စိတ်ကူးချိုချိုစာပေ
ခင်မောင်ညို(ဘောဂဗေဒ) - ပတ်ဝန်းကျင်ကစီးပွါးရေး
Couldn't load pickup availability
နိဒါန်း
ကားမောင်းဝင်ကာ ငွေထုတ်ရသည့် ငွေထုတ်စက်က ခလုတ်တွေမှာ မျက်မမြင်သုံး အဖုလေးတွေ အဘယ်ကြောင့် ရှိနေသနည်း။ တကယ်တော့ ထိုစက်ကိုသုံးသူ ယာဉ်မောင်း တွေက မျက်မမြင်တွေ မဟုတ်ကြ။ လမ်းလျှောက်သွားကာ ငွေထုတ်ရသည့် စက်ခလုတ် တွေမှာ မျက်မမြင်သုံး အဖုလေးတွေ ထည့်ထားသကဲ့သို့ ကားမောင်းဝင်ရသည့်စက် တွေမှာလည်း တပ်ထားခြင်းဖြစ်သည်။ နှစ်မျိုးမလုပ်တော့ စရိတ်ထူးမကုန်။ နှစ်မျိုးထုတ် ထားလျှင် နေရာမလွဲအောင် အတော်လေး ဂရုစိုက်ရဦးမည်။ မျက်မမြင်သုံးအဖုတွေကြောင့် မျက်မြင်တွေ ဒုက္ခမရောက် ပြဿနာမရှိ။
ကျောင်းသားများအား ဘောဂဗေဒပညာ မိတ်ဆက်သည့်အတန်းတွင် အိမ်စာတွေ ရေးခိုင်းသည်။ အတန်းထဲမှာသင်ကြားသည့် နိယာမတစ်ခု သို့မဟုတ် နိယာမများကို အသုံးပြုကာ ကိုယ်သတိထားမိသည့် ကိစ္စတစ်ခု လုပ်ပုံကိုင်ပုံတစ်ခုကို စိတ်ဝင်စားစရာကောင်းသည့်မေးခွန်းတွေ မေးကြည့်၊ ဖြေကြည့်ရန်ခိုင်းသည်။ စာလုံးရေ ၅ဝဝ ထက် ပိုမသုံးရ။ အချို့အပျံစား စာတမ်းတွေက စာလုံးရေ ၅ဝဝ ပင်မပြည့်။ ခက်ခက်ခဲခဲ ရှုပ် ရှုပ်ထွေးထွေး ဝေါဟာရတွေ မသုံးရ။ ဘောဂဗေဒမသင်ဖူးသည့် မိတ်ဆွေတစ်ယောက် ကို ပြောနည်းမျိုးရေးရမည်။ သူလိုလူတွေ နားလည်အောင်ပြောနိုင်ပြီး အက္ခရာသင်္ချာ တွေ၊ မျဉ်းကွေးတွေမပါလျှင် အကောင်းဆုံးစာတမ်းဖြစ်သည်။
အကောင်းဆုံးစာတမ်းတွေမှာက မှားသယောင်နှင့် မှန်နေတတ်တာမျိုးတွေပါသည်။ ကျွန်တော့်အကြိုက်ဆုံးစာတမ်းမှာ ၁၉၉၇ ခုနှစ်တွင် ဂျင်နီဖာဂျုံစကီးရေးသော ဘယ် တော့မျှ ပြန်မဝတ်သည့် သတို့သမီးဝတ်စုံတွေအတွက် ထောင်ချီအကုန်အကျခံကာ ထပ်တလဲလဲဝတ်နိုင်သည့် ဈေးပေါသော သတို့သားဝတ်စုံကို ငှားရမ်းကြခြင်း” ဖြစ်သည်။ သတို့သမီးတွေက ဖက်ရှင်ကျလိုကြသည်။ သူများနှင့်မတူသော ဝတ်စုံတွေဝတ်ဖို့အရေးအတွက် အရွယ်စုံ၊ ဒီဇိုင်းလေးငါးဆယ်ခန့်ကြည့်ပြီးမှ ငှားရမ်းရမည်။ ဝတ်စုံတစ်စုံကို မကြာခဏ ရမည်မဟုတ်။ လေးငါးနှစ်ကြာမှ တစ်ခါငှားရကောင်း ငှားရမည်။ ထို စရိတ်တွေကို ကာမိရန် ငှားရမ်းခများများတောင်းရမည်။ ငှားသည်ထက် ဝယ်လိုက်ချုပ် လိုက်သည်က ဈေးသက်သာသည်။ သတို့သားတွေက ပုံမှန်စံကိုက် တစ်စုံတစ်စုံဝတ်ရ လျှင်ပြီးပြီ။ သတို့သားတွေအတွက် ဝတ်စုံအငှားလုပ်ငန်းတွေရှိသည်။ အရွယ်တစ်ရွယ် အတွက် နှစ်စုံ၊ သုံးစုံရှိလျှင် လုံလောက်သည်။ ဝတ်စုံတစ်စုံကို အကြိမ်ပေါင်းများစွာ ငှားရမ်းနိုင်ရာ ငှားရမ်းခလည်း သက်သာသည်။
ဤစာအုပ်တွင် ကျွန်တော် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် စိတ်ဝင်စားစရာ အကောင်းဆုံး ဥပမာတွေ ပါဝင်သည်။ နေ့စဉ်ကြုံတွေ့နေရသော လူ့ဘဝ၏ အရှုပ် အထွေးများကို ဖော်ထုတ်ရာ၌ ပျော်ရွှင်တတ်ကြသူတွေအတွက် ရည်ရွယ်ပါသည်။
လူအတော်များများက ဘောဂဗေဒပညာရပ်သည် ခက်ခဲသည်။ နားလည်ရန် ခက် ခဲသည်ဟု ထင်ကြသော်လည်း အခြေခံနိယာမများသည် ရိုးရှင်းသည်။ လူတကာသိနိုင်သော ကိစ္စတွေဖြစ်သည်။ ဥပမာများထဲ၌ ဘောဂဗေဒနိယာမတွေ လည်ပတ်ပုံကိုကြည့် ပြီး အထူးမကြိုးစားရဘဲ နားလည်သွားမည်။ သို့သော် ကောလိပ်များတွင် ထိုသို့ မသင်။
ကောနဲလ်တက္ကသိုလ်၌ စ၍သင်သည့်အခါ မြို့ကြီးအသီးသီး၌ နေထိုင်ကြသည့် မိတ်ဆွေ တွေက ဘောဂဗေဒပညာရှင်တွေကို လှောင်ပြောင်ထားသည့် ကာတွန်းတွေ ပို့ပေးကြ သည်။ ကာတွန်းတစ်ခုမှာ မိတ်ဆက်ပေးသူက “သူက ဘောဂဗေဒပညာရှင်တစ်ယောက် ပါ။ ဒါပေမဲ့ သူက တကယ့်လူကောင်းလေးပါ”ဟု ဆိုထားသည်။
ကာတွန်းတွေကလည်း စိတ်ဝင်စားစရာ အချက်အလက်တွေ သတင်းတွေဖြစ်သည်။ ကာတွန်းတွေဖတ်ရ၍ လူတွေက ရယ်ကြလျှင် ထိုကာတွန်းသည် လောကကြီး အကြောင်းတစ်ခုခု ပြောပြ၍ဖြစ်မည်။ ပွဲလမ်းသဘင်များ၌ ကျွန်တော်ဘောဂဗေဒ ပညာရှင်ဖြစ်ကြောင်း ပြောပြသည့်အခါ လူတွေ စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရသည် ကို ကာတွန်းဖတ်ရင်း သတိရမိသည်။ ဘာကြောင့်ပါလိမ့်ဟု စတင်စဉ်းစားမိသည်။ လူအတော်များများ၏ စိတ်ထဲ၌ အခြေခံဘောဂဗေဒသင်တန်းတွေကို မျဉ်းကွေးတွေနှင့် တွဲပြီး မြင်နေကြသည်။ ဘွဲ့ကြိုကျောင်းသား အနည်းစုသာ ဘောဂဗေဒကို သင်ယူဖူး ကြသည်။ မပြောပလောက်သည့် လူနည်းစုသာ ပါရဂူဘွဲ့ ဆက်ယူကြသည်။ သို့ သော် ပါရဂူဘွဲ့ယူသူ လူနည်းစုအတွက် ရည်စူးပြီး အခြေခံ ဘောဂဗေဒပညာကို သင်ပေး ကြပုံပေါ်သည်။ ထိုအခါ ကျောင်းသားအတော်များများကဘာမျှမတတ်။ သင်တန်းတက် ပြီး ခြောက်လခန့်အကြာ၌ မေးကြည့်သောအခါ သင်တန်းလုံးဝမတက်ထားသူတွေထက်ထူးပြီးမတတ်။ ထိုသို့ဆိုလျှင် ဘာမျှအကျိုးမထူးသော သင်တန်းတွေအတွက် ငွေတွေ အများကြီး အဘယ်ကြောင့် အကုန်အကျခံနေကြသနည်း။ အခြေခံဘောဂဗေဒ နိယာ မတွေကိုပင် သဘောပေါက်ပုံမရ။ အခွင့်အလမ်းစရိတ် ဟူသော ဝေါဟာရလောက်တော့ကြားဖူးဖို့၊ မှတ်မိဖို့ကောင်းသည်။ အလုပ်တစ်ခုလုပ်နေခြင်းကြောင့် မလုပ်ရဘဲ စွန့် လွှတ်လိုက်ရသည့် အခြားအရာအားလုံး၏ တန်ဖိုးသည် အခွင့်အလမ်းစရိတ်ဖြစ်သည်။
သာဓကတစ်ခုကို ကြည့်ကြပါစို့ ။ Eric Clapton ၏ ဖျော်ဖြေမှုကို ယနေ့ညခံစား ရန် လက်မှတ်တစ်စောင် အခမဲ့ရထားသည်။ လက်မှတ်ကို ပြန်ရောင်း၍မရ။ ဘော့ဘ်ဒိုင် လန်ကလည်း ထိုညတစ်ညတည်းမှာ ဖျော်ဖြေမည်။ လက်မှတ်က ပေါင် ၄၀ တန်သည်။ ဤပွဲကိုကြည့်ရမည်ဆိုလျှင် ပေါင် ၅ဝ အထိပေးနိုင်သည်။ ပေါင် ၅ဝ ကျော်ပေးရလျှင် ဘာအလုပ်မျှမရှိသော်လည်း မကြည့်။ ပွဲသွားရန်အတွက် အခြားကုန်ကျစရိတ်လည်းမရှိ။ ကလက်ပ်တန်၏ ပွဲသွားခြင်းအတွက် အခွင့်အလမ်းစရိတ် မည်မျှဖြစ်မည်နည်း။
ကလက်ပ်တန်ပွဲကိုကြည့်လျှင် ဘော့ဘ်ဒိုင်လန်ကို လက်လွှတ်ရမည်။ ဒိုင်လန်ပွဲ ကို မကြည့်လျှင် ပေါင် ၅ဝ တန်ပွဲတစ်ပွဲ လွတ်သွားမည်။ ဒိုင်လန်ပွဲအတွက် လက်မှတ် ဖိုးပေါင်း ၄၀ တော့မကုန်။ သို့ဖြစ်၍ ကိုယ်လက်လွှတ်လိုက်ရသော တန်ဖိုးမှာ ၁ဝ ပေါင်သာဖြစ်သည်။ အကယ်၍ ကလက်ပ်တန်ပွဲကြည့်ရတာ ၁ဝ ပေါင်တန်လျှင်ပင် ကလက်ပ်တန်ပွဲကို ကြည့်သင့်သည်။ ထိုသို့မဟုတ်က ဒိုင်လန်ပွဲသွားသင့်သည်။
အခွင့်အလမ်းစရိတ်သည် အခြေခံဘောဂဗေဒပညာတွင် အရေးအပါဆုံး သဘော တရား နှစ်ခု၊ သုံးခုတွင်ပါဝင်သည်။ ကျောင်းသားအတော်များများသည် ထိုအခြေခံ သဘောတရားကိုပင် ပိုင်ပိုင်နိုင်နိုင်မရှိ။ မကြာသေးမီက ဘောဂဗေဒပညာရှင် Paul Ferraro နှင့် Taylorတို့က ကျောင်းသားတစ်စုကိုမေးကြည့်သည်။ ရွေးချယ်စရာအဖြေကို (က) ဝပေါင်၊ (ခ) ၁၀ ပေါင်၊ (ဂ) ပေါင် ၄၀၊ (ဃ)ပေါင် ၅ဝ ဟုပေးထားသည်။ ဒိုင်လန်ပွဲကို မကြည့်လိုက်ရသည့်အတွက် အနစ်နာခံလိုက်ရသော တန်ဖိုးမှာ ၁၀ ပေါင် ဖြစ်သည်။ အခြေခံဘောဂဗေဒပညာသင်ပြီး ဘွဲ့ကြိုကျောင်းသား ၇ဝ ကို မေးကြည့်ရာ ၇.၄ %သာ မှန်အောင်ဖြေနိုင်သည်ကိုတွေ့ရသည်။ အဖြေလေးခုသာရှိရာ ကျပန်းကောက်ဖြေလိုက်လျှင်ပင် ကျောင်းသား ၂၅% ကအဖြေမှန်ရဦးမည်။ နည်းနည်းသာ တတ်ထားခြင်းသည် အန္တရာယ်ကြီးကြောင်း ဤဥပမာက ပြသနေသည်။ ဘောဂဗေဒ မသင်ဖူးသော ကျောင်းသား ၈၈ ယောက်ကို မေးကြည့်သောအခါ ၁၇- ၂%က မှန်အောင် ဖြေနိုင်သည်။ ဘောဂဗေဒကျောင်းသားတွေထက် နှစ်ဆ မှန်အောင်ဖြေနိုင်သော်လည်း ကျပန်းသလောက်ပင် ရလဒ်မကောင်းသေး။
ဘောဂဗေဒကျောင်းသားတွေက ဘာကြောင့် ပိုညံ့ရသနည်း။ သင်သူဆရာကိုယ် တိုင်က မပိုင်လို့လား၊ ဘောဂဗေဒပညာရှင် ၁၉၉ ယောက်ကို မေးကြည့်တော့ ၂၁. ၆% ကသာ မှန်အောင်ဖြေနိုင်သည်။ ၂၅.၆% က သုညဟု ဖြေသည်။ ၆% က ပေါင် ၄၀ ဟု ဖြေပြီး ၂၇.၆% က ပေါင် ၅ဝ ဟုဖြေသည်။
ဘောဂဗေဒပညာရှင်နှစ်ယောက်က ထိပ်တန်းကျောင်းသုံးစာအုပ်တွေကို လေ့လာ သောအခါ စာအုပ်အတော်များများတွင် အခွင့်အလမ်းစရိတ်ကို ထိုက်ထိုက်တန်တန် နေရာပေးထားကြောင်း မတွေ့ရ။ အခြေခံအဆင့်ကို ကျော်လွှားသွားတော့လည်း နက်နက် ရှိုင်းရှိုင်းလေ့လာခွင့်မရကြ။ ပြဋ္ဌာန်းစာအုပ်များ၏ နောက်ကျောနားက အညွှန်းစာရင်း (Index) တွင် အခွင့်အလမ်းစရိတ်ကို ထည့်ပင်မထား။
သို့သော်လည်း အခွင့်အလမ်းစရိတ်သည် စိတ်ဝင်စားစရာကောင်းသော လုပ်ပုံကိုင်ပုံ အတော်များများကို ရှင်းပြနိုင်သည်။ ဥပမာ လန်ဒန်ကဲ့သို့ မြို့ကြီးတစ်မြို့နှင့် အင်္ဂလန်မြောက်ပိုင်းက မြို့ငယ်တစ်မြို့ အကြား ယဉ်ကျေးမှုကွာဟချက်ကို ရှင်းပြနိုင်သည်။ ပက်ဒင် တန်က လူတွေ အဘယ်ကြောင့် ရိုင်းကြ၊ စိတ်မရှည်ကြသနည်း။ ပရက်စတန်ရှိ လူတွေက အဘယ်ကြောင့်ယဉ်ကျေးကြ မွန်ရည်ကြသနည်း။ ပရက်စတန်မှာ လမ်းမသိ၍မေးလျှင် လူတွေက ကူညီကြသည်။ ပက်ဒင်တန်၌ အကြည့်ချင်းပင်မဆုံကြ။ လန်ဒန်မှာ လုပ်ခက လည်းမြင့်၊ လုပ်စရာတွေကလည်း များနေရာ လူတွေ၏အချိန်အတွက် အခွင့်အလမ်း စရိတ် အလွန်မြင့်မားသည်။ လန်ဒန်သားတွေက စိတ်မရှည် သည်းမခံနိုင်ကြောင်း ခပ်မြန်မြန်ပြကြသည်။
ဇီဝဗေဒဘာသာနှင့် ပတ်သက်၍ ကျောင်းသားတွေ အခြေခံအဆင့်၌ပင် ဖြေနိုင်သော မေးခွန်းတွေကို ကြည့်ရှုအားကျကာ အလားတူမေးခွန်းတွေမေးကြည့် ကြည့်ခိုင်းခြင်း ဖြစ်သည်။ တဖြည်းဖြည်းရွေ့ လျားပြောင်းလဲမှု သီအိုရီအကြောင်းသိပြီဆိုလျှင် ကိုယ် ယခင်က သတိထားမိခဲ့သမျှတွေကို သိလာနိုင်သည်။ လောကထဲက သတိထားစရာ တွေးစရာတွေကို ဖော်ထုတ်ပေးသည်။ ။ ( ဥပမာ အထီးတွေက အမတွေထက် အဘယ်ကြောင့် အကောင်ကြီးကြသနည်း။ Bull Elephant ဖျံထီးတွေက ပေ ၂ဝ ကျော်ရှည် ၂၇ဝဝ ကီလိုဂရမ်လေးကာ ကားကြီး တစ်စီးစာလောက်ရှိနေပြီး ဖျံအမတွေက ၃၆ဝ မှ ၅၅ဝ ကီလိုဂရမ်မျှသာ လေးကြသည်။ အခြားသတ္တဝါများ၌လည်း အလားတူဖြစ်နေသည်ကို တွေ့ရသည်။ ထိုသတ္တဝါအများ စုသည် အမတစ်ကောင်မကယူသော ဓလေ့ရှိသည်။ အမတွေကို ရဖို့ အထီးအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသည်။ ကမ်းခြေ၌ အထီးအချင်းချင်း နာရီပေါင်းများစွာ အကြိတ်အနယ်တိုက်ခိုက်ပြီး တစ်ကောင်က သွေးထွက်ဒဏ်ရာရ ခြေကုန်လက်ပန်းကျကာ အရှုံး ပေးမှ ပွဲပြီးသည်။ အနိုင်ရသော ဖျံထီးက ဖျံအမအကောင် ၁ဝဝ ခန့်အထိ ယူနိုင်သည်။ ထို့ကြောင့်ပင် ဖျံထီးတွေ အကောင်ကြီးနေရခြင်းဖြစ်သည်။ အကောင်ကြီးဗီဇပါသော ဖျံတွေက အသက်ရှင်လမ်းများသဖြင့် ကောင်ရေလည်း တိုးပွားလာရသည်။ ဖျံအငယ်တွေ ဖျံမ မရနိုင်သဖြင့် ဖျံထီးတွေက ဖျံကြီးတွေ ဖြစ်နေရခြင်းဖြစ်သည်။
ဒေါင်းများ၏ အမြီးအကြောင်းကိုလည်း အလားတူပင်ပြောနိုင်သည်။ အမြီးရှည် သည့် ဒေါင်းထီးတွေကို ဒေါင်းမတွေက ပိုသဘောကျကြသည်။ ဒေါင်းတွေ အမြီးရှည် ခြင်းသည် ကျန်းမာသည့် လက္ခဏာဖြစ်သည်။ ပိုးစွဲနေသည့် ဒေါင်းထီးအမြီးသည် လှလှပပ ရှည်ရှည်လျားလျားမရှိနိုင်။
သို့သော် တစ်ကောင်ချင်းအတွက် ကောင်းသော်လည်း အုပ်စုအတွက် မကောင်း သော ကိစ္စတွေရှိသေးသည်။ (၂၇၀၀) ကီလိုဂရမ်လေးသော ဖျံတစ်ကောင်သည် ငါးမန်း ဖြူဘေးမှ လွတ်ရန်မလွယ်။ ဖျံတွေကိုယ်အလေးချိန်တစ်ဝက်လျော့လျှင် ပို၍အဆင်ပြေ နိုင်သည်။ အချင်းချင်းတိုက်ခိုက်ရာတွင် မထူးခြားသော်လည်း ငါးမန်းဖြူရန်မှ ပိုလွတ် နိုင်သည်။ အလားတူပင် ဒေါင်းထီး၏ အမြီးတစ်ဝက်ငယ်သွားလျှင် အခြားဒေါင်းမတွေ ကို အလားတူ ဆွဲဆောင်နိုင်သော်လည်း ၎င်းတို့ကို လိုက်လံဒုက္ခပေးမည့် အခြားသတ္တဝါ များ၏ရန်မှ သက်သာရာရနိုင်သည်။ သို့သော် ဖျံတွေကလည်း ကိုယ်အလေးအချိန် မလျော့၊ ဒေါင်းထီးတွေကလည်း အမြီးရှည်ဆဲ။
လက်နက်ပြိုင်ပွဲလိုဖြစ်ရပ်တွေ မဆုံးနိုင်အောင်ဖြစ်နေသည်တော့ မဟုတ်ပါ။ တစ်ခါ တစ်ရံ၌ အကောင်ကြီးခြင်း၊ အမြီးရှည်ခြင်းတို့ကြောင့်ရသော အကျိုးတွေထက်၊ အပြစ်က ပိုများသည်။ စရိတ်အကျိုးကျေးဇူးအချိန်အဆမျှတမှုကို ရှင်သန်ကျန်ရစ်သော အထီးတွေကို ကြည့်လျှင် တွေ့ရမည်။ တစ်ကောင်တစ်ကောင်ချင်းသာယူကြသော သတ္တဝါများ၌ အထီး နှင့်အမ အရွယ်မကွာ။ တစ်ကောင်ထက်ပိုယူသော တိရစ္ဆာန်များ၌ အထီးက အကောင် ကြီးရသည်။
တစ်ကောင် တစ်ကောင်ချင်းသာ အိမ်ထောင်ပြုကြသော တိရစ္ဆာန်များ၌ အထီးနှင့် အမ အရွယ်အစားကွာခြားခြင်းမရှိကြပေ။
ဇီဝဗေဒဘာသာရပ်၌ ထိုသို့သော အကြောင်းအရာတွေသည် မှတ်မိလွယ်ပြီး အခြား သူများကို အလွယ်တကူလည်း ပြောနိုင်သည်။ ထိုသို့ပြောနိုင် နားလည်နိုင်လျှင် သာမန် မှတ်မိရုံထက် အများကြီးနားလည်သဘောပေါက်သွားသည်။ ဘောဂဗေဒ ဘာသာရပ် ၌လည်း ထို့အတူပင်ဖြစ်သည်။
မိတ်ဆက်ဘောဂဗေဒတွေကို ထိုသို့ ပြန်မပြောနိုင်ကြပေ။ ကျောင်းသားတွေစိတ်ထဲ ညီမျှခြင်းတွေ၊ မျဉ်းကွေးတွေသာရှိသည်။ သင်္ချာပညာသည် ဘောဂဗေဒပညာရပ် တိုးတက်မှုတွင် အရေးပါသည့် အရင်းအမြစ်ဖြစ်သော်လည်း လူသစ်တွေကိုမိတ်ဆက် ရာ၌ ထိရောက်မှုမရှိ။ အင်ဂျင်နီယာနှင့် အခြားဘာသာရပ်များကဲ့သို့ စောစောပိုင်း ကတည်းကာ သင်္ချာပညာကို ဇောက်ချလေ့လာခဲ့ကြသည့် လူတစ်စုနှင့်မတူဘဲ ဘောဂဗေဒ ပညာကို ညီမျှခြင်းတွေ မျဉ်းကွေးတွေမှတစ်ဆင့် လေ့လာသူများသည် ဘောဂဗေဒပညာရှင် များ၏ ထူးခြားသော တွေးပုံ တွေးနည်းတွေကို မရကြ။ သင်္ချာကို သဘောပေါက်ရန် ကြိုးစားနေကြသဖြင့်၊ သင်္ချာညီမျှခြင်းတွေနောက်က ဘောဂဗေဒ အတွေးအခေါ်တွေကို လွတ်ကုန်သည်။






