ခင်နှင်းယု - လာခြင်းကောင်းသောလူကလေး
ပါရမီကံ
လူတစ်ယောက်အောင်မြင်မှုနှင့် ပတ်သက်လာလျှင်ဖြစ်စေ၊ ဆုံးရှုံးမှုနှင့်ပတ်သက်လာလျှင်ဖြစ်စေ “ကံ၊ ဉာဏ်၊ ဝီရိယ”ကြောင့် ဟု အဓိကအချက်ကြီး သုံးချက်ကို ညွှန်းဆိုပြောလေ့ရှိကြသည်။ တစ်ခါ တစ်ရံလည်း အကျဉ်းချုံ့ကာ “ကံပေါ့ .. ဒီကောင် ကံကေင်းတယ်” ဟု တစ်မျိုး . “သူ့ကိုက ကံဆိုးပါတယ်ဗျာ" ဆိုတာက တစ်မျိုး၊ ပြောတတ်ကြသည်။
ကံဟူသည်မှာလည်း “အလုပ်ဖြစ်သည်၊ ကိုယ်လုပ်သမျှ အကျိုး ကိုယ်ခံစားရမည်ပင်” ဟူသည့်အကြောင်းကိုလည်း နားလည် ပါလျက် “ကံကိုသာ ရိုးမယ်ဖွဲ့”လေ့ရှိကြပါသည်။
ကျွန်မတူမလေး သည်အိမ်မှာ သမီးလေးနှင့်အတူတူ လာ နေတာ ငယ်စဉ်ကပင် တစ်ကျောင်းတည်းအတူနေ၊ အတူစာကျက်၊ လပတ်စာမေးပွဲလည်း တစ်ယောက်နှင့်တစ်ယောက် မတိမ်းမယိမ်း အဆင့်က ပထမ၊ ဒုတိယတစ်လှည့်စီ၊ ဆယ်တန်းအောင်လာသော အခါသမီးလေးက ဂုဏ်ထူးသုံးခုနှင့် ဆေးတက္ကသိုလ်ဝင်သည်။ တူမ လေးက ဂုဏ်ထူးနှစ်ခုနှင့် တိမွေးကုတက္ကသိုလ် ဝင်သည်။
“ကုသိုလ်ကံများနှယ်နော်၊ တစ်ကျောင်းတည်း အတူတူနေ၊ အတူတူစာကျက်ပြီးအောင်တာတောင် တစ်ယောက်က ဆေး တက္ကသိုလ် တစ်ယောက်က တိမွေးကုဖြစ်တယ်။ အတူတူ ဆေးတက္ကသိုလ်ဝင်ရင်ဘယ်လောက်ကောင်းမလဲ။ ကျွန်မသမီးလေး က ဆရာဝန်ဖြစ်ဖို့ ပါရမီမပါရှာဘူး” ဟု တူမလေး၏မိခင်က မကြာ ခဏဆိုသလို ဝမ်းပန်း တနည်းပြောလေ့ရှိသည်။ ဉာဏ်၊ ဝီရိယတူပေမင့် ပါရမီကံကွာခြားသည် ဟုပြောရမည်ပင်။
ဒါကြောင့်ပင် အောင်မြင်မှုနှင့် ပတ်သက်လျှင် “ကံ၊ ဉာဏ်၊ ဝီရိယ”ဆိုလေ့ရှိကြသည် မဟုတ်ပါလား။
ကျွန်မတို့ မေမေမှာ ကျွန်မတို့ညီအစ်မလေးယောက်ထက် အကြီးသားကြီးနှစ်ယောက်ရှိပါသည်။ အစ်ကိုကြီးကတော့ တော်လှန်ရေး ကာလကပင် စစ်ထဲဝင်သွားရာ စစ်ကြီးပြီးတော့လည်း စစ်ဗိုလ်တစ်ယောက်အနေဖြင့် ရမည်းသင်း၊ ပျဉ်းမနား၊ တောင်ငူ၊ မင်္ဂလာဒုံတို့ တွင် အမှုထမ်းရသည်။ အမည်းရောင် နယ်မြေများတွင် တိုက်ခိုက်ရ သည်ကလည်း ခဏခဏ...။
အစ်ကိုငယ်မှာ ရာဇဝတ်အုပ်လုပ်ပြီး၊ ကျွန်မတို့နှင့်အတူ ခယ်မမြို့တွင် နေပါသည်။ မေမေ့မိတ်ဆွေတစ်ယောက်က “မမတင် လည်း မျိုးချစ်စိတ်ရှိတဲ့ သူတစ်ယောက်ပဲ။ သားကြီးပဲ စစ်ထဲဝင် ခိုင်းတယ်။ တိုင်းပြည်အတွက် ဘာဖြစ်လို့ သားနှစ်ယောက်စလုံး စစ်ထဲမထည့်တာလဲ” ဟုမေးပါသည်။ သည်တော့ မေမေက “သားအငယ်ကတော့ ကိုယ့်အနားမှာ မိဘနဲ့ညီမတွေ စောင့်ရှောက်ရတာပေါ့။ တိုင်းပြည်ကာကွယ်ရေးကတော့ သားကြီးလုပ်နေပြီပဲ။ မတော်တဆ တစ်ခုခုဖြစ်သွားဦးတော့ အနားမှာသားတစ်ယောက် ကျန်ဦးမှာပေါ့။ နှစ်ယောက်စလုံး တပ်ထဲမှာဆိုရင် ကံကြမ္မာကို မယုံရဘူး လေ”
သည်လိုပြောခဲ့သော်လည်း ရှေ့တန်းကို ခဏခဏသွားရောက် တိုက်ခိုက်နေရသော အစ်ကိုကြီးက ဘာမှမဖြစ်၊ အိမ်မှာကျန်ခဲ့သော အစ်ကိုငယ်မှာ အသက် (၂၄)နှစ်တွင် တိုက်ဖွိုက်ရောဂါဖြင့် ကွယ်လွန် သွားပါတော့သည်။
“သေကံမရောက် သက်မပျောက်” ဟူသော စကားနှင့်ကံ အလှည့်အပြောင်းမှာ ထူးဆန်းလှတော့သည်။ သည်အဖြစ်အပျက်တွင်မူ အတိတ်ဘဝက ကံကိုပဲ ယိုးမယ်ဖွဲ့ရတော့မည် ထင်ပါသည်။
ကျွန်မသည် ရင်ကျပ်ရောဂါ၊ ဒူးနာရောဂါတို့ ရရှိကာ အမျိုး မျိုးကုသော်လည်း ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့်။
သမီးက သူအလုပ်လုပ်သည့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး တွင် အပ်စိုက်ကုသရန် အကြံပေးပါသည်။ ဆရာဝန်ကြီး ဒေါက်တာ အောင်မြတ်သွင်နှင့် တွေ့ပါသည်။
သူသည် မေ့ဆေးအထူးကုဆရာဝန်ကြီး၊ တရုတ်အပ်စိုက် အထူးကုသမားတော်ကြီး ဖြစ်ပါသည်။
အပ်စိုက်စဉ်မှာ နာသော်လည်း ခဏသာဖြစ်ပြီး စိုက်ပြီးလျှင် အနာသက်သာသွားပါသည် -
(အပ်စိုက်နေစဉ် ဆရာကြီးက စကားတွေပြောကာ မေးခွန်းတွေမေးလေ့ရှိပါသည်။) သူ့မေးခွန်းများကို ဖြေနေရသဖြင့် အပ်စိုက် နာကျင်မှုများ သက်သာသည်ဟု ကျွန်မထင်ပါသည်။
လေးကြိမ်လောက် အပ်စိုက်ကုသပြီးသောအခါ ဒူးကကျုံ့ကျုံ့ထိုင်လို့ရလာသည်။ လမ်းလျှောက်လျှင် အနာသက်သာသည်။ ရင်ကျပ်သောအချိန်လည်း လျော့လာသည်။ လေထိုးလေအောင့်တာ လည်း တော်တော်သက်သာလာသည်။ သွားလာလှုပ်ရှားရတာလည်း၊ ပေါ့လာသည်။
ငါးကြိမ်မြောက်အပ်စိုက်သောအခါ “လည်ပင်းက အသံကြိုး မကောင်းတာ ဒေါက်တာမိကျော်သောင်းက စင်္ကာပူကို ခေါ်ကုပေး တယ်လို့ ခင်ဗျားသမီးက ပြောတယ်”
“ဟုတ်ပါတယ်” သူကအပ်စိုက်ရင်းပင် ဆက်မေးပါသည်။
““သူက ခင်ဗျားနဲ့ဘာတော်သလဲ”
“တူမပါ”
“ဪ... သူက စာရေးဆရာမကြီး ခင်နှင်းယုရဲ့သမီးပဲ။ ထုတ်တယ်မဟုတ်လား”
“ဟုတ်ပါတယ်...ရှီး" တစ်ချက်နာသွားသဖြင့် အံကြိတ်ရင်း ကျွန်မဖြေပါသည်။ ။
“ခင်နှင်းယုနဲ့ခင်ဗျားနဲ့ ဘာတော်သလဲ” ဆရာဝန်ကြီးသည် လက်မှအပ်တစ်ချောင်းကိုကိုင်ကာ ဒူးပတ်လည် တစ်စွပ်စွပ် စိုက်ရင်းမေးနေပါသည်။ အပ်စိုက်ကုသသည့် အကြောင်းတွေလည်း ပြောသည်။ သူသိချင်တာတွေလည်း မေးသည်။
အချို့ အကြောင်းအရာတွေမှာ သူသိပြီးသားဖြစ်သော်လည်း လူနာစိတ်ပြောင်းအောင် (နာသည်ကို သတိမထားမိဘဲ သူ့မေးခွန်း တွေကို အာရုံရောက်နေအောင်) မေးနေသည်ထင်ပါသည်။
ကျွန်မကို အပ်စိုက်လိုက်စဉ် နာသဖြင့် စုတ်တသပ်သပ် နှင့်ဖြစ်နေရာ ““ဒေါက်တာမိကျော်သောင်းကလည်း မေ့ဆေးအထူးကု ဆရာဝန်ပါလေ။
“ဟုတ်ပါတယ်...ရှီး...ကျွတ်...ကျွတ်"
“သူလဲ တော်တာပဲ။ သူရန်ကုန်လာတုန်းကလည်း လူငယ် ဆရာဝန်တွေအတွက် သိသင့်သိထိုက်တာတွေ ပြောသွားတယ်။ တော် တော်ကောင်းပါတယ်။ စေတနာသိပ်ကောင်းတာပဲ။ ဒေါက်တာမိကျော် သောင်းတို့ကတော့ မြင့်သွားပါပြီး တော်ပါတယ်ဗျာ”
ကျွန်မက ဘာမှပြန်မပြောဘဲ အပ်စိုက်ပြီးသည့်နေရာလေး တွေကို ပွတ်သပ်နေရာ ““ဒေါ်ခင်နှင်းယုက ခင်ဗျားနဲ့ဘာတော်လဲ” ထပ်မေးပြန်သည်။
ဆရာဝန်ကြီးက သူအပ်စိုက်နေတာတွေ မပြီးမချင်း လူနာ စိတ်ပြောင်းအောင် စကားစရှာနေသည်ထင်ပါသည်။
“ကျွန်မတို့ အစ်မအကြီးဆုံးပါ”
”“ဪ...သူ့စာတွေက ကောင်းလိုက်တာဗျာ။ ခင်ဗျာ အခုပင်စင်ယူထားတာဆိုတော့ မရေးဘူးလား"
“ရေးပါတယ်.. ကျွတ် ကျွတ်"
“ကျွန်တော်တော့ မတွေ့ဖူးဘူး။ ခင်ဗျားရေးတာ ဘယ် လောက်ကြာပြီလဲ။ ဘာတွေရေးလဲ” ဆရာဝန်ကြီးသည် အပ်က တစွပ်စွပ်၊ မေးခွန်းကလည်း တရစပ်။”
“ရေးဖြစ်တာကတော့ ၇၃ ခုနှစ်လောက်ကတည်းကပါ။ သတင်းစာမှာရေးတယ်၊ နောက်တချို့မဂ္ဂဇင်းတွေ ရေးတာကတော့ ကဗျာ ဝတ္ထု၊ ဆောင်းပါးအစုံ ပါပဲ။ ဒါပေမယ့် နည်းပါတယ်။ ပြတ် တောင်းပြတ်တောင်းပေါ့"
အပ်စိုက်မှုမှာ ပြီးသွားပါပြီး နာကျင်မှုတွေလည်း မရှိတော့ ပါး အပ်စိုက်စဉ် ခဏသာ၊ ဒါတောင် ဆေးထိုးသလောက်ပင် မနာပါ။
ဆရာဝန်ကြီးကတော့ ပြောလက်စ စကားပင်ဆက်နေပါ သည်။
“ခင်နှင်းယုနဲ့ ခင်ဗျားနဲ့ ဘယ်သူက ပိုတော်သလဲ”
“ဟာ..သူကပိုတော်တာပေါ့ဆရာရယ်”
“ခင်ဗျားက တွဲဖက်ပါမောက္ခနဲ့ အငြိမ်းစားယူတာနော်"
“တွဲဖက်ပါမောက္ခပေမယ့် သူထက်ပိုမတတ်ပါဘူး။ ကျောင်း ပညာဆိုတာကလည်း အခွင့်အရေးရှိရင် ဘယ်သူမဆို သင်ယူတတ် မြောက်တာပဲ မဟုတ်လားဆရာ”
““ကြိုးစားမှရမှာဗျ”
“ဟုတ်ပါတယ်။ ဘီအေဘွဲ့တုန်းက သူကတက္ကသိုလ်မတက် သေးခင် ကျွန်မကို အရင်ထားပေးတာပါပဲ။ သူရေးနေတဲ့ အတတ်ပညာ တွေကတော့ သူသင်ပေးရင်တောင် ကျွန်မမရနိုင်ပါဘူး'
“အဲဒါ ပါရမီ"
အပ်စိုက်မှုပြီးသွားပြီမို့ လူနာအာရုံပြောင်းအောင် စကားပြော ခြင်းမဟုတ်ဘဲ သူတကယ်စိတ်ဝင်စားလာပြီ ထင်ပါသည်။
““ဟုတ်ပါတယ်။ သူနဲ့ကျွန်မ ဒီအဖေ ဒီအမေကမွေးပြီး အတူကြီးပြင်းကြပေမယ့် အဖြစ်အပျက်အကြောင်းအရာ တစ်ခုနဲ့ကြုံ ရင် ခံစားမှုတို့၊ အတွေးအမြင်တို့ကျတော့ ကွာခြားသွားတာပေါ့။ ပြီးတော့ သူကဇွဲရှိတယ်။ လုပ်မယ်ဆိုတာတစ်ခုကို ဖြစ်အောင်လုပ် တတ်တယ်”
“အင်း...ထူးခြားတာပေါ့ဗျာ။ ဝီရိယပေါ့”
“တူညီတဲ့ဖြစ်ပုံလေးတစ်ခု ကျွန်မပြောပြချင်ပါတယ်”
“ဘာပါလိမ့် ကျွန်တော်ကလည်း နားထောင်ချင်ပါတယ်"
“သူ ဗိုလ်မှူးကြီးကျော်သောင်းနဲ့ လက်ထပ်ပြီးတော့ တစ်နေ့ မှာ အစ်ကိုကျော်သောင်းက သေနတ်ဝယ်ဖို့ ပိုက်ဆံ (၁၀၀)လိုနေ တာ မမစု(ခင်နှင်းယု)က ရုံးကတစ်ယောက်ယောက်ဆီက ယူခဲ့မယ်လို့ပြောပါတယ်။ ဒီတုန်းက ရွှေတစ်ကျပ်သားကို ကျပ်(၂၄၀)လောက် ပဲရှိမယ်ထင်ပါတယ်”
“ကျွန်မတို့က ဆူးလေဘုရားလမ်းမှာ နေပါတယ်။ မမစုက ဝန်ကြီးချုပ်ရဲ့ အတွင်းရေး အတွင်းဝန်လုပ်နေတာဆိုတော့ ဝင်ဒါမီယာ မှာရုံးတက်ရပါတယ် သူကရုံးကားလည်း မသုံးပါဘူး။ ဘတ်စ်ကားနဲ့ပဲ ရုံးတက်ပါတယ်”
“ညနေရုံးကအပြန် ကိုကျော်သောင်းကို ပိုက်ဆံ (၁၀၀) ထုတ်ပေးတော့မှ ခါးပိုက်နှိုက်သွားမှန်း သိတော့တယ်။ သည်တုန်းက လွယ်အိတ်နဲ့ပဲ ရုံးသွားကျောင်းသွားကြတာလေ” -
“ဪ...ဖြစ်ရလေဗျာ"
"အစ်ကိုကျော်သောင်းက အရမ်းစိတ်ဆိုးသွားပြီး ဘာမှကြီး ကြီးကျယ်ကျယ်တော့ မပြောပါဘူး၊ မိန်းမမပီသဘူး၊ ပိုက်ဆံတစ်ရာတောင် လုံခြုံအောင် မသိမ်းနိုင်ဘူး။ သိပ်ပေါ့ဆတာပဲ” ဒါပဲပြော ပါတယ်။
“မမစုက ငိုပြီးတော့ သူ့ လိုမိန်းမတစ်ယောက်ကို ဒီလိုပြောရမလားလို့ မကျေမနပ်စိတ်နဲ့ “ကြိုးစာပြမယ်။ မခင်စုဆိုတာ ဘယ်လို မိန်းမမျိုးလဲဆိုတာ ကြည့်နေကြပေါ့”လို့ ကြုံးဝါးပါတယ်။
“နောက်တော့ လုပ်သားကောလိပ်တက် တက္ကသိုလ်တက်နဲ့ ဘီအေဘွဲ့ရပါတယ်။ စာတွေလည်း ကြိုးစားနေပါတယ်။ မမစုက တက္ကသိုလ်မှာ မြန်မာစာနဲ့ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ယူပါတယ်။