Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မေကြည်(စိတ်ပညာ) - ရင်သွေးငယ်များအပေါ် မိဘအုပ်ထိန်းမှု၊ပညာရေးနှင့်ဘ၀လမ်းညွှန်အထွေထွေ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ကျောင်းနေအရွယ်ကလေးငယ်ငယ်

          လူကြီးတွေကို သင်တာနဲ့ ကလေးတွေကိုသင်တာ ဘယ်ဟာပိုခက်သလဲလို့မေးရင် ကလေးကိုသင်တဲ့သူတွေက ကလေးသင်ရတာ ပိုခက်တယ် ပြောမှာဖြစ်သလို လူကြီး သင်ရသူတွေက လူကြီးသင်ရတာ ပိုခက်တယ်လို့ ပြောကြမှာပါ။

          ကလေးသင်တဲ့အခါ ကလေးဟာ ချော့လွယ်၊ ခြောက်လွယ်မို့ ကလေးကို သင်ရတာ ပိုလွယ်တယ်လို့ ဆိုကြတာပါ။ လူကြီးတွေကျတော့ နားလည်နေပြီးသား အရွယ်ဖြစ်နေတာမို့ ကလေးတွေလောက် အာပေါက်အောင် မသင်ရတဲ့အတွက် လူကြီးသင်ရတာ ပိုလွယ်တယ်လို့ ပြောကြတာပါ။ တကယ်က သင်တတ်ရင် ဘယ်သူ့ ကိုသင်သင် လွယ်ပါတယ်။

          လူကြီးအရွယ်ဆိုတာ ငွေတန်ဖိုးနားလည်တဲ့ အရွယ်ရောက်လာလေလေ ကိုယ့်ရဲ့ အချိန်တွေ၊ ငွေတွေရင်းပြီး လာတက်ရတဲ့သင်တန်းကို သူတို့အတွက် အရေး ကြီးရင် ကြီးသလောက် ကြိုးစားအားထုတ်မှုမျိုး ရှိကြပါတယ်။ လူကြီးတွေကို မတတ်ရ ကောင်းရဲ့ မာန်မဲဆုံးမလို့မရတာမို့ ဆရာ၊ ဆရာမတွေက သူတို့တတ်ချင်ရင် သူတို့ပို တန်ဖိုးထားကြိုးစားကြမယ်လို့ ကြပ်မတ်မှု လွှတ်ပေးတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေသင်ယူတဲ့ သင်တန်းတွေမှာ အတန်းပြီးရင် တစ်တန်းလုံး ဒီပညာတတ်မြောက် နားလည်သွားလိမ့်မယ်၊ ဒီပညာနဲ့ ရပ်တည်နိုင်ကြလိမ့်မယ်လို့ တထစ်ချ တွက်ထားလို့မရပါဘူး။ ဒီသင်တန်းထဲ ကြိုးစားသူတွေမှပဲ ထူးချွန်လာမှာပါ။ သူတို့ရဲ့ ကြိုးစားချင်စိတ်နဲ့ ကြိုးစားအားထုတ်မှုဟာ သူတို့ကိုယ်တိုင် လုပ်ယူမှပဲရတာပါ။

          ကလေးတွေကျတော့ ဒီလိုမဟုတ်ဘူး။ ကလေးတွေကို သင်တဲ့အခါ တစ်တန်းလုံး အတိုင်းအတာနဲ့ နားလည်တတ်မြောက်အောင် သင်ကြားတတ်ဖို့ လိုပါတယ်။ ဒါမှ သူတို့ဟာ ဒီအတန်းက စာတွေကို ကျေညက်နားလည်ပြီး နောက်တစ်တန်းကို ဆက်တက်ရင် အခက်အခဲမရှိမှာ ဖြစ်ပါတယ်။ ကလေးကို မသင်တတ်တဲ့သူနဲ့ သင် တတ်တဲ့သူဆိုတာ ဒီမှာ ကွာသွားပါတယ်။

          ကလေးကို မသင်တတ်တဲ့သူက ကလေး ငြိမ်ငြိမ်ကလေးနဲ့ သင်နေတာကို နားထောင်မှ ကလေးက စာတတ်တယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကလေးကို ခြေမလှုပ်၊ လက်မလှုပ်၊ ဖြစ်နိုင်ရင် နားရွက်ပါမလှုပ်ဘဲ သင်တာကို နားထောင်၊ ရွတ်ခိုင်းတာတွေ လိုက်ရွတ်၊ ကျက်ခိုင်းတာတွေ အလွတ်ကျက်၊ နှုတ်က အလွတ်ပြန်ရွတ်ပြနိုင်ရင် ကလေးတတ်သွားပြီ။ စာရွက်ပေါ်မှာ အလွတ်ဖြေနိုင်ရင်အောင်ပြီပေါ့။ ကျက်စနစ်နဲ့ နှုတ်တိုက်သင်တာတွေကြောင့် တကယ့်ဆိုလိုရင်း အဓိပ္ပာယ်ဟာ ကလေးရဲ့ ဦးနှောက်ထဲ ရောက် မရောက် မစဉ်းစားကြတော့ပါဘူး။

           ကလေးရဲ့ ဦးနှောက်ထဲမှာ သဘောတရားဆိုတာကို နားမလည်ရင် မေ့လွယ် ပျောက်လွယ်ရှိပါတယ်။ သင်ပြီးနောက်မကြာခင် မေ့သွားပြီး ဒါဟာ ဘာကြောင့် ဖြစ် ရတယ်ဆိုတာကို မသိဘဲ စာမေးပွဲမကျအောင်၊ အမှတ်တွေ အဆင့်တွေတက်အောင် နှုတ်တိုက်ရွတ်၊ ခေါင်းထဲအသေမှတ်ပြီး စာမေးပွဲခန်းထဲကထွက်လာရင် ဒီဘာသာကို ခေါင်းထဲကထုတ် နောက်ဘာသာကို နောက်ထပ်အလွတ်ကျက်မှတ်လို့ စာမေးပွဲခန်း ထဲက မေးခွန်းတွေ အလွတ်ဖြေနိုင်ဖို့ ကြိုးစားကြရပါတယ်။

          အလွတ်ကျက်တဲ့ကလေးတွေ ပညာသင်နှစ် တစ်တန်းပြီးတစ်တန်း လွန် မြောက်လို့ တက္ကသိုလ်ကဘွဲ့သာရရှိသွားတယ်။ တကယ် လုပ်ငန်းခွင်ထဲ ရောက်လာ ရင် တစ်ဘဝလုံး ကိုယ် ကြိုးစားခဲ့တာတွေဟာ ကျက်ခဲ့တာတွေ ဖြစ်နေတော့ တကယ်သဘောပေါက်နားလည်တာတွေ မရှိပါဘူး။ ဒီတော့ လုပ်ငန်းခွင်ဝင်ရင်း အခြေခံကနေ စပြန်လေ့လာရင် ကိုယ် အလွတ်ကျက်ခဲ့တဲ့ စာတွေနဲ့ ပြန်ဆက်စပ်ကြည့် ရတာမျိုးပါ။ အဲဒီအချိန် သူတို့ကျက်ခဲ့ဖူးတဲ့ ပထဝီ၊ သမိုင်း၊ ဘောဂ၊ ဇီဝနဲ့ သီအိုရီ အထွေထွေ စတာတွေကို ပြန်မေးကြည့်ရင် လာမေးတဲ့သူကို အရူးလားလို့ အများစုက တွေးကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် အများစုက ကျက်ဖြေခဲ့ကြတာမို့ သူတို့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ သဘောပေါက်နားလည်ပြီး မှတ်မိနေကြတာမျိုး မဟုတ်လို့ပါ။