Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ပုဂ္ဂလိကပိုင်ပြုခြင်းဆွေးနွေးချက်များနှင့်အခြားစီးပွါးရေးရာ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

၂၀၁၄ ကမ္ဘာ့စီးပွားရေး

          ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် ပတ်သက်သော သတင်းကောင်းများကြောင့် အန္တရာယ်နှစ်ခုနှင့် ရင်ဆိုင်ရနိုင်ပါသည်။ အန္တရာယ်တစ်ခုမှာ အတိုးနှုန်းတက်မည့် အန္တရာယ် ဖြစ်ပြီး အခြားတစ်ခုမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်လျှော့မည့် အန္တရာယ်တို့ ရှိနေသည်။

          ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ပြီးဆုံးချိန်မှစ၍ အမေရိကန် လေ့လာသုံးသပ် တွက်ချက်သူများက နှစ်စဉ်နှစ်တိုင်း အလားအလာကောင်းတွေကို တွက်ဆကာ နှစ်တစ် နှစ်ကို စလေ့ရှိကြသည်။ ယခုနှစ်တွင်လည်း ထို့အတူပင် ဖြစ်သည်။ စတော့ရှယ်ယာ ဈေးကွက်၏ အခြေအနေတွေက ခိုင်မာပီပြင်နေသည်။ စားသုံးသူများ၏ ယုံကြည်စိတ်ချမှု ကလည်း ကောင်းမွန်လာနေပြီး ၂၀၁၄ ခုနှစ်တွင် ပိုမိုမြင့်မားသော စီးပွားရေးတိုးတက်မှု နှုန်းတွေ ရရှိနိုင်သည်ဟု တွက်ဆနေသည်။ အမေရိကန် စတန်းဒတ် အင်ပူးဝါး (S&P) စာရင်းဝင် ထိပ်တန်းကုမ္ပဏီ ၅ဝဝ တို့၏ ရှယ်ယာအညွှန်းကိန်းသည် ၂၀၁၃ ခုနှစ်တွင် ၃၀% တက်ကာ အနှစ်နှစ်ဆယ်အတွင်း နှစ်စဉ်တိုးတက်မှု အမြင့်ဆုံးရရှိပြီးနောက် စံချိန်သစ်တင်လျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကြောင့် ကမ္ဘာ့ စီးပွားရေးသည်ဝယ်နိုင်စွမ်းအား (PPP) ကိုအခြေခံပြီး တွက်လျှင် ၄% ခန့် တိုးတက် မည့် အလားအလာရှိသည်။ ထိုတိုးတက်မှုနှုန်းသည် ၂၀၁၃ ထက် ၁% ပိုမိုမြင့်မားပြီး နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံးဖြစ်သည်။

          နှစ်သစ်ကူးချိန်တွင် ဝိုင်းဝန်းဩဘာပေးကြသော်လည်း ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း အားရဝမ်းသာ မျှော်လင့်ချက်တွေ စိတ်ပျက်စရာ ဖြစ်သွားခဲ့ကြသည်ကိုလည်း မေ့ထားရန်မသင့်ပေ။ ယခုနှစ်တွင် အကြီးမားဆုံး အန္တရာယ်မှာ `ထိုအကောင်းမြင်မှုကိုယ်တိုင်ပင် ဖြစ်နေသည်။

          ကြွယ်ဝချမ်းသာသော နိုင်ငံများ၌ အခြေအနေတွေ ကောင်းမွန်စပြုလာသည်။ ဗြိတိန်နိုင်ငံတွင် စီးပွားရေး ဦးမော့မှုအရှိန်ရလာနေသည်။ ဂျပန်နိုင်ငံတွင် စားသုံးမှုအခွန်တိုးကောက်ခဲ့သော်လည်း စီးပွားရေးအဆောက်အအုံကို ထိခိုက်ပုံ မရပေ။ ဥရောပ၏အလား အလာသည်လည်း ယခင်ကလောက် စိတ်ပျက်အားလျော့ဖွယ် မဟုတ်ပေ။ သို့သော် စီးပွားရေးအားမော့လာစေရန် အဓိကမောင်းနှင်သူမှာ အမေရိကန်နိုင်ငံ ဖြစ်သည်။

          အမေရိကန်နိုင်ငံသည် အခြေခံ ခိုင်ခိုင်မာမာရှိကာ စီးပွားရေးတိုးတက်မှုရနေခြင်း ဖြစ်သည်။ ပထမအချက်အနေဖြင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ၏ လက် ကျန်ရှင်းတမ်း အခြေအနေ ကောင်းမွန်လျက် ရှိသည်။ ဥရောပတွင် ပုဂ္ဂလိကကြွေးမြီတွေလျှော့ချခြင်း မပြုနိုင်သေးသော်လည်း အမေရိကန်နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းကို အတိတ်မှာ ချန်ထားခဲ့ပြီး ဖြစ်သည်။ သာဓကမှာ အိမ်ရာဈေးနှုန်းများပြန်တက်လာခြင်း ဖြစ်သည်။

          ဒုတိယအချက်အနေဖြင့် ဈေးသက်သာစွာ လောင်စာရယူနိုင်ခြင်း၊ နှစ်ပေါင်းများ စွာလုပ်ခနှုန်းများကို ထိန်းချုပ်ထားနိုင်ခြင်းနှင့် အတန်အသင့် တန်ဖိုးကျနေသော ဒေါ်လာတို့ကြောင့်အမေရိကန် နိုင်ငံသည် ပြိုင်ဆိုင်နိုင်စွမ်း ကောင်းမွန်နေသည်။ ထိုအကြောင်းအရာ နှစ်ရပ်ကြောင့်အလုပ်အကိုင် ရရှိမှုနှုန်းထားကို မြန်ဆန်လာစေပြီး ရှယ်ယာဈေးနှုန်းတွေ လည်း တက်လာခြင်းကြောင့်စားသုံးသူများ၏ သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ အနာဂတ်တွင် တိုးတက်လာမည့် အလားအလာများကိုတွေ့ကြုံနေရသည်။ နောက်ဆုံးတွင် ဘဏ္ဍာရေး အခက်အခဲတွေ့နေရသည့် ပြဿနာသည်လည်း လျော့ပါးစပြုလာသည်။ ၂၀၁၃ ခုနှစ်တွင် ဗဟိုအစိုးရသည် ဂျီဒီပီ၏ ၁.၇၅% ကို သုံးစွဲခဲ့သည်။ အခွန်တွေထက် အသုံးစရိတ်တွေကိုလျှော့ချခဲ့သည်။ မကြာသေးမီကရရှိသော သဘောတူညီချက်အရ ယခုနှစ်တွင် ဂျီဒီပီ၏ ၀.၅% ထိ လျှော့ချနိုင်မည်။ အထက်ပါ အကြောင်းတရားများအားလုံးက ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ယခင် ခန့်မှန်းထားသည်ထက်မြင့်မားကာ ၃% ဝန်းကျင်အထိ တက်သွားစေမည်။           

          အမေရိကန်အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ၏ အသုံးစရိတ် တိုးမြင့် လာမှုကြောင့် တရုတ်နိုင်ငံမှအစ ဂျာမနီအဆုံး ကမ္ဘာအနှံ့တွင်ထုတ်လုပ်သော ကုန်စည် နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအား မြင့်မားလာလိမ့်မည်။ ယခင်ကလို အမေရိကန်တွေကနိုင်ငံခြားဖြစ်ပစ္စည်းတွေကို မက်မက်စက်စက် မရှိတော့။ ၁၅ နှစ်အတွင်း ပြည်ပငွေပေး ငွေယူရှင်းတမ်း သာမန်စာရင်းလိုငွေသည် ဂျီဒီပီ၏ ၂-၂% အထိ ကျဆင်းခဲ့ရာ ၁၅ နှစ် အတွင်း အနိမ့်ဆုံး ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအဆောက် အအုံသည် ကြီးမားလှသည်ဖြစ်ရာ အသုံးစရိတ်မြင့်မားလာခြင်းကြောင့် ကမ္ဘာတစ်ဝန်း တွင်ပို့ကုန်များ မြင့်တက်လာစေမည် ဖြစ်သည်။ ထို့ကြောင့် ဥရောပမှ ဂျပန်အထိ ပြည်တွင်း တွင် ယုံကြည်စိတ်ချမှု မြင့်မားလာစေမည်။

          ပြဿနာတစ်ခုမှာ အမေရိကန်၏ စီးပွားရေးအဆောက်အအုံ ကကျန်ကမ္ဘာ တစ်ဝန်းသို့ ဂယက်ရိုက်ခတ်ရာတွင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုတည်း မဟုတ်သလို အဓိက လမ်းကြောင်းလည်း မဟုတ်နေခြင်း ဖြစ်သည်။ ယခုအချိန်တွင် ရှယ်ယာဈေးနှုန်း တွေ ထိုးတက်နေခြင်းကိုကြည့်လျှင် ဘဏ္ဍာရေးဈေးကွက်များသည် သြဇာကြီးမားကြောင်း တွေ့ရသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အား တောင့်တင်းခိုင်မာလာသည်နှင့် အမျှ ရင်းနှီးမြှုပ်နှံသူများက ဗဟိုဘဏ်သည် မူလက လျာထားသော ၂၀၁၅ ခုနှစ် နှစ်လယ် ထက်စော၍ အတိုးနှုန်းများမြှင့်တင်မည်ဟု တွက်ဆလာဖွယ်ရှိသည်။ ထိုအခါ ငွေချေး စာချုပ်များမှရရှိသော အကျိုးအမြတ်လည်းသိသိသာသာ မြင့်မားလာနိုင်သည်။

          ဗဟိုဘဏ်အရာရှိများက ငွေချေးစာချုပ်တွေ လိုက်လံဝယ်ယူမှု အရှိန်လျော့သည် တိုင်အတိုးနှုန်းတွေကို အလောသုံးဆယ် မြှင့်တင်ခြင်း ပြုမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ကြေညာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း စီးပွားရေးအဆောက်အအုံ တိုးတက်မှု မြန်ဆန်လာ လေ ရင်းနှီးမြှုပ်နှံသူတွေကအတိုးနှုန်းတွေ မြှင့်တော့မည်ဟု ယုံကြည်လေ ဖြစ်လာကြသည်။ ဗြိတိန်တွင် စီးပွားရေးတိုးတက်မှုကြောင့်ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်တော့မည်ဟု မျှော်လင့်စရာ ဖြစ်လာသည်။ အမှန်စင်စစ် ဗဟိုဘဏ်ကအတိုးနှုန်းမြှင့်မည် မဟုတ်ဟု ပြောထားပြီး ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် ငွေချေးစာချုပ်များမှရသော အကျိုးအမြတ်တွေ တက်လာလျှင်စီးပွားရေး တိုးတက်မှု အရှိန်အဟုန်ကို ထိပါးနိုင်သည်။ ဗဟိုဘဏ်က ကမ္ဘာ့ငွေရေးကြေးရေးအခြေအနေကို သြဇာလွှမ်းမိုးနိုင်ရာ ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးတိုးတက်မှုတွေ နှေးကွေးသွားစေနိုင် သည်။

          ပို၍သိမ်မွေ့ပြီး ပို၍အန္တရာယ်ကြီးသော ကိစ္စတစ်ခုမှာ စိတ်အေးလက်အေးဖြစ်သွား မည့် အန္တရာယ်ဖြစ်သည်။ နိုင်ငံရေးသမားတွေက ခက်ခဲသော ပြုပြင်ပြောင်းလဲမှုတွေလုပ်ရန် ထက် စီးပွားရေးတိုးတက်မှုအတွက် အမှတ်ဝင်ယူရန်ပို၍ စိတ်အားထက်သန်တတ်ကြ သည်။ မကြာမီက ဥရောပတွင် စီးပွားရေးအခြေအနေနှင့် ပတ်သက်သည့် သတင်းကောင်းတွေ ထွက်ပေါ်လာပြီး နောက်ဘဏ်လုပ်ငန်း သမဂ္ဂတည်ထောင်ရေး အစီအစဉ်များ နောက်ဆုတ်သွားခဲ့သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် လုပ်စရာတွေက များပြားလှ ရာ အချို့ အလုပ်တွေကို နောက်ပို့ပစ်တတ်ကြသည်။အမေရိကန်နိုင်ငံတွင် နှစ်ရှည်လများ လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်နေသည့် ပြဿနာနှင့် မသန်စွမ်းထောက်ပံ့ကြေး တိုးပွား လာသည့် ပြဿနာများကိုလည်းဖြေရှင်းရန် ရှိနေသေးသည်။

          ဗြိတိန်သည် အိမ်ရာစီမံကိန်း စည်းမျဉ်းစည်းကမ်းများကို လျှော့ချခြင်းမပြု၊ လေဆိပ်၊ လမ်းနှင့်အခြား အခြေခံ အဆောက်အအုံများတွင်ပို၍ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ကြ လျှင် အိမ်ဈေးနှုန်းတွေ တက်နေခြင်းကို အားကိုးအားထားပြုနေရမည် ဖြစ်သည်။ ယူရိုဇုန်သည် ပုဂ္ဂလိက ကြွေးမြီတွေကို လျှော့ချခြင်းမပြုနိုင်၊ လူငယ်တွေကို အလုပ်ခွင်ထဲ ဆွဲမသွင်းနိုင်သေးလျှင် အမှန်တကယ် ကြွယ်ဝချမ်းသာမှုကိုမရရှိနိုင်။

          အလွန်အမင်း အားရဝမ်းသာဖြစ်နေလျှင် အထက်ပါအချက်များကို ထည့်သွင်း စဉ်းစားရပါမည်။

(အီကောနောမစ်)

 

မြန်မာနိုင်ငံ၊ ပုဂ္ဂလိကပိုင်ပြုရေးနှင့် ပတ်သက်၍
အကြံပြုချက်များနှင့် စဉ်းစားဆင်ခြင်မှုများ

၁။           မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုရေး တိုးတက်ကောင်းမွန်လာစေရန် အကြံပြုချက် များနှင့် စဉ်းစားတွေးတောမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂။           ပထမအချက်အနေဖြင့်၊ အခြားနိုင်ငံများမှာကဲ့သို့ပင်၊ ပုဂ္ဂလိကပိုင်ပြုရေးသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင်၊ အဓိကအခန်းကဏ္ဍမှ ပါဝင် သည်။

၃။           ဒုတိယအချက်အနေဖြင့်၊ ပုဂ္ဂလိကပိုင်ပြုရေးသည် အလွန်ခက်ခဲရှုပ်ထွေးပြီး၊ အလွန်အငြင်းပွားရသော ကိစ္စဖြစ်သည်။ လူမှုရေးနှင့် နိုင်ငံရေးရှုထောင့်မှ စိုးရိမ်စရာ ကိစ္စများလည်း တွေ့ကြုံပေါ်ပေါက်လာရသည်။ ထိုအခြေအနေများကိုကောင်းကောင်း နားလည်သဘောပေါက်လျှင် ထိုစိုးရိမ်ပူပန်စရာတွေအားလုံးကို ပြေလည်စေမည့် အများလက်ခံနိုင်သော အဖြေတစ်ရပ်ထွက်ပေါ်လာစေရန်၊ အထောက်အကူဖြစ်သည်။

၄။           တတိယအချက်အနေဖြင့်၊ ပုဂ္ဂလိကပိုင်ပြုရေး လုပ်ငန်းစီမံကိန်းတစ်ခုကို အကောင် အထည်ဖော်ရာတွင်၊ မည်သည့်အခါမှ၊ လွယ်ကူသည်ဟူ၍ မရှိပါ။ အကောင် အထည်ဖော်ရာတွင် နတ်ဆိုးနှင့်တွေ့တတ်သည်ဟူသော စကားရှိပါသည်။ ထို့ကြောင့် အမှားအယွင်းတွေရှိနေကြောင်း၊ စိတ်ချထားလိုက်ပါ။ အခြားနိုင်ငံ အသီးသီးတွင်လည်းဖြစ်ခဲ့ပြီးဖြစ်သည်။ အရေးကြီးသည်မှာ၊ အမှားလုပ်မိတာတွေထက် အမှန်လုပ်မိတာတွေကပို၍များအောင် ဆောင်ရွက်ရန်သာ ဖြစ်ပါသည်။

၅။           စတုတ္ထအချက်အနေဖြင့်၊ ဤအကြောင်းအရာနှင့်ပတ်သက်၍၊ မြန်မာစာနယ် ဇင်းများက၊ အထူးစိတ်ဝင်စားမှုရှိသည်ကို တွေ့ရပါသည်။ သတင်းများကိုလည်းကောင်းမွန်စွာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီ အစဉ်များ ဖြောင့်မတ်မှန်ကန်ရေးအတွက်၊ စာနယ်ဇင်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။ သို့သော်လည်း အထိခိုက် မခံအောင်သိမ်မွေ့ကာ၊ အငြင်းပွားစရာတွေများတတ်သော သဘောရှိသဖြင့်၊ စာနယ်ဇင်းများက၊ မျှမျှတတရေးသားတင်ပြရန် အရေးကြီးပါသည်။ စုံစမ်းဖော် ထုတ်ရေးသားစေလိုပါသည်။ ကောင်းတာတွေရော၊ မကောင်းတာတွေကိုပါ ဖော်ပြပါ။ သို့မှသာ အရောင်အသွေးစုံသော သတင်းဖြစ်ပြီး စာနယ်ဇင်း၏ ပုံမှန် အရသာကို ခံစားနိုင်မည် ဖြစ်သည်။

၆။           ပဉ္စမအချက်အနေဖြင့်၊ ကမ္ဘာတစ်ဝန်းတွင်၊ ပုဂ္ဂလိကပိုင်ပြုရေးကို လူကြိုက်နည်း ပါသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူ အတော်များများက၊ ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့်၊ အစိုးရနှင့်နီးစပ်သူလုပ်ငန်းရှင် များသည်၊ နိုင်ငံမှမိသားစုပိုင်ရတနာများနှင့်အတူ ထွက်ခွာသွားကြမည်ဟု စိတ်မချမ်းမသာ ဖြစ်နေကြသည်။ အချို့နိုင်ငံများတွင်၊ ပုဂ္ဂလိကပိုင်ပြုမှုကြောင့် ပေါ်ပေါက်လာတတ်သော အားနည်းချက်များနှင့်ပတ်သက်၍လည်း၊ စိုးရိမ်မကင်း ဖြစ်နေကြသည်။

၇။           ဆဋ္ဌမအချက်အနေဖြင့်၊ မြန်မာနိုင်ငံတွင် ယခုအချိန်၌ ပုဂ္ဂလိကပိုင်ပြုမှုကြောင့် ပေါ်ပေါက်လာမည့် အားနည်းချက်များနှင့် ပတ်သက်၍ စိုးရိမ်စရာမလိုဟု ရှုမြင်ပါသည်။ အဘယ်ကြောင့်ဆိုသော်

( က )           မြန်မာနိုင်ငံတွင်၊ ယခုအခါ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဟူ၍ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေသည်။ မဏ္ဍိုင်ကြီးသုံးရပ်အကြားတွင် သင့်တော်သော အပြန်အလှန်ထိန်းကျောင်းမှု၊ ထိန်းချုပ်မှုလည်း ရှိနေသည်။ သို့ဖြစ်၍၊ နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်သောမူဝါဒကြောင့် ပေါ်ပေါက်လာသည့် အစွန်းရောက် ဖြစ်ရပ်မျိုး ရှောင်ရှားနိုင်ပါမည်။

( ခ )           အကယ်၍ မြန်မာအစိုးရလက်ထဲတွင်၊ ထူးထူးခြားခြား ပိုင်ဆိုင်မှုတွေ ကြွယ်ဝမှု တွေ ရှိနေခဲ့လျှင် ထူးထူးခြားခြားအခက်အခဲတွေ ပြဿနာတွေ တွေ့နိုင်ကြုံနိုင် သည်။ ရုရှားနိုင်ငံတွင်၊ အထူးပြဿနာကြုံတွေ့ရခြင်းမှာ၊ ဒေါ်လာ ( ၁.၅ )ထရီလီယံခိုးယူခံရသည်ဆိုခြင်းကြောင့် ဖြစ်သည်။ ရုရှားနှင့်နှိုင်းယှဉ်လျှင်လောလောဆယ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ဒေါ်လာ (၂၁) ဘီလီယံမျှသာ ရှိသည်။ ထို့အပြင် အခြားနိုင်ငံများကဲ့သို့ပင်၊ မြန်မာအစိုးရသည် မြေပေါ်မြေအောက်ပိုင်ဆိုင်မှု အစုစုတို့ကို တိတိကျကျ၊ သေသေချာချာ ခန့်မှန်းတွက်ချက် နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်မျှအခိုးခံရမည်ကိုပင်၊ ရှင်းရှင်းလင်းလင်း မသိနိုင်သဖြင့် ကြီးကြီးမားမားဆုံးရှုံးနိုင်မည်မဟုတ်ဟု ဆိုရခြင်းဖြစ်ပါသည်။