ခင်မောင်ညို(ဘောဂဗေဒ) - ဘာတွေပြောင်းနေပြီလဲ
မလေးရှားက ပြန်ခဲ့တယ်
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ထင်ပါရဲ့၊ ရန်ကုန်လေဆိပ်မှာ ကိုယ်စီး ရမယ့် ထိုင်းလေယာဉ်ထွက်သွားတာ မသိလိုက်ဘဲ လွတ်သွားခဲ့ဖူးတယ်။ အကြောင်းတစ်ခုက ခါတိုင်း ပြည်တွင်းလေယာဉ် ခရီးစဉ်တွေ ထွက်ခွာ ခန်းမက ထိုင်းခရီးစဉ်ခန်းမ ဖြစ်သွားတာ မသိလိုက်လို့ပါ။ နောက် တစ်ကြောင်းကတော့ မလေးရှားသွား အလုပ်လုပ်ကြမယ့် ကလေးတွေနဲ့ မိသားစုတွေ အလွမ်းသယ်နေကြတာကို ဝင်ပြီးခံစားနေမိလို့ပါ။ အခုတော့ အဲဒီအလွမ်းဇာတ်ရဲ့ အစ၊ အလယ်၊ အဆုံးကို တစ်စိတ်တစ်ဒေသ မြင်ခွင့်ရ ပါတယ်။
မလေးရှားမှာ လုပ်မယ့် စာပေဟောပြောပွဲကို ဖိတ်တော့ သွားနိုင် တဲ့ရက် ဖြစ်နေတာနဲ့ အလွယ်တကူပဲ လက်ခံလိုက်ပါတယ်။ ဗီဇာ ကိစ္စ တွေ၊ လက်မှတ်ကိစ္စတွေကို အားလုံးစီစဉ်ပေးထားတာပါ။ ရန်ကုန် လေဆိပ်မှာ အုပ်စုလိုက်သွားပြီး အလုပ်လုပ်ကြမယ့် ကလေးတွေကို စပြီး တွေ့နေရပါပြီ။ မလိုလည်းလိုလည်း ကိုယ့်ဘာသာကိုယ် သုံးဖို့ငွေ နည်း နည်းဆောင်သွားသလို လိုအပ်ရင်ပြဖို့ ဒေါ်လာ တချို့လည်း ထည့်ယူသွားပေမဲ့ လေကြောင်းလိုင်း၊ မြန်မာလူဝင်မှု၊ မလေးရှား လူဝင်မှု ဘယ်သူကမှ တောင်းမကြည့် ပါဘူး။
မလေးရှား၊ ကွာလာလမ်ပူ လေဆိပ်ဝင်တော့ လေယာဉ်ပျံပေါ်မှာ ပြည်ဝင်ခွင့်ကတ် မဖြည့်ရပါဘူး။ ဒါနဲ့ ကိုယ်အိပ်ပျော်နေလို့ မရလိုက်သလားဆို ဘေးလူတွေမေးကြည့်တော့ သူတို့လည်း မဖြည့်ရပါဘူး။ လေဆိပ်ဆိုက်ရောက် ကောင်တာနဲ့ လူဝင်မှုကောင်တာကို ရထား နဲ့ကူးရတယ်။ ကလေးတွေကို တသမုယ တသမုနဲ့အော်ပြီး သီးခြားလူစုစစ်ဆေးတယ်။ ကျန်တဲ့ သူတွေကတော့ ဘာပြည်ဝင်ခွင့်ပုံစံမှ မဖြည့်ရ၊ Passport ကိုဖတ်၊ လက်ညှိုး နှစ်ချောင်းထောင် လက်ဗွေယူပြီးတော့ ပြည်ဝင်ခွင့်ပြုလိုက်တာပါပဲ။ လေယာဉ်ပေါ်တုန်းက ဖြည့်နေကျ တည်းခို မယ့် လိပ်စာမေးရင် ဘယ်လို ဖြည့်ကြမလဲလို့ ပူပန်တာတွေက အလကားဖြစ်သွားတယ်။
လေဆိပ်မှာ မြန်မာမိတ်ဆွေတွေ လာကြိုကြပါတယ်။ ခရီးရောက်မဆိုက် အသေးသုံး စရာ ငွေတချို့ ကြိုပေးထားတယ်။ ကော်ဖီတွေ၊ မုန့်တွေနဲ့ ဧည့်ခံကြတယ်။ မျက်စိလည်မှာတို့ ကျန်ခဲ့မှာတို့ ကြောက်လို့ရယ်၊ အင်တာနက် သုံးချင်တာတွေရယ်ကြောင့် တယ်လီဖုန်းကတ် SIM တစ်ခုလောက်ရဖို့ ကြိုးစားပေမဲ့ ဂျဟိုးကို တန်းကူးသွားဖြစ်ကြပါတယ်။
မလေးရှားကို အဆင်းမှာ ဆီအုန်းစိုက်ခင်းတွေကို အရင်ဆုံး လေယာဉ်ပျံပေါ်က မြင်တွေ့ ရပါတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေကို ရောက်ဖူးပေမယ့် မလေးရှားကတော့ ဒါပထမဆုံး ရောက်ဖူးတာမို့ မြင်မြင်သမျှ လိုက်ကြည့်တော့ မိုးမပြတ်တဲ့ မလေးရှားဟာ ပူအိုက်ပေမဲ့ စိမ်းစိမ်း စိုစို ရှိနေပါတယ်။ မလေးရှား၊ ကွာလာလမ်ပူ လေဆိပ်ကနေ မြို့ထဲမဝင်ဘဲ ကီလိုမီတာ ၃ဝဝ လောက်ဝေးတဲ့ ဂျဟိုးကို ကားသုံးစီးနဲ့ ထွက်လာပါတယ်။
မြင်မြင်ချင်း အတွေ့အကြုံကို စင်ကာပူလို အနောက်တိုင်းဆန်ဆန် နိုင်ငံတစ်နိုင်ငံ ထင်ပါရဲ့ လို့ မှတ်ချက်ချမိပါတယ်။ ခမ်းနားတဲ့ ဗလီတချို့ကို တွေ့တယ်။ လမ်းရပ်နား စခန်း တွေမှာလည်း သူတို့ ဘုရားရှိခိုးနိုင်ဖို့ နေရာလေးတွေ လုပ်ပေးထားတယ်။ ဂျဟိုးမှာ ဟောပြော နေကြတုန်း ဘုရားရှိခိုးတဲ့အသံ ဝင်လာတယ်။ ကွာလာလမ်ပူ တရုတ်ခန်းမမှာ ဟောပြောပွဲလုပ်တော့ မြန်မာတွေ ထောင်ချီပြီး တက်ကြပါတယ်။ ဂျဟိုးဆိုတဲ့ စင်ကာပူနယ်စပ်က မြို့မှာတော့ ပထမဆုံးအကြိမ် ဟောပြောပွဲလုပ်တာဖြစ်လို့ ပရိသတ်နည်းပါတယ်။ ဒေသခံလုပ်ငန်းရှင်တွေ က ဧည့်ဝတ်ကျေကြပေမဲ့ အချိန်ကနည်းနေတော့ ဘယ်မှမသွားနိုင်ကြ၊ မရောက်နိုင်ကြပါဘူး။
ခရစ္စမတ်ရက်အကျော် နှစ်ကူးခါနီးမို့ ဟိုတယ်တွေရှိသမျှ အကုန်ပြည့်နေပါတယ်။ နံနက်စာစားဖို့အရေး အတော်ကြာအောင် တန်းစီရပေမဲ့ တနင်္လာနေ့ မနက်ရောက်တော့ အားလုံး ပြန်ကုန်ကြတယ် ထင်ပါရဲ့၊ အတော်လေး ရှင်းသွားတယ်။ ဟိုတယ်ရှေ့မှာ ခါတိုင်းပြည့်နေတဲ့ နှစ်ထပ်ဘတ်စ်ကားတွေကိုတောင် သိပ်မတွေ့ရတော့ဘူး။
ဟိုတယ်ရှေ့မှာတောင် မြန်မာစာဆိုင်းဘုတ်နဲ့ မြန်မာဆိုင်းဘုတ် တွေ့ရတယ်။ ဂျဟိုးမှာ ဘုန်းကြီးကျောင်းလည်း ရှိပြီး မလေးရှားမှာကို မြန်မာဘုန်းကြီးကျောင်းလေးတွေ ခြောက် ဆယ်လောက် ရှိသတဲ့။ မလေးရှားမှာ မြန်မာပရိသတ် အတော်အင်အား တောင့်နေတယ်လို့မှန်းဆနိုင်ပါတယ်။ ကွာလာလမ်ပူ၊ ဘတ်စ်ကားဂိတ်နားဆိုလည်း မြန်မာဆိုင်တွေချည်း တန်းစီ နေတဲ့ လမ်းတောင်ရှိတယ်။
မြန်မာတွေ ဘယ်လောက်လာကြ၊ ပြန်ကြတယ် မပြောတတ်။ ဆရာကျော်ရင်မြင့်က အောက်လမ်းဆရာကြီးလို့ ကင်ပွန်းတပ်ထားတဲ့ ကိုတိုနီရဲ့ ခရီးသွားအကျိုးဆောင် လုပ်ငန်း ကတော့ တောက်လျှောက် တယ်လီဖုန်းဖြေနေရပြီး ပြန်ချင်တဲ့သူတွေရော၊ လာချင်တဲ့သူတွေရော တောက်လျှောက် ရှိနေပါတယ်။ ဂျဟိုးကိုအသွားမှာ တစ်လမ်းလုံး သူဟောပြောတာကို ဆရာ ကျော်ရင်မြင့်က နာခံရပါတယ်။ အပြန်မှာတော့ ကျွန်တော်တို့ နှစ်ယောက်က သူ့ကို ဝိုင်းပြီး အင်တာဗျူးကြပါတယ်။ မိဘတွေလည်း မြန်မာပြည်ထဲမှာ မရှိတော့ မိသားစုနဲ့ ကွာလာ လမ်ပူမှာ အခြေတကျဖြစ်နေတဲ့သူက မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ပြန်ရောက်စဉ်မှာ တန်ခိုးကြီးဘုရားတွေ လှည့်ဖူးပြီး မြန်မာနိုင်ငံကို မပြန်ရတော့လိုပါ၏လို့ ဆုတောင်းရလောက်အောင် ဘာတွေ တွေ့ကြုံခဲ့သလဲ မသိပါဘူး။ ခုအထိတော့ သူ့ဆုတောင်း ပြည့်နေပုံရပါတယ်။ မလေးရှားရောက် မြန်မာတချို့ကလည်း မိုးကုန်ရင် ပြန်မယ်ဆိုပေမဲ့ မလေးရှားက ဘယ်တော့မှ မိုးပြတ်တာ မဟုတ်ဘဲကိုး။
မပြန်ချင်ပေမဲ့ ပြန်ရတဲ့သူတွေလည်း ရှိပါတယ်။ ကွာလာလမ်ပူလေဆိပ်မှာ မွေးနေ့ရှင် ဆရာမ မြနဒီက လိုက်ပို့တယ်။ စာရေးဆရာမ သုံးယောက်ကို ထိုင်ကန်တော့တယ်။ လူဝင်မှု ကြီးကြပ်ရေး ကောင်တာကို သူကန်တော့တာခံအပြီး ဝင်လာကြတယ်။ ဘေးမှာ ကလေးတွေ နှစ်ယောက်စီ တန်းစီလို့ ။ မိန်းကလေး တချို့လည်းပါတယ်။ သေချာကြည့်တော့ လက်ထိပ်တွေနဲ့။ ဪ.. ပြန်ပို့ခံရတဲ့ ကလေးတွေကိုးလို့။ နောက် ကိုယ့်လိုပဲ မလေးရှားက ပြန်မယ့် ဦးပဉ္စင်းက သူတို့လက်ထဲမှာ ကိုင်ထားတာ မြန်မာနိုင်ငံကူး လက်မှတ်တွေလေဆိုမှ မြန်မာတွေ မှန်းသိတာ။ ထွက်ခွာခန်းမထဲမှာ သူတို့ကို နှစ်သုတ်လောက် လာပို့တာတွေ့တယ်။ ဆရာမ မစန္ဒာက လေယာဉ်ပေါ်မှာ စားရမယ့်ထမင်းကို မစားရက်ဘဲ ကလေးတွေကို ကျွေးလိုက်ပါ ဆိုလို့ ကိုယ့်ထမင်းဗူးကိုပါ ထည့်ပေးလိုက်တယ်။ မလေးရှားအကျဉ်းမှာ တစ်လလောက် နေခဲ့ ရတယ်။ ထမင်းက နှစ်လုပ်လောက်စားရတယ်ဆိုတာတွေ ကြားရပေမဲ့ သိပ်ပြီးမကြားချင်၊ မကြားရက်နဲ့ ဆက်ပြီးမေးနိုင်စွမ်းမရှိပါဘူး။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် ဆွေးနွေးပွဲမှာ ကိုယ်ဟောပြောတဲ့ အကြောင်း အရာတွေကိုပဲ အကျဉ်းချုပ်ပြီး ဟောဖြစ်ပါတယ်။ ကိုယ့်အိမ်ပြန်တာပဲဗျာ ကိုယ့်အိမ်ဆိုတာ ဆင်းရဲဆင်းရဲ၊ ချမ်းသာချမ်းသာ ကြိုက်တဲ့အချိန် ပြန်လို့ရပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဆင်းရဲချမ်းသာမရွေး ပြန်လို့ရပါတယ်။ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရတာကို နားလည်နိုင် ပါတယ်။ ခင်ဗျားတို့ ပျော်ရာမှာ ပြန်နေနိုင်အောင် ဝိုင်းဝန်းကြိုးစား နေကြပါတယ်။ တော်ရာမှာ နေရတဲ့အခါ ပျော်အောင်လည်းနေကြပါ၊ တော်အောင်လည်း နေကြပါ။ ငွေထုပ်ပိုက် ပြန်လာရုံ သာမက အတွေးအမြင်တွေ၊ အတွေ့အကြုံတွေ၊ ပညာဗဟုသုတတွေ၊ နည်းပညာတွေ၊ အတတ ပညာတွေလည်း ယူခဲ့ကြပါ။ မလေးရှားတွေရဲ့ အိတ်ထဲက ငွေတွေ ခုန်ထွက်လာအောင်လည်းလုပ်ကြပါလို့ ပြောဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတော်များများက မြန်မာလုပ်သားတွေအတွက် ရည်စူးပုံရပြီး တချို့လုပ်ငန်း မလေးရှားကို ဦးတည်တယ်။ ဆောက်လုပ်ရေးလုပ်ငန်း ဝင်လုပ် နေတဲ့ သူတချို့လည်း ရှိတယ်။ မလေးရှားရောက် မြန်မာပညာရှင်တချို့နဲ့လည်း ဆုံပါသေး တယ်။ ဟိုတယ်မှာ၊ ဟိုတယ်ဘေးက စားသောက်ဆိုင်မှာလည်း မြန်မာတွေနဲ့ တွေ့ရပါတယ်။
ထူးထူးခြားခြား နှလုံးလှသွေးလှူရှင်အသင်းနဲ့ နာရေးကူညီမှုအသင်းဆိုရင် အဖွဲ့ ဝင် လေးရာ လောက်ရှိပြီး သက်တမ်းတစ်နှစ် ပြည့်တော့မယ်ဆိုတော့ ဆရာမ မစန္ဒာက သဒ္ဓါပေါက် ပြီး ချက်ချင်းပါတယ်။ မြန်မာဂျာနယ်၊ မဂ္ဂဇင်းကလည်း ၂၅ စောင်ရှိတယ်တဲ့။ ဟောပြောပွဲ စီစဉ်ရာမှာ ပါဝင်တဲ့ စာစောင်တွဲကိုက မနည်းဘူး။ ဒါကြောင့် အဆောက်အအုံတွေ၊ လမ်းတွေ ကလွဲရင် မြန်မာအဝန်းအဝိုင်းကြားမှာမို့ နိုင်ငံခြားရောက်နေတယ်လို့တောင် သိပ်မခံစားမိ ပါဘူး။
ရောက်တုန်းရောက်ခိုက်တော့ မြန်မာတွေ စုစည်းကြတာ၊ အလုပ်လုပ်ကြတာ၊ ကြိုးစား ကြတာတွေ ကြားသိရလို့ စိတ်ချမ်းသာရပါတယ်။ ဟောပြောပွဲလာဖို့ အလုပ်ပိုလုပ်ပြီး အချိန် အားရအောင် ကြိုးစားကြရတယ်ဆိုတော့ ကျွန်တော်တို့လည်း အလေးထားပြီး အချိန်ကုန်ရကျိုး နပ်အောင် ကြိုးစား ဟောပြောခဲ့ကြကြောင်းပါ။
ပြင်ဦးလွင်မှ မုဒုံသို့
(၁)
ခရီးတွေ ဆက်တိုက်ဖြစ်သွားတဲ့အခါ ခရီးစဉ်တိုင်းကို ချမရေးဖြစ် သလို အစပြန်ဖော်ဖို့ ခက်တာတွေပါ ကြုံရပါတယ်။ နေ့စဉ်မှတ်တမ်း ချမရေး ဖြစ်တာကလည်း အတော်ကြာပြီလေ။ ချရေးဖြစ်တဲ့နှစ်တွေက မှတ်တမ်း တွေကိုလည်း အိမ်အပြောင်းအရွှေ့မှာ ရှင်းပစ်ခဲ့တယ်။
ဒီဇင်ဘာလထဲမှာ ပြင်ဦးလွင်နားက အာရှအလင်းရောင် ဘုန်းကြီး ကျောင်းမှာ ဒါနရှေ့ဆောင် မြန်မာကလုပ်တဲ့ စခန်းချပွဲ၊ ပြန်လည် ဆုံတွေ့ ပွဲကို လိုက်သွားပါတယ်။ တပည့်ဟောင်း၊ သင်တန်းသားဟောင်းတွေနဲ့တွေ့ရအောင်သွားပေမဲ့ သူတို့လည်း ကိုယ့်တာဝန်နဲ့ကိုယ်ဆိုတော့ အားလုံး မလာနိုင်ကြသလို၊ ကိုယ်ကလည်း သိပ်ပြီးမှတ်မိတာမဟုတ်ဘူး။ မြန်မာတွေရဲ့ သဒ္ဓါတရားကတော့ လမ်းမကနေ နှစ်မိုင်လောက်ဝင်ရတဲ့ ကျောင်း မှာ ကျောင်းတွေက အပြည့်၊ နေရာချထားတဲ့ ကျောင်းထဲမှာဆိုရင် ရေပူ ရေအေးသာမက ကျောက်ပြင်တောင် တွေ့ခဲ့ရသေးတယ်။ ဒကာ ဒကာမ တို့လည်း လာပြီးတည်းကြပုံရပါတယ်။ ဆရာတော်က ဝိပဿနာရော၊ပရဟိတရော အားလုံးဆောင်ရွက်ပြီး ခေတ်အမြင်လည်း အတော်လေး ခိုင်ခိုင်မာမာရှိပုံ ရပါတယ်။
ပြင်ဦးလွင်မှာ ဟောပြောပို့ချအပြီး ထိုင်းနိုင်ငံ ရောက်ရပြန်တယ်။ ဒီအကြောင်းတော့ ရေးပြီးပြီ။ ထိုင်းနိုင်ငံက ပြန်လာတော့ အာစရိယပူဇော်ပွဲ- စီးပွားရေးတက္ကသိုလ်မှာ လုပ်တာ ဝင်ပြီးပူဇော်တယ်။ ကိုယ်က အသက် ၆၀ မပြည့်သေးတော့ မပါသေး။ ဒီတစ်ခါ အာစရိယ ပူဇော်ပွဲမှာ ကိုယ့်အတန်းနဲ့ကိုယ် လူစုကြ၊ လှူကြတန်းကြတဲ့ အစီအစဉ်တွေ၊ ညဘက် မိတ်ဆုံ စားပွဲနဲ့ ဂီတပဒေသာ၊ ပြီးတော့ ကံ့ကော်ဆောင်တို့ သရဖီဆောင်တို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆုံတွေ့ကြနဲ့ဆိုတော့ နှုတ်ဆက်ရတာကိုက မောလို့။ ပြီးတော့ စကားလည်း ဆုံးအောင် မပြော နိုင်၊ ဟိုလူ့နှုတ်ဆက်ရ၊ ဒီလူက ဝင်နှုတ်ဆက်နဲ့ တစ်ယောက်နဲ့တစ်ယောက် လာလို့လာမှန်း မသိ၊ မတွေ့လိုက်ရတဲ့ သူတွေကလည်း အများကြီး။ ကိုယ်တောင် စီးပွားရေးတက္ကသိုလ်ရဲ့ အင်းလျားကန်ဘက်ခြမ်းက အလှူမဏ္ဍပ်တွေ မရောက်ဖြစ်လိုက်ပါဘူး။ ကန်တော့ပွဲလုပ်တဲ့ နီလာရတုခန်းမဆို ခြေချမိရုံပဲရှိရဲ့။ လူတွေများလွန်းတော့ ဆရာ ဆရာမတွေတောင် အဝင်ရ ခက်၊ အထွက်ရခက်နဲ့။ ညစာစားပွဲကိုတော့ မလာနိုင်ကြတာ များပါတယ်။ အသက်တွေက ငယ်တော့တာမှ မဟုတ်တာ။
အာစရိယပူဇော်ပွဲ လုပ်တဲ့နေ့က အိမ်မှာလည်း သမီးက သူ့သူငယ်ချင်းတွေနဲ့ ပျော်ပျော် ပါးပါး မွေးနေ့ အလှူလုပ်တယ်။ တစ်နေ့လုံး မောနေပေမဲ့ ပျော်နေတာပါပဲ။
( ၂ )
စီးပွားရေးတက္ကသိုလ် အာစရိယပူဇော်ပွဲကိုလာတဲ့ မုဒုံက တပည့်ဟောင်းတစ်ယောက် က သူတို့မုဒုံမှာ လာပြီး ဟောပေးပါဆိုတော့ နှစ်ခါမစဉ်းစားဘဲ ခေါင်းညိတ်ပါတယ်။ အဲဒီဘက် မရောက်တာလည်း အတော်လေးကြာပြီ။ အာစရိယပူဇော်ပွဲက အပြန်မှာ သူနဲ့တစ်ခါတည်း လိုက်သွားတယ်။
ကျိုက်ထီးရိုးသွားတဲ့ ကျိုက်ထိုအထိတော့ ရောက်ထားတာ မကြာသေးဘူး။ ကျိုက်ထိုက နေ ဟိုဘက်မှာလည်း လမ်းကကောင်းလိုက်တာ။ ဝေါမှာ နေ့လယ်စာစားပြီး ခရီးဆက်ကြတာ။ ညနေစောင်းတော့ မော်လမြိုင်ရောက်၊ မော်လမြိုင်ကမ်းနားမှာ ညစာမစားမီ နေဝင်ချိန် သံလွင်မြစ်နဲ့ စင်ရော်တောင်ရဲ့ အလှကို မလွတ်တမ်း ခံစားလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ ပြီးမှ ညစာစားကြတယ်။ ညစာစားပြီး မုဒုံကို ခရီးဆက်တော့ မှောင်နေလို့ သိပ်ပြီးမမြင်ရတော့ပါဘူး။ လမ်းမှာ နယ်စပ်ကပစ္စည်း သယ်လာပုံရတဲ့ ဗင်ကားတွေက မကြာခဏတွေ့ရတယ်။
မုဒုံရောက်တော့ ရေတောင်မချိုးနိုင်ပါဘူး။ တန်းအိပ်တာပဲ။ အနွေးထည်တွေ အိတ် အပြည့် ယူလာခဲ့ပေမဲ့ ရာသီဥတုက ရန်ကုန်လောက်တောင် မအေးပါဘူး။ မော်လမြိုင်မှာ ရိုက်တဲ့ဓာတ်ပုံတွေတင်ဖို့ ကြိုးစားတဲ့ စီဒီအမ်အေက အင်တာနက် ကောင်းကောင်းသုံးလို့ရ တယ်။ ဒါပေမဲ့ မုဒုံလည်း ရောက်ရော စီဒီအမ်အေက သုံးလို့မရ။ သုံးလို့ရတဲ့ တယ်လီဖုန်းကလည်း ဓာတ်ပုံလေး တစ်ပုံတင်ဖို့ နာရီဝက်လောက် ကြာတာတောင် မသေချာဘူး။ ဒါပေမဲ့ ကံအားလျော်စွာ ဂျီမေးလ်ဖွင့်လို့ ရနေတော့ စာတွေ တောက်လျှောက်ရ၊ အကြောင်းပြန်၊ ရေးပို့ လုပ်လို့ရနေတယ်။ လေယာဉ်မတော်တဆဖြစ်တဲ့ သတင်းကို ကျိုက္ခမီနဲ့ စက်စဲမှာ Facebook ကနေ သိရတယ်။
ခရစ္စမတ်နေ့မှာ မုဒုံက ဆွမ်းလောင်းတာ၊ သံဃာတွေအိမ်ပင့်ပြီး ဆွမ်းကျွေးတာ၊ ဧည့် ပရိသတ်တွေဖိတ်တာနဲ့ တန်းတွေ့တာပဲ။ အိမ်ရှေ့က ကလေးတွေက စောစောစီးစီး သီလယူကြ၊ ကန်တော့ကြ ပြီးတော့ စာကျက်တာနဲ့ အစောကြီး မင်္ဂလာရှိတဲ့အသံတွေ ကြားနေရတယ်။ ပြီးတော့ ကားပေါ်မှာတွေ့ရတဲ့ ပုံတော်ကို အကြောင်းပြုပြီး မုဒုံက ပထမ မင်းကွန်း ဇေတဝန် ကျောင်းဆရာတော်ကို သွားရောက်ဖူးမျှော်ခွင့်လည်း ကြုံပါတယ်။
ကိုယ်ဖြင့် မုဒုံစောင်ဆိုတာတော့ မေ့သလောက်ရှိနေပေမယ့် မုဒုံစောင် တစ်ထည်တော့ လက်ဆောင်ရခဲ့သေး။ မြင်မြင်သမျှ တောင်တွေပါမကျန် ရွှေဖြူလို့ခေါ်တဲ့ ရာဘာပင်တွေချည်း ပါ။ မုဒုံက ဟိုတုန်းကဆို လယ်ယာနဲ့ ရက်ကန်း၊ နောက်ကျတော့ လယ်ယာနဲ့ ရာဘာဆိုပြီး တစ်ခုခုကို အရန်ထားတတ်တဲ့ အလေ့အထ ရှိတယ်လို့ မုဒုံမဂ္ဂဇင်းထဲမှာ ဆရာမောင်မောင် ရွှေမြိုင်ရေးထားတာ တွေ့ရတော့ အခုမုဒုံသားတွေရော ဒီလိုပဲလားလို့ မေးမိပါသေးတယ်။ ရာဘာအပြင် တခြားဘာ အရန်ထားသလဲဆိုတဲ့ မေးခွန်းကိုလည်း မေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဟိုတုန်းက အဆင့်မြင့် ရာဘာတွေ ရာခိုင်နှုန်း ခပ်များများ ထုတ်လုပ်နိုင်ခဲ့ရာက အခုတော့ အဆင့်နိမ့်တွေ ရာနှုန်းများတာမို့ အဆင့်နိမ့် ဝယ်တဲ့နိုင်ငံကိုပဲ လှိမ့်ရောင်းနေတယ်လို့ ဆိုတာကိုး။