Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - စီးပွါးရေးထဲကလူလူထဲကစီးပွါးရေး

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

စာရေးသူ၏အမှာစာ

          “နိုင်ငံတကာစီးပွားရေး”ဂျာနယ်ကို ကျွန်တော် တာဝန်ယူရတာ ၄ နှစ် နီးပါးရှိပါပြီ။ တစ်ပတ် တစ် ပတ် အလျဉ်မီအောင် စာမူတွေ စုရ၊ လိုတာတွေ ရေးရ၊ သတင်းတွေအခြေခံပြီး ဆောင်းပါးတွေ ရေးရ၊ အတော်လက်ဝင်ပါတယ်။ အဲဒီ လက်ဝင်တဲ့အထဲ စိတ်ပါ ဝင်တဲ့ ဆောင်းပါးတွေက အဖွင့်စာမျက်နှာ(စာမျက်နှာ ၃)မှာ ခေါင်းကြီးဆန်ဆန်ရေးတဲ့ ဆောင်းပါးတွေပါ။

          တစ်ခါက ခေါင်းကြီးအနေနဲ့ရေးတဲ့ ဆောင်းပါး ပေါင်းချုပ် စာအုပ်တစ်အုပ်အပေါ် ဝေဖန်ချက်ရေးတာ ဖတ်ရဖူးတယ်။ အပေါ်ယံရှပ်ပြီး ဝေဖန်ထားတာတွေ၊ ခေတ်မမီတော့တာတွေတဲ့။ အခု ကျွန်တော့် ဆောင်းပါးတွေစုပြီး ထုတ်မယ်လုပ်တော့ အဲဒီဝေဖန်ချက်ကို ပြေးပြီး သတိရမိပါတယ်။ ကျွန်တော်ရေးခဲ့တာတွေဟာ အပေါ်ယံရှပ်ပြီး ဝေဖန်ထားတာတွေများ ဖြစ်နေမလား၊ အခုခေတ်အချိန်နဲ့၊ အခြေအနေနဲ့ မကိုက်ညီတာ တွေများ ဖြစ်နေမလား။ ဒါတော့ စာဖတ်သူတွေက ဆုံးဖြတ်လိမ့်မယ်ဆိုပြီး ဝကွက်အပ်လိုက်ပါတယ်။

          ဒီဆောင်းပါးတွေဟာ အတော်လေး ခက်ခက်ခဲခဲ ရေးခဲ့တဲ့ ဆောင်းပါးတွေပါ။ တစ်ပတ် တစ်ပတ် အလျဉ်မီ ဖို့ဆိုတာအပြင် ဒီတစ်ပတ် ဘာအကြောင်းအရာ ရေးရ မလဲဆိုတာကိုက အတော်လေး ဦးနှောက်စားပါတယ်။ အခု ပြန်ဖတ်ကြည့်တော့ အတော်လေး ရေးခဲ့တာ၊ ဘယ်လိုလုပ်ပြီး ရေးခဲ့ပါလိမ့်လို့တောင် တွေးမိပါတယ်။

          ဆောင်းပါးတွေက လူတွေအကြောင်းတွေ၊ မင်းက လူအကြောင်း ဘယ်လောက် နားလည်သလဲလို့ ကိုယ့် ကိုယ်ကိုယ် ပြန်တွေးမိတယ်။ ကျွန်တော့်ပတ်ဝန်းကျင် ဆိုတာလေးက ခပ်ကျဉ်းကျဉ်းပါ။ စာအုပ်ထဲက လူတွေနဲ့ တွေ့တာက ပိုပြီးများပါလိမ့်မယ်။ ကျွန်တော်တို့ ကြည်ညိုတဲ့ ဆရာတော်ကြီးတွေ ရဟန်းဘောင်မှာ နေပြီး လူအကြောင်းကို သိလိုက်ကြတာ။ သိဆို ဗုဒ္ဓဝင် ရာဇဝင်ထဲကလူတွေနဲ့ အမြဲတွေ့ နေတာကိုးလို့ ပြောသံ ကြားဖူးပါတယ်။ ကျွန်တော်ကတော့ အဲသလောက် ပါရမီ မရှိပါဘူး။

          တကယ်တော့ လူဆိုတာ စီးပွားရေးသတ္တဝါ Economic being လို့ ကျွန်တော် နားလည်ထားပါ တယ်။ စီးပွားရေးဆိုတာက အကျယ်ကြီး။ သူ့စီးပွား ရေးရော၊ ကိုယ့်စီးပွားရေးရော အားလုံး အကျုံးဝင် တယ်။

          စီးပွားရေးပညာ ဝါသနာပါတဲ့ ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာရင်း လူတွေအကြောင်း နည်းနည်းပါးပါး သိလာတယ်။ လူတွေအကြောင်း လေ့လာရင်း လူတစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံရာက ပေါ်ပေါက်လာတဲ့ စီးပွားရေးအခြင်းအရာတွေကို ရိပ်မိလာတယ်။ လူတွေဟာ စီးပွားရေးနဲ့ မကင်းနိုင် သလို စီးပွားရေးကလည်း လူတွေနဲ့ မကင်းနိုင်ပါဘူး။

          အခု ဆောင်းပါးတွေမှာ စာထဲကတွေ့တဲ့ လူထဲက တွေ့တဲ့ လူတွေအကြောင်း အများကြီးရေးထားတာ ပြန်သုံးသပ်မိတယ်။ ကျွန်တော် မြင်တာတွေ၊ တွေ့တာ တွေ၊ သုံးသပ်တာတွေ မှန်ချင်မှမှန်မယ်။ မှားချင်လည်း မှားမယ်။ သဘောထားချင်း တိုက်ဆိုင်ချင်လည်း တိုက်ဆိုင်မယ်။ ကွဲလွဲချင်ရင် ကွဲလွဲမယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က လူတွေလေ ...။

          လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ လူတွေရဲ့ အကြောင်းကို သာမန်လူတွေ သိနိုင်သလောက်၊ သိသလောက်တော့ သိနိုင်ကောင်းရဲ့ လို့ ကျွန်တော်မြင်ပါတယ်။ လူတစ်ယောက် မြင်တာထက် ပိုပြီးတော့ စာဖတ်သူက မျှော်လင့်မထားဘူးလို့လည်း ထင်ပါ တယ်။

          လူဆိုတာ လွတ်လပ်ချင်တဲ့သူရှိတယ်။ လုံခြုံ ချင်တဲ့သူ ရှိတယ်။ အမှီအခိုကင်းချင်တဲ့သူ ရှိတယ်။ မှီခိုချင်တဲ့သူရှိတယ်။ ကျွန်တော်မြင်တဲ့၊ တွေ့တဲ့လူ တွေဟာ အခြားသူတွေ မြင်တွေ့နေတဲ့ လူတွေနဲ့ တူချင်မှ တူမယ်။ ဒါပေမဲ့ သူတို့ဟာလည်း လူတွေလေ။

          လူဆိုတာ လူတွေအကြောင်းကို စိတ်ဝင်စား တယ်။ လူဆိုတဲ့ စီးပွားရေးနယ်ပယ်ကို စိတ်ဝင်စား တယ်။ ဒါကြောင့်လည်း လူထဲမှာ စီးပွားရေးကို တွေ့ရ သလို စီးပွားရေးထဲမှာလည်း လူတွေကို တွေ့ရတယ်။ စီးပွားရေးနယ်ပယ်က လူတွေအကြောင်း၊ လူတွေထဲက စီးပွားရေးအကြောင်းကို စီးပွားရေးနဲ့ မကင်းနိုင်တဲ့ လူအားလုံး စိတ်ဝင်စားမယ်လို့ ကျွန်တော်ထင်ပါ တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အမြင်ကို ဝေမျှဖို့ “လူထဲက စီးပွားရေး၊ စီးပွားရေးထဲကလူ”ကို ကျွန်တော် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ။

ခင်မောင်ညို (ဘောဂဗေဒ)၊
၄-၁-၂၀၀၂

 

သီအိုရီ

          ဘွဲ့လွန် ဒီပလိုမာသင်တန်းသားတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုသီအိုရီအမျိုးမျိုးအကြောင်း ပြောဖြစ်ကြ၊ ဆွေးနွေး ဖြစ်ကြပါတယ်။

          အများအားဖြင့် “သီအိုရီ”လို့ ပြောလိုက်ရင် “သဘောတရား”ပဲ၊ လက်တွေ့မဟုတ်ဘူးလို့ တန်းမြင် တတ်ကြပါတယ်။ သီအိုရီကတခြား၊ လက်တွေ့ က တခြားပဲဆိုပြီး အစွဲအလမ်းရှိတယ်။ ခွဲခြား၊ ခွဲခြား မြင်တတ်ကြပါတယ်။

          တကယ်တော့ သီအိုရီတွေဆိုတာ တကယ့်အခြေ အနေကို၊ အရှိတရားတွေကို၊ လောကကို ပိုပြီးနားလည် အောင် ကြိုးစားအားထုတ်ထားတာတွေ ဖြစ်ပါတယ်။

           သီအိုရီတွေအပေါ် အခြေခံပြီးတော့မှ မူဝါဒတွေ ချမှတ် ကြရတာပါ။ သီအိုရီဆိုတာ အမြဲ ပြောင်းလဲလှုပ်ရှား နေတဲ့ စီးပွားရေးကိန်းရှင်တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်မှုတွေရှိတာကို စနစ်တကျ ရှင်းပြဖို့ အားထုတ် ထားတာ၊ ကြိုးစားထားတာတွေ ဖြစ်ပါတယ်။

          ဒီနေရာမှာ ဘောဂဗေဒပညာရှင်တွေဟာ အစစ အရာရာ နှံ့နှံ့စပ်စပ် သိမြင်နိုင်တဲ့သူတွေမဟုတ်လို့ ကိန်းရှင်တွေအားလုံး၊ အခြေအနေတွေ အားလုံးကို လိုက်ပြီး မစုစည်းနိုင်၊ မရွေးချယ်နိုင်ကြပါဘူး။ သူရွေး လိုက်တဲ့ ကိန်းရှင်တွေထဲက တချို့ဟာ အရေးပါတဲ့ ကိန်းရှင်တွေဖြစ်ပြီး တချို့ကတော့ မဆီလျော်တဲ့ ကိန်းရှင်တွေ ဖြစ်နေနိုင်ပါတယ်။

          ပြီးတော့ ဘောဂဗေဒပညာရှင်တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ခေတ်နဲ့တစ်ခေတ် အားသန်ပုံ၊ အာရုံ စိုက်ပုံတွေ မတူကြပါဘူး။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အာရုံဝင်စားပုံချင်းလည်း မတူတတ်ကြပါဘူး။

          သာဓကအနေနဲ့ပြောရရင် ဈေးကွက်ကို စီးပွား ရေးလုပ်ငန်းဆောင်တာတွေ အားလုံးအတွက် ယုံယုံ ကြည်ကြည်၊ စိတ်ချလက်ချ၊ လွတ်လွတ်လပ်လပ်။ အားကိုးအားထား လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ စောစောပိုင်းက အယူအဆတွေရှိပါတယ်။ ဒါပေမဲ့ နောက်ကျ ဈေးကွက်ထက် အုပ်ချုပ်မှုပိုင်းကို အားကိုးအားထား လုပ်လာကြပြန်ရော။ အဲဒီကနေ အားနည်း ချက်တွေ မြင်တွေ့လာရာက ဈေးကွက်ကို ပိုပြီး အားကိုးဖို့၊ ပုဂ္ဂလိကကဏ္ဍကို အားကိုးအားထားလုပ်ဖို့ ပြောလာ ကြပြန်ပါတယ်။

          ပြောရရင် ဈေးကွက်နဲ့ နိုင်ငံတော်ရဲ့ အချိုးအစား ဘယ်လောက်အတိုင်းအတာအထိ ရောမွှေသင့်သလဲ ဆိုတာ ဘယ်တော့မှ ဆွေးနွေးလို့ပြီးပြတ်မယ့်ကိစ္စ မဟုတ်ပါဘူး။

          ဒါဖြင့်ရင် သီအိုရီတွေ အများကြီးဆိုတော့ တစ်ခု နဲ့တစ်ခု မဆန့်ကျင်ကုန်ကြဘူးလား? နားထောင်တဲ့ သူက ဘယ်လိုလုပ်ရမလဲဆိုတဲ့ပြဿနာပါ ဝင်လာ ပါတယ်။

          သီအိုရီတွေက အများကြီး၊ အမျိုးမျိုးလည်း အမျိုးမျိုးဆိုတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်တယ် လို့တော့ ပြောရခက်ပါတယ်။

          ဒီနေရာမှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်ရဲ့ “ဆင်ဆိုတာ”ပုံပြင်လေးကို ပြန်သတိရပါတယ်။ မျက် မမြင်ပုဏ္ဏားတစ်ယောက်ချင်းက ဆင်-ဆိုတာကို ပြည့် စုံအောင် မပြောနိုင်ပေမဲ့ နားရွက်ဆိုတာ၊ အမြီးဆိုတာ၊ ခန္ဓာကိုယ်ဆိုတာ၊ ခြေထောက်ဆိုတာ၊ အစွယ်ဆိုတာ၊ နှာမောင်းဆိုတာ ဘယ်လိုဟာမျိုးပဲလို့တော့ နီးနီး စပ်စပ် ပြောနိုင်ကြပါတယ်။ သူတို့ ၆ ယောက် အဖြေပေါင်းလိုက်ရင် ဆင်ဆိုတာ ဘယ်လိုမျိုးလို့ တော်တော် နီးနီးစပ်စပ် အဖြေထွက်နိုင်ပါတယ်။

          စီးပွားရေးဖွံ့ဖြိုးမှု သီအိုရီတွေဟာ ကိုယ့်ရှုထောင့်က ကိုယ် လေ့လာထားကြတာတွေ ဖြစ်လေတော့ သီအိုရီ တွေအားလုံးဟာ စင်းလုံးချော မဟုတ်ပါဘူး။ သူ့ဟာသူ အားသာချက်တွေ၊ အားနည်းချက်တွေနဲ့ချည်းပါပဲ။ တစ်ကမ္ဘာလုံး လက်ခံထားတဲ့ သဘောတရားရယ်၊ သီအိုရီရယ်လို့ကို မရှိဘူး။ ပြီးတော့ အရင်က ထည့် မတွက်ခဲ့တာတွေကို အခုထည့်ထည့်ပြီး တွက်ကြရပါ တယ်။

          သာဓကက စီးပွားရေးဖွံ့ဖြိုးမှုဆိုတာ စီးပွားရေး တစ်ခုတည်းနဲ့ပဲ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဘက် ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံနဲ့ သက်ဆိုင်တယ်။ ဘက်စုံဖို့လိုတယ်ဆိုတာ အခု သဘောပေါက်လာကြ ပါတယ်။ နဂိုက ဆင်ရဲ့ လက်သည်း၊ ခြေသည်းတွေပဲ အရေးမပါဘူး၊ စာမဖွဲ့လောက်ဘူးဆိုတာမျိုးတွေကို အခု ရေးကြီးခွင်ကျယ် လုပ်လာကြပြန်ပါတယ်။ အခု ရေးကြီးခွင်ကျယ် လုပ်နေတာတွေက နောင်ဆို - မှေး မှိန်သွားဦးမှာပါ။

          လောကကြီးက အမြဲတမ်းပြောင်းလဲနေလေတော့ ကျွန်တော်တို့ရဲ့ နားလည်သဘောပေါက်ပုံတွေကလည်း ပြောင်းလဲနေပါတယ်။ သီအိုရီတွေက ကွဲလွဲမှုတွေ၊ခြားနားမှုတွေ ရှိနေပေမဲ့ သဘောချင်းတိုက်ဆိုင်တာ တွေကလည်း အများကြီးပါ။

          သီအိုရီ တစ်ခုစီ၊ တစ်ခုစီမှာ အလှကိုယ်စီ ရှိကြ တာမို့ ယူတတ်ရင် ယူစရာတွေ ပေးနေကြတာပါ။

ရေးသူ၊ ဖတ်သူ၊ စီစဉ်သူ

          ကျွန်တော်တို့ ဂျာနယ်ထွက်တဲ့နေ့ဆိုရင် စာဖတ် ပရိသတ်က ဘယ်လိုပြောလိုက်မလဲ၊ ဘာတွေ ပြောကြ မလဲဆိုတာကို ရင်တမမနဲ့ စောင့်နေကြရပါတယ်။ ပရိသတ်ရဲ့ တုံ့ပြန်မှုကလည်း သိပ်မြန်ပါတယ်။ ရုံးခန်း ဖွင့်လိုက်တာနဲ့ တယ်လီဖုန်းတွေ ဆက်တိုက်ဝင်လာတာပဲ။ ပေးစာအနေနဲ့ရေးပြီး ပို့တာတွေရှိပေမဲ့ အဲဒါ မျိုးတွေက နည်းပါတယ်။ တယ်လီဖုန်း ကောက်ဆက် လိုက်တာက ရန်ကုန်မှာဆိုရင် ပိုမြန်၊ ပိုအဆင်ပြေတယ် မဟုတ်လား။

          ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်က ထောက်ပြ တာတွေကြောင့် ကျွန်တော်တို့တစ်တွေ သတိမထားမိတာ ထားမိလာကြတယ်။ ပြင်စရာရှိတာ ပြင်နိုင်ကြ တယ်။ နောက်အပတ်တွေမှာ ဒါမှမဟုတ် မီရာအပတ် မှာ ပြင်ဆင်မှုတွေ လုပ်နိုင်တယ်။ ကျွဲန်တော်တို့ ဖြစ်ချင်သလောက်တော့ မဖြစ်နိုင်သေးပါဘူး။

          စာဖတ်ပရိသတ်တွေရဲ့ တုံ့ပြန်မှုအများစုက ဂျာနယ် တာဝန်ယူနေတဲ့သူတွေကို သူတို့မြင်တာ၊ သိတာ၊ တွေ့တာတွေကို ပြောပြချင်တာ၊ ကျွန်တော်တို့ တစ်တွေ သိစေချင်တာတွေပဲ ဖြစ်ပါတယ်။ စာမျက်နှာပေါ်တင်ဖို့ ဆိုတာမျိုးအထိ ရည်ရွယ်တဲ့သူ နည်းပါတယ်။

          တချို့ဆန္ဒတွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေး နိုင်ပါတယ်။ ဥပမာ - အဖွင့်စာမျက်နှာဖြစ်တဲ့ စာမျက် နှာ (၃)မှာ ကြော်ငြာရှင်တွေရဲ့ ဆန္ဒကို ဖြည့်စွမ်းပြီးကြော်ငြာထည့်တာကို စာဖတ်သူတွေက ကန့်ကွက် ကြတဲ့အတွက် ကြော်ငြာလုပ်ငန်းရှင်တွေကို တောင်းပန် ခဲ့ရပါတယ်။ ကျွန်တော်တို့ ရဲ့ စာဖတ်ပရိသတ်က ကျွန်တော်တို့အပေါ် အလေးထားတယ်၊ စာမျက်နှာတွေ အပေါ် ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သိရတဲ့ အတွက် ကျွန်တော်တို့ အတော်လေးခံစားရပါတယ်။

          ကျေးဇူးလည်း တင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဖွင့်စာမျက်နှာကိုရေးရတာ အတော် ဦးနှောက်စား ပါတယ်၊ လက်လည်းဝင်ပါတယ်။ တစ်ခါတလေ တစ်နေ့တည်း နှစ်ပုဒ်၊ သုံးပုဒ်ရေးနိုင်၊ ရေးစရာရှိပေမဲ့ တစ်လနေလို့ တစ်ပုဒ်မှ မထွက်တဲ့အခါမျိုးတွေလည်း ရှိပါတယ်။

          နောက် ကိစ္စတစ်ခုက ကျွန်တော်တို့ မတတ်နိုင်တဲ့ ကိစ္စတွေပါ။ စက္ကူတွေညံ့ ပြီး ဈေးတွေတက်ကုန် တယ်လို့ ဝေဖန်ကြပါတယ်။ ဒါလည်းမှန်ပါတယ်။ စက္ကူ အရည်အသွေးကိုလည်း အတတ်နိုင်ဆုံး ထိန်းပါ တယ်။ ဈေးနှုန်းကို လက်ရှိ ဖြန့်ချိရေးလမ်းကြောင်းက သတ်မှတ်တာပဲ ဆိုကြပါစို့။ တချို့ လက်ပွေ့ကလေး တွေက ဈေးနှုန်းအမျိုးမျိုး ပြောကြတော့ မြို့ထဲမှာ တစ်ဈေး၊ ရွှေဂုံတိုင်မှာတစ်ဈေး၊ လှည်းတန်းမှာ တစ်ဈေးဆိုသလို ဖြစ်နေတတ်ပါတယ်။