ခင်နှင်းယု - ယောက်ျားတို့အကြောင်း
ကျွန်မအမည်မှာ မကြေးမှုံ ဖြစ်၍ ကျွန်မ၏ညီမငယ်အမည်မှာ မကြေးယုံ ဖြစ်သည်။
မကြေးယုံ အရွယ်မရောက်တရောက်တွင် ကျွန်မတို့၏ မိခင် ကွယ်လွန်ခဲ့၏။ ကျွန်မ အိမ်ထောင်ပြုပြီးစဖြစ်သော်လည်း ကျွန်မသည် ညီမငယ်ကို မထိန်းသိမ်းတတ်ပေ။ သို့သော် ညီအစ်မနှစ်ယောက် သင့်သ လိုကြည့်နေရင်းမှ သူသည် ဒီဂရီရ၍ တက္ကသိုလ်တွင် ဆရာမလေးလုပ် နေပြီ၊ မယုံမှာ အပျိုပေါက်စ မြီးကောင်ပေါက်အရွယ် မဟုတ်တော့ သော်လည်း ကျွန်မသည် သူ့အား ကလေးငယ်တစ်ယောက်လို အစဉ်စိုး ရိမ်၏။
ကျွန်မ၌ အကြီးဆုံးချွတ်ယွင်းချက်မှာ အိမ်ထောင်သည်ပင် ဖြစ် သော်လည်း ယောက်ျားများကို ကြောက်ခြင်း၊ ရွံ့မုန်းခြင်းပင် ဖြစ်၏။
တစ်နံနက်တွင် သူနှင့်ကျွန်မ ပုဂံလမ်းကို လျှောက်ကြ၏။ ထိုနေ့ က ပုဂံလမ်းသည် မိုးရွာပြီးစဖြစ်၍ စိမ်းစိမ်းစိုနေပေသည်။ နွေဦးက ပွင့်ကြသော စိန်ပန်းနှင့် ငုရွှေဝါ၊ ငုစပ်ပန်းရောင်ပွင့်ဖတ်များသည် မိုးရေ ဦးတွင် မျောပါကုန်ကြ၍ ပုဂံလမ်းသည် တစ်ရောင်တည်းသော မြအသွေးဖြင့် ဆေးရေးထားသလို ဖြစ်နေပေသည်။
မကြေးယုံသည် လမ်းဘေး ပတ်ဝန်းကျင်ကို ကြည့်၏။
“မမမှုံ ပုဂံလမ်းက ဆရာဦးသိန်းဖေမြင့် ဝတ္ထုထဲကလို မလှတော့ ဘူးနော်”
မကြေးယုံရော ကျွန်မပါ ဆရာဦးသိန်းဖေမြင့် ရေးသော “ဆရာ အို၏ဒုက္ခ” ဆိုသော ဝတ္ထုကို ဖတ်ပြီးစ ဖြစ်ပေသည်။
“ဟုတ်တယ် ဆရာရေးတုန်းက နွေဦးပေါက် ရာသီဆိုတော့ ပုဂံ လမ်းမှာ ပန်းပွင့်တွေ ရောင်စုံပွင့်ချိန်ကိုး၊ ဒီတော့ သူ့ကလောင်နဲ့ ထပ်မှုန်း ထားတော့ ပုဂံလမ်းဟာ ရက်ရက်စက်စက် လှနေတာပေါ့”
“အင်းပေါ့လေ ခုလည်း အားလုံး စိမ်းစိုနေတော့ တစ်မျိုးလှတာ ပေါ့” ဟု သူက ဆက်ပြောနေ၏။ ကျွန်မတို့သည် အိမ် (၃) အိမ်လောက် ကျော်သွားပြီးနောက် အင်းလျားဆောင်ဘက်ကို တဖြည်းဖြည်း နီးလာ၏ ။
ညာဘက်ရှိ အိမ်တစ်အိမ်ရှေ့တွင် တရုတ်စကားအကျော်ပင်ကြီး တစ်ပင်ရှိသည်။ ထိုအပင်ရှေ့ လမ်းတွင် မိန်းမကြီးတစ်ယောက် ကျွန်မ တို့ကို နောက်ခိုင်းကာ ရပ်နေလေသည်။ သူ့တင်ပါးသည် အဆမတန် ကား၍ ဝလွန်းသော ခန္ဓာကိုယ်ကြောင့် ဗိုက်အရေပြားသည် ခါးကိုဖုံးနေ သလို ဖြစ်နေပေသည်။
မကြေးမုံသည် ကလေးငယ်လို တခိခိရယ်လိုက်၏။
“ဘာရီတာလဲ မကြေးမုံ”
“အော် ... ဆရာ့ဝတ္ထုထဲမှာ ဒီပုဂံလမ်းကို ဆရာအိုကြီးက လျှောက်လာတယ်။ သူ့ရှေ့မှာ မိန်းမပျိုလေးက လျှောက်သွားတယ်။ အဲဒါလေးကို ဖော်ပြတဲ့နေရာမှာ ရှေ့ကလျှောက်သွားတဲ့ မိန်းမပျိုရဲ့အလှ ကို ဆရာက အနုစိတ်ပြထားတယ်။ ဝိုင်းဝိုင်းမို့မို့ တင်ပါးလေးက လမ်းလျှောက်သွားချိန်မှာ စကောလေးလိုဝိုင်းပြီး နိမ့်တုံမြင့်တုံအဖြစ်မှာ ဆရာ အိုဟာ ငယ်စိတ်ပြန်ဝင်ပြီး ကာမဂုဏ် ဇောကြွပုံကိုရေးထားတာ တွေး မိလို့”
ကျွန်မက မကြေးမုံ ပြောသည့်အတိုင်း ဖတ်ပြီးဖြစ်၍ ဆရာအနု စိတ်ပုံကို သဘောကျပြီး ဖြစ်သည်။ သို့သော် သူရယ်သည်ကို နားမလည်ပေ။
“အဲဒါ ရယ်စရာမဟုတ်ဘဲ .. ”
ဟု ကျွန်မက ဆို၏။
“မမမှုံကလည်း ကျွန်မတို့ရှေ့က မိန်းမကြီးကို ကြည့်စမ်းပါအုံး၊ ဆရာ့ဝတ္ထုထဲက ဇာတ်လိုက် မိန်းမပျိုနဲ့ ယှဉ်ကြည့်ရင်”
သူက ဆက်မပြောဘဲ ရယ်ပြန်၏။
“မကြေးယုံကလည်းဟယ် ... ကလေးလေးကျနေတာဘဲ၊ သူ့ ခမျာ ကြားသွားပါဦးမယ်”
ကျွန်မက တိုးတိုးပြောလိုက်ရ၏။
ကျွန်မတို့သည် ပုဂံလမ်းဆုံး၍ အင်းလျားရှိရာ ညာဘက်သို့ ချိုးလာကြလေသည်။
“အဲဒီဝတ္ထုဖတ်ပြီးတော့ စိတ်ထဲမှာ တစ်မျိုးဘဲ မမမှုံရယ်” မကြေးမုံက စကားဆက်၍ ပြောပြန်သည်။
“ကျွန်မတို့တွေဟာ အသက်ချင်းကွာပြီး အိုသွားတဲ့ယောက်ျား ကြီးတွေကို စိုးရိမ်စိတ်မရှိဘဲ ရင်းရင်းနှီးနှီး ဆက်ဆံကြတာပဲ။ ဆရာ ရေးသလိုဆို အိုတဲ့လူတွေလည်း စိတ်ဖောက်ပြန်တတ်ကြတော့ ဘယ် ဆက်ဆံတဲ့နေရာမှာ စိတ်ချရမလဲနော်”
သူသည် တက္ကသိုလ်တွင် သဘာဝတ္ထဗေဒ ဘာသာ (ဖလော် ဆော်ဖီ) ကို ယူလာခဲ့သူ ဖြစ်၏။ ကျွန်မက ရာဇဝင်ဘာသာ ၂ ရပ်ကို ယူလာခဲ့သူ ဖြစ်၏။ ထို့ကြောင့် စကားဆွေးနွေးရာတွင် ရှုထောင့်ချင်းမတူကြပေ။ သို့သော် ဤနေရာတွင်မူ တသဘောတည်းကျကြ၏။
“အေးပေါ့ဟ ... ယောက်ျားတွေဟာ အိုအိုပျိုပျို ဘယ်စိတ်ချရ မလဲ၊ အမှန်တော့ သူတို့ဟာ အဆိပ်ရှိတဲ့ သတ္တဝါလိုဘဲ၊ သတိထား ဆက်ဆံရင် ကောင်းတာပေါ့။ သူ့တို့အဆိပ်တက်လာချိန်ဆို မိန်းမတွေ အတွက် အန္တရာယ်ဘဲ။ တို့ ၁၀ တန်းတုန်းက ကျောင်းအုပ်ဆရာမကြီးက အမြဲပြောတယ်။ မင်းတို့ခေတ်မှာ ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံ မှုဟာ ပိုမိုရင်းနှီးလာကြတော့ ရှေးခေတ်လို အတင်းအကျပ်ထိန်းလို့ မရ ဘူး။ ဒီတော့ ခေတ်အလျောက် ဆက်ဆံကြရင်လည်း လူပျိုတွေကို ရင်းရင်းနှီးနှီး ဆက်ဆံတာ အရေးမကြီးဘူး။ လူအိုတွေကိုတော့ ရင်းရင်း နှီးနှီး မဆက်ဆံစေချင်ဘူးလို့ အမြဲပြောတယ်”
မကြေးယုံသည် တွေ့၍ စဉ်းစားလာ၏။ ကျွန်မက ဆက်ပြော၏။
“ဆရာမကြီး ပြောတာလည်း မှန်တာပဲ။ လူအိုဆိုတော့ မိန်းမ သဘောနားလည်ပြီးသား၊ ဘယ်ချက် ဘယ်လိုကိုင်ရင် မိန်းကလေး ကျမယ်ဆိုတာ သိထားပြီးဆိုတော့ အိုလာပြီဖြစ်တဲ့ယောက်ျားတွေဟာ ဒို့မိန်းကလေးတွေအတွက် ပိုပြီး အန္တရာယ်ကြီးတယ်”
“အင်း ... ဟုတ်တာဘဲ၊ ခြေချော်လက်ချော်ဖြစ်ပြီး ညားတောင် လူပျိုအပျိုချင်းဆိုတော့ တင့်တယ်တာပေါ့လေ။ မယားရှိတဲ့ လူတွေ အဘိုးအိုကြီးတွေဆိုတော့ ကိုယ့်မှာ ပိုနစ်နာတာပေါ”
မကြေးမုံက သူ့ဖာသာ အဖြေထုတ်လိုက်၏။
“အေးကွယ် ... မမမှုတော့ ယောက်ျားတွေကို ယုံယုံကြည်ကြည် ဆက်ဆံဖို့ဟာ ခုထိမရဲဘူး”
မကြေးမုံက ရယ်ပြန်လေသည်။ ထိုနေ့နံနက် လမ်းလျှောက်ကြ ရင်း ကျွန်မတို့ညီအမနှစ်ယောက်သည် ယောက်ျားတို့အကြောင်းကို ဆွေး နွေးကြ၏။ ကျွန်မသည် မူလ ကျွန်မစိတ်ရင်း ယူဆထားသည့်အတိုင်းယောက်ျားတို့ကို “တဏှာကျေးကျွန်များသဖွယ် သဘောထားကာ ထို သဘောထားကို အခြေခံ၍ ဆွေးနွေးမိ၏။
မကြေးယုံစိတ်တွင်မူ ယောက်ျားတို့အပေါ် ဘယ်လို သဘောထား သည် မသိပေ။ သို့သော် သူက ကျွန်မကို နိဂုံးချုပ်တစ်ခု ပြန်ပြော၏။
“အကိုဟာ မမမှုံကို သိပ်လည်း ဂရုစိုက်တာဘဲ။ သိပ်လည်း အေးတာဘဲ၊ အဲဒီလို လူမျိုးကို ရထားပါရက်နဲ့ မမမှုံဟာ ယောက်ျားတွေ ကို ဘာလို့ မုန်းသလဲဆိုတာ ကျွန်မ တွေးမရဘူး”
ဟု ဆို၏။
“မုန်းတယ်လို့တော့ မဟုတ်ဘူး ကြောက်တာပဲ” ကျွန်မသည်လည်း ဒါလောက်ပင် ပြန်ဖြေလိုက်၏။
***
နောက်တစ်ပတ်လောက်တွင် ကျွန်မတို့ အိမ်သို့ မေမေ၏ ညီမ ဝမ်းကွဲ ဒေါ်လေး ရောက်လာ၏။ သူသည် စာရေးဆရာတို့ ဖွဲ့ နွဲ့ တတ်သော ရေပြည့်သော ကမ်းပါးကဲ့သို့ ပြည့်ဖြိုးသော တင်ပါးရှိ၏။ ရှည် သွယ်သောပေါင်တန်ပေါ်တွင် ပြည့်သောတင်မှာ နှစ်သက်ဖွယ်ရာဖြစ်၏။ ခါးမှာသေးသွယ်၍ ရင်ဖွင့်ဖွင့်နှင့် ပျိုစဉ်က အလွန်လှမည့်သူ ဖြစ်ပေ သည်။ သူ့မျက်ခုံးမှာ ကျွန်မတို့လိုပင် ထူထူဖြစ်၏။ အသားမှာမူ ကျွန်မ တို့လို မညိုပေ။ နှာတံမြင့်မြင့်အောက်တွင် သူ့နှုတ်ခမ်းထူထူမှာ ငယ်စဉ် ကသာဆို စုတ်နမ်းစရာပင်တည်း။
ယခုပင် အပျိုမဟုတ်တော့သော်လည်း အသက် ၄ဝ တွင်းတွင် လှပနေတုန်းဟု ကျွန်မစိတ်ထဲတွင် ထင်လေသည်။
ဒေါ်လေးက ကျွန်မကို တွေ့ချင်၍ လာသည်ဟု ဆို၏။ “မကြေးမှုံ မင်းအားရင် မင်းဦးလေးကို ငွေငါးရာ သွားပေးစမ်းပါ” သူသည် ငွေငါးရာကို ကျွန်မလက်ထဲသို့ ထည့်လိုက်၏။ ဒေါ်လေးမျက်နှာကတော့ မရွှင်ပေ။ ကျွန်မသည် ဒေါ်လေးတို့ ဇာတ်လမ်းကို သိ၏။ ဒေါ်လေး အသက် ၃၀ မပြည့်ခင်ကတည်းက ဦးလေးသည် မယားငယ်ထား၏။ သို့သော် ယခု ၃-၄ နှစ်တွင်မှ ဒေါ်လေးက သူ့ အိမ်သို့ ဦးလေး အလျဉ်းမလာရဆိုထားသောကြောင့် လုံးလုံးအဝင် အထွက်မရှိတော့ပေ။
ယခင်ကမူ ဒေါ်လေးသည် ဦးလေးမယားငယ်ရှိသည်ကို မသိ သလိုပင် ထမင်းပွဲရံကြီးပြင်ကာ ကျကျနန ကျွေးမွေး၏။ ယုယုယယ ပြုစုခဲ့လေသည်။ ကျွန်မတို့သည် လူငယ်များဖြစ်၍ ဒေါ်လေးတို့ အကြောင်းကို ဘာမျှစွက်ဖက် မပြောကြပေ။ ဦးလေးနှင့် အတိအလင်း ပြတ်ကတည်းက သူ့သစ်စက်ကို သူ့ဘာသာပင်ဦးစီးကာ ဒေါ်လေးက လုပ်၏။ သူ့တွင် သားတစ်ယောက် သမီးနှစ်ယောက် ကျန်ရစ်ခဲ့သည်။