Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ကိုယ်တွေ့MBA

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

စီးပွားရေးအကျပ်အတည်း

စီးပွားရေးသမိုင်း

          မကြာသေးမီက ဖြစ်ပွားခဲ့သော စီးပွားရေး အကျပ် အတည်းတွေ့ကြုံရမည်ကို မည်သူမျှ မသိဟု ယုံတမ်းစကား တစ်ခုထွက်ပေါ်ခဲ့သည်။ တကယ်တော့ ဘောဂဗေဒ ပညာရှင် အတော် များများက ကြိုမြင်ခဲ့ကြပါသည်။ ကမ္ဘာတစ်ဝန်း တစ်ဖက်စောင်းနင်းတွေဖြစ်နေပြီးဘဏ္ဍာရေး ပြုပြင်ညှိနှိုင်းမှု တွေ လိုအပ်နေပြီဆိုသည်ကို တဖွဖွပြောခဲ့ကြသည်။

          လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ကျော်က ကမ္ဘာဆန် လာခဲ့သည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြီး လွန်ခဲ့သော (၁၀) နှစ် အတွင်းက ကမ္ဘာဆန်လာခြင်းသည် ဒုက္ခရောက်တော့မည်။ စီးပွားရေးကျမည်၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ ပြိုလဲတော့မည်။ နိုင်ငံတကာ ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်တော့မည်၊ နိုင်ငံရေး ကဘဏ္ဍာရေးကို လွှမ်းမိုးတော့မည် ဟူသော ဟောကိန်းတွေကို ၂၀၀၂ ခုနှစ်လောက်ကတည်းက ပြောဆိုခဲ့သူတွေရှိသည်။ယုတ်စွအဆုံး၊ အနည်းဆုံး၊ ဘဏ်လုပ်ငန်းရှင် တစ်ယောက် တော့ ထောင်ကျဦးမည်ဟုပင် တွက်ခဲ့ရာ ဘယ်လိုလုပ်သိနေရ သနည်းဟူသော မေးခွန်းတွေလည်း ပေါ်ပေါက်ခဲ့သည်။

           တကယ်တော့ ဘာမျှခက်ခက် ခဲခဲမဟုတ်၊ နည်း ပညာအသစ်အဆန်းတွေ၊ ရှုပ်ရှုပ်ထွေးထွေးကိရိယာတွေလည်း မလိုအပ်၊ သမိုင်းကြောင်းကို နည်းနည်းပါးပါးသိလျှင်လုံလောက်ပြီ။ ၁၉၁၄ ခုနှစ်တွင် ခါးပြတ်ရပ် သွားသော ကမ္ဘာဆန်လာ သည့် သံသရာတစ်ခုမှ လွဲ၍ ယခင်က ကြုံတွေ့ခဲ့ရသော ကမ္ဘာဆန် သံသရာအားလုံးသည် အဆုံးသတ်ပုံသတ်နည်းတူကြသည်။ နောက်ဆုံးကြုံတွေ့ခဲ့ရသော ကမ္ဘာဆန်လာသည့် သံသရာသည်လည်း ယခင် သံသရာတွေနှင့် အခြေခံချင်း လုံးဝ ကွဲလွဲမှုမရှိ။

          စီးပွားရေးပညာရှင်တွေ၊ ဘဏ် လုပ်ငန်းရှင်တွေ မူဝါဒချမှတ်သူတွေ အတော်များများက အကျပ်အတည်းနှင့်ပတ်သက်၍ အငိုက်တွေ့ခဲ့ကြသော်လည်း စီးပွားရေးနှင့် ဘဏ္ဍာရေး သမိုင်း အကြောင်း အသေအချာ သိသူတွေအတွက် အကျပ်အတည်းကို လွှဲရှောင်၍မရကြောင်း သဘော ပေါက်ထားကြပြီးဖြစ်သည်။

          သို့ဖြစ်၍ စီးပွားရေး ဘာသာရပ်များကို သင်ကြားရာတွင် သင်္ချာ ဘာသာရပ်ကို တတ်ကျွမ်းသင့်သော်လည်း သိပ်ပြီးအလေးပေးရန်မသင့်၊ စီးပွားရေးသမိုင်းကို သင်ပေးရမည်။ စီးပွားရေးသမိုင်းဆိုသည်မှာလည်း လွန်ခဲ့သည့် အနှစ်နှစ်ဆယ်သုံးဆယ်မျှ လောက်ကိုသာ ဆိုလို ခြင်းမဟုတ်ပေ။

          သမိုင်းကို အားသန်ကြသူများက ယခုကဲ့သို့ အမေရိကန်ဘဏ္ဍာရေး လောကကို ထောက်ပံ့ကြေးတွေအခမဲ့ ဗုံးပေါလအောပေးနေလျှင် အနာဂတ်တွင်လည်း အကျပ်အတည်းတွေ၊ စီးပွားရေးကျဆင်းမှုတွေ လာဦးမည်ဟု အနာဂတ်အတွက် ကြိုတင်၍ ဟောကိန်းထုတ်သည်ကို လည်း တွေ့ရသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နိုင်ငံတွေ ကြွယ်ဝအောင် လုပ်ပေးခဲ့ရာ တွင် သစ်တောများ၏ အခန်းကဏ္ဍကို မမေ့သင့်။ ယခု အကျပ်အတည်းများဖြစ်ရခြင်းမှာ ရရှိနိုင် သော သယံဇာတစွမ်းအားစုတွေ လျော့နည်းသွားခြင်းကြောင့်ဖြစ်သည် ဟုဆိုပြီး ထောက်ပြသည်။

          စီးပွားရေးသမိုင်းအကြောင်း ပြန်သင်သင့်သည်ဟု ပြောလာကြချိန်တွင် စီးပွားရေး သမိုင်း ပါမောက္ခ များများစာစား ရှိကြပုံမရ။ ယခုမှ မွေးယူမည် ဆိုလျှင်လည်း အချိန်အတော်ကြာအောင်စောင့်ဆိုင်းရဦးမည်။ ပြီးတော့ ဘောဂဗေဒပညာရှင်တွေ ကိုယ်တိုင်က ကိုယ်နှင့် မတူသည့် သူတွေကို မျိုးသုဉ်းအောင် ဖယ်ရှားပစ်နေသည်ဟု စွပ်စွဲကြသည်။

          တကယ်တော့ သမိုင်းသာမက လူတွေ၏ ကြောင်းကျိုးဆင်ခြင်မဲ့တတ်သော သဘော၊ သူတို့၏ အသိအမြင်များ အကန့်အသတ်ရှိပုံတို့ကိုလည်း လေ့လာသင့်သည်ဟု အကြုံပြုကြ သည်။ သမိုင်းကို သေသေချာချာ လေ့လာလျှင်လည်း လူတွေ၏ ကြောင်းကျိုးဆင်ခြင်ဉာဏ်မဲ့မှု၊ အသိဉာဏ်၏ အကန့်အသတ်ရှိမှုတို့ကို နားလည်သဘောပေါက်နိုင်သည်။

          လူအတော်များများက စီးပွားရေးအဆောက်အအုံကို သုံးသပ်ရာ၌ လက်တွေ့ လောက၏ ရှုပ်ထွေးခက်ခဲ ပုံကို ကြည့်မြင်ဖို့ မေ့နေကြပုံရသည်။ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး နောက်ပိုင်းတွင် ဘောဂဗေဒဘာသာရပ် သင်ကြားပို့ချပုံသာမက လူတွေတွေးပုံ ခေါ်ပုံကိုပါ ပြန်လည်စဉ်းစားသုံးသပ်ရန် အချိန်ကောင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

          ကိန်းဂဏန်းများ စီးပွားရေးပုံစံများ ချမှတ်ရာ၌ ကိန်းဂဏန်းချ၍ မရသောကိစ္စများ၊ မျှော်လင့်မထားသော ကိစ္စတွေ မပါဝင်၊ ကိုယ့်ပုံစံထဲတွင် အကုန်လုံးကို ထည့် စဉ်းစား၍မရသဖြင့်အလွန်အကျူး အားကိုး၍မရ။ သမိုင်း ကြောင်း၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေးတို့ကိုပါ ထည့် စဉ်းစားရန် လိုသည်။

          အခြားပြဿနာတစ်ခုမှာ သီအိုရီကိစ္စတွင် ပျံ နေအောင် တော်သော ပညာရှင်တွေက ပြင်ပလောကကို စိတ်မဝင်စား၊ မူဝါဒချမှတ်မှု၊ ပြည်သူလူထုကို ပညာပေးမှု တို့တွင် မမွေ့လျော်။ တကယ်တော့ နိုင်ငံရေးသမားတွေ ကိုယ်တိုင်က ဘောဂဗေဒတွေ၊ စီးပွားရေးပညာတွေကို နားလည် သဘောပေါက်ရန် လိုအပ်ရာ၊ သူတို့ကို သင်ပေး မည့်သူတွေလည်းရှိရန် လိုအပ်သည်။ ပြည်သူ လူထုသိရန် သင်ပေးမည့်သူတွေလည်း လိုအပ်သည်။

          ဘောဂဗေဒ ဆိုသည်မှာ တကယ့်ပြည်သူ တွေ၏ ဘဝနှင့် ဆက်စပ် လ ည်း နေရာ နားလည် ထားလေ ပိုကောင်းလေ ဖြစ်သည်။

          အချို့ ဝေဖန်သူ တွေကတော့ စီးပွားရေးသမိုင်းမျှသာမက အခြား သမိုင်းဘာသာရပ်တွေကိုလည်း သိစေလိုသည်။ သို့မှသာ လက်ရှိအခြေအနေတွေကို မျှမျှတတ မြင်တတ် မည်ဟု သုံးသပ်သည်။

          နောက်ဆုံး၌ “မငြိမ်းမီ- မီးထတောက်မည်” ဟူသော စကားကဲ့သို့ တစ်ခုခုမကျမီ အစွမ်းကုန်တက်၊ မာနတွေတက်ခဲ့ကြခြင်းဖြစ်ရာ စီးပွားရေး ပညာရပ်ကို လေ့လာရာတွင် လောဘ၊ အတ္တတို့၏ ဖျက်ဆီးတတ်သော သဘောကိုပါ နားလည်ထားသင့်ကြောင်းဝေဖန်ကြသည်။

ပျော်စရာလား

          ၁၉၆၀ ပြည့်လွန်နှစ်များက ကြော်ငြာလုပ်ငန်းတွေ အကြောင်း ရိုက်ထားသော “လူရူး” အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတစ်ခုရှိသည်။ ထိုဇာတ်ကားကို ကြည့်ပြီးသောအခါ နှစ်ပေါင်းများစွာအတွင်း ရုံးတွေမှာ အလုပ်လုပ်ပုံ သိသိသာသာ ပြောင်းလဲလာသည်ကို တွေ့ရသည်။ အထင်ရှား အသိသာဆုံး တစ်ချက်မှာ အမျိုးသမီးတွေကို အောက်တန်းစား၊ ဒုတိယ န်းစား နိုင်ငံသားတွေအဖြစ် ဆက်ဆံမှုမရှိတော့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ သော် အခြားအပြောင်းလဲ တစ်ခု ကတော့ သိပ်မကောင်း၊ ရုံးတွေမှာ ပျော်ပျော်ရွှင်ရွှင် မနေတတ် ကြတော့ဟု ဆိုသည်။

          ၁၉၆၀ ပြည့်လွန်နှစ်များက ကြော်ငြာသမားတွေ အတွက် ရိုးရိုးရှင်းရှင်း ပျော်စရာတွေ အများကြီးရှိသည်။ ကိုယ့်စားပွဲမှာ ကိုယ်ကြိုက်သလို ဖွနိုင်သည်။ တစ်နေ့လုံး အရက် သောက်နိုင်သည်။ လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ရှုပ်ချင်ရှုပ်၊ ပွေချင်ပေ့မည်။ တစ်ယောက်နှင့် တစ်ယောက် နှောင်ဖွဲ့ ရန် ပေါင်းကြသင်းကြခြင်းမဟုတ်၊ အရက်သောက်ရန်အတွက် ပေါင်းကြသင်းကြခြင်း ဖြစ်သည်။

          ယနေ့ခေတ်တွင် ကုမ္ပဏီ အတော်များများက အပျော် အပါး မက်လာကြပြန်သည်။ ဆီလီကွန် တောင်ကြားက ကွန်ပျူတာ အပျော့ထည်လုပ်ငန်းတွေ ဆိုလျှင် ကျောက်တောင်တက်ရသည်နှင့် တူသောနံရံတွေကို ဧည့်ခန်းထဲမှာ တပ်ဆင်ထားသည်။

          ရုံးခန်းတွေထဲမှာ လေမှုတ် အရုပ်တွေ ထည့်ထားပေးသည်။ ဝေါလ်မတ် ကုန်တိုက်က ငွေကိုင် စာရေးတွေ အမြဲတမ်း ပြုံးနေဖို့ ညွှန်ကြားသည်။ ပျော်စရာကောင်းရမည် ဟူသောဝါဒက ကူးစက် ရောဂါတစ်ခုလို ပျံ့နှံ့နေသည်။ အမေရိကန် ကုမ္ပဏီတစ်ခုဆိုလျှင် ပျော်ရွှင်ရေးအရာရှိချုပ် (Chief Fun Officer)ကိုပင် ခန့်ထားသည်။ ကနေဒါပိုင် အမေရိကန်လုပ်ငန်းခွဲတစ်ခုဆိုလျှင်အောင်မြင်သော ဝန်ထမ်းတွေ အထိတ်တလန့်ဖြစ်အောင် ဝတ်စုံအထူးအဆန်း ဝတ်သူတွေကို အုပ်စုလိုက် လွှတ်ပေးသည်။

          လုပ်ငန်းထဲတွင် ပျော်ရွှင်ရေး အစီအစဉ်များသည် ယခုအခါ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေပြီ။ ကုမ္ပဏီကအရာရှိကြီးတွေကို ပျော်ရွှင်ရေး နည်းနာနိဿယတွေ၊ စီးပွားဖြစ် သင်ပေး နေကြပြီ။ အလုပ်ခွင်မှာ ပျော်ကို ပျော်ရမည်။ နေ့လည်စာစားချိန်မှာ ကစားနည်းတွေ ဆော့ ကစားကြရသည်။

          ဂူးဂဲလ်ကုမ္ပဏီ၏ရုံးခန်းများတွင် ဘော်လီဘောကွင်းတွေ ရှိသည်။ စက်ဘီးစီးလမ်းတွေ ထည့်ထားသည်။ အုတ်လမ်းတွေခင်းသည်။ ဒိုင်နိုဆော အရုပ်တောင် ထည့်လိုက်သေးသည်။ အခြား ကစားစရာတွေလည်း ရှိသည်။ Twitter ကုမ္ပဏီက ဝန်ထမ်းတွေကို နွားကျောင်းသား အဝတ်အစားတွေ ပေးတတ်သည်။ အခြားလူတွေ ပျော်အောင်လုပ်ပေးရန် ဆိုသည့် တာဝန်ပေးကာ ခန့်ထားသူ တွေရှိသည်။ ဥပမာ- ရာသီဥတု ပူပြင်းသောနေ့တွင် ရေခဲစိမ်တဘက်တွေ လိုက်ကမ်း ရမည်။ ဝန်ထမ်းတွေ ပျော်အောင်လုပ်ပေးရသည်။ ကုမ္ပဏီ၏ အဓိကတာဝန်တစ်ခုဖြစ်သည်ဟု ဆိုသည်။

          အထက်လူကြီးက ကတုံးပြောင်အောင် ရိတ်ထားကာ ပျော်ရွှင်ခြင်းသိပ္ပံ ပညာကို တမင် သက်သက် အချိန်ပေး လေ့လာသည်။ ဝေါဒစ္စနေ ကုမ္ပဏီက သူတို့နေရာသည် ကမ္ဘာပေါ်တွင် ပျော်စရာအကောင်းဆုံး နေရာဖြစ်သည်ဟု ကြော်ငြာသည်ကို စော်စော်ကားကား ကြော်ငြာဟု ယူဆကာ တရားစွဲချင်စိတ် ပေါက်သည်ဟုပင်နောက်ပြောင်သည်။ ဆူဆူညံညံ အလုပ်လုပ်တတ် သူများထဲမှ တစ်ဦးကို ထူးချွန်သူအဖြစ် ရွေးချယ်ကာ ချီးမြှောက်တတ်သည်။ ချီးမြှောက်ပုံ။ ချီးမြှောက်နည်းမှာ ကြောင်တောင်တောင် ဦးထုပ်တစ်လုံးကို တစ်ပတ်လုံး ဆောင်းခိုင်းထားခြင်း ဖြစ်သည်။

          ဤပေါက်တတ်ကရ လုပ်ရပ်တွေက အကြောင်းမဲ့ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

          လုပ်ပိုင်ခွင့် လွှဲပေးရေး၊ကိုယ်တိုင် ပါဝင်လုပ်ကိုင်စေရေး၊ တီထွင်ဖန်တီးမှု ရှိရေးဟူသော စီမံခန့်ခွဲမှု ကြွေးကြော် သံတွေအောက်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအတော်များများက ရှေ့တန်းဝန်ထမ်းတွေကို အလုပ်တာဝန်တွေ လွှဲပေးနိုင်ခဲ့သည်ဟုဆိုပြီး ဂုဏ်ယူပြသည်။ သို့သော် ဝန်ထမ်းတွေ အဆို အရ ဝန်ထမ်းများ၏ ၂၀ ရာခိုင်နှုန်းသာ သူတို့လုပ်ငန်းခွင်ထဲတွင် ထဲထဲဝင်ဝင် လုပ်နေကြသည်ဟု ဆိုသည်။

          တီထွင်ဖန်တီးမှုဆိုလျှင် သာ၍ပင် နည်းဦးမည်။ မန်နေဂျာတွေက ဝန်ထမ်းတွေပျော်အောင် လုပ်ထားလျှင် လုပ်သားတွေ ပို၍ပတ်သက်ပြ၊ ကြိုးစားကြမည်။ တီထွင်ဖန်တီးမှု ပိုရှိ မည်ဟု မျှော်လင့်ကြသည်။ ပြဿနာက ပျော်ရမည့်ကိစ္စကို အလုပ်ကြီး တစ်ခုလို သဘော ထားနေလျှင် ပျော်စရာမကောင်းတော့။ စိတ်ညစ်စရာပင် ဖြစ်သွားနိုင်သေးသည်။ ပျော်စရာတွေကို အတင်းအကျပ် လုပ်ခိုင်းနေခြင်းသည်လည်း မကောင်းလှ။

          ပီဇာ ကုမ္ပဏီတစ်ခုကတော့ အတော်ဆုံးလည်းလုပ်၊ အပျော်ဆုံး ဖြစ်အောင်လည်း နေတတ် သော ဝန်ထမ်းတွေကို ရွှေငှက်ပျောသီး ပို့ပေးရန်အားပေးသည်။ ပျော်အောင်လုပ်ကြသည့် အထဲတွင် ရက်စက်သော ကိစ္စ တစ်ခုရှိနေသေးသည်။ ပြိုင်ဘက် ကုမ္ပဏီတွေထက် သာလွန်သော ကုမ္ပဏီတစ်ခုဖြစ်လိုသော လောဘ ဖြစ်သည်။ အုပ်စုလိုက် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု စွမ်းအားကိုလည်း မြှင့်တင်လိုသည်။ ပျော်လည်း ပျော်၊ ထုတ်လုပ်မှုစွမ်းအားလည်း မြင့်အောင်၊ အပင်ပန်းခံ အားထုတ်သော ကုမ္ပဏီတစ်ခု အဖြစ်ဖြင့် ဂုဏ်ယူချင်ကြပုံရသည်။

          ကိုးရိုးကားယားနိုင်လှသော ကိစ္စတွေလည်းရှိသည်။ ဆေးလိပ်သောက်သူတွေကို ရာဇဝတ်သားတွေလို သဘောထား ကာ ရုံးခန်းထဲမှ ဆွဲထုတ်ခြင်းမျိုး၊ နံနက်စာစားချိန်၊ နေ့လည်စာ စား ချိန်မျိုးတွေမှာပင် သောက်စားခွင့်မပြုနိုင်သည့် ကုမ္ပဏီတွေ ကြားထဲ၌ ပျော်အောင်မည်သို့ လုပ်ကြမည်နည်း။

          ရာထူးအနိမ့်အမြင့်တွေကြား အချစ်ဇာတ်လမ်းခင်းကြ သည်ကို လက်မခံနိုင်သည့် ကုမ္ပဏီတွေ အများကြီး။ ကာယ အိန္ဒြေပျက်အောင် နှောင့်ယှက်မှုဖြင့် စွပ်စွဲခံရပြီး ကြိတ်၍ ဖြုတ် လိုက်ရသော အမှုဆောင်အရာရှိချုပ်ပင် ရှိသည်။

          တကယ်တမ်းပျော်ဖို့ထက် အတုအယောင်အပျော်တွေ ကို ဖန်တီးပေးသလိုဖြစ်နေသည်။ သူတို့ ကို သဘောမကျ ဆန့်ကျင်ကြသည်မှာလည်း မဆန်း။ ဇွတ်အတင်း ပြုံးခိုင်းသည့် ကိစ္စ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းငြိသည်ကို တားသည့် ကိစ္စ တွေအတွက် ဆန့်ကျင်မှုတွေ ကြီးမားသည်။ ၂၀၀၆ ခုနှစ်က စတိုး ဆိုင်ကြီးတွေ ဂျာမနီမှ ထွက်ခွာသွားရဖူးသည်။ သို့သော် အများ အားဖြင့် ဇွတ်အတင်း ပျော်ချင်ယောင်ဆောင်ခိုင်းသော ကိစ္စ တွေက များနေဆဲ။ ဇွတ်အတင်းပျော်ခိုင်းသော သူတွေကို ဟားတိုက်စရာဖြစ်နေသည့် တစ်ခု ကတော့ ပျော်စရာဟု ဆိုကောင်း ဆိုနိုင်သည်။ ပျော်စရာကိစ္စကို စီမံခန့်ခွဲရေး လုပ်ငန်း တစ်ခုအဖြစ် သဘောထားခံရသည်ကို သိပ်ပျော်ကြပုံမရ။