Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ကိုရိုနာဗိုင်းရပ်အကျပ်အတည်းနှင့်စီးပွါးရေးလုပ်ငန်းများအတွက်ကျော်လွှားနည်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
Type

ဘယ်ဆေးစွမ်းမလဲ

           အရောင်းကွင်းဆက် (Supply Chain) တွေ ကမောက်ကမဖြစ်တာ မဆန်း ပါဘူး။ အဲဒီပြဿနာတွေကို စီးပွားရေးနည်းလမ်းတွေ သုံးနေကျနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ အရောင်း ကွင်း ဆက်ပြဿနာကတော့ တစ်မျိုးပါ။

           သေချာပေါက်ပြောနိုင်တာက ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ အမေရိကန်ရဲ့ စီးပွား ရေးကို သေချာပေါက် ဒုက္ခပေးမှာပါ။ စတော့ရှယ်ယာဈေးကွက်ကိုကြည့်ရင် ဒီရောဂါပိုး ဟာ နှစ်ရှည်လများ စီးပွားရေးနှေးကွေး ကျဆင်းသွားအောင် လုပ်နိုင်တယ်ဆိုတာ တွေ့ရတယ်။

           အထူးသဖြင့် ဒီအကျပ်အတည်းဟာ အစိုးရက ခါတိုင်းစီးပွားရေးတည်ငြိမ် အောင်ဆိုပြီး သုံးတဲ့နည်းတွေနဲ့ အံမဝင်တော့ပါဘူး။ စီးပွားရေးတိုးတက်မှု နှေးကွေးပြီ ဆိုရင် ရောဂါပိုးရဲ့ ဖြစ်ရတဲ့ စီးပွားရေးအကျိုးသက်ရောက်မှုနဲ့ အစိုးရက စီးပွားရေး တိုးတက်အောင် သုံးတဲ့နည်းလမ်း၊ ကိုက်ညီမှုမရှိလို့ တစ်နည်းပြောရရင် အနာနဲ့ဆေး မတည့်လို့ဘဲ ဖြစ်ပါလိမ့်မည်။

           အတိုးနှုန်းတွေလျှော့လိုက်တော့ ငွေချေးရတဲ့စရိတ် သက်သာနိုင်တယ်။ အစုရှယ်ယာဈေးတွေ တက်တယ်။ ဒါပေမဲ့ အလုပ်သမားတွေ ဖျားနာနေလို့ ပိတ်လိုက် ရတဲ့ စက်ရုံတွေကနေ၊ ပစ္စည်းတွေထွက်လာအောင် လုပ်မပေးနိုင်ပါဘူး။ အစိုးရတွေက လူတွေအိတ်ထဲ ငွေတွေရောက်အောင် ထည့်ပေးနိုင်တယ်။ အခွန်ပြန်ဆပ်တာမျိုးတွေလုပ်နိုင်တယ်။ ဒါပေမဲ့ စတိုးဆိုင်တွေက ဟာလာဟင်းလင်းဖြစ်နေတဲ့ စင်တွေပေါ်ကို ပစ္စည်းတွေရောက်အောင် တင်မပေးနိုင်ပါဘူး။

           ထိခိုက်ဆုံးရှုံးမှုနည်းစေဖို့ လုပ်ဆောင်ရာမှာ သဘာဝအရကိုက မူဝါဒအပေါ် ကန့်သတ်မှုတွေ ရှိနေရုံသာမက စီးပွားရေးနဲ့ နိုင်ငံရေးနောက်ခံတွေကလည်း အားမကောင်းကြပါဘူး။ ဗဟိုဘဏ်က အတိုးနှုန်းကို အတော်နိမ့်အောင် ချထားပြီး ဖြစ်လို့ ထပ်နိမ့်အောင်ချဖို့ မလွယ်လှပါဘူး။ သမ္မတက ပြန်ပြီးအရွေးကောက်ခံရဖို့ ကြိုးစားနေချိန် ကွန်ဂရက်လွှတ်တော်မှာ သူ့ပါတီ၊ ကိုယ့်ပါတီ သဘောထားတွေ ကွဲနေကြပါတယ်။

           ကိုရိုနာဗိုင်းရပ်စ်ကို မီးလောင်တာနဲ့ ဥပမာပေးရမယ်ဆိုရင် စီးပွားရေးမကျဆင်း အောင် ကြိုးစားနေတဲ့သူတွေဟာ ပစ္စည်းမစုံမလင်နဲ့ မီးသတ်နေရတဲ့သူတွေနဲ့ တူပါ တယ်။ သူတို့အချင်းချင်းကလည်း ရန်ဖြစ်နေသေးတယ်။ မီးတောက်ကို ငြိမ်းသတ်ဖို့ လိုအပ်တဲ့ ဓာတုဗေဒဆေးတွေလည်း မရှိ။

           ခုလိုအခြေအနေမျိုးမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒတွေ ဘယ်လိုပေါင်းစည်း ဆောင်ရွက်နိုင်ကြမလဲ။ အခုဟာက အရောင်းကွင်းဆက် ကမောက်ကမ မဖြစ်တာကို လျော့ပါးအောင် ဒုတိယအဆင့် အကျိုးသက်ရောက်မှုတွေ လျော့နည်းအောင် လုပ်နေ တာမျိုးပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း လအတန်ကြာ စီးပွားရေးကျဆင်းတဲ့ စီးပွားရေးတုံ့နှေးမှုမျိုး အမေရိကန်မှာ မဖြစ်ခဲ့ပါဘူး။ အခုဖြစ်ခဲ့ရင်တော့ အလုပ်လက်မဲ့ တွေတိုးဖို့ ဝင်ငွေတွေ လျော့ကြဦးမယ်။ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေး ကျဆင်းမှုတွေ အတော်များများနဲ့ မတူတဲ့ စီးပွားရေးကျဆင်းမှုကို တွေ့ကြုံရမယ်။

           ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ရတဲ့ အရောင်းကွင်းဆက်ပြဿနာက ပစ္စည်းတွေကို ထုတ်လုပ်နိုင်စွမ်း မရှိတာပါ။ တရုတ်က အလုပ်သမားတွေကို သီးခြား ခွဲထုတ်ထားတော့ စက်ရုံလာပြီး အလုပ်လုပ်ကြ၊ ထုတ်လုပ်နိုင်ကြခြင်း မရှိတော့ဘူး။ ဒါကြောင့် ကမ္ဘာပေါ်က နေရာတချို့မှာသာ ထုတ်လုပ်နိုင်တဲ့ တချို့ပစ္စည်းတွေ ပြတ် တောက်သွားစေခဲ့ပါတယ်။

           နိုင်ငံစုံကုမ္ပဏီကြီးတွေက နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး၊ ကုန်ပစ္စည်းလက်ကျန် နည်းနည်းပဲထားတယ်။ တစ်နေရာနဲ့တစ်နေရာ အချိန်ကိုက် ပစ္စည်းပေးပို့ရယူတဲ့ နည်းကို သုံးတယ်။ အများကြီး သိုလှောင်မထားဘူး။ တရုတ်စက်ရုံတွေကို အားကိုးနေရတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အဓိကကျတဲ့ပစ္စည်းတွေ ပြတ်လာနေပြီ။ မကြာမီမှာ ပစ္စည်းတွေ အကြီးအကျယ် ပြတ်တောက်စရာရှိပါတယ်။ ဒါပေမဲ့ ဘောဂ ဗေဒပညာရှင် အတော်များများကတော့ ကမ္ဘာ့အရောင်းကွင်းဆက် ဘယ်လိုရောယှက် ချိတ်ဆက်နေတယ်ဆိုတာ နားမလည်ကြပါဘူး။ အထူးသဖြင့် ဆေးဝါးနဲ့ အီလက် ထရွန်းနစ်ပစ္စည်းတွေ ထိတော့မယ်။

           အခုလို ပစ္စည်းပြတ်တာမျိုးကို နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (Macroeconomic Policies)တွေက လုပ်လို့မရပါဘူး ။

           ဒါပေမဲ့ အရောင်းကွင်းဆက် ကမောက်ကမကနေ အဝယ်ကွင်းဆက် ကမောက်ကမအဖြစ်ကို ပြောင်းသွားပြီး အဝယ်မလိုက်ကြတော့ဘူး ဆိုရင်တော့ နိုင်ငံ အဆင့် စီးပွားရေးမူဝါဒတွေက အကူအညီပေးနိုင်ပါတယ်။

           ဥပမာပေးရရင် ဘာပစ္စည်းမျှ စင်ပေါ်မှာမရှိတဲ့ စတိုးဆိုင်တစ်ဆိုင်ဟာ အရောင်း ကွင်းဆက်ပြဿနာနဲ့ ကြုံတွေ့နေရပြီး စင်ပေါ်မှာ ပစ္စည်းအပြည့်ရှိပြီး၊ ဝယ်သူမရှိတဲ့ စတိုးဆိုင်ဟာ အဝယ်ကွင်းဆက်ပြဿနာနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။

           ရေတိုမှာ အရောင်းတိုးလာအောင်လုပ်တာထက် အဝယ်တိုးလာအောင် လုပ်တာက ပိုလွယ်ပါတယ်။ ဒါပေမဲ့ အရောင်းပြဿနာတွေကနေ အဝယ်ပြဿနာ၊ အဝယ်ပြဿနာတွေကနေ အရောင်းပြဿနာ၊ အပြန်အလှန် ဖြစ်သွားစေနိုင်ပါတယ်။

           ပထမတော့ စတိုးဆိုင်မှာ ပစ္စည်းပြတ်၊ နောက်ကျတော့ လူတွေက စတိုးဆိုင် မသွား၊ အလုပ်တွေပြုတ်၊ ဝင်ငွေမရှိ၊ ဘာမျှမဝယ်နိုင်တော့တဲ့ အဖြစ်မျိုး၊ အန္တရာယ်မျိုး ကို အခုကြုံတွေ့နေရပါတယ်။

           အခုဆိုရင် အီတလီမှာ လူတွေ နေ့စဉ်ဒုက္ခရောက်၊ ကမ္ဘာလှည့်ခရီးသည်တွေက အလာနည်း၊ လူတွေက စတိုးဆိုင်တွေကို ရောဂါကူးစက်မှာ စိုးရိမ်ပြီး မလာကြ။ ဆိုင်ဝန်ထမ်းတွေ အလုပ်ပြုတ်ရှာကြမယ်။ ဝင်ငွေတွေလျော့မယ်။ ဈေးဝယ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပစ္စည်းကိုမျှ မဝယ်နိုင်တော့ဘူး။ ဒါဆိုရင် စီးပွားရေးကျမယ်။

           ဒီလိုပဲ ဘဏ္ဍာရေးဈေးကွက်က မလှုပ်ရှားရင် စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီ ခံရမယ်။ ချေးငွေမရဘူး။ တချို့ လုပ်ငန်းတွေက ဝန်ထမ်းလျှော့မယ်။ တချို့ အလုပ်ရုံ တွေက ပိတ်ပင်မယ်။

           ဒါကြောင့် စီးပွားရေးမူဝါဒဟာ အရောင်းကွင်းဆက်ပြဿနာကို ဖြေရှင်းဖို့ မဟုတ်ဘဲ၊ အရောင်းပြဿနာကနေ အဝယ်ပြဿနာ ဖြစ်မသွားစေဖို့ဘဲ ဖြစ်ပါတယ်။ အစိုးရက အခွန်သက်သာခွင့်တွေ၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတွေပေးတယ်။

           အတိုးနှုန်းတွေ ချတယ်။ ဒီလိုနည်းနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ အကျပ် အတည်း တွေ့နေချိန်မှာ လုပ်သာကိုင်သာ ရှိစေတယ်။ အသက်ရှူချောင်စေတယ်။

           ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် အမေရိကန်မှာ ပျံ့နှံ့သွားခဲ့ပြီဆိုရင်တော့ တားဆီးတာ တွေ၊ ပိတ်ဆို့တာတွေ ကြုံလာပြီး၊ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆရခက်တယ်။ လူတွေ က ခရီးမသွားကြ၊ ဈေးမဝယ်ကြ၊ အလုပ်မလုပ်ကြတော့ဘူးဆိုရင် ဝန်ဆောင်မှုကဏ္ဍ ဘယ်လိုလုပ် ရှင်သန်နိုင်မလဲ။

           ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်၊ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ လေကြောင်းခရီးသွားလာမှုတွေကို ခေတ္တပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အတော် များများက အလုပ်များမပျက်ခဲ့ပါဘူး။ အခုလည်း ဘယ်လိုဖြစ်မလဲဆိုတာ မှန်းဆလို့ မရသေးပါဘူး။ ကိုယ်ကြိုက်သလို တွေးလို့ရပါတယ်။

           ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေလည်း များများစားစားတော့ ရှိမနေပါဘူး။ အရောင်းဘက်ကပြဿနာနဲ့ ပတ်သက်လို့ ချက်ချင်း အရောင်းတက်လာအောင်၊ ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်လို့မရပါဘူး။ အရောင်းပြဿနာကနေ အဝယ် ပြဿနာ ဖြစ်လာပြီဆိုရင် ဗဟိုဘဏ်က ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လောက် အကျိုးရှိသလဲဆိုတာ တွေ့ရမှာပါ။

           အကောင်းဆုံးကတော့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေက ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပြီး၊ စီးပွားရေးမီးသတ်သမားတွေရဲ့ အကူအညီ သိပ်ပြီးမလိုအပ်တာပါပဲ။

ကူးစက်ရောဂါနဲ့ ကမ္ဘာ့စီးပွားရေး

           တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားကူးစက်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ရဲ့ ပို့ကုန်တွေကို တင်ပို့ရောင်းချခြင်းမျိုး မပြုနိုင်ဘဲ၊ ကမ္ဘာ့အရောင်းကွင်းဆက်တစ်ခုလုံး ကိုပါ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။ ကူးစက်ရောဂါထိန်းချုပ်နိုင်ဖို့ နှစ်သစ်ကူး အားလပ်ရက်တွေ တိုးပေးခဲ့ရပါတယ်။ အခုဆိုရင်တော့ အလုပ်သမားတွေ၊ အလုပ်ခွင် ပြန်ဆင်းကြဖို့ အချိန်တန်ပေမဲ့ ကုမ္ပဏီအတော်များများက ပြန်မစကြသေးပါဘူး။ စားသုံးသူတွေကလည်း စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို မသွားကြသေးသလို၊ သယ်ယူပို့ဆောင်ရေးတွေကလည်း ချောမွေ့မနေပါဘူး။

           ဒါကြောင့် ဗိုင်းရပ်စ်ရယ်၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ကြိုးစားတာတွေရယ်ဟာ လောလောဆယ်မှာ ကမ္ဘာ့စီးပွားရေးအတွက် ဧရာမခြိမ်းခြောက်မှုကြီး ဖြစ်နေပါတယ်။ ဒီတစ်ခါဖြစ်ရပ်ဟာ ၂၀၀၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆားစ် (SARS) ရောဂါထက်တောင် ဆိုးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ စီးပွားရေးအဆောက်အအုံဟာ ဟိုတုန်းက ထက် လေးဆကြီးနေပြီး ကျန်တဲ့ကမ္ဘာ့ဒေသအသီးသီးနဲ့ ချိတ်ဆက်မှု ပိုပြီးများလာတဲ့ အတွက်ကြောင့်ပါ။

           ဒါကြောင့် ၂၀၂၀ ပထမသုံးလပတ် တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ မနှစ်က အလားတူကာလမှာ ၄.၆% ရှိခဲ့ပေမဲ့ အခုတော့ ၁.၅% လျော့သွားမယ်။ ကမ္ဘာ့စီးပွားရေးဟာလည်း ဝ.၅% လျော့မယ်လို့ တွက်ဆကြပါတယ်။ အခုလိုလျော့ချခန့်မှန်းကြတာဟာ ၂၀၀၈-၂၀၀၉ မှာဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးမှု နောက် ပိုင်းမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။

           တရုတ်ဟာ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ ဂျာမနီထက် ၅ ဆ၊ ကမ္ဘာ့ပို့ကုန်ရဲ့ ၃၀% ကို တင်ပို့ရောင်းချတာပါ။ ဒါကြောင့် အီလက်ထရွန်းနစ်ပစ္စည်းနဲ့ ကွန်ပျူတာတွေ ထုတ်လုပ်တင်ပို့မှုကို ထိခိုက်ပါတယ်။ ရောဂါဖြစ်ပွားတဲ့ ဝူဟန်ဟာ မော်တော်ကားပစ္စည်းတွေ ထုတ်လုပ်ရာ အချက်အချာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ဆယ်နှစ် အတွင်း အင်ဂျင်နဲ့ မော်တာထုတ်လုပ်မှု လေးဆ တက်ခဲ့ပါတယ်။ အခုတော့ အဲဒီစက်ရုံ တွေ ပိတ်ထားပါတယ်။

           ဒါကြောင့် ကမ္ဘာမှာရှိတဲ့ ကားစက်ရုံတွေတောင် ကားပစ္စည်းရဖို့ ခက်လာပါ တယ်။ မကြာမီမှာ ပိတ်ကြရမယ့် အလားအလာ ရှိနေပါတယ်။ ဥပမာ- အမေရိကန်အီတလီ ကားကုမ္ပဏီ Fiat Chrysler ပေါ့ ။ ဟွန်ဒိုင်းကလည်း တောင်ကိုးရီးယားက စက်ရုံတွေကို ပိတ်မယ်တဲ့။ Volkswagen ကတော့ ဖေဖော်ဝါရီ ၁၇ ရောက်မှ တရုတ်က စက်ရုံတွေကို ပြန်လည်ပတ်မယ်တဲ့။

           အာရှက ထွန်းသစ်စနိုင်ငံတွေလည်း အထိနာကြပါတယ်။ တောင်ကိုးရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ ကုန်ချောသွင်းကုန်သုံးပုံတစ်ပုံဟာ တရုတ်က လာတာပါ။ ဒါကြောင့် ထွန်းသစ်စ အာရှနိုင်ငံတွေဟာ အထိအနာဆုံးလို့ ဆိုနိုင်ပါ တယ်။

           တစ်ဖက်ကကြည့်ပြန်တော့ တရုတ်အလုပ်သမားတွေ အလုပ်ပိတ်၊ အိမ်မှာပဲနေနေကြတာ၊ ဝယ်လိုအား လျော့နည်းသွားစေပါတယ်။ တရုတ်ဟာ ကမ္ဘာ့သွင်းကုန်ရဲ့ ၁၁% ကို သွင်းတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကတော့ ကမ္ဘာ့သွင်းကုန်ရဲ့ ၂.၇% ပဲ ရှိခဲ့တယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး တင်သွင်းတဲ့နိုင်ငံ ဖြစ်နေပါပြီ။

           နာမည်ကျော် တဆိပ်တွေဖြစ်တဲ့ Levi Strauss, Ikea, H+M, Nike နဲ့  Starbucks တို့လည်း တရုတ်မှာ ဆိုင်တွေ ပိတ်ထားကြပါတယ်။ ရှန်ဟိုင်းနဲ့ ဟောင်ကောင်က ဝေါ့ဒစ္စနေလုပ်ငန်းတွေလည်း ပိတ်ထားကြပါတယ်။

           တရုတ်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေလည်း နည်းသွား ပါပြီ။ အခုဆို မတ်၊ ဧပြီ အထိ လေကြောင်းလိုင်း ၂၀ က ခရီးစဉ်တွေ ဖျက်ထားပါ တယ်။ တရုတ်က ခရီးသည် သန်း ၁၅၀ လောက် နှစ်စဉ်ခရီးထွက်ပြီး ဒေါ်လာ ၂၇၉ ဘီလီယံလောက် သုံးတာဆိုတော့ ခုအတိုင်းဆို နိုင်ငံတကာ ခရီးသွားလုပ်ငန်း လည်း ထိခိုက်ပါတယ်။ ခရီးသည်တွေ ကြိုတင်စာရင်းသွင်းထားတာတွေ ဖျက်ကုန်ကြ လို့ပါ။ တရုတ်တွေအသွားများတဲ့ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်းတို့ ထိခိုက်ပါတယ်။

           တရုတ်ဟာ ကမ္ဘာပေါ်မှာ သတ္တုတွေ၊ သံရိုင်းတွေလို ကုန်ကြမ်းတွေကို အများ ဆုံးတင်သွင်းတဲ့ နိုင်ငံပါ။ ချီလီတို့၊ နိုက်ဂျီးရီးယားတို့ကို လောလောဆယ်မှာ ကြေးတွေ မပို့ဘဲထားဖို့နဲ့ စက်ရုံတွေ ပိတ်ထားတယ်ဆိုတာကို စ ကြော်ငြာခဲ့ပါတယ်။

           ဒုတိယ လေးလပတ်လောက်ရောက်ရင် တရုတ်ပြန်ဦးမော့နိုင်ကောင်းရဲ့ ။ ကပ်ကျော်ကောင်းရဲ့ လို့ တွက်ဆနေကြပါတယ်။ ဒါပေမဲ့ အဲသလို ကပ်ကျော်ရင်တောင် မှ ဆုံးရှုံးထိခိုက်သွားတာတေ ကာမိဖို့ အတော်လုပ်ကြရမယ့်သဘော ရှိပါတယ်။

           တရုတ်စီမံကိန်းဌာနကတော့ ကိုယ့်ဒေသမှာ ကူးစက်ပြန့်ပွားမှု အခြေအနေ ကို ကြည့်၊ ကိုယ့်ဘာသာတွက်ဆပြီး ပြည်နယ်တွေ၊ မြို့တွေမှာ လုပ်ငန်းတွေပြန်စဖို့ ပြောဆိုညွှန်ကြားတာ တွေ့ရပါတယ်။

           တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ကြောင့် ၂၀၁၈ ဖေဖော်ဝါရီလကစလို့ အမေရိကန်ကုမ္ပဏီတွေဟာ ဒေါ်လာ ၄၆ ဘီလီယံ နစ်နာခဲ့ပါတယ်။ ၂၀၁၉ မှာ အတိုးနှုန်း သုံးခါတောင် ချခဲ့တယ်။ ခုတော့ ပထမအဆင့် သဘောတူညီချက် ရခဲ့ပါပြီ။ ဒါပေမဲ့ အခွန်တွေကတော့ ကောက်နေတုန်းပါ။

           တရုတ်ကလုပ်ငန်းတွေ မလည်ပတ်နိုင်လေ၊ ကမ္ဘာ့စီးပွားရေးနှေးလေ ဖြစ်မှာပါ။ ခုကြုံတွေ့ နေရတာ၊ ဥရောပရဲ့ မြေရှင်ပဒေသရာဇ်ခေတ် ရောက်နေတာနဲ့တူတယ်။ မြို့တိုင်းက စစ်ဟယ် ဆေးဟယ် ပြန်စစ်ဟယ်နဲ့ လုပ်နေကြရတာ။

           ကူးစက်တဲ့နှုန်းက မြင့်နေ၊ တရုတ်ပြည်နဲ့ အဆက်အစပ်မရှိတဲ့သူလည်း ကူးစက်ခံရ၊ သေဆုံးတဲ့ဦးရေ ၁ဝဝဝ ကျော်လာပေမဲ့ သေဆုံးတဲ့နှုန်း လျော့လာတယ် ဆိုတဲ့အတွက် အားတက်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်စက်ရုံ၊ တရုတ်ကုန်သွယ် ရေး ပြန်လည်ပတ်ဖို့ အချိန်အတော်ပေးရဦးမယ့်သဘော ရှိတယ်။

           တခြားဟာမပြောနဲ့၊ တရုတ်က လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ နှစ်စဉ်တွေ့ဆုံ နေကြ၊ တရုတ်စီးပွားရေးဖိုရမ်ကို မတ်လမှာ လုပ်ဖို့ရှိပေမဲ့ အကန့်အသတ်မရှိ၊ ရွှေ့ဆိုင်းလိုက်ရတာကိုပဲကြည့်လေ။ ,

           ပြောစရာတစ်ခုရှိတာက အွန်လိုင်းက မှာကြဝယ်ကြလို့ အပြင်ဈေးကွက်ထက်၊ အွန်လိုင်းအရောင်းအဝယ် ပိုသွက်လာပါသတဲ့။ သင်္ဘောကျင်းတွေကျပြန်တော့ ဖွင့်တယ်ဆိုပေမဲ့ အလုပ်သမားတွေကမလာ။ အလုပ်ပြီးရမယ့်ရက်တွေ နောက်ဆုတ် ပေးရ။ ရပ်ဝေးကလာပြီး အလုပ်လုပ်တဲ့သူတွေက ပြန်မလာ။ ကလေးတွေရဲ့ ကျောင်း တွေလည်း ပိတ်၊ ပလတ်စတစ်တွေ၊ သံတွေနဲ့ထုပ်ပိုးတဲ့ လုပ်ငန်းတွေက ကုန်ကြမ်းမရှိလို့ ရပ်။ အလုပ်လာဆင်းတဲ့သူတွေကိုလည်း အရင်ဆုံးဆေးစစ်။ ကျန်းမာရေး ဌာန သဘောမတူရင် ရုံးတွေ၊ လုပ်ငန်းတွေ ပြန်ဖွင့်လို့မရ။ ခွင့်ပြုချက်ရတာက အနည်းစု။

           အမေရိကန်တွေက တရုတ်ကို အားမကိုးရအောင် ကြိုးစားနေတာတော့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ် ဖြစ်ကတည်းကပါ။ ဒါပေမဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေအစ တံခါးပတ္တာတွေအဆုံး၊ တရုတ်က တင်သွင်းနေရတုန်းပါ။ တရုတ် စက်ရုံတွေ ပိတ်ထားရင် တရုတ်အစိုးရက ပိတ်လို့လည်းမဟုတ်၊ အမေရိကန်အစိုးက တားလို့လည်းမဟုတ်ဘဲ၊ အမေရိကန်နဲ့ မက္ကဆီကိုက မော်တော်ကားစက်ရုံတွေ ထိခိုက် မှာပါ။