ခင်မောင်ညို(ဘောဂဗေဒ) - ဗုဒ္ဓဘာသာဝင်တို့ရဲ့ယုံကြည်ချက်
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရား
ယနေ့ ကမ္ဘာသည် ယိုယွင်းပျက်စီးနေသည်။ တန်ဖိုးရှိသော ကိုယ်ကျင့်တရားများသည် အောက် ရောက်လျက်ရှိသည်။ ရုပ်ဝတ္ထုအပေါ် အခြေခံ၍ သံသယပွားကြခြင်းကြောင့် လူ့အရည်အသွေးဟု သဘောထားခဲ့ကြသည့် အစဉ်အလာ သဘောတရား များကို အစိတ်စိတ် အမြွာမြွာ ခွဲပစ်ကြသည်။ သို့သော် လည်း ယဉ်ကျေးမှုနှင့် လူ့အဖွဲ့ အစည်းတို့၏အရေးကို စိုးရိမ်မကင်းဖြစ်ကြသော လူတို့အတွက် လက်တွေ့ဆန်သော ကိုယ်ကျင့်တရားများက အရေးပါသည်။ ကိုယ်ကျင့်တရားသည် လူတို့၏ အပြုအမူနှင့်ပတ်သက် သည်။ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဆက်ဆံမှု၊ အခြား သူများနှင့် ဆက်ဆံမှုတို့သည် ကိုယ်ကျင့်တရားပင် ဖြစ်သည်။
ကိုယ်ကျင့်တရားရှိရန် လိုအပ်ခြင်းမှာ လူ သားတိုင်း ပင်ကိုသဘာဝကပင်လျှင် စင်းလုံးချော မဖြစ်၍ ဖြစ်သည်။ ထိုသို့ဖြင့် သီလသည် အသက် ရှင်သန်နေထိုင်ရေးအတွက် အရေးကြီးဆုံး အစိတ် အပိုင်းတစ်ရပ် ဖြစ်လာသည်။
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများသည် လူက မိမိအကျိုးရှိရေးအတွက် အသုံးပြုရန် တီထွင် ထားသော စံချိန်စံညွှန်းများ မဟုတ်ပေ။ လူ့အကျိုး မပါဘဲ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမျိုး မဟုတ်ပေ။ လူသားများ ဖန်တီးထားသော ဥပဒေများနှင့် လူမှုရေး ဓလေ့ထုံးတမ်းများသည် ဗုဒ္ဓဘာသာလာ ကိုယ်ကျင့် တရား၏အခြေခံများ မဟုတ်ပေ။ ဥပမာ.. ဝတ်ပုံစားပုံ တစ်မျိုးသည် ရာသီဥတုတစ်မျိုး အချိန်ကာလတစ်ခု၊ လူ့အဖွဲ့ အစည်း တစ်ခုအတွင်း သင့်တော်သော်လည်း အခြားရာသီ၊ အခြားအချိန်၊ အခြား လူ့အဖွဲ့ အစည်း အတွက် သင့်တော်မည် မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် ဤကိစ္စသည် လူမှုရေး အစဉ်အလာများနှင့်သာ သက်ဆိုင်ပြီး ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ထည့်သွင်း မစဉ်းစားသောကြောင့် ဖြစ်သည်။ သို့သော် လည်း အစစ်အမှန် မဟုတ်သော အပေါ်ယံ လူမှုရေး အစဉ်အလာများကို အမြဲဆီလျော်မှုရှိ၍ ပြောင်းလဲမှုမရှိသော ကိုယ်ကျင့်တရားဆိုင်ရာ နိယာမများ၊ ဥပဒေသ များနှင့် အမြဲတမ်း ရှုပ်ထွေးလေ့ရှိတတ်သည်။
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများ၏ အခြေခံသည် ပြောင်းလဲနေသော လူမှုရေး အစဉ် အလာများ ဓလေ့ထုံးစံများမဟုတ်၊ မပြောင်းလဲသော သဘာဝတရား၏နိယာမများ ဥပဒေသ များအပေါ်၌ အခြေခံသည်။ ဗုဒ္ဓဘာသာလာ ကိုယ်ကျင့် တရားများသည် သဘာဝတရား၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ မပြောင်းလဲသော အကြောင်းအကျိုးတရားများ၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်။
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများသည် သဘာဝတရားအပေါ်၌ အခြေခံသဖြင့် ၎င်းနိယာမ တရားများသည် ယနေ့ခေတ် ကမ္ဘာအတွက် အသုံး ဝင်ပြီး လက်ခံနိုင်စရာ ဖြစ်နေရခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ပေါ်ပေါက် ခဲ့သော ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများသည် အချိန်ကာလမရွေး အသုံးတည့်သည့် စရိုက်လက္ခဏာ ရှိသည်။
ဗုဒ္ဓဘာသာ၌ သီလတရား လက်တွေ့ဆန်ရခြင်း မှာ သီလသည် အဆုံးစွန်သော ချမ်းသာသုခရရေးကိုဦးတည်သည့် နည်းလမ်းတစ်ခုဖြစ်ခြင်းကြောင့်ပင်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လွတ်မြောက်ရေးလမ်းကြောင်း တွင် လူတစ်ဦးချင်း တစ်ဦးချင်းသည် သူ၏ကောင်းမှု နှင့် မကောင်းမှုများအတွက် တာဝန်ရှိသည်။ သူ၏ ဉာဏ်ပညာနှင့် လုံ့လဝီရိယအပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက်မည်ဟု မျှော်လင့်ယုံကြည်ကြသည်။ ဗုဒ္ဓ ဘာသာ၌ ကယ်တင်ခြင်းဆိုသည်မှာ မိမိ ကိုယ်ကျင့် သီလ ဖွံ့ဖြိုးမှု၏ရလဒ်ပင် ဖြစ်သည်။ မည်သူကမျှ ကယ်တင်ခြင်းမပြုနိုင်၊ ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုလည်း ကယ်တင်ခွင့်ပြုမထားပေ။ ဗုဒ္ဓ၏တာဝန်မှာ ဘဝ၏အကြောင်း ရှင်းလင်းပြရန်၊ မိမိနှင့် အခြားသူ များ ချမ်းသာသုခအတွက် အကောင်းဆုံး မည်သို့ ဆောင်ရွက်နိုင်သည်ကို အကြံဉာဏ်ပေးရန် ဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများ သည် လူသားများ မလိုက်နာမနေရ လိုက်နာရမည့် ပညတ်တော်များမဟုတ်ပေ။ ဗုဒ္ဓက လူသားများအား မည်သည့်အရာသည် ကုသိုလ် ဖြစ်သည်။ ကုသိုလ် အဖြစ်ဆုံး ဖြစ်သည်။ မိမိနှင့် အခြားသူများ၏ အကျိုး စီးပွားအတွက် အထောက်အကူဖြစ်သည်ကို အကြံပြု သည်။
အကုသိုလ်ပြုသူတို့ကို ဝေါဟာရ အမျိုးမျိုးဖြင့်ကင်ပွန်းတပ်မနေဘဲ၊ ဤသို့ ဤသို့ ဆောင်ရွက်လျှင် မိမိရော သူတစ်ပါးပါ ဝမ်းနည်းစရာဖြစ်သဖြင့် မိုက်မဲ သည့်သူဖြစ်သည် ဟူ၍မျှသာ ဟောပြောသည်။
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားကို သီလ အမျိုးမျိုး၌ တွေ့ရသည်။ ထိုသီလများသည် ဗုဒ္ဓ ဘာသာဝင် တစ်ဦးတစ်ယောက်အနေဖြင့် အဆုံးစွန်သော လွတ်မြောက်မှုကိုရရှိရန် လမ်းကြောင်းကို ပြသ ပေးသည်။ ညွှန်ကြားချက်များမှတစ်ပါး အခြား မဟုတ်ပေ။ ဤသီလ အတော်များများကို ရှောင်ရန် အနေဖြင့် ဖော်ပြလေ့ရှိသော်လည်း ကောင်းမှုကို မဆောင် ဘဲ မကောင်းမှုကို ရှောင်ရမည်ဟု ယူဆ၍ မရပေ။
သီလအားလုံး၌ ပါဝင်သည့် ကိုယ်ကျင့်တရားကို အရိုးဆုံး ဥပဒေသသုံးခုဖြင့် ဖော်ပြနိုင်သည်။ “မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို စင်ကြယ်စေ”ဤသည် မှာ ဘုရားရှင် အဆက်ဆက်တို့၏သြဝါဒ ဖြစ်သည်။ ဖြင့် ဗုဒ္ဓဘာသာ၌ ကောင်းသည့်အရာနှင့် မကောင်း သည့်အရာတို့ကို အလွယ်တကူ ခွဲခြားနိုင်သည်။ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုမှ ပေါ်ထွက်လာသော လောဘ၊ ဒေါသ၊ မောဟတို့၌ အခြေခံသော လုပ်ရပ် အားလုံးသည် အန္တရာယ်ကြီးမားသော မိမိ ကိုယ်မိမိ အထင်အမြင် လွဲမှားမှုကို ဖြစ်စေသည်။