ခင်မောင်ညို(ဘောဂဗေဒ) - ဗုဒ္ဓအလိုကျလုပ်ငန်းရှင်နှင့်စျေးကွက်စီးပွါးရေး
ဗုဒ္ဓအလိုကျ လုပ်ငန်းရှင် (၁)
ဗုဒ္ဓဘာသာနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အကြောင်းကိုပြောချင်ပါသည်။ မှန်ပါသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုတာ အနောက်တိုင်းက၊ ပြင်သစ်က၊ အမေရိကန်က - အင်္ဂလန်က ဖော်ထုတ်လာသော အယူအဆ ဖြစ်ပါ သည်။ သို့သော် အရှေ့တိုင်းမှာလည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရှိသည်။
သို့ဖြစ်၍ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ အဆုံးအမများ ထဲမှ လောကီရေး နယ်ပယ်၊ ခေါင်းဆောင်မှု နယ်ပယ်၊ လုပ်ငန်းရှင် နယ်ပယ်တွင် အသုံးဝင်သော သဘာဝ တရား အချို့ကို ကောက်နုတ် ဖော်ပြလိုပါသည်။ အဓိက အားဖြင့်
၁။ သတိ (မမေ့လျော့ခြင်း)
၂။ အနတ္တ (အတ္တမဟုတ်ခြင်း)
၃။ ဝါဘီ (ရောင့်ရဲခြင်း)
၄။ အနိစ္စ (မမြဲခြင်း)
၅။ ဥပေက္ခာ (လောကဓံတရားကို ခံနိုင်ခြင်း)
တို့ကို ဆွေးနွေးချင်ပါသည်။ အပြည့်အဝ တင်း ပြည့် ကျပ်ပြည့်တော့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဗုဒ္ဓအလိုကျ လုပ်ငန်းရှင်ကောင်း တစ်ယောက်၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ကောင်းမှ ဖြစ်မည်။ သို့သော် ဗုဒ္ဓဓမ္မလာ ဒဿနများသည် ထိရောက် ထက် မြက်သော၊ ကိုယ်စိတ်ချမ်းသာသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ရေးအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း ပြရန် ရည်ရွယ်ပါသည်။ ဓမ္မကို လောကီနယ်ထဲ စီးပွားရေးလောကထဲ ဆွဲသွင်းရကောင်းလားဟု မငြိုငြင်စေလိုပါ။ တကယ်တော့ ဗုဒ္ဓဓမ္မလာ ဒဿနများကို အာရှ အတွေး အခေါ်များမှာသာမက တော်စတွိုင်းတို့လို ပုဂ္ဂိုလ်ကြီး များ၏ အပေါ်မှာပါ လွှမ်းမိုးမှုရှိသည်ဟု ဆိုပါသည်။ အခြား ဘာသာရေး ခေါင်းဆောင်များ၏ ဟောကြား ချက်များတွင်လည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အတွက်လည်းကောင်း၊ ခေါင်းဆောင်များအတွက် လည်းကောင်း ဆီလျော်သော အဆုံးအမများ ပါတန်ရာသော် လည်း လက်လှမ်းမမီ၍ မဖော်ပြနိုင်ပါ။//
၁။ သတိ
ကျွန်တော်တို့ ယုံကြည် ဆည်းကပ်သော မြတ်ဗုဒ္ဓ သည် “သတိ” ဟူသော ဓမ္မတစ်ရပ်ကို အကြိမ်ပေါင်း များစွာပင် ဟောပြောတော် မူခဲ့ပါသည်။ ပရိနိဗ္ဗာန် ပြု လုပ်ဆဲ နောက်ဆုံးအချိန်၌ပင် သတိမလျော့ကြဖို့၊ မပေါ့ တန်ကြဖို့ အပ္ပမာဒတရားကို ဟောကြားခဲ့ပါသေးသည်။
တကယ်လည်း ကျွန်တော်တို့ တွေ့ကြုံနေရသော ဒုက္ခများ၊ ဝေဒနာများ၊ ဆင်းရဲမှုများသည် ကျွန်တော်တို့ သတိမေ့လျော့ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာရသည် မဟုတ်ပါလား။ လုပ်ငန်းရှင် တစ်ယောက် အနေဖြင့် သတိမေ့လျော့ခြင်းသည် ဆုံးရှုံးမှုအားလုံး၏ အခြေခံ အကြောင်းတရားတစ်ရပ် ဖြစ်နေတတ်ပါသည်။ အကယ် ၍သာ ကျွန်တော်တို့သည် အချိန်ကန့်သတ်ချက်၊ နောက် ဆုံးဟု သတ်မှတ်ထားသောရက်များ၊ ကျွန်တော်တို့၏ အပြုအမူကြောင့် လူအမျိုးမျိုး စိတ်အထွေထွေ အပေါ် ကျရောက်မည့် အကျိုးသက်ရောက်မှုများ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်မှုများကိုသာ သတိရ၊ ဂရု ပြုမိ၍ ပေါ်ပေါက်လာနိုင်သည့် ပြဿနာ အတော်များ များကို တားဆီးနိုင်စရာ ရှိသည်။
နှောင့်နှေး ကြန့်ကြာခြင်း၊ ဖင့်နွှဲနေခြင်း၊ အချိန်ဆွဲ နေခြင်းတို့သည်လည်း သတိမရှိခြင်း လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ရှေ့ရေးကို ကြိုတင်တွေးဆတတ်၊ ကြိုတင် စီမံတတ်သောသူ တစ်ယောက်၏ အရည်အချင်းများထဲ တွင်လည်း သတိသည် ရှေ့ဆုံးက ပါနေတတ်ပါသည်။ မျက်တောင်မွေး တစ်ဆုံးကိုသာ မကြည့်၊ ဉာဏ်မျက်စိ အဆုံးကြည့်ကာ ဉာဏ်အမြော်အမြင်ဖြင့် ချိန်ဆတတ်ဖို့ အတွက်လည်း သတိရှိရန် လိုအပ်ပါသည်။ ရှည်ရှည် ဝေးဝေး တွေးတတ်ကြမည်ဆိုလျှင် တစ်ခန်း၊ တစ်လ၊ တစ်နှစ်၊ တစ်ခေါက်လောက်သာ မကြည့်ပါ၊ ဆယ်စုနှစ် ရာစုနှစ်မှသည် သံသရာ အဆက်ဆက်ထိ ကြည့်တတ် ကြဖို့ ကောင်းပါသည်။ အရှည်အဝေးကို မကြည့်သော အခါ ရေတစ်ပွက်လောက် ကာလ၊ တစ်မွန်းတည့်လောက် ကောင်းစားတာကို အဟုတ်ကြီး ထင်တတ်ကြ ပါသည်။
ဂျပန်၊ မတ်ဆူရှီတာ ကုမ္ပဏီ မတ်ဆူရှီတာဆိုလျှင် သူ့အဖွဲ့အစည်းအတွက် နှစ် ၂၅၀ စာ စီမံကိန်း ရှိသည်ဟု ဆိုပါသည်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ။ ထိုဖြစ်ရပ်များကို ဘယ်လို တုံ့ပြန်မလဲ၊ ဘယ်လို အဆင် သင့်ဖြစ်အောင် ပြင်ထားလဲ၊ စိတ်ဓာတ်ခွန်အားတွေ လွင့် ပျံကာ အလဟဿ မဖြစ်စေဘဲ တန်ဖိုးတွေတက်ဖို့ ဘာ လုပ်ပေးရမလဲ စသည်ဖြင့် ပြင်ဆင်ထားနိုင်ဖို့မှာ သတိ ကို အခြေခံပါသည်။
၂။ အနတ္တ
ကိုယ်မဟုတ် အစိုးမရဘူးတဲ့၊ အတ္တ မဟုတ်ဘူး အနတ္တတဲ့။ ကိုယ်မပိုင် အစိုးမရပုံများ ပြောရရင် ကုဋီ တက်တာတောင် လေလည်ပြီး ပြန်ခဲ့ရက်တွေ ရှိတယ်ဟု တောင်မြို့ဆရာတော် မိန့်ကြားသံကို နာယူဖူးပါသည်။
သို့သော် လက်တွေ့တွင် ကျွန်တော်တို့သည် ငါမှငါ ဖြစ်နေကြပါသည်။ အစိုးရသည်ဟု ထင်နေကြပါသည်။ အတ္တတွေ လွန်ကဲ၊ အတ္တတွေ ကြီးမားနေတော့ အစိုးရ သည် ထင်ပြီး လုပ်ရာမှ အစိုးမရတာတွေ ဖြစ်လာ ကြသည်။ ပိုင်လှသည် နိုင်လှပြီထင်ပြီး လုပ်ရာမှ မပိုင် မနိုင်တာတွေ ပေါ်ပေါ်လာသည်။
လုပ်ငန်းရှင် နယ်ပယ်တွင် အနတ္တ၏ အရေးပါပုံ အချို့ကို ပြောပါမည်။ ထိရောက်အောင်မြင်သော လုပ် ငန်းရှင် တစ်ယောက်သည် မိမိဝန်ထမ်းများ ပြန်လည် တင်ပြရဲရန်၊ ဝေဖန်ရဲရန် အားပေးရပါသည်။ အတ္တ ကြီး မားသောသူ တစ်ယောက်သည် မိမိကို ပြန်ပြောခြင်း၊ ပြန်ဝေဖန်ခြင်းများကို မကြိုက်ကြ။ အတ္တနည်းသော ပုဂ္ဂိုလ်များသာ သူတို့၏ လုပ်ရပ်နှင့် စွမ်းရည်အပေါ် ဝေဖန်မှုကို ခံနိုင်ရည်ရှိကြသည်။ ဝေဖန်အောင်လည်း အားပေးကြသည်။ ဝေဖန်စရာ ရှိက ဝေဖန်ပါ ဆိုပြီး အကောင်းကိုသာ ပြောမှကြိုက်သော၊ အောင်မြင်သည် ကိုသာ လိုလားသော၊ မအောင်မြင်သည်ကို မကြားလို၊မမြင်လိုသော လုပ်ငန်းရှင်တစ်ယောက်၊ ခေါင်းဆောင် တစ်ယောက်ကို မည်သူကမျှ ဝေဖန်ရဲကြမည် မဟုတ်။ ရှေ့တွင်သာ မဝေဖန်ရဲကြသော်လည်း ကွယ်ရာ၌ ကဲ့ရဲ့ ပြစ်တင် ရှုတ်ချကြမည်သာ ဖြစ်သည်။ ကွယ်ရာတွင် ပြစ်တင်ရှုတ်ချမှု နည်းစေလိုလျှင် ရှေ့၌ပင် ရဲရဲတင်းတင်း ဝေဖန်ခံနိုင်ရပေမည်။
တကယ်တော့ ဝေဖန်ခံနိုင်သော သတ္တိသည် လုပ်ငန်းရှင် တစ်ယောက်၊ ခေါင်းဆောင် တစ်ယောက်က မွေးမြူရမည့် စိတ်ဓာတ်မျိုး ဖြစ်ပါသည်။ အရှင်သာရိ ပုတ္တရာ ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အမျိုးမထင်ရှားသည့် ကိုရင်လေး တစ်ပါးက သင်္ကန်းအစွန်း မညီကြောင်း ဝေဖန်ရဲခြင်းသည် အရှင်သာရိပုတ္တရာ၏ အဝေဖန်ခံရဲမှု၊ အတ္တနည်းမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကိုရင် လေး၏ ဝေဖန်ချက်မှာ မှန်နေသဖြင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တလေးတစား နာယူခဲ့သည်ကိုတွေ့ ရပါသည်။ တစ်နည်းဆိုရလျှင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အဝေဖန်ခံဖို့၊ အဝေဖန် ခံနိုင်ဖို့၊ အဝေဖန် ခံရဲဖို့ နမူနာပြခဲ့သည်ဟု ဆိုချင်ပါသည်။
အဝေဖန် မခံရဲကြတော့ မှားနေလို့ မှားနေမှန်းမသိ။ ရှုံးနေလို့ ရှုံးမှန်းမသိ၊ ပျက်နေလို့ ပျက်မှန်းမသိနိုင်အောင် အားလုံးက ဝိုင်းဝန်း ဖုံးဖိပေးထားတတ်ကြသည်။ “ဘောင်းတော်ညိတ်၊ စိတ်တော်သိကြား၊ မှန်ပါ့ဘုရား”
သံတော်ဦး တင်ကြသည်။ “အားလုံး ကောင်းပါသည် ခင်ဗျား” ဟု သံတော်ဦး တင်ကြသည်။ ပါရမီရင့်သန်သော ပုဂ္ဂိုလ် မဖြစ်သေးလျှင် မည်သူမျှ စင်းလုံးချော မဟုတ်၊ အပြစ်မတင်ကြ။ စင်းလုံးချော မဟုတ်ပါဘဲ လျက် ဟုတ်သယောင် အယောင်ဆောင်ခြင်း၊ ဟုတ်နိုး နိုးထင်ခြင်း၊ မိမိကိုယ်မိမိ လိမ်လည် လှည့်ဖြားခြင်း၊ သူတစ်ပါးက မိမိကို လိမ်က ကြိုက်ခြင်းတို့သည် အတ္တ ကြီးမားသော ပုဂ္ဂိုလ်များ၏ အရာဖြစ်သည်။
လက်အောက်ငယ်သား ဝန်ထမ်းများ ရွေးချယ်ရာ တွင် ဘယ်လိုပုဂ္ဂိုလ်မျိုး ရွေးကြမည်နည်း။ ကိုယ့်ထက် သာသူကို ရွေးမလား၊ ကိုယ်နှင့် တန်းတူကို ရွေးမလား၊ ကိုယ့်ထက် ညံ့သူကို ရွေးမလား အသေအချာ ဖြေကြည့် ပါ။ ကိုယ့်ထက်ညံ့သူကို ရွေးဖို့ များပါလိမ့်မည်။ ကိုယ် နှင့် တန်းတူကို ရွေးလျှင် ကိုယ့်ထက် သာသွားမှာ စိုးကြ သည်။ ကိုယ့်ထက် အသိပညာ၊ အတွေ့ အကြုံ သာလွန် သည့်သူကို ရွေးဖို့ဆိုသည်မှာ စဉ်းပင် စဉ်းစားစရာ မဟုတ်။
သည်တော့ ကိုယ့်ထက် ညံ့သောသူတွေ အလုပ် လုပ်လျှင် ကိုယ်လုပ်တာထက် ပိုမကောင်းနိုင်။ အတ္တ ဘက်ကကြည့်လျှင် ကျေနပ်သော်လည်း လုပ်ငန်းဘက် ကကြည့်လျှင် အလွန် နစ်နာသည်။ အရည်အချင်း ရှိသူ များ၊ ထက်မြက် ထူးချွန်သူများ ဝိုင်းရံသည်ကို အတ္တနည်းသော ပုဂ္ဂိုလ်များသာ ခံနိုင်ရည် ရှိကြသည်။ အတ္တ ကြီးမားသော ပုဂ္ဂိုလ်များ၏ ဘေးတွင် ဟုတ်ကဲ့သမား များ၊ ခေါင်းညိတ်တတ်သူများ၊ ပြန်ပြောရဲသော ပါးစပ် မပါသူများ၊ အရည်အချင်း မရှိသူများ ဝိုင်းရံနေတတ်ကြ သည်။
ထိရောက် ထက်မြက်သော လုပ်ငန်းရှင်သည် မှား ရဲရမည်။ အမှားကို အပြောခံရဲရမည်။ အမှားမှ သင်ခန်း စာ ယူရဲရမည်။ မိမိ၏ အမှားပင် မဟုတ်လင့်ကစား အဘက်ဘက်က တာဝန်ယူခဲ့သော ပုဂ္ဂိုလ်များ၏ အမှား ကို မိမိ၏ အမှားသဖွယ် တာဝန်ခံရဲ၊ တောင်းပန်ရဲသော ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များသည် ကြီးမားသော သတ္တိ ရှိကြသည်။
အတ္တကြီးမားသော ပုဂ္ဂိုလ်များသည် သူတို့ကို လူ တိုင်းက ကြိုက်စေချင်၊ သဘောကျစေချင်ကြသည်။ တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း ရတာ အကုန်တောင်း ဆိုသော (တ) သုံးလုံး လှေသမားများ ဖြစ်ကြသည်။ တကယ်တော့ လူတိုင်းနှင့်တည့်ဖို့၊ လူတိုင်းအကြိုက်ကို လိုက်ဖို့ ဆိုသည်မှာ လူမဆိုနှင့် နတ်များ၊ သိကြားများ၊ ဘုရား၊ ရဟန္တာများပင် တတ်နိုင်သောကိစ္စ မဟုတ်ပေ။ လူတိုင်း၏ အကြိုက်ကို လိုက်နေရလျှင် လူတိုင်း၏ မကြိုက်ကိုသာ ရမည်။
ထိရောက် ထက်မြက်သော လုပ်ငန်းရှင် တစ်ယောက် အနေဖြင့် လိုအပ်လာလျှင် ငြင်းရဲရမည်။ အချို့ သော ပုဂ္ဂိုလ်များ မလိုလားသည့် ဆုံးဖြတ်ချက်မျိုးကို ပင် ဆုံးဖြတ်ရဲရမည်။ တာဝန်ကျေဖို့၊ လုပ်ငန်း အောင်မြင် ဖို့အတွက် အများမကြိုက်သော်လည်း လုပ်သင့်က လုပ် ရဲရသည်။ အတ္တ နည်းရသည်။
တစ်ဖန် ထူးချွန်သော လုပ်ငန်းရှင်တို့သည် လက် အောက် ငယ်သားတို့ကို ချီးကျူးရန် ဝန်မလေး၊ မြှောက် စားရန် မခဲယဉ်း၊ လုပ်ငန်းရှင် အတော်များများတို့က မိမိတို့ထံ၌ ဝန်ထမ်းမမြဲကြောင်း မကြာခဏ ပြောတတ် ကြသည်။ မိမိ၏ ဝန်ထမ်းကို ဘယ်နှကြိမ် ချီးကျူးဖူး ပါသလဲ၊ မြှောက်စားဖူးပါရဲ့ လား၊ သိပ်မမြှောက်ပေးနဲ့ မြှောက်ပေးလျှင် မြောက်သွားပြီး အထိန်းရခက်သည်ဟု ကြားဖူးပါသည်။ နှိမ်ပေးလျှင်ကော ထိန်းလို့ရပါရဲ့လား၊ ထိန်းလို့ ရပါမည်လား မေးချင်ပါသည်။ မြှောက်ပေး သည် ချီးကျူးသည် ဆိုသည်မှာ လစာတိုးပေးရုံ သက် သက် ဆိုလိုသည်မဟုတ်။ အဆင့်အတန်း မြှင့်ပေးခြင်း၊တာဝန် ပိုပေးခြင်း၊ လုပ်ပိုင်ခွင့် ခွဲပေးခြင်း၊ ဆုချီးမြှင့်ခြင်း စသော ကိစ္စများလည်း ပါဝင်သည်။ မြှောက်ပေးခံရသူ တိုင်း အောက်ခြေလွတ် မသွားနိုင်၊ ဖိလွန်းလျှင် ကြွတတ် သည်ဟူသော စကားလည်း ရှိပြီးသား ဖြစ်သည်။ လက် အောက်ငယ်သားကို ခုတုံးလုပ်ပြီး မိမိအောင်မြင်ဖို့၊ ထင် ပေါ်ဖို့၊ ကျော်ကြားဖို့ချည်း လုပ်နေလျှင် သစ်လုံးမဟုတ်သော လက်အောက်ငယ်သားများက ငုံ့ခံကြလိမ့်မည် မဟုတ်ပေ။ နေရာတကာ ကိုယ်သာ နေရာယူနေလျှင် ကိုယ့်လက် ကိုယ့်ခြေသာ လုပ်နေပြီး အတ္တကြီးမားလျှင် ကိုယ်တစ်ယောက်တည်း ကျန်ရစ်တတ်သည်။
အတ္တကြီးမားသော လုပ်ငန်းရှင်တို့သည် တစ်ကိုယ် တော် တန်ခိုးကြီးချင်ကြသည်။ အရှိန်အဝါ ကြီးချင်ကြ သည်။ တန်ခိုး အာဏာတွေ အဆမတန် ပြတတ်ကြ သည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်တတ်ကြသည်။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်။ အခြားသူများအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်ကြသည်။ အပျော်အပါး မက်ကြသည်။ အသောက်အစား လွန်ကဲကြသည်။ တဏှာရာဂကိစ္စတွေ များသည်။ ဟိတ်ကြီး ဟန်ကြီး လုပ်တတ်ကြသည်။ ရုံးခန်းကြီးကြီး၊ စားပွဲကြီးကြီး၊ ကားကောင်းကောင်းတို့ကို သုံး၍ ဟိတ်လုံး ဟန်လုံး နေတတ် ကြသည်။
ဉာဏ်ပညာရှိသော လုပ်ငန်းရှင်များကတော့ ပကာ သနထက် အနှစ်သာရကို တန်ဖိုးထားကြသည်။ ကိုယ့် ကိုယ်ကိုယ် အရေးပါ အရာရောက်သည်ဟု သဘော မထား၊ ခရီးဦးကြို ပြုသည်ထက် လုပ်ငန်းအပေါ် တာဝန်ကျေမှုကို လိုလားသည်။ မိမိထက် မိမိလုပ်ငန်း၊ မိမိအဖွဲ့ အစည်း၊ မိမိဝန်ထမ်းများ၏ အရေးပါမှု၊ တွင်ကျယ်မှု၊ လူရာဝင်မှုကို အလေးပေးသည်။ အောင်မြင်မှုအတွက်မျှဝေ ခံစားသည်။ ငါတော်လို့ တတ်လို့မဟုတ်၊ အများ က ဝိုင်းလုပ်လို့ ဖြစ်ရတာဟု နှစ်နှစ်ကာကာ ယုံကြည် သည်။ ပုဂ္ဂိုလ်ရေး ကျေနပ်မှု၊ မကျေနပ်မှုထက် ကျယ် မြန့်သော အမြင် ရှိကြသည်။ သဘောထားကြီး၊ အမြင် ကျယ်ကြသည်။ လုပ်ငန်း၏ ရည်ရွယ်ချက်ကို ထိခိုက် သော ကိစ္စမျိုးကို ခွင့်လွှတ်နိုင်ကြသည်။