Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ၀ေဒနာမှပွင့်သောပန်း

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out
Type

ခင်နှင်းယု

          ခင်နှင်းယုဆိုလျှင် နိုင်ငံတော် ဝန်ကြီးချုပ်၏ အတွင်းဝန်၊ စစ်ဗိုလ် ကတော် အစရှိသဖြင့် လူကိုယ်တိုင် မတွေ့ဖူးသော်လည်း သူ့ဝတ္ထုများကို ဖတ်ရှုကာ သိရှိနိုင်ပေသည်။

          ဝန်ကြီးချုပ်၏ အတွင်းဝန်၊ စစ်ဗိုလ်ကတော် ဆိုပါက လူကုံထံ အထက်တန်းစား အသိုင်းအဝိုင်းများတွင် တွေ့ရတတ်သည့် နှုတ်ခမ်းနီ ပါးနီ အမေရိကန်နိုင်လွန် သိုင်းကြိုးမပါသော ဇာဘော်လီနှင့် သုံးလေးရာ တန် ပိုးဖဲဘရိုကိတ် အင်ဒိုနီးရှားပါတိတ်ထည်များကိုမှ ထည်လဲဝတ်ဆင် သူ၊ ကိုယ်လုံးကိုယ်ထည်အားဖြင့်လည်း မယ်တစ်ယောက်သော်လည်း ဖြစ် ရမည်။ သို့မဟုတ် မယ်တစ်ယောက်ကဲ့သို့ ဖွံ့ဖြိုးလှပသူ၊ သို့ ဖွံ့ဖြိုးခြင်း ချို့တဲ့ခဲ့ပါလျှင်လည်း အဖုအထစ် အတုအပများကို တပ်ဆင်သူ၊ မမြင် မတွေ့ဖူးသော လူစိမ်းသူစိမ်းများ၊ မရင်းနှီးသော သူများရှေ့တွင် မင်းစိုး ရာဇာအသွင်ကို ဆောင်သောအားဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့၍ တမင် ဟန်လုပ်ထားလေ့ရှိသော ဣန္ဒြေရှင်မများကဲ့သို့ပင် ထည်ထည်ဝါဝါနေ တတ်သော ပညာတတ် အနွယ်ဝင် တစ်ဦးလေလားဟု စိတ်ကူးထဲတွင် တွေးထင် တင်စား မြင်ယောင်မိခဲ့သည်။

          လူကိုယ်တိုင် တွေ့ရသောအခါ၌ကား အံ့သြတွေဝေသွားမိသည်။

          မြဝတီမဂ္ဂဇင်း တည်ထောင်စက ဖြစ်သည်။

          ပုံနှိပ်စက် အခက်အခဲများကြောင့် လစဉ် ဖောင်ပိတ်ရက် ညများ တွင် မဂ္ဂဇင်း သံယောဇဉ် ကြီးမားသော အယ်ဒီတာများ နေ့ရောညပါ အလုပ်ဆင်းကြ၏။ တစ်ည၌ ထိုစဉ်က မြဝတီ အမှုဆောင်အရာရှိ ဗိုလ်ကြီး ကျော်သောင်း၏ နောက်ပါးမှ ခပ်ပေါ့ပေါ့ကလေး လိုက်ပါလာသည့် ခင်နှင်း ယုကို တွေ့မြင်ရသောအခါတွင်ကား စိတ်ကူးထဲမှ ရုပ်ပုံနှင့် ကွာခြားလွန်း မက ကွာခြားကာ ဖီလာဆန့်ကျင်လျက် ရှိလေသောကြောင့် တအံ့တသြ တွေဝေငေးမောကာ ကြည့်နေမိသည်။

          ကိုယ်လုံးကိုယ်ထည် သွယ်သွယ်ပါးပါးတွင် ထူထဲသော ပင်နီရောင် ဖျင်စ ခပ်ဖားဖားကို ဝတ်ထား၏။ အဆင်ရင့်ရင့် သရက်ထည်လုံချည် အလတ်စားနှင့် အင်္ကျီခပ်ဖားဖားများကြောင့် မိန်းကလေး၏ မျက်နှာမှာ ရှိရင်းစွဲ အသက်ထက် အတန်ငယ် ရင့်ရော်လျက် ရှိလေသည်။ အသားမှာ ဝါဖျော့ဖျော့၊ အရပ်အမောင်းနှင့်စာသော် ဦးခေါင်း အနည်းငယ် ကြီး သယောင်ယောင်ရှိ၍ နဖူးကျယ်၏။ ခိုင်ခံ့သော မေးရိုးနှင့် မျက်နှာတွင်တောက်ပကြည်လင်၍ စူးရှရဲရင့်စွာ ကြည့်တတ်သော မျက်လုံးများကား မိန်းကလေး၏ အလှနှင့် ထူးခြားချက်များပင်တည်း။

          စိတ်ကူးထဲမှ ဝန်ကြီးချုပ်၏ အတွင်းဝန်၊ စစ်ဗိုလ်ကတော်၏ ဟန် ပန် အသုံးအဆောင် နှုတ်ခမ်းနီပါးနီ နိုင်လွန် စသည်တို့မှာ ဤ မိန်းကလေး နှင့် ပတ်သက်စပ်ဆိုင်အပ်သော ပစ္စည်းများ မဟုတ်ပေ။

          “တွေ့ရတာ ဝမ်းသာပါတယ်၊ မစုတို့ကလည်း အစ်ကိုကြီး (သူ၏ ခင်ပွန်းသည် ဗိုလ်ကြီးကျော်သောင်း) လိုပဲ ခင်တတ်ပါတယ်။ မစုတို့အိမ် လည်း လာလည်ပါနော်”

          စကားသံမှာ လျင်မြန်သလောက် ပြတ်သားကြည်လင်လှသည်။ မျက်လုံးအကြည့်မှာ စူးရှ၍ ရဲရင့်သည်။ ကိုယ်လုံးကိုယ်ထည် နွဲ့နှောင်း၍ အမူအရာအားဖြင့် ပျော့ပျောင်းမည် ထင်ရသော်လည်း အပြောအဆိုမှာ သွက်လက်လှသည်။

          သည်လိုနှင့် ဗိုလ်ကြီးကျော်သောင်း၏ ခင်နှင်းယုနှင့် သိကျွမ်း ခင်မင်ကာ သူတို့အိမ်သို့ အလည်အပတ် ရောက်လေ့ ရှိသည်။

          ဧည့်သည်တို့၏ ထုံးစံအတိုင်း အပျင်းပြေ ဓာတ်ပုံစာအုပ်များကို လှန်လှောကြည့်မိသည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ငယ်ရွယ် စဉ်အခါက ရိုက်ကူးထားသော ဓာတ်ပုံအတော်များများကို တွေ့ရသဖြင့် စကားစပ်မိကာ ခင်နှင်းယုမှာ ဇာတိ ဝါးခယ်မမြို့သူ ဖြစ်ကြောင်းနှင့် ဦးနု၏ ညီမငယ်ဖြစ်ကြောင်း သိရလေသည်။

          “မစု ခုလို စာကလေး ပေကလေး ရေးနိုင်တာ မစုတို့ မေမေနဲ့ ကိုကိုကြီး (ဦးနုကို ဆိုလိုသည်)ရဲ့ ကျေးဇူးတွေ တော်တော်များများပဲ ပါပါ တယ်။ မေမေကဆိုရင် ရှေးထုံးတမ်းစဉ်လာ ရိုးရာ ယဉ်ကျေးမှုတွေကို တော်တော် ရိုသေလေးစားတတ်တော့ သားသမီးတွေကိုလည်း သူ့လိုပဲ လိုက်နာစေချင်တယ်။ မစု စာဖတ်တဲ့ အလေ့အကျင့်လည်း မေမေ့ဆီက ရခဲ့ရတာပါပဲ။ မေမေက စာဖတ်ချိန်ဆိုရင် တစ်အိမ်လုံး တစ်ယောက် တစ်အုပ် ကိုင်ပြီး အဖတ်ခိုင်းလေ့ ရှိတယ်။ နိုင်ငံရေးဆိုရင်လည်း အိပ်ရာ မဝင်ခင် သားအမိ အိမ်သားစုတွေ ဝိုင်းထိုင်ငြင်းခုံပြီးမှ အိပ်ရာဝင်ကြရတာပါပဲ”

          သူသည် သူ့မိခင်၏ ကျေးဇူးတရားများကို စကားစပ်မိတိုင်း ပြော တတ်သည်။ ထိုအခါများ၌ သူ၏ တောက်ပကြည်လင်သော မျက်လုံးများ တွင် မျက်ရည်စကလေးများ ဝေ့လည်နေတတ်ပေသည်။ မိခင်ကို ချစ်တတ် သူဖြစ်၍လည်း

          “ကျွန်မ မေမေနဲ့သာ ခုထိနေနေရရင် လောကကြီးမှာ ဘယ်ဘဝကို ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက်ပါဘူး” ဟူ၍ သူ၏ ချစ်လှစွာသော ဗိုလ်ကြီးကို အနားမှာထားကာ ရက်ရက်စက်စက်ပင် ပြောတတ်ပေသည်။ သူသည် မိခင်ကို အစဉ်အားကိုးပိုဟန် ရှိပေသည်။

          သည့်နောက် မခင်နှင်းယု အိမ်သို့ မရောက်ဖြစ်တော့။ ခရီးသွားရင်း လာရင်း လမ်းမများပေါ်တွင်ကား မကြာခဏ တွေ့ရတတ်ပေသည်။ မိုး အခါ သိမ်ကြီးဈေး ဘတ်စ်ကားဆိပ်ရှိ ရေပွက် ရေအိုင်များကို ထဘီကလေး တိုတိုပြင်ဝတ်ရင်း ကျော်လွှား ပြေးသွားနေသည်လည်း ရှိသည်။ ထိုအခါ များဝယ် ပြည်တော်သာခေတ်အတွင်း ကားမစီးနိုင်သော ဝန်ကြီးချုပ်၏ အတွင်းဝန်မကလေးကို ကြည့်ကာ စိတ်မကောင်းသဖြင့် နှုတ်ဆက်ရင်း မေးမိသည်။

          “ဒေါ်ခင်စုကို ရုံးက ကားမပေးဘူးလား”

          “ပေးတော့ ပေးပါတယ်၊ ပေးတဲ့ ကားက ဆီစားလွန်းတော့ ရုံးက ပေးတဲ့ ဆီနဲ့ မလောက်ဘူး၊ အိတ်ထဲက စိုက်ရတယ်။ ကြာတော့ အိမ်သား များတဲ့အိမ်မို့ မတတ်နိုင်ဘူး”

          သူ စိတ်ပါဝင်စားလျှင် လမ်းမများပေါ်တွင်ပင် စကားကို အလျဉ် မပြတ် ပြောတတ်သည်။

          သူ့တွင် အမြဲတစေ ကြီးလေးသော မိသားစု တာဝန်ကြီး ရှိနေ ကြောင်းကိုလည်း သူ့စကားများတွင် အမြဲပါလာတတ်၍ သိရသည်။ သူ့ တွင် လျှို့ဝှက်ခြင်း၊ ဟန်ဆောင်ခြင်း ကင်း၍ အမြဲပင် ပွင့်ပွင့်လင်းလင်း ရှိသည်။ တစ်ခါကလည်း မဂ္ဂဇင်းတိုက် တစ်ခုမှ ငွေရေးကြေးရေး ကိစ္စနှင့် ပတ်သက်၍ သူ့အား မကောင်းပြောသည်ဟု ကြားရသောသူတစ်ဦးအား လူအများရှေ့တွင်ပင် ရဲရဲရင့်ရင့်နှင့် ဗြောင်ဖွင့်မေးလေသည်။ လမ်းမပေါ် တွင်ကား အမြဲတမ်း တစ်စုံတစ်ခု အရေးကြီးနေသောကြောင့် အချိန်ကို လု၍ အပြေးအလွှား သွားနေသော သူ့ကို တွေ့ရသည်။ တစ်ခါတစ်ရံ ရေးကြီးသုတ်ပျားနိုင်လှသော သူ့ကို ကြည့်ကာ မနေသာသဖြင့်

          “ဒေါ်ခင်စု ဘာတွေများ အရေးကြီးနေလို့ပါလဲ” ဟုပင် မေးမိတတ် သည်။

          “မစု စာမေးပွဲဖြေဖို့ ကျောင်းကလည်း တက်နေရသေးတယ်။ ဒီဂရီ မရှိတော့ အလုပ်မှာ မျက်နှာငယ်တယ်”

          အိမ်သားများသော မိသားစု တာဝန်ကြီး တစ်ဖက်နှင့် အလုပ်လုပ် ကာ ဝတ္ထုရှည်များကို အဆက်မပြတ် ရေးရင်း ကျောင်းတက် စာမေးပွဲ ဖြေနေသော သူ့ကို ကြည့်ကာ အမြဲတစေ အချိန်လု၍ ပြေးလွှားနေရသော ဘဝကို နားလည်လိုက်မိရသည်။ “ဒီဂရီ မရှိတော့ အလုပ်မှာ မျက်နှာငယ် တယ်” ဟု ပြောသွားပြီး မကြာမီ မြဝတီသို့ “အုတ်ကြားမြက်” ဝတ္ထု ရေး ပို့လိုက်လေသည်။ အုတ်ကြားမြက်မှာ ဒုတိယကမ္ဘာစစ် ခေတ်ပျက်များ အတွင်း ပညာရည်ချွန်သော်လည်း စာမသင်ရသောသူများအကြောင်း ဖြစ် လေသည်။

          မင်းစိုးရာဇာ လူ့အထက်လွှာ အသိုက်အဝန်းအတွင်း ကားမစီးနိုင် သော အတွင်းဝန်မကလေးသည် ဒီဂရီ မရှိသေးသောကြောင့် အချိန်ပိုကျောင်းတက်ကာ ခေတ်ကို အပြေးအလွှား လိုက်နေရစဉ်အတွင်း သူ ရေး လိုက်သော “မစန္ဒာ” နှင့် “နဂါးငွေ့တန်း” ဝတ္ထုတို့မှာ အထက်လွှာတို့၏ သစ္စာမဲ့မှုနှင့် လူတန်းစား ခွဲခြားမှု၊ ဟန်ဆောင်မှု၊ ယုတ်မာရက်စက်ခြင်းတို့ ကို တင်ပြလာဟန် ရှိပေသည်။ ထို့နောက်ပိုင်း ‘ပန်းများကို ပွင့်စေသူ” “ပိုးခန်းဆီးနောက်မှ ငရဲခန်းများ” ဝတ္ထုများကား ဖဆပလ ဌာနချုပ်နှင့် ဝန်ကြီးချုပ် ပတ်ဝန်းကျင်မှ နိုင်ငံရေးနယ်ပယ်နှင့် အစိုးရ အရာရှိကြီးကြီး ပိုင်းတို့ ရက်စက်ဖောက်ပြန်ပုံကို ခြယ်ရေးလာလေသည်။ ထိုအတွင်း ခင်နှင်းယုမှာ ဝန်ကြီးချုပ်၏ အတွင်းဝန် ဘဝဖြင့် ခရီးထွက်ခြင်းများ ကြောင့် မတွေ့ရတော့ပေ။

          မမျှော်လင့်သော တစ်နေ့တွင် လမ်းမပေါ်မှာပင် ဆုံကြမိပြန်သည်။ သူသည် စာရေးသူအား အရေးတကြီး တွေ့ လိုဟန် ရှိနေပေသည်။ စာရေး သူမှာ ထိုအချိန်က လမ်းဘေး အရက်ဆိုင် တစ်ဆိုင်မှ ဂေါ်ရင်ဂျီများကြား တိုးဝှေ့နေသည်။ ညနေပိုင်း ရုံးဆင်းချိန်လည်းဖြစ်၍ အဝတ်အစားကလည်း ခပ်စုတ်စုတ်မို့ သူ့ကို နှုတ်မဆက်လို။ သူသည် ဂေါ်ရင်ဂျီများကြားမှ စာရေး သူအား လှမ်းခေါ်နှုတ်ဆက်လိုက်လေသည်။ သူ့ဘေးမှ အဖော်ပါလာသော သားသားနားနား မိန်းမပျိုကား နားမလည်နိုင်သလို မျက်နှာကို ရှုံ့မဲ့နေ ပေသည်။ သူ တွေ့လိုသောအကြောင်းမှာ မြဝတီတွင် သူ ရေးခဲ့သည့် ‘မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ်” ဝတ္ထုနှင့် ပတ်သက်၍ သူ့ဇာတ်လိုက် ပုဂံမြို့သားကြီး ကိုကြာယုံထံမှ စာတစ်စောင် စာရေးသူထံ ရောက်နေကြောင်း ကြားရသောကြောင့် ဖြစ်လေသည်။ သည်တော့မှ စာရေးသူမှာ သက်ပြင်းချမိသည်။ သူ့တွင် စာရေးသူနှင့် ဂေါ်ရင်ဂျီကုလားထက် ဆိုးဝါးသော ဘုရားကျွန် မိတ်ဆွေများလည်း ရှိသေးသကိုးဟု လိပ်ပြာသန့်စင် သွားမိသည်။ ထိုအခါက အဖြစ်အပျက်ကို စဉ်းစားမိလျှင် သူသည် စိတ်ဝင် စားမှုတွင် မဆင်မခြင် လုပ်တတ်သော သဘောရှိပုံကို ခန့်မှန်းမိသည်။