ခင်မောင်ညို(ဘောဂဗေဒ) - ခေါင်းဆောင်နှင့်ခေါင်းရှောင်
နားထောင်တတ်ပါသလား
ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့ရသည့် အထက်လူကြီးတွေထဲက အကောင်းဆုံးလူကြီး တစ်ယောက်အကြောင်းကို ပြန်စဉ်းစားကြည့်ပါ။ ထိုလူကြီးအကောင်းဆုံး ဖြစ်ရခြင်းမှာ အဘယ်ကြောင့်နည်း။
သူ့အရည်အချင်းတွေက ဘာတွေဖြစ်မည်နည်း?
သူတို့ကို ယုံကြည် စိတ်ချရသလား?
ဖြစ်နိုင်သည်။
သူတို့က ကိုယ့်ကိုဂရုစိုက်သလား?
သိပ်ဖြစ်နိုင်တာပေါ့။
သူဟာ ကိုယ်ပြောတာကို သေသေချာချာ နားထောင်တတ်သလား?
သေချာတာပေါ့ ။
ခေါင်းဆောင်မှု အရည်အသွေးတွေအကြောင်း ပြောကြသည့်အခါ နားထောင်မှု စွမ်းရည်ကို လျှော့တွက်ကြသည်။ တန်ဖိုးလည်း မထားကြ။ ခေါင်းဆောင်အတော် များများက လူအများ၏ ပြောစကားကို သေသေချာချာ၊ ရည်ရွယ်ချက် ရှိရှိ၊ ကြိုးစား ပမ်းစား နားမထောင်ကြ။ ဒီလိုပဲ ဖြစ်သွားတာဟု ထင်ကြသည်။ လွယ်လွယ်လေးပါဟု ထင်ကြသည်။ ကိုယ့်မှာ နားနှစ်ဖက်ပါတယ်။ တစ်ဖက်ကလူက စကားပြောတယ်၊ ကိုယ်က နားထောင်နေလိုက်တယ်။ ပြီးတော့ ကိုယ်ပြောချင်တာကို ပြန်ပြောလိုက်တယ်။ ကိုယ် ပြောချင်တာက သူ ပြောချင်တာထက် အများအားဖြင့် ပိုပြီးအရေးကြီးတယ် မဟုတ်လား။
ဟုတ်တယ်မဟုတ်လား?
မဟုတ်ပါဘူး။
တကယ်မှန်မှန်ကန်ကန် ထိထိရောက်ရောက် နားထောင်တတ်ခြင်းသည် အခြား သူများနှင့် ဆက်ဆံရာတွင် ယုံကြည်မှု တည်ဆောက်ရန် အမြန်ဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ လူတွေက သူတို့၏ အကြံဉာဏ်တွေကို အချိန်ပေးနားထောင်သော သူတို့ကို ကိုယ်ချင်းစာပေးသော ခေါင်းဆောင်တွေကို ယုံကြည်တတ်ကြသည်။ ထို့ပြင် အမှန် တကယ် နားထောင်ခြင်းသည် ကိုယ့်လုပ်ငန်းထဲမှာ ဘာတွေဖြစ်နေသည်ကို သိရှိနိုင်သော အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သည်။ ကိုယ့်အဖွဲ့သားတွေ၏ လုပ်ရပ် တွေကို သြဇာလွှမ်းမိုးနိုင်သော အကောင်းဆုံးသော အခွင့်အလမ်းတစ်ရပ်လည်း ဖြစ် သည်။ သူတို့ကို မေးခွန်းတွေ မမေးလျှင်၊ သူတို့အဖြေတွေကို သေသေချာချာ နားမထောင် လျှင် ရှေ့တန်းမှာ ဘာတွေဖြစ်နေသည်ကို မသိနိုင်။
နားထောင်ကောင်းသူ တစ်ယောက်အဖြစ် မတော်တဆ ဖြစ်မလာနိုင်။ သေသေ ချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်လာစေရန်၊ ထိထိရောက်ရောက် နားထောင် တတ်ရန်၊ အချိန်ပေးရသည့်၊ ကြိုးစားရသည့် အခြေခံငါးချက်ကို လေ့ကျင့်ရန်လိုသည်။
အခြေခံငါးချက်
- (၁) ကိုယ်လက်လှုပ်ရှားမှုတွေကို ဂရုစိုက်လုပ်ပါ
မိမိ၏ ကိုယ်လက်လှုပ်ရှားမှုတွေက ပြောသူကို မိမိက စိတ်ဝင်စားမှုရှိကြောင်း၊ ပြောဆိုနေသည်။ အကြောင်းအရာကို နားလည်ကြောင်း သို့မဟုတ် စိတ်မဝင်စားကြောင်း၊ အာရုံက တခြားရောက်နေကြောင်း ပြသနေသည်။ နားလည်ကာ ပြုံးပြ၊ ခေါင်းညိတ် နေခြင်း၊ သမ်းဝေနေခြင်း၊ စိုက်ကြည့်နေခြင်း၊ ဘာတွေလုပ်ပြနေသလဲ။ ခန္ဓာကိုယ်က ရှေ့ကိုကိုင်းပြီး လိုလိုလားလား နားထောင်နေသလား၊ ကျောမီလက်ပိုက်ပြီး ဆန့်ကျင် ချေပရန် ပြင်ဆင်နေသလား? မိမိ၏ ကိုယ်အမူအရာတွေက ဆက်ပြောပါ၊ ငါ ဂရုစိုက် တယ်၊ ငါ နားထောင်နေပါတယ်” ဟူသော အဓိပ္ပာယ်ကို ဆောင်သင့်သည်။
(စိတ်မဝင်စားမှုကို အများအားဖြင့် ပြသသော လက္ခဏာတစ်ရပ်မှာ တယ်လီဖုန်း ပြောနေခြင်း၊ အင်တာနက် သုံးနေခြင်းတို့ဖြစ်သည်။)
- (၂) မေးခွန်းများ မေးမြန်းခြင်း
အတော်ဆုံး ခေါင်းဆောင်တွေက မေးခွန်းတွေ မေးမြန်းလေ့ ရှိသည်။ မေးခွန်းတွေအများကြီး မေးလေ့ရှိသည်။ သို့သော် မေးခွန်းတစ်ခုနှင့် တစ်ခု မတူ။ ရည်ရွယ်ချက်ချင်း ကွဲပြားခြားနားသည်။ အချို့မေးခွန်းတွေက၊ သတင်းအချက်အလက်တွေ ထပ်ပေးရန်၊ နက်နက်ရှိုင်းရှိုင်း ပြောဆိုဆွေးနွေးရန် မေးမြန်းခြင်း ဖြစ်သည်။ ရှင်းလင်းပြရန် မေးသည့် မေးခွန်းတွေက ပြောနေသည့် အကြောင်းအရာကို ပြည့်ပြည့်ဝဝ နားလည်သဘော ပေါက်စေရန် အထောက်အကူဖြစ်သည်။ အချို့ မေးခွန်းတွေက ပြောသူ၏ အတွေးကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်မိစေရန် အစဆွဲထုတ်ပေးရာ ရောက်သည်။ အချို့ မေးခွန်းတွေက ဟုတ်တယ်၊ မဟုတ်ဘူး ဖြေလျှင် ပြီးသည်။ စကားစဖြတ်ရန်၊ တိတိကျကျ ပြောပြရန် မေးသော မေးခွန်းတွေ ဖြစ်သည်။ နိမိတ်ပြ မေးခွန်းတွေက စကားဖြတ်ရန် အသုံးပြု နိုင်သည်။
- (၃) ခံစားချက်များကို သုံးသပ်ပြခြင်း
ပြောသူ၏ ခံစားချက်များကို အမိအရဖမ်းကာ အကောင်းအဆိုး သုံးသပ်ဆုံးဖြတ် သည့် သဘောမျိုး မဟုတ်ဘဲ ပြန်လည်ပြောတတ်သည့် စွမ်းရည်ရှိရန်လည်း လိုသည်။
တစ်ဖက်သားပြောနေသည့် အကြောင်းအရာ၏ နောက်ကွယ်မှ စေတနာကို ကိုယ် က သတိထားမိကြောင်း၊ ပြသသည့်နည်း ဖြစ်သည်။“ခင်ဗျား- တကယ်စိတ်မကောင်း၊ စိတ်ဆိုး၊ သောကများနေပုံရတယ်” “ခင်ဗျား- ဒေါသဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်” ဟူသော စကားမျိုးကို ပြောကာ သူ့ကို စာနာမှုရှိကြောင်း ပြသနိုင်သည်။ ဤနည်းဖြင့် သူ၏ယုံကြည်မှုကို ရရှိကာ သတင်းအချက်အလက်တွေလည်း ထပ်မံ ထွက်ပေါ်လာ နိုင်သည်။
- (၄) ကိုယ့်စကားနှင့် ပြန်ပြောပြခြင်း
“ခင်ဗျား- ဆိုလိုချင်တာ ဒီလိုမဟုတ်လား” ဟု သူ့ပြောစကားကို ကိုယ့်စကားနှင့် ဖလှယ်ကာ ပြန်ပြောခြင်းအားဖြင့် သူပြောတာတွေကို ကောင်းကောင်းကြားလိုက်ကြောင်း၊ နားလည်ကြောင်း ပြသနိုင်သည်။ ထိုသို့ ပြန်ပြောရာတွင် ပြောသူ၏ အဓိကဝေါဟာရများ၊ အပိုဒ်များ ပြန်လည်ပြောပြခြင်း၊ သူ့စကားစဉ်အတိုင်း ပြန်ပြောခြင်းပြုကာ နားလည် သဘောပေါက်ရန် နားထောင်ကြောင်း၊ စာနာမှုရှိကြောင်း ပြသနိုင်သည်။ တစ်ဖက်သား စကားကို အတိအကျ ပြန်ပြောစရာမလို။ သူအဖြူပြောတာကို၊ အမည်းဖြစ်အောင် မလုပ်ရ၊ အခြေအနေကို ကြိုတင်အကဲဖြတ်ခြင်း၊ ဆုံးဖြတ်ခြင်းလည်း မပြရပေ။
- (၅) အကျဉ်းချုံးပြောပြခြင်း
အချိန်အကြာကြီး ပြောသွားသမျှကို တိတိကျကျ လိုတိုရှင်းပြောနိုင်သော စွမ်းရည် ရှိရမည်။ အဓိကသဘောတရားတွေ၊ ခံစားချက်တွေ၊ လုပ်ဆောင်မှုတွေကို ပြန်ပြောရာတွင် ဝေါဟာရ အတိအကျဖြစ်ရန် မလို။ ထိုသို့ ပြောနိုင်ရန် မှတ်စုလိုက်ခြင်း၊ စကားပြောနေစဉ် အကျဉ်းချုံး မှတ်သားခြင်း၊ သူ ပြောသည့်စကား ရှေ့နောက်အဆက်အစပ်ကို မှတ်သား ထားခြင်းများ ပြုလုပ်နိုင်သည်။ ကြက်တူရွေးရွတ်သလို တိတိကျကျ ပြောစရာမလို။ မိမိ ၏ သုံးသပ်ချက်ကို ထည့်ပြောစရာမလို။
အချို့လူတွေက တစ်ဖက်သား ပြောစကားကို ကောင်းကောင်း သဘောမပေါက် သေးဟုထင်လျှင် ပြန်မပြောကြ။ သဘောမပေါက်ဘဲ၊ ပြောတာလွဲသွားလျှင် စော်ကားသလို ဖြစ်သွားနိုင်သည်။ ကိုယ်ပြောတာကို သူများစိတ်ဝင်စားမှု ရှိ၊ မရှိ။ သူ၏ကိုယ်ဟန်အမူအရာ တွေကို ကြည့်လျှင် သိနိုင်သည်။ ထို့ပြင် အမှန်တကယ် ကျွမ်းကျင်သူတွေက ဘာမျှ ဖုံးကွယ်ထားစရာ မလိုသဖြင့် ဆက်ဆံရလွယ်ကူသည်။ တစ်ခုပြောစရာရှိသည်က ယဉ်ကျေးမှု ခြားနားလျှင် ကွဲပြားသော ကိုယ်ဟန်အမူအရာတွေ ရှိတတ်သည်။ အရေး အကြီးဆုံးက မျက်နှာအမူအရာ ဖြစ်သည်။
အထက်ပါ အချက်ငါးချက်သည် အရေးကြီးသည်ဟု မထင်ရ။ သို့သော် ခေါင်းဆောင်အတော်များများက မလုပ်ကြသလို၊ ဂရုလည်းမစိုက်ကြ။ အားကစားသမားကောင်း တစ်ယောက်ဖြစ်ရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရသကဲ့သို့ ခေါင်းဆောင်များ အနေဖြင့်လည်း ဤအခြေခံနားထောင်နည်း ငါးရပ်ကို စဉ်ဆက်မပြတ် လေ့ကျင့်အပ်ပါသည်။
( ညွှန်း - The 5 Fundamental of Effective Listening)