ခင်မောင်ညို(ဘောဂဗေဒ) - မြန်မာ့စီးပွါးရေးအခင်းအကျင်းသစ်
[ ၁ ]
၂၀၁၇ မြန်မာ့စီးပွားရေး မျှော်မှန်းချက်များနှင့် စိန်ခေါ်မှုများ
၂၀၁၇ ခုနှစ်၊ နှစ်ဆန်းမှာ မြန်မာ့စီးပွားရေးအလားအလာကို ဘယ်လိုမြင်သလဲ ဆိုတဲ့ မေးခွန်းတွေကို အခုတလော ဖြေကြားပေးနေရပါတယ်။
ကံအားလျော်စွာ ဇန်နဝါရီလ ၉ ရက်နေ့က စီမံကိန်းကော်မရှင်နဲ့ ဘဏ္ဍာရေး ကော်မရှင်ရဲ့ အစည်းအဝေးကို ကျင်းပခဲ့လေတော့ ရည်ညွှန်းကိုးကားစရာ ရလာပါ
တယ်။
ပြီးခဲ့တဲ့ကာလ၊ အစိုးရသစ်တက်လာချိန်မှာ လူသစ်စနစ်သစ်တွေ၊ အံမဝင်ခွင် မကျသေး၊ အသားမကျနိုင်သေးတာနဲ့အတူ၊ စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့တဲ့ အကြောင်း တာဝန်ရှိသူများကိုယ်တိုင်က လက်ခံခဲ့ပြီး၊ ပထမကိုးလအတွင်း၊ အစိုးရ သစ်က အခြေချနိုင်ခဲ့ပြီဖြစ်လို့ ၊ ၂၀၁၇ မှာတော့ အရှိန်ရလာမယ်လို့ အားလုံးက မျှော်လင့်တွက်ဆလာကြပါတယ်။
ဒီအထဲမှာ အစိုးရသစ်က စီးပွားရေးမူဝါဒချမှတ်ရာမှာ၊ စီးပွားရေးတိုးတက်မှု တစ်ခုတည်းကိုသာ ဦးတည်တာမဟုတ်ဘဲ၊ အားလုံးနဲ့သက်ဆိုင်၊ အားလုံးပါဝင် ပတ်သက်ဖို့နဲ့၊ ရေရှည်တိုးတက်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေပါ ပါဝင်နေတာကို သတိပြု မိဖို့ လိုပါတယ်။
စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုရအောင် ကြိုးစားအားထုတ်တာတောင်မှ၊အတော်အားထုတ်ကြိုးပမ်းရတဲ့ အလုပ်ဖြစ်လေတော့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေပါ အကျုံးဝင်တဲ့ စီးပွားရေးတိုးတက်မှုဖြစ်လာဖို့၊ ပြီးတော့ ရေရှည်တိုးတက် ဖွံ့ဖြိုးဖို့ အားထုတ်တယ်ဆိုတာ အတော်လေး ရည်မှန်းချက် မြင့်မားနေလေမလား။ ရေတိုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်လေမလားဆိုတာ၊ ကျွန်တော် အတော် လေး စိုးရိမ်ပူပန်မိပါတယ်။
သဘာဝဓာတ်ငွေ့ ကမ္ဘာ့ပေါက်ဈေးကျဆင်းလို့ ရငွေကျဆင်း၊ သစ်ထုတ်လုပ် မှုတင်ပို့မှုကို လျှော့ချလို့ ရငွေကျဆင်း၊ သတ္တုကဏ္ဍ လုပ်ကွက်တွေကို ပြန်လည်စိစစ် ခွင့်ပြုနေရလို့ ရငွေကျဆင်းတာတွေကိုကြည့်ရင်၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေတိုမှာ ထိခိုက်နစ်နာမှု အတန်အသင့် ရှိတယ်ဆိုတာကို ပြသနေပါတယ်။
တစ်ဘက်ကလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကို စရိတ်ကာမိတဲ့ ဈေးနှုန်းမဟုတ်၊ ပြည်သူတွေ သက်သာအောင် အရှုံးခံထုတ်လုပ် ဖြန့်ဖြူးနေရတာ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ (ရုပ်ပိုင်းဆိုင်ရာ) အများကြီး တည်ဆောက်ဖို့ လိုအပ်နေတာတွေကြောင့်၊ အသုံးစရိတ်တွေ ဆက်လက် သုံးစွဲဖို့ လိုအပ်နေပါတယ်။
ဒီနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းပြီး၊ နိုင်ငံသား-နိုင်ငံ ခြား မခွဲခြားတဲ့အတွက်၊ တိုးတက်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲ ဆောင်နိုင်စရာ အကြောင်းတစ်ခု ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးရာမှာ ပြည်တွင်း ငွေကြေးဈေးကွက် တည်ရှိစေရေးအတွက်၊ စဉ်ဆက်မပြတ် ဂရုပြု ဆောင်ရွက်ရန်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ မကြာမီက ဗဟိုဘဏ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြီးတော့ စီးပွားကူးသန်းဝန်ကြီးဌာနတို့ အပတ်စဉ် ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်လာတဲ့အခါ၊ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေးနှုန်းကျဆင်းလာတာနဲ့အတူ၊ မြန်မာ့ဈေးကွက်မှာ လည်း ဒေါ်လာဈေးနှုန်းကျဆင်းလာတာကို သတိပြုမိပါတယ်။
သုံးစွဲစရာတွေ၊ အကုန်အကျခံစရာတွေ ရှိနေပေမဲ့၊ စနစ်တကျ ခွဲဝေသုံးစွဲပြီး၊ ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီးလာတာပဲ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာရှိအောင်၊ ဘတ်ဂျက် လိုငွေကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်စေရအောင်၊ ဆက်လက်ထိန်းသိမ်း သွားမယ်လို့ သိရတဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများတို့ အကြံပြုချက်နဲ့လည်း ကိုက်ညီနေပါတယ်။
ဒီနှစ်မှာ ထူးခြားတယ်လို့ဆိုနိုင်တာက၊ ကျပ်ငွေဖြင့် ကောက်ခံရရှိတဲ့ ကုန် သွယ်လုပ်ငန်းခွန်ရရှိငွေရဲ့ ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်ရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန်ရဲ့ ၅ ရာခိုင်နှုန်းတို့ကို ပြည်ထောင်စုကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ကို ခွဲဝေပေးမယ်လို့ ဆိုထားပါတယ်။ တစ်ဖက်မှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အခုလိုခွဲဝေပေးတာဟာ၊ အဲဒီဒေသတွေရဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ် နိုင်သလို၊ တစ်ဖက်ကလည်း စနစ်တကျ၊ ထိထိရောက်ရောက် သုံးစွဲရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေရှိနေဖို့ လိုအပ်ပြီး၊ ပြင်ဆင်ထားနိုင်မှ အလေအလွင့်နည်းပါးမယ်။
စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ အစိုးရအဖွဲ့အတွင်းနဲ့ ဝန်ကြီးဌာန အချင်းချင်း၊ ပြီးတော့ ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေအကြား၊ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို ဆွေးနွေးသွားတာလည်းတွေ့ရပါတယ်။ တကယ်တော့၊ တချို့ဌာနတွေ၊ အဖွဲ့အစည်းတွေမှာဆိုရင် ဌာန အတွင်း၊ အဖွဲ့အစည်းအတွင်းမှာတောင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတတ် ပါတယ်။
နိုင်ငံတကာ စီမံကိန်းတွေနဲ့ပတ်သက်လို့ စိတ်ပူတတ်စရာတွေအတွက်၊ ကိုယ့် ဖွံ့ဖြိုးရေး စီမံကိန်းက ကိုယ်ပိုင်ဖြစ်ရမယ်။ ကိုယ့်နိုင်ငံသားများရဲ့ လိုအပ်ချက်အရ စီမံကိန်းတွေ ရေးဆွဲရမယ်လို့ ဆွေးနွေးသွားတာကိုလည်း သတိပြုမိပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုက နိုင်ငံတော်ကို အကျိုးပြုတဲ့ စီမံ ကိန်းတွေဖြစ်ဖို့ဆိုတဲ့ ဆွေးနွေးချက်ပါ။ အရင်က ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေထဲက၊ အကျိုးမဖြစ်ထွန်းတဲ့ စီမံကိန်းတွေကို ဘယ်လိုလျှော့ချမယ်၊ ဖျက်သိမ်းမယ်၊ လက်တွဲ မယ်ဆိုတာ စဉ်းစားကြမယ်လို့ သိရပါတယ်။
အရင်က ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကို ဆက်လုပ်နေရတယ်။ တတ်နိုင် သမျှတော့ ဆောင်ရွက်သွားမယ်။ မလုပ်နိုင်တာတွေကို ရပ်မယ်။ အရင်က အမှားမျိုး တွေ မမှားရအောင် တတ်နိုင်သမျှ ကြိုးစားကြဖို့ အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေး (၁/၂၀၁၇) မှာ ပြောသွားတာ တွေ့ရတယ်။
ဒီနေရာမှာ သတိရလို့ ကြားဖြတ်ပြီးပြောရရင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မ ရှင်ဖွဲ့ပြီးခဲ့ပေမဲ့၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဥပဒေ မတွေ့ရသေးသလို၊ လုပ်ငန်းစဉ် တစ်စုံ တစ်ရာကိုလည်း မြင်တွေ့ ရခြင်း မရှိသေးပါဘူး။
ရှေ့မှာ ဆွေးနွေးခဲ့သလို၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ (၂၀၁၆ နှစ်ကုန်ခန့်မှန်းချက် အရ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မယ်၊ ၂၀၁၇-၁၈ မှာ ၇ ရာခိုင်နှုန်း တိုးတက်ဖို့၊ လူတစ်ဦးစီရဲ့ စုပေါင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး၊ ကျပ် ၁၇ သိန်းကျော်ရရှိဖို့ မျှော်မှန်းထားတယ်ဆိုတာ တွေ့ရတော့၊ ရေရှည်တိုးတက်ဖို့ ရေတိုမှာ (၂၀၁၆-၁၇) နှစ်မှာ အနစ်နာခံတယ်ဆိုတဲ့သဘောကို မြင်တွေ့ မိပါတယ်။ မြန့်မာ စီးပွားရေး အလားအလာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့၊ နှစ်ကုန် ခန့်မှန်းသုံးသပ်ချက်တွေကို မတွေ့ရသေးပေမဲ့၊ အခုအတိုင်းဆိုရင် မြန်မာအစိုးရရဲ့ ခန့်မှန်းချက်ဟာ နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ အရင်ခန့်မှန်းချက်တွေထက် ပိုနေ တာ တွေ့ရပါတယ်။ အရင်အတွေ့အကြုံတွေအရဆိုရင်၊ အခုပြောတဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းတို့၊ ၇ ရာခိုင် နှုန်းတို့ဆိုတာ မဖြစ်နိုင်တဲ့ တိုးတက်မှုနှုန်းတွေ မဟုတ်ပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့လည်း ပြီးခဲ့ တဲ့ ကိုးလတာအတွင်းမှာ မိမိရဲ့ လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အမှား အယွင်းတွေ တွေ့အောင်ရှာလို့၊ ပြင်ဆင်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ ၂၀၁၆ ကာလမှာ တွေ့ကြုံခဲ့ရတာတွေကို ကုစားပြီး၊ ၂၀၁၇ မှာ အရှိန်မြှင့်တင်နိုင်ဖို့ အတွက် ၇ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို မှန်းဆထားတာ ဖြစ်နိုင်ပါတယ်။
သာမန်ပြည်သူတွေအနေနဲ့က စီးပွားရေး တိုးတက်မှုနှုန်းမြင့်တာ၊ နှေးတာတွေ ကိုသိပ်ပြီး သတိထားမိမယ် မထင်ပါဘူး။ သူတို့သိတာက ဈေးနှုန်းရဲ့ အတက်အကျ၊ ဝင်ငွေအခွင့်အလမ်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပါလိမ့်မယ်။ စီးပွား ရေး တိုးတက်မှုကို တွန်းအားပေးမဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကနေ တစ် ဆင့် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေအခွင့်အလမ်းတွေ တိုးပွားလာမယ်လို့ မျှော်လင့်ရပါတယ်။
အရေးအကြီးဆုံး အချက်တစ်ခုက သဘာဝတရားအလှအပနဲ့ သယံဇာတပေါ များကြွယ်ဝပေမဲ့၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မခံစားနိုင်ဘဲ ဖြစ်နေတဲ့ အဖြစ် တွေကနေ ငြိမ်းချမ်းရေးရရှိ၊ နယ်မြေဒေသအေးချမ်းလို့၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အတူယှဉ်တွဲ ဖြစ်ပေါ်လာဖို့အရေးပါ။
မင်္ဂလာရှိတဲ့ မြင်ကွင်းတွေကို ၂၀၁၇ ခုနှစ်အတွင်းမှာ တွေ့မြင်နိုင်ဖို့ ကျွန်တော် တို့ အားလုံးဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမှာပါ။
Khin Maung Nyo(Economist)
Freelance Columnist
Senior Adviserm, Myanmar-ISIS
Senior RESearch Fellow,CESD
Vice Chairman, Myanmar Economic Association.
Yangon, Myanmar
၂၀၁၇ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် တစေ့တစောင်း
၂၀၁၇ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်လုပ်မယ်ဆိုတဲ့ သတင်းကြားတော့ ဘာ ကြောင့်ရယ်မသိ၊ စိတ်ဝင်စားမိတယ်။ ခါတိုင်းတော့ တခြား ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွေ အကြောင်းကြားရရင် သိပ်ပြီး စိတ်မလှုပ်ရှားပါဘူး။ အဓိကကတော့ စရိတ်မတတ်နိုင်တာပါ။ ဒီတစ်ခါတော့ ရောက်မယ်ဆိုတာ သိပ်မသေချာတဲ့ကြားထဲက တပည့်တွေ၊ မိတ်ဆွေတွေ ဝိုင်းဝန်းစီစဉ်ကြတာနဲ့ ဖိုရမ်ကျင်းပရာ နေပြည်တော်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တယ်။ ရန်ကုန်ကနေလာတဲ့ လေယာဉ်မှာကိုက တရုတ်လုပ် ငန်းရှင်တွေ အပြည့်၊ သူတို့အများစုက နေပြည်တော်အကြောင်း၊ မြန်မာအကြောင်း သိပ်သိကြပုံမရဘူးလို့ ဖိုရမ်မှာမေးတဲ့ မေးခွန်းတွေအရ သုံးသပ်မိတယ်။ တစ်ဆက် တည်းပြောရရင် စီးပွားရေးအဆောက်အအုံ အကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ အကြောင်း စိတ်ဝင်တစားရှိပြီး အမြဲတမ်း လေ့လာနေတဲ့သူမျိုးတောင်မှ တကယ် မသိတာတွေ၊ မျက်ခြည်ပြတ်တာတွေ အများကြီးတွေ့နေရတာကိုး။ ဥပမာ- မြန်မာ့ ရင်းနှီးမြှုပ်နှံမှု နောက်ဆုံးအခြေအနေဆိုရင် ကိုယ်မသိတာတွေ အများကြီးပါဝင် သလို၊ မြန်မာနိုင်ငံမှာ လူတွေ စိတ်အဝင်စားဆုံးဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍဆို ကိန်း ဂဏန်းတွေ၊ အချက်အလက်တွေ အများကြီးမို့ လိုက်လို့တောင်မမီဘူး။
ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ဆွေးနွေးတင်ပြမှုတွေဟာ မြန်မာဘာသာနဲ့ပဲ ပြောပြော၊ အခြားဘာသာစကားနဲ့ ပဲပြောပြော ကျစ်ကျစ်လျစ်လျစ် ရှိစေချင်တာ ပါ။ မြန်မာ-အင်္ဂလိပ် ညှပ်ပြောတာမျိုးက သိပ်အဆင်မပြေလှဘူး။ ကိန်းဂဏန်းတွေ တစ်လှေကြီး ပေးနေတာမျိုးကလည်း သုတေသီတချို့အတွက် စိတ်ဝင်စားစရာဖြစ် ပေမဲ့ ငါးသိုင်းများတော့ ဟင်းဟုံဆိုသလို အဆုံးမှာ ဘာတွေဖြစ်နေမှန်း မသိရတော့ ပါ။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ စိတ်ဝင်စားစရာကိစ္စတစ်ခုက ခါတိုင်းဆို ရင်းနှီး မြှုပ်နှံမှုကိစ္စတွေကို ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်ရာမှာ အဓိကအားဖြင့် ကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ဆောင်ရွက်လေ့ရှိတယ်လို့ နားလည် ထားတယ်။ အခု မြန်မာ့ရင်းနှီးမြှုပ်နှံသူ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကျင်းပတယ်ဆိုတော့ ကိုယ်တစ်ခါမျှ မကြားဖူးသေးတဲ့ အသင်းဖြစ်နေပေမဲ့ ပါဝင်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေ ကြည့်လိုက်တော့လည်း ကိုယ်သိထားတာတွေ ဖြစ်နေတယ်။ ဒီအသင်းက ပြည်တွင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ချိတ်ဆက်ပေးဖို့ဆိုတဲ့ ရည် ရွယ်ချက်လည်းရှိပြီး လုပ်ဆောင်တယ်ဆိုတော့ ဝမ်းသာသလို၊ အောင်မြင်ပါစေလို့ လည်း ဆုတောင်းပါတယ်။
အခု ဖိုရမ်ကိုလာကြတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ ဘရူနိုင်းက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ အကြောင်း သေသေချာချာသိချင်ကြ၊ မေးမြန်းကြတာ တွေ့ရတယ်။ မြေကိစ္စကို အတော်လေး စိတ်ဝင်စားကြတယ်။ ရှင်းလင်းတဲ့ စီးပွားရေးမူဝါဒနဲ့၊ ဦးစားပေး အစီ အစဉ်တွေကို သိချင်ကြတယ်။ တလောက ငြိမ်းချမ်းရေးညီလာခံမှာ မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်လစီတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက သိပ် မသိကြသေးပါလားလို့ မှတ်ချက်ချခဲ့မိတယ်။ အခုလည်း အဲသလိုပဲ၊ နိုင်ငံတကာ အထူးသဖြင့် အာရှနိုင်ငံတွေကတောင် သိပ်ပြီး သိကြသေးပုံ မရဘူးလို့ မှတ်ချက်ချမိ တယ်။ ဒါကြောင့်လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သူ့ရဲ့ ရုံးအဖွဲ့ ဟာ စည်း မျဉ်းစည်းကမ်းတွေ ချမှတ်ထိန်းချုပ်တဲ့ အဖွဲ့ အစည်းဘဝကနေ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးအဖွဲ့ အစည်းအဖြစ်ပါ ပြောင်းလဲလာရတာဖြစ်ပုံရပါတယ်။
အခုဖိုရမ်နဲ့ အရင်လုပ်ခဲ့တဲ့ဖိုရမ်တွေ ဘာကွာသလဲမေးကြည့်တော့ အရင်ဖိုရမ် တွေမှာ မြန်မာတွေ သိပ်မတက်ဘူး။ အခုဖိုရမ်မှာ မြန်မာလုပ်ငန်းရှင်တွေ များတယ်လို့ ဆိုတယ်။ မူလက လူနည်းနည်းအတွက် ပြင်ဆင်ထားပေမဲ့ အနားနီးမှ တဖြည်းဖြည်းတိုးလာလိုက်တာ ထောင်ဂဏန်းနီးပါး ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒီတော့လည်း စီစဉ်သူတွေ ယျာယာခတ်သွားပေမဲ့ နောက်ဆုံးတော့ အဆင်ပြေသွားတာပါ။ ဒီဖိုရမ်မှာ စိတ်ဝင်စားစရာကောင်းတာက ၂၀၁၇ ခုနှစ်မှာ မြန်မာ့စီးပွားရေး ဦးမော့လာမလား ဆိုတဲ့ ကိစ္စပါ။ တာဝန်ရှိသူတစ်ဦးရဲ့ မှန်းဆယုံကြည်ချက်ဟာ ချက်ချင်း လူမှုကွန် ရက်ပေါ် တက်သွားတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာဖြစ်သွားတယ်။ မြန်မာ့ စီးပွားရေး တိုးတက်မှာကို လိုလားတဲ့သူတွေချည်း ဖြစ်ပေမဲ့၊ တကယ်တက် မတက်ဆို တာကို သံသယရှိကြသလို၊ တက်အောင်လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနေသလဲ ဆိုတာကို အမေးထုတ်ကြပါတယ်။ ဒီကိစ္စဟာ ကိုယ့်ဆီလည်း ရောက်လာတာဖြစ်လို့ ဘာမျှမပြောင်းလဲဘူးဆိုတဲ့ ပုံသေအမြင်နဲ့ ကြည့်ရင်တော့ မတက်ဘူးလို့ တွက်ဆနိုင် တယ်။ ဒါပေမဲ့ ဘယ်လိုဝှက်ဖဲတွေ ရှိနေတယ်မသိ။ ပြီးတော့ ကနေ့ ပြောင်းလဲမယ် မထင်တဲ့ အရာတွေဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်တာ မျိုးတွေဖြစ်လို့ မတက် ဘူးလို့ဆိုပြီး လုံးဝငြင်းပယ်ပစ်လို့လည်း မရနိုင်တဲ့အကြောင်း ပြန်လည်ဆွေးနွေးဖြစ် ပါတယ်။
ဆွေးနွေးပွဲမှာ မကြာခဏကြားရတာက (အထူးသဖြင့် နိုင်ငံခြားသားများထံ က) မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံစရာနယ်ပယ်တွေ အများကြီးရှိတယ်ဆိုပေမဲ့ ဘယ် နယ်ပယ်၊ ဘယ်နေရာကို ဦးစားပေးသလဲဆိုတာ မရှင်းလင်းဘူးလို့ ဆိုပါတယ်။
ဧည့်သည်များက ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေလို နယ်ပယ်တွေကိုလည်း စိတ်ဝင်စားကြတာ တွေ့ရတယ်။ ခက်တာက သူတို့ဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ပတ် ဝန်းကျင်နဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို သတင်းအချက်အလက်မရရှိကြဘဲ၊ ဘယ်မှာ ရှာရမှန်း မေးရမှန်း မသိကြတာတွေ့ရတယ်။
မြေယာရရှိနိုင်ရေး၊ ငှားရမ်းနိုင်ရေးနဲ့ ငှားရမ်းခတွေ၊ ဈေးနှုန်းတွေအကြောင်း အတော်စိတ်ဝင်တစားမေးကြပေမဲ့ သူတို့ရတဲ့ သတင်းအချက်အလက် တချို့ဟာ လွဲမှားနေတာကို တွေ့ရတယ်။ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံခြားသားတစ်ယောက်ကတောင် မြန်မာနိုင်ငံမှာ ဘယ်အကျပ်အတည်းဖြစ်စဉ်က ပြည်သူတွေရဲ့ အပ်ငွေတွေ ဆုံးရှုံးပြီး ဘဏ်တွေအပေါ် အယုံအကြည်နည်းကြောင်း ဆွေးနွေးသွားလို့၊ ညစာစားပွဲ ကျမှ အဲဒီသတင်းမမှန်ကြောင်း၊ ဘယ်ပြည်သူတွေရဲ့ ဘဏ်အပ်ငွေတွေ တစ်ပြားတစ် ချပ်မျှ မဆုံးရှုံးကြောင်း ပြန်လည်ဆွေးနွေးခဲ့ရတယ်။ သူကလည်း သူမသိတာ ဝန်ခံ ရှာပါတယ်။
ဒီဖိုရမ်ကြောင့် ချက်ချင်းလက်ငင်းကြီး ရင်းနှီးမြှုပ်နှံမှုတွေ တက်လာမယ်လို့ မျှော်လင့် ရင်တော့ မှားမှာပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မကြားမသိဖူးသူတွေရဲ့ ခေါင်း ထဲမှာ ကိုယ်နိုင်ငံကို ရင်းနှီးမြှုပ်နှံစရာ နေရာတစ်ခုအဖြစ် စဉ်းစားမိအောင် လုပ်ပေးနိုင် ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ရက်ခွဲကျင်းပတဲ့ ဒီဖိုရမ်မှာ တချို့ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့ အိုင်စီတီလို ဘာသာရပ်မျိုးတွေ ပါဝင်ခဲ့ခြင်းတော့ မရှိပါဘူး။ မြန်မာ ရင်းနှီးမြှုပ်နှံသူတွေ လုပ်နေတဲ့ လုပ်ငန်းစီမံကိန်းတွေကိုလည်း ချပြနိုင်ခဲ့တာကတော့ ထိရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ နားလည်မိပါတယ်။
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လို့၊ မြန်မာ့စီးပွားရေး တိုးတက် လာတာ မြင်ပါရစေလို့ ဆုတောင်းခဲ့ပါတယ်။
(ခေတ္တ-နေပြည်တော်)