို့ချချက်ကိုလည်း နား ထောင်ခွင့်ရခဲ့ပါတယ်။

          ဒီဗဟိုဌာနရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အလုပ်ခွင် ဝင်ရောက်နိုင်မယ့် ကျွမ်းကျင်မှုတွေကို မြှင့်တင် ပေးဖို့ဖြစ်ပါတယ်။ ပက်ပ်စီဆိုတာကလည်း ကိုယ်ကျင့် တရားရှိတဲ့ လုပ်ပုံလုပ်နည်းတွေ၊ အမယ်စုံတာကိုမြှင့်တင် ပေးတဲ့ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှုကိုအားပေးတဲ့၊ နာမည်ကောင်းရထားတဲ့ ကမ္ဘာကျော် ကုမ္ပဏီတစ်ခုပါပဲ။ ဒီဗဟိုဌာနကနေ လုပ်ငန်းတွေ လိုအပ်တဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ်တွေသင်ပေးမယ်၊ အချိန်တို သင်တန်းတွေ ဖွင့်မယ်၊ ပြင်ပက ဧည့်သည်တွေ ကြွရောက်ဟောပြောတာတွေ ပြုလုပ်မယ်။ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာတွေကိုလည်း သင်ကြားပေးမယ်လို့ သိရပါတယ်။ သင်တန်းဖွင့်ပွဲမှာ “နိုင်ငံစုံကုမ္ပဏီတစ်ခုက စီးပွားရေး လုပ်ငန်း ခေါင်းဆောင်တစ်ယောက် ဖြစ်ရခြင်း” အကြောင်းကို မီးစ်ဘီဘာက ဆွေးနွေးသွားတာ အလွန်စိတ်ဝင်စားစရာကောင်းလို့ တစ်ဆင့်ပြန်ပြီး ဖောက်သည်ချချင်ပါတယ်။

          တကယ်တော့ ပက်ပ်စီဆိုရင် ကျွန်တော်တို့က ဖျော်ရည်ကုမ္ပဏီတစ်ခုလို့ မြင်ပေမယ့် သူပြောပြမှပဲ ကမ္ဘာပေါ်မှာ အကြီးဆုံး စိုက်ပျိုးရေးလုပ်ငန်းကြီး တစ်ခုဖြစ်ကြောင်း အာလူးကြော် (Frito-Lay) oposode 327:05& gouf:ognóciosenqui: 9000i Quaker oak gaozas ဂျုံတန် ၆ သိန်း၊ လိမ္မော်သီးနဲ့ တခြားအသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ တန် ၃ သန်း လိုအပ်တဲ့အကြောင်း၊ နိုင်ငံပေါင်း ၃၀ ကျော်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့အကြောင်း သိရပါတော့တယ်။

          အာရှပစိဖိတ်ဒေသမှာပဲ လူဦးရေသန်း ၁ဝဝဝ လောက်ရှိ စတုရန်းမိုင် ၅ ဒသမ ၇ သန်းကျော် ကျယ်ဝန်းတဲ့ ၂၂ နိုင်ငံပါဝင်တဲ့ ဈေးကွက် ၂၅ ခု ရှိနေတယ်။ လုပ်ငန်းလုပ်ပုံ လုပ်နည်းကလည်း တစ်မျိုးထဲမဟုတ်၊ ဖက်စပ်လုပ်တာက ၅ ခု၊ ကုမ္ပဏီပိုင်စက်ရုံက ၁၆ ခု၊ ဖရန်ချိုက်စ်ပေးထားတာက ၂၁ ခု၊ ဝန်ထမ်း ၆၃ဝဝ မှာ နိုင်ငံသား ၂၅ မျိုး၊ အမျိုးသမီး အမှု ဆောင်အရာရှိက ၃၇ ရာခိုင်နှုန်း။ ဖရန်ချိုက်စ်ဝန်ထမ်း ၇ဝဝဝဝ၊ လယ်သမားတွေက ၆၈ဝဝ ကျော် ရှိတယ်။

          ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ လယ် သမားတွေနဲ့ မြေယာ (၁၀၈၇၅) ဟက်တာမှာ ဒေသခံတွေနဲ့ ပူးတွဲလုပ်ကိုင်တာ တွေ့ရတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဲသလို ပူးတွဲလုပ်မယ့် အလားအလာ ရှိနေတယ်။

          ကျွန်တော့်စိတ်ထဲမှာ နိုင်ငံတကာကုမ္ပဏီတွေ မြန်မာနိုင်ငံထဲဝင်လာရင် ဈေးကွက်ဝေစု တချို့ ရသွားမှာဖြစ်ပေမယ့် ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ့်ဈေးကွက်အကြောင်းကို ကိုယ်အသိ ဆုံးမို့ ကိုယ်တစ်ပန်းသာတဲ့ နယ်ပယ်တွေ အများကြီးကျန်မယ်လို့ ထင်ခဲ့မိတယ်။ ပက်ပ်စီက ဆွေးနွေးတာကို နားထောင်ပြီးတော့ အဲဒီအမြင် အတော်လေး လျော့ပါးသွားတယ်။ သူက ကမ္ဘာတစ်ဝန်း ဖြန့်ကျက်တဲ့ တံဆိပ်တွေ၊ ပစ္စည်းတွေ ထုတ်လုပ်သလို ဒေသအလိုက်၊ ဒေသ အကြိုက် တံဆိပ်တွေ၊ ပစ္စည်းတွေလည်း ထုတ်လုပ်သေးတာကိုး။ ဒေသခံတွေရဲ့ အကြိုက်တွေ၊ မျှော်လင့်ချက်တွေကို ဒေသခံဝန်ထမ်းတွေကနေ တစ်ဆင့် ရယူပါသတဲ့။ ဒေသခံကုမ္ပဏီတွေက ဒေသရဲ့ အကြိုက်၊ ဒေသရဲ့ မျှော်လင့်ချက်၊ ဈေးကွက်ရဲ့ မျှော်လင့်ချက်တွေကို ဘယ်လောက် တွက်ဆနိုင်ကြသလဲ၊ နားလည်နိုင်ကြသလဲ။

          ရည်ရွယ်ချက်ရှိတဲ့ စွမ်းဆောင်မှု (Perormance with Porpose) ဆိုတဲ့ ဆောင်ပုဒ်) အောက်မှာ လူတွေနဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်အတွက် ရင်းနှီးမယ်၊ ရေရှည် အမြတ်ကိုကြည့်မယ်။ အားလုံးက အကျိုးရှိရင် စီးပွားရေး လုပ်ငန်းအတွက်လည်း အကျိုးရှိမယ်လို့ မြင်တယ်။

          သူဟောပြောအပြီးမှာ သင်တန်းသားတစ်ယောက်က ကုမ္ပဏီတွေရဲ့ လူမှုရေးတာဝန် ကျေပွန်မှု (Corporate Social Responsibility) အ ကြောင်း မေးမြန်းစူးစမ်းတယ်။ တကယ်တော့ အဲဒီဝေါဟာရကို သီးခြား မသုံးပေမယ့် သူတို့လုပ်ငန်းရဲ့ လုပ်ပုံ ကိုင်ပုံတွေမှာ အားလုံးအကျုံးဝင်နေတာ တွေ့ရပါတယ်။

          သူ့ရဲ့ လုပ်ပုံကိုင်ပုံက ရည်ရွယ်ချက်လေးရပ်မှာ အခြေခံ မယ်။ ဒီနေရာမှာ စဉ်ဆက်မပြတ် (Sustainable) ဆိုတဲ့ ကျွန်တော်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သုံးနှုန်းတဲ့ သဘောတရားကို ဘဏ္ဍာရေး၊ လူသား၊ အစွမ်းအစ တွေနဲ့ပါ တွဲဖက်သုံးသွားတာ တွေ့ရတယ်။ ငွေကြေးအရ စဉ် ဆက်မပြတ်ဖို့ ကမ္ဘာမြေရဲ့ သဘာဝသယံဇာတတွေစောင့်ရှောက် ဖို့ အစွမ်းအစ ရှိသူတွေ ပါရမီရှင်တွေ စဉ်ဆက်မပြတ် ရရှိစေဖို့ အတွက် လူသားတွေ တိုးတက်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံမှု တွေ ဖြစ်ပါတယ်။

          လက်ရှိ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကိုတော့ အချက် ၃ ချက်နဲ့ အကျဉ်းချုပ်တင်ပြ သွားတယ်။ ပိုမိုရှုပ်ထွေးလာတယ်။ ယုံကြည်မှုတွေ ကျဆင်းလာတယ်။ ချိတ်ဆက် ဆက်သွယ် မှုတွေ တိုးပွားလာနေတယ်။

          အဓိကကျတဲ့ သဘာဝသယံဇာတတွေ ရှားပါးလာနေတော့ စိုးရိမ်စရာတွေ ဖြစ်ပေမယ့် တာဝန်သိသိ စားသုံးကြဖို့၊ ပညာပေးဖို့၊ အစိုးရတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်း ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး အဆောက်အအုံမှာ မတည်ငြိမ် မှုတွေ၊ သဘာဝဘေးရန်တွေ များနေတာ၊ အထူးသဖြင့် ယူရိုဇုန်မှာ ဒုက္ခရောက်နေကြတာတွေကို တွေ့နေရတယ်။ အစိုးရ၊ ကုမ္ပဏီတွေ အမှုဆောင်အရာရှိတွေနဲ့ ဘဏ္ဍာရေး နယ်ပယ်တွေအပေါ် အများပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုတွေ သိသိသာသာ ကျဆင်းနေတယ်။ စီးပွားရေး လုပ်ငန်းတွေက လူ့အဖွဲ့ အစည်းတွေကို အကျိုးပြုတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ လိုတယ်။

          မြင်သာထင်သာရှိဖို့ မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေ၊ အစစ်အမှန် ဆက်သွယ်ဆက်ဆံမှု တွေလည်း ရှိဖို့လိုအပ်တယ်။ လူမှုမီဒီယာတွေကလည်း စွမ်းရည်မြင့်လာနေတယ်။

          ပက်ပ်စီရဲ့ ခေါင်းဆောင်မှုပုံစံမှာ သူများတွေ လုပ်ချင်ကိုင်ချင်အောင်၊ စိတ်အားတက်ကြွ အောင် လုပ်ပေးတာ၊ ပူးပေါင်းဆောင်ရွက်တာနဲ့ သြဇာလွှမ်းမိုးတာဆိုတဲ့ ကိုယ်နဲ့အတူတခြားသူ တွေပါ ပါဝင်လာအောင် အတူဆွဲခေါ်တာအပြင် သိက္ခာနဲ့ အညီ ပြုမူတာ၊ ယုံကြည်မှု တိုးပွား အောင်လုပ်တာဆိုတဲ့ နည်းမှန်လမ်းမှန်တွေပါ ပါဝင်တာတွေ့ရတယ်။

          ပက်ပ်စီရဲ့ တန်ဖိုးထားမှုမှာ ဖောက်သည်တွေ၊ စားသုံးသူတွေနဲ့ ကိုယ်နေတဲ့ ကမ္ဘာကြီးကို ကြင်နာဖို့၊ ကိုယ်ဂုဏ်ယူနိုင်တဲ့ ထုတ်ကုန်တွေကိုပဲ ရောင်းချဖို့ ၊ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့် မတ်မတ် ပြောဆိုဖို့၊ ရေတိုနဲ့ ရေရှည် အချိန်အဆမှန်ကန်ဖို့၊ အမျိုးအမယ်ကွဲပြားမှုကို လက်ခံ ပါဝင်ခွင့်ပြုပြီး အောင်မြင်မှုရစေဖို့၊ သူတစ်ပါးကိုလေးစားလို့ အတူတကွ အောင်မြင်ကြဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

          သူက တစ်ယောက်တည်းပြောတာ မဟုတ်၊ မေးခွန်းတွေကို ဖြေကြားရာမှာ သူနဲ့အတူ ပါလာတဲ့ အိန္ဒိယနိုင်ငံသား၊ ဗီယက်နမ်နိုင်ငံသားစတဲ့ ပုဂ္ဂိုလ်တွေကိုပါ မိတ်ဆက်ပွဲထုတ်ပေးပြီး ဖြေကြားစေတာလည်း ထူးခြားမှုတစ်ခုပါပဲ။

          ခေါင်းဆောင်မှုဆိုရာမှာ တာဝန်ယူဖို့၊ အချိန်ကိုက်ဆုံးဖြတ်ချက်တွေ ပေးဖို့၊ အာရုံစိုက် ရမယ့် ဈေးကွက်ရှာဖို့၊ ကိုယ့်ဝန်ထမ်းတွေဟာ သံတမန်တွေလို ထင်ရှားစေဖို့၊ တီထွင် ဆန်းသစ် ဖို့၊ ဝန်ထမ်းတွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ စိတ်ကျေနပ်မှုကို အာရုံစိုက်ဖို့တွေအကြောင်း ပြော သွားခဲ့ပါတယ်။//

ထိရောက်တဲ့ အကူအညီ

          မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေးတံခါးတွေ ပွင့်လာတဲ့အခါ နိုင်ငံတကာ အကူအညီတွေ ဝင်လာကြတော့မယ်။ အဲဒီ နိုင်ငံတကာ အကူအညီတွေကို တကယ်တမ်း ထိထိရောက် ရောက် အကျိုးရှိရှိ အသုံးချနိုင်ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေကို စတင်ဆွေးနွေးလာကြပါပြီ။

          ကျွန်တော်တို့ ငယ်ရွယ်စဉ် ကျောင်းသားဘဝတွေ တုန်းကလည်း နိုင်ငံတကာ အကူအညီပေးတာ (Aid) နဲ့ ကုန်သွယ်ရေးလုပ်တာ (Trade)ဘယ်ဟာက ပိုပြီးအကျိုးရှိ သလဲဆိုတာ ဆွေးနွေးသံ ကြားခဲ့ဖူးပါတယ်။

          သေချာတာကတော့ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံ တကာ အကူအညီရရှိရာမှာ နည်းပါးလှသလို နိုင်ငံတကာ ကုန်သွယ်ရေးဟာလည်း သိပ်ပြီးကြီးမားလှတာ မဟုတ် ပါဘူး။ ဘာပြီးတော့ မှတ်မိနေသေးတာတစ်ခုကတော့ သူများကို အားကိုးနေရင် ကိုယ်ပိုပြီး ချူချာ မယ်၊ တစ်သက်လုံး အားကိုးနေရမယ်ဆိုတဲ့ အယူအဆနဲ့ သူများအားကိုးပြီး ကိုယ့်နိုင်ငံ တိုးတက်အောင်လုပ်ရင် နောင်မှာ အားကိုးစရာမလိုတော့တဲ့ ဘဝကို ရောက်မယ်ဆိုတဲ့ အငြင်း အခုံကိုလည်း ဖတ်ဖူးမှတ်ဖူးခဲ့ပါသေးတယ်။

          တစ်ခါတလေကျတော့လည်း အကူအညီပေးတယ်ဆိုတာ ဘယ်သူ့ အကျိုးအတွက်လဲ၊ အကူအညီပေးတဲ့သူရဲ့ အကျိုးအတွက်လား၊ အကူအညီယူမယ့် သူရဲ့ အကျိုးအတွက်လား၊ အကျိုးလိုလို့ ညောင်ရေလောင်းတာလား စသည်ဖြင့် ကတ်သီးကတ်သတ်တွေးမိပြန်ပါရော။ သေချာတာကတော့ ဟိုတုန်းကပေးခဲ့တဲ့၊ အခုလည်း ပေးနေဆဲ အကူအညီ အတော်များများဟာ သူလိုချင်တာ၊ လိုအပ်တာထက်၊ ကိုယ်ပေးချင်တာတွေကို ကိုယ့် အစီအစဉ်နဲ့ ကိုယ်ပေးတာ ဖြစ်နေတာတွေက များတာပါပဲ။

          တစ်နေ့က တရုတ်စီးပွားရေးပညာရှင် ပါမောက္ခတချို့နဲ့ တွေ့ပါတယ်။ သူတို့က မြန်မာ နိုင်ငံကို ထိထိရောက်ရောက် ဘယ်လိုအကူအညီပေးနိုင်သလဲဆိုတာ သိချင်သတဲ့။ တရုတ် ကုမ္ပဏီတွေရဲ့ လူမှုရေးတာဝန်ကျေပွန်မှုတွေကို မြန်မာအပါအဝင် တခြားနိုင်ငံတွေကိုပါ သွားပြီး လေ့လာကြမယ်တဲ့။

          မြန်မာ အမျိုးသမီးအယ်ဒီတာ တစ်ယောက်ကတော့ မြန်မာဒေသခံတွေဟာ လျော်ကြေး ပေးတာ လိုချင်ကြတာမဟုတ်ဘူး။ အလုပ်အကိုင်တွေ၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေရေးတွေကို လိုချင်တာလို့ ပြောပြပါတယ်။

          ဂျပန်နိုင်ငံက ဟိုတုန်းက လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တွေကို အကူအညီပေးလေ့ ရှိတယ်။ အများအားဖြင့် တန်ဖိုးတွေ၊ နိုင်ငံရေးအမြင်တွေ အပေါ်မှာ အခြေခံပြီး စဉ်းစားလေ့မရှိပေမယ့် နောက်ပိုင်းမှာ အပြောင်းအလဲရှိခဲ့တယ်။

          တရုတ်နိုင်ငံက ခုအချိန်အထိ အခြေခံအဆောက်အအုံတွေကို အကူအညီပေးတာ များ တယ်။ တရုတ်နိုင်ငံမှာလည်း ဆောင်ပုဒ်ရှိတယ်။ “ရွာတစ်ရွာချမ်းသာစေချင်ရင် အရင်ဆုံး လမ်းဖောက်ပေးလိုက်” လို့ ဆိုပဲ။

          ဘာရည်ရွယ်ချက်နဲ့ အကူအညီပေးတာလဲ၊ ဘာအတွက် ကူညီချင်တာလဲလို့မေးတော့ ထောင်စုနှစ်ရည်မှန်းချက်တွေ ဖြည့်ဆည်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပေါ့လေ။ ဟိုတုန်းကတော့ နိုင်ငံရေး၊ လူမှုရေး ရည်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ကောင်းတာကတော့ ဘာတွေလိုချင်သလဲ၊ ဘာလိုအပ်ချက်တွေ ရှိသလဲဆိုတဲ့ ကြိုတင်အကဲဖြတ်ပြီးမှ အကူအညီပေး ရင် ကောင်းပါတယ်။ ဒီနေရာမှာလည်း အစိုးရ ထိပ်တန်းအရာရှိကြီးတွေရဲ့ အကဲဖြတ်ချက်။ လိုအပ်ချက်နဲ့ ပြည်သူပြည်သား ရပ်သူရွာသားတွေရဲ့ အကဲဖြတ်ချက်တွေ၊ လိုအပ်ချက်တွေ ကွဲလွဲနိုင်ပါတယ်။

          ဒီနေရာမှာ အရင်ကလုပ်ခဲ့တဲ့ စီမံကိန်းတွေကို ပြန်ပြီးအကဲဖြတ်ဖို့ ရရှိခဲ့တဲ့ သင်ခန်းစာ တွေကို ပြန်လည်ဖော်ထုတ်ဖို့လည်း လိုပါတယ်။ အခုအကူအညီပေးချင်တာက ဘယ်နေရာ၊ဘယ်ဒေသ၊ ဘယ်ကဏ္ဍက ဘယ်သူတွေကို ကူညီချင်တာလဲ။

          အကူအညီပေးတာမှာ ပေးပုံပေးနည်းကလည်း ရှိသေးတယ်။ နည်းပညာအကူအညီ ပေးတာမျိုးလား၊ တစ်ခါတုန်းက အကူအညီပေးဖို့ စီစဉ်တဲ့ အစီအစဉ်တစ်ခုဆို မြန်မာ ကျွမ်းကျင်သူတွေတောင် မပါလိုက်ရပါဘူး။ သူ့လူသူခေါ်လာပြီး ပြီးသွားတာပါ။ တချို့ အကူ အညီတွေက ငွေသားနဲ့ပေးပြီး တချို့အကူအညီကျတော့ ပစ္စည်းအနေနဲ့ ပေးတာမျိုးပါ။ ဖြန့်ပုံ ဖြန့်နည်းမှာလည်း တစ်လုံးတစ်ခဲတည်းပေးတာမျိုး၊ နှစ်အလိုက် အချိန်အလိုက် ခွဲပေးတာမျိုး တွေပါ။

          အကူအညီတွေကို ဖြန့်ပေးတဲ့အခါမှာလည်း အရင်တုန်းက အစိုးရကတစ်ဆင့် ဖြန့်တာ တွေများပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့လို ကိုယ့်အစီအစဉ်နဲ့ ဖြန့်တာတွေ ရှိသလို၊ ခုဆို အရပ်ဘက် အဖွဲ့ အစည်းတွေကနေတစ်ဆင့် ဖြန့်တာတွေ ရှိလာတယ်။ ပြီးတော့ အကူအညီက ဘယ်ကာလအထိ ပေးမှာလဲ။ စီမံကိန်းပြီးတဲ့အခါ လုပ်ငန်းဆက်လက်ရှင်သန် ရပ်တည်နိုင်စွမ်း ရှိသလား။

          စီမံကိန်းပြီးပြီဆိုရင်တော့ မျက်နှာလွှဲခဲပစ်လုပ်ဖို့ မကောင်းလှဘူး။ အကူအညီပေးတဲ့ စီမံကိန်းဖော်ဆောင်နေချိန်မှာလည်း စောင့်ကြည့် အကဲခတ်တာ၊ လုပ်ငန်းပြီးရင် အကဲဖြတ်တာ၊ ဖြစ်နိုင်ရင် ကြားခံအဖွဲ့ အစည်းတစ်ခုခုကို သုံးရတာတွေ ရှိလာပါတယ်။

          အခုဆိုရင် ပညာရေး၊ ကျန်းမာရေးကို ဦးတည်တဲ့ အကူအညီတွေ တိုးပွားလာပါပြီ။ ဟိုတုန်းက တချို့အကူအညီတွေဆို ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်စပ်မှုရှိခဲ့ရာက အခုလူမှုရေးဘက်ကို လှည့်လာကြပြီ။ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ အကူအညီပေးတဲ့ နည်း လမ်းတစ်ခုသာ အကောင်းဆုံးလို့ ဆိုမရဘဲ ထွန်းသစ်စနိုင်ငံတွေရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ တွေကို ပေါင်းစပ်ပြီး အိမ်ရှင်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သုံးပွင့်ဆိုင် အကူအညီပေးရေး အစီအစဉ်တွေလည်း ရှိလာနေပါပြီ။