ခင်မောင်ညို(ဘောဂဗေဒ) - ဘုရားတနေတဲ့ဘောဂဗေဒသမား
ဒီတာဝန်ကို ဘယ်သူထမ်းကြမလဲ
ကွယ်လွန်သူ၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ဒေသ ကောလိပ်ကျောင်းအုပ်ကြီး၊ နောက်ပိုင်း ဒဂုံတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးကောင်းညွန်နဲ့ ပြောဆိုတာလေးတစ်ခု သတိရတယ်၊ ဆရာ တစ်ယောက်က ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး။ အခြားအလုပ် တွေပဲ လျှောက်လုပ်နေရတယ်လို့ ပြောတော့။ ကိုယ့်အလုပ်ကို လုပ်ခွင့်ရတဲ့ အဆင့်ဆိုရင် မြန်မာနိုင်ငံက အတော်လေးတိုးတက် နေပြီလို့ ပြန်ပြောခဲ့ဖူးတာ သတိရတယ်။
အခု ကျွန်တော်တို့တစ်တွေ စီးပွားရေးအကြောင်း ပြောကြ ဆိုကြရေးသားကြတဲ့အခါ အမှန်တွေရယ်၊ လုံးဝမှားနေတာတွေ ရယ်၊ တစ်ဝက်တစ်ပျက်ပဲ မှန်တာတွေရယ် တွေ့တွေ့နေရတယ်။ အထူးသဖြင့် အမှားတွေ၊ တစ်ဝက်တစ်ပျက်ပဲမှန်တဲ့ အမှန်တွေနဲ့ တွေ့တဲ့အခါ ငါစာမရေးဘဲ၊ မပြောဘဲ နေလို့မဖြစ်ဘူးလို့ ထင်မြင် မိပါတယ်။ ခက်တာက အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ စာဖတ်ပရိသတ်တွေက ဘယ်ဟာက ပညာရှင်အပြော၊ ဘယ်ဟာ က ပညာရှင် မဟုတ်တဲ့သူပြောတာလို့ မခွဲခြားနိုင်ဘူး၊ တစ်ခါ တလေကျတော့လည်း၊ လက်လှမ်းမီသလောက် လိုက်ဆွဲပေမယ့် မောလွန်းလို့ နိုင်သလောက်ပဲ ဆွဲပါတယ်။ တချို့ဆရာတွေ ပြော သလိုပဲ မေးရမယ့်သူကတော့ ဟုတ်ပါရဲ့ မေးတဲ့မေးခွန်းက မှားနေတာ၊ မေးခွန်းက မှန်ပေမယ့် မေးရမယ့်သူတွေ လွဲနေတာကလည်း ခဏခဏ။
တစ်ခါတလေတော့လည်း ပြောင်းပြန်စဉ်းစားမိပါတယ်၊ လွယ်လွယ် ဥပမာပေးရရင် ဆရာဝန်ကို ပတ်တီးစည်းခိုင်းလို့ စည်းခိုင်း၊ သူနာပြုကိုဆေးကုခိုင်းလို့ခိုင်း ကြာတော့ ဆရာဝန် လည်း ဆေးမကုတတ်၊ သူနာပြုလည်း ပတ်တီးမစည်းတတ် ဖြစ်ကုန်ကြတော့မယ်။ ကိုယ်စီမံ ခန့်ခွဲတဲ့သူ၊ ဒါမှမဟုတ် ကိုယ်ခိုင်းရတဲ့သူဟာ ဘယ်လောက်အဆင့်ရှိတယ်။ သူ့ကိုဆေးကုခိုင်း ရမလား၊ ပတ်တီး စည်းခိုင်းရမလား ဆိုတာ မသိတာတွေ၊ မသိနိုင်တဲ့ အခြေအနေမျိုးတွေကို တွေ့တွေ့ နေရလို့ပါ။
ကျွန်တော် တက္ကသိုလ်မှာ ရှိစဉ်တုန်းက မကြာခဏပြောခဲ့၊ မေးခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိ တယ်။ တက္ကသိုလ်ပညာရေးမှာ အဓိကတာဝန်က ဘာလဲလို့။ အမျိုးမျိုးဖြေကြတာပေါ့လေ။ ကျွန်တော်က “လုံခြုံရေး”လို့ပြောတော့ ရယ်ကြတယ်။ တကယ်တော့ အမှန်ပဲ။ အဲဒီအချိန်၊ အဲဒီ အခြေအနေက အဆင့်မြင့်ပညာ တတ်မြောက်ရေးထက် လုံခြုံရေးတွေ၊ နိုင်ငံရေးတွေက အရေး ကြီးခဲ့တာလေ။ နှစ်ပေါင်းအတော်ကြာမှ ပညာရေးဘက်ကို ပြန်လှည့်နိုင်တယ်။ ပညာရေးကဏ္ဍရဲ့ အဓိကတာဝန်ဟာ ပညာရေး မဟုတ်ခဲ့တာရဲ့ ရလဒ်ကို အခုတွေ့နေကြရပြီလေ။
ပညာရေးဌာနကနေ အစိုးရဌာနတစ်ခုကို ရောက်သွားပြန်တော့လည်း နိုင်ငံတကာ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန် ထမ်းဆောင်တဲ့ဌာနနေရာမှာ အင်္ဂလိပ်လိုမပြောနိုင်၊ သူများ ပြောလည်း နားမလည်တဲ့သူတွေ ရောက်လာပြီး သူတို့ပြောတဲ့ အရှုပ်အရှင်းကိစ္စတွေ၊ ကားကိစ္စတွေ၊ ဆီကိစ္စတွေဘက်ပဲ အာရုံရောက်နေကြတာ တွေ့ခဲ့ရတယ်။
အစိုးရဌာနက စောစောစီးစီး အငြိမ်းစားယူလိုက်ပြီး ပြင်ပလောကကို ရောက်လာ တော့လည်း ကိုယ့်အလုပ်ကိုယ်မလုပ်၊ ကိုယ့်အလုပ်ကိုယ်မလုပ်ရ၊ လုပ်နိုင်တာတွေ မလုပ်ရဘဲ၊ ထင်းခွေ၊ ရေခပ်၊ တံမြက်စည်းလှည်း အဆင့်လောက်ပဲလုပ်ရတာပါ။ ဒါတောင်မှ ကိုယ့်ဘာသာ ကိုယ် မနေနိုင်လို့ ရတဲ့နေရာလေးမှာ ပြောနိုင်၊ ဆိုနိုင်၊ ရေးနိုင်တာလေးတွေ လုပ်နေရတာပါ။ တကယ်တော့ ကိုယ့်အလုပ်ကို ကိုယ်မလုပ်ကြတာ၊ မလုပ်ရတာ အစိုးရဌာန တစ်ခုတည်းမှ မဟုတ်တာ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အချို့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေမှာရော ဖြစ်နေ၊ တွေ့နေရတာပါ။
ဒါကြောင့် ကိုယ့်လုပ်ငန်း၊ ကိုယ့်အဖွဲ့အစည်း ဘယ်လောက် တိုးတက်နေသလဲ၊ ဘယ်လောက်တိုးတက်မယ့် အလားအလာရှိသလဲဆိုတာ သိချင်ရင်၊ လူမှန်နေရာမှန် ရှိပြီလား၊ ကိုယ့်အလုပ်ကိုယ် လုပ်နေကြပြီလား၊ သေးသေးနိုင်တဲ့သူက သေးသေး၊ ကြီးကြီးထမ်းနိုင်တဲ့သူက ကြီးကြီးထမ်းခွင့်ရနေပြီလား ဆိုတာနဲ့ ထိုင်စောင့်ကြည့်ဖို့ကောင်းတဲ့ အကြောင်းပါ။
အလုပ်လက်မဲ့-အလုပ်ဉာဏ်မဲ့-အလုပ်စိတ်မဲ့
တစ်လောက ဘီဘီစီက ကမ္ဘာမှာ အလုပ်လက်မဲ့တွေ တိုးပွားနေ တဲ့ ကိစ္စ၊ မြန်မာနိုင်ငံမှာရော ဘယ်လောက် စိုးရိမ်ပူပန်မှုတွေ ရှိနေ ကြသလဲဆိုတာ လှမ်းမေးပါတယ်။ ကမ္ဘာအရပ်ရပ်နဲ့ မြန်မာပြည် ထဲက ဝိုင်းဝန်းဆွေးနွေးကြသလို ရှေ့နေတစ်ယောက်နဲ့ ကျွန်တော့် ကိုပါ လှမ်းမေးတယ်။ ရှေ့နေကတော့ အလုပ်လက်မဲ့ကိစ္စ၊ အလုပ် သမားရေးရာတွေကို ပိုပြီး စိတ်ဝင်စားပုံရပါတယ်။ နောက်ပိုင်း ကျတော့ ဘီဘီစီ သတင်းထောက်တစ်ယောက်က အလုပ်သမား အရေးတွေနဲ့ အလုပ်လက်မဲ့ကိစ္စ နှစ်ခု ရောသွားတယ်။ အလုပ် သမားအရေးတွေ ရေပက်မဝင်အောင် ပြောသွားတော့ အလုပ် လက်မဲ့ကိစ္စ မှေးမှိန်သွားတဲ့အကြောင်း သူက ဝန်ခံပါတယ်။
ကျွန်တော့်ဘက်ကတော့ အလုပ်လက်မဲ့ရယ်၊ ပြီးတော့ အလုပ်ပေးချင်ဇောနဲ့ လုပ်ချင်ဇော လွဲချော်မှု (Structural Unemployment) ရှိတဲ့အကြောင်းတွေကိုပါ အတော်ပြောမိပါတယ်။ အလုပ်လက်မဲ့အကြောင်း ပြောရုံနဲ့ ပြီးမှာ မဟုတ်ဘူးလေ။ ကျွန်တော့် မိတ်ဆွေတွေ အတော်များများက လစာကောင်းကောင်း ပေးပါ့မယ်။ ဝန်ထမ်းပို့ပေးစမ်းပါ ဆိုတာတောင် မပေး နိုင်ပဲ ဖြစ်နေလို့ပါ။ ဘွဲ့တွေ၊ လက်မှတ်တွေ တစ်ထပ်ကြီး ရပေမယ့် တကယ်တမ်းကျ လုပ်တတ် ကိုင်တတ်ကြတာ မဟုတ်ဘူးလေ။
ထပ်ထပ်ပြီး တွေ့လာရတာ တစ်ခုက အရည်အချင်းသာ မရှိတာ၊ အကြောင်းအားလျော်စွာ ဝယ်လိုအား ရှိနေ တတ်တဲ့အခါ ဖြောင့်ဖြောင့်လိုချင်သော အကောက်တွေထဲက အကြွေးတွေ လောက်ပဲ ရရတဲ့ အဖြစ်မျိုးတွေပါ။ သူတို့ ပြောကြဆိုကြ တောင်းကြတဲ့ ဈေးနှုန်းတွေများဆို ကြောက်ခမန်းလိလိပါ။ အခွင့်အရေးတွေလည်း တောင်းတတ်ကြတယ်။ ခရီးစရိတ်ကိစ္စ၊ နားရက် ကိစ္စ၊ လစာတိုးဖို့ကိစ္စ စသဖြင့် အခွင့်အရေးတွေ တန်းစီတောင်းတတ် ကြပေမယ့် ဘာတာဝန်ယူ မလဲ၊ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတဲ့အခါ အသံတွေ တိတ်သွားတတ်ကြပါတယ်။ အား အနည်းဆုံးက အင်္ဂလိပ်စာဘာသာနဲ့ ပြောဆိုသုံးနှုန်း ဖတ်နိုင်တဲ့ စွမ်းရည် မရှိကြတာပါ။ အင်္ဂလိပ် ဘာသာနဲ့ ရေးနိုင်ဖို့ဆိုတာကတော့ အဝေးကြီးပါ။
အကြောင်းအားလျော်စွာ လစာကောင်း၊ နေရာ ကောင်းတွေ ရထားကြ၊ ရလာကြတဲ့ အခါမှာလည်း နေတတ်ဖို့ လိုတယ်။ နေတတ်၍ ဘယ်နေရာမဆို အနေချောင်ရင် ပြီးတယ်ဆိုတဲ့ စိတ်ဓာတ် ရှိနေတတ်တဲ့သူ တစ်ယောက်ကြောင့် သူတစ်ယောက်သာမက အခြားသူတွေ အထူး သဖြင့် လုပ်ချင်ကိုင်ချင်စိတ် ရှိတဲ့သူတွေကိုပါ ဒုက္ခ ပေးတာ တွေ့ရတယ်။ အလုပ်မလုပ်ဘဲ စားလို့ရ တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အလုပ်လုပ်မှ စားလို့ရတယ်ဆိုပြီး ကြိုးစားနေတဲ့သူတွေ စိတ်ဓာတ် ပျက်ပြားစရာ လူညံ့တွေလို့ ခေါ်စရာ ဖြစ်သွားစေတတ်ပါတယ်။
ဒါကြောင့် အလုပ်လက်မဲ့တွေသာမဟုတ် လက်ထဲမှာ အလုပ်မရှိတဲ့သူတွေ သာမက စိတ်ထဲမှာ အလုပ်မရှိတဲ့ သူတွေ အာရုံထဲမှာ အလုပ်မရှိတဲ့သူတွေလည်း ရှိသေးတယ်လို့ ပြောချင် တာပါ။ သူတို့တစ်တွေက အလုပ်စိတ်မဲ့တွေပေါ့။
မွေးမွေးချင်း စစချင်းတော့ ဘယ်သူမှ သိကြတတ် ကြတာ မဟုတ်ပါဘူး။ ဒီလိုမျိုးပါပဲ။ တဖြည်းဖြည်း တတ်အောင် လုပ်ကြရတာပါ။ အလုပ်စိတ်မဲ့တွေနဲ့ တတွဲတွဲ တွေ့ ရတတ်တာ အလုပ်ဉာဏ်မဲ့တွေပါ။ ဉာဏ်နည်းနည်း လေးမှ မသုံးပဲ အလုပ်လုပ်တတ်ကြပြီး ဖြစ်နိုင်ရင် အလုပ် မလုပ်ဘဲနေပေးပါ။ ကျေးဇူးတင်ပါတယ်လို့ ပြောရမယ့်သူမျိုးတွေပါ။ အထူးသဖြင့် ကိုယ်သိထား တတ်ထားတာလေးကိုပဲ အကြီးအကျယ်လုပ်ပြီး အခြေအနေကို သဘောမပေါက်၊ ကာလဒေသကို နားမလည်ဘဲ ရှုပ်ကြတတ်လွန်းလို့ အလုပ်လုပ်တာမဟုတ်၊ အရှုပ်လုပ်တာလို့ ပြောစမှတ် ဖြစ်နေ တတ်တဲ့သူတွေပါ။
ဒါကြောင့် အလုပ်လက်မဲ့တွေ မရှိဖို့ဆိုရင် ကိုယ်တိုင်ကလည်း ခေတ်နဲ့ အံဝင်ခွင်ကျတဲ့ နည်းပညာ၊ အတတ်ပညာတွေ၊ ဗဟုသုတတွေ ရှိထားဖို့၊ ဈေးကွက်နဲ့ ကိုက်ညီတဲ့ စိတ်နေ စိတ်ထား တွေ၊ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ ဉာဏ်ပညာတွေလည်း ရှိထားဖို့ လိုပါမယ်။ လူ့စွမ်းအား အရင်း အမြစ်လို့ ပြောကြရာမှာ သူများကိုမကြည့်၊ ဘေးကိုမကြည့်၊ အပေါ်တွေ အောက်တွေကို မကြည့်ဘဲ ကိုယ် အလုပ်လုပ်ချင်တဲ့ လက်မရှိတာ၊ အလုပ်လုပ်ဖို့ စိတ်မရှိတာ၊ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာရှိဖို့ လိုအပ်တဲ့အကြောင်းတွေကို အလေးပေး စဉ်းစား ဆောင်ရွက်စေချင်ပါတယ်။
နှစ်သစ်နှင့် နှစ်ဟောင်း
ဒီအချိန်မှာ ဗေဒင်နက္ခတ် ဝါသနာပါတဲ့သူတွေရော၊ ဝါသနာမပါတဲ့ သူတွေရော၊ အနာဂတ်နဲ့ပတ်သက်လို့ စိတ်ဝင်စားကြတဲ့ စိတ်ဝင် စားရမယ့် အချိန်အခါဖြစ်ပုံရပါတယ်။ အနာဂတ်နဲ့ ပတ်သက်တဲ့ဟောစာတမ်းတွေအားလုံးမှာ သေချာပေါက်တွေ့ရမယ့် ဝေါဟာရ ကတော့ အပြောင်းအလဲပဲ ဖြစ်မှာပါ။ ကျွန်တော့် မိတ်ဆွေ သြစတြေးလျနိုင်ငံက စီးပွားရေး ပညာပါမောက္ခ တစ်ယောက်ကတော့ အပြောင်းအလဲ Change လို့ လက်ခံပေမဲ့၊ ပြုပြင်ပြောင်းလဲရေး Reform အဖြစ်တော့ လက်မခံပါဘူး။
တစ်နေ့ကပဲ ကျွန်တော့်မိတ်ဆွေတွေရဲ့ အစီအစဉ်နဲ့ ဧရာ ဝတီတိုင်း၊ ကနောင်မှာ ဆရာဟိန်းလတ်တို့ သရုပ်ဆောင် ဗေလုဝ တို့နဲ့အတူ ဟောပြောပွဲသွားဟောရတယ်။ ပထဝီမကျွမ်းကျင်တဲ့ ကျွန်တော့်မှာ ဧရာဝတီတိုင်းသွားဖို့အရေး ပြည်မြို့တစ်ဖက်ကမ်း ကူးရတာကစပြီး မျက်စိလည်နေတော့တာပဲ၊ မြန်ရန်အောင်မယ် လို့ အားပါးတရ အဓိပ္ပာယ်ကောက်ချင်တဲ့ မြန်အောင်ကို ရောက်ဖို့ အသွားမှာ ၈ နာရီကြာပြီး အပြန်မှာ ၁၂နာရီကြာတော့ အပြန်မှာ ချိန်းထားတဲ့ကိစ္စတွေ အကုန်လုံးလွဲကုန်တော့တာပါပဲ။ မြန်အောင် ဆိုပေမဲ့ မမြန်နိုင်တော့လည်း လုပ်စရာကိစ္စတွေ၊ မအောင်မမြင် ဖြစ်ရတယ်။
“ကနောင်”ကတော့ သူတို့မြို့သူတို့ ရာဇဝင်တွေ၊ သမိုင်းအစဉ် အလာတွေနဲ့ ဂုဏ်ယူဝံ့ကြ တယ်။ ကနောင်မြစ်ကမ်းပါးက ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးကို ဖူးရတော့ ကျွန်တော့် နှလုံးသားလည်း စေတီတော်က တံခွန်တိုင်နဲ့ အတူ၊ ဧရာဝတီမြစ်ထဲကို ပြုတ်ကျသွားတယ်။ ကြည့်စမ်းပါဦး၊ ကျွန်တော်တို့တစ်တွေက ဧရာဝတီမြစ်ဆုံအကြောင်း ပြောနေချိန်မှာ မြစ်အလယ်မှာသောင်တွေထွန်း၊ ရေအနက်ဆုံးနေရာက ငါးပေပဲရှိသတဲ့၊ ဧရာဝတီ မြစ်ထိန်းသိမ်းရေးဆိုတာ မြစ်ရဲ့ အစ၊ အလယ်၊ အဆုံး၊ မြစ်ဆုံအစ၊ မြစ်ဆုံ အဆုံး၊ လုပ်ရမယ့်ကိစ္စမဟုတ်ပါလား။
မထိန်းသိမ်းနိုင်တဲ့မြစ်ရေစီးကြောင်းက ကနောင်ကမ်းပါးကို တိုက်စားတော့ ပြည်လုံး ချမ်းသာ စေတီတော်ခမျာ ပြည်လုံးမပြောနဲ့ စေတီတော်ကိုယ်တိုင် မချမ်းသာနိုင်ရှာပါဘူး။ သဘာဝ ဘေးရန်သာမက လူတွေ ဖျက်ဆီးကြတဲ့ ဒဏ်ကိုလည်း ခံရတော်မူသေးတယ်။ ရပ်တော်မူဆင်းတု တော်တစ်ဆူကို ခြေထောက်ပဲချန်ခဲ့ပြီး ဖြတ်ယူပင့်ဆောင်သွားကြတယ်။
ကနောင်ဟာ ခေတ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပါတယ်။ ရွှေထီးဆောင်းတဲ့အချိန်ကနေ ရွှေထီး ကိုရောင်းရတဲ့ အချိန်တွေကို ရောက်ခဲ့တယ်။ တိုးတက်လိုသူ၊ ပြုပြင်လိုသူ ရှေ့တက်လိုသူတွေကို မိမိအတ္တအတွက် ဖယ်ရှားတတ်တဲ့ အရိပ်မည်းကြီးကိုလည်း သတိရစေတယ်။ အပြောင်းအလဲ တွေနဲ့ ကြုံရာမှာ အပြောင်းကြောင့် အလဲအကွဲ တွေကြုံကြိုက်ခဲ့ရရှာတယ်။ အပြောင်းကြောင့် ကောင်းတဲ့ဘက်ကို မတွေ့နိုင်ခဲ့ဘူး။ ရွေ့အောင်လည်း မဖန်တီးနိုင်ခဲ့ဘူး။ ကနောင်သူ ကနောင်သား တွေ ညံ့ခဲ့လို့ပဲလို့တော့ မယူဆပါဘူး။
တကယ်တော့ မြန်မာ့သမိုင်းဟာလည်း ကနောင်ရဲ့ သမိုင်းပါ။ အပြောင်းအလဲမှာ နေရာ အချ နေရာအယူ လွဲမှားရင်နောက်ကျ ကျန်ရစ်ခဲ့မယ်။ ရာဇဝင်ထဲမှာ အတင်ခံရပေမယ့် ပစ္စုပ္ပန် မျက်နှာစာမှာတော့ တွေ့ရမှာမဟုတ်ပါဘူး။
အပြောင်းအလဲတွေကနေ အလဲအကွဲတွေ မဖြစ်ရလေဘဲ အခွင့်အလမ်းသစ်တွေ စာမျက်နှာ အသစ်တွေအဖြစ် ဖန်တီးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အသိပညာ၊ ဉာဏ်ပညာတွေ၊ ဗဟုသုတ တွေ၊ ဆက်သွယ်ရေး ကွန်ယက်တွေ၊ နည်းပညာကွန်ယက်တွေကို စိန်ခေါ်နေလေရဲ့၊ နှစ်သစ် ဆိုပေမယ့် နှစ်ဟောင်းတုန်းက မဆပ်နိုင်သေးတဲ့ အကြွေးတွေကို ဆပ်နိုင်အောင်ကြိုးစားနေရပါ သေးတယ်။
ကျွန်တော်တို့ အခုရောက်နေတဲ့ အိမ်မှာ ကားလမ်းနဲ့ နီးလို့ ကား တွေ၊ အထူးသဖြင့် ကားကြီးတွေ ဖြတ်သွားတဲ့အခါ အိမ်က လှုပ်နေလို့ ရောက်ခါစကဆိုရင် ကောင်းကောင်းအိပ်မပျော်ဘူး။
နောက်ပြီးတော့ မိုးတွင်းမှာ ချိုင့်ကြီးတွေ ဖြစ်နေလို့ ပြောစမှတ် ဖြစ်ရလောက်အောင် အသွား အလာရ ခက်တယ်။ နောက်တော့ လမ်းတစ်ခြမ်းကို အသစ်ပြန်ခင်းပြန်တယ်။ ဒီတော့ လည်း လမ်းတစ်ခြမ်းကောင်း၊ လမ်းတစ်ခြမ်းဆိုး ဖြစ် သွားတယ်။
တော်တော်လေးကြာပြန်တော့ တစ်လမ်းလုံးပိတ်ပြီး ပြန်ပြင်တယ်။ တစ်ပေလောက် အထူရှိတဲ့ ကွန်ကရစ်လမ်းမကြီး ခင်းတယ်။ အတော်လေး အချိန်ယူပြီးပြင်တယ်။ ကားလမ်းသာ မက ပလက်ဖောင်းတွေရော၊ မှတ်တိုင်တွေရော အားလုံး ပြန်ပြင်တော့ အားလုံးတအံ့တဩကို ဖြစ်ကြလို့။ မိတ်ဆွေတွေ၊ တပည့် တွေက ဆရာညိုနေတဲ့ လမ်းမို့ထင်ပါရဲ့။ သူတို့တောင် ပြောင်းလာ ချင်တယ်လို့ နောက်ပြောင်ကြတယ်။ ကိုယ်စွမ်းလို့တော့ မဟုတ် ပါဘူး။