Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - မောင်မျိုးမင်းနိုးကြားလာခြင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

မောင်မျိုးမင်း နိုးကြားလာလေပြီ

          “ဘုရား.. ဘုရား”

          ကျွန်မ ဘုရားတခြင်းမှာ မောင်မျိုးမင်း နိုးကြားလာခြင်းအတွက် ကျွန်မတို့မိသားစုတွင် လှုပ်ရှားမှုတစ်ခုတော့ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် လူသစ်ကလေးတစ်ယောက် သူ၏တစ်နေရာကို ကျွန်မ အိမ်ထောင်စုတွင် ယူလာခဲ့ပြီ။

          မောင်မျိုးမင်းကို သူ့မိခင် မိကျော်သောင်းသည် ၁၉၇၀-ပြည့်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မွေးဖွားလိုက်၏။ မွေးချိန်အတိအကျကိုတော့ ကျွန်မ မသိပါ။ သို့သော် ထိုနေ့ည ၉ နာရီတွင် ဒုတိယ မြေးရတနာ ယောက်ျားလေးတစ်ယောက် ကျွန်မတို့ဆွေစုမျိုးစု မဟာသာကီထဲတွင် ပေါက်ဖွားလာကြောင်း ပထမဆုံး သတင်းပါလာသူမှာ မောင်မျိုးမင်း၏ ဘကြီးတော် ဦးသက်တင်ဖြစ်၏။

          သတင်းကြားကြားချင်း ကျွန်မ အိပ်ရာပေါ် လဲကျသွား၏။ “အောင် မယ်လေး.. နန်းမတော်မယ်ယုရဲ့ ကျွန်တော်ကတော့ ကောင်းသတင်း အနေနဲ့ လာပြောတာပါ၊ ကျုပ်တော့ တရားခံမဖြစ်ပါရစေနဲ့ ဆေး သောက်ပြီး ဒီညတော့ ပျော်အောင်အိပ်ပါ” ဟူ၍ ပြောသွား၏။

          ကျွန်မသည် သမီးဖြစ်သူ မိကျော်သောင်းကိုလည်း ကလေးမွေးဖွားချိန်တွင် ကျန်းမာရေးအခြေအနေ ကောင်း မကောင်း စစ်ဆေးရုံသို့ သွားရောက် မကြည့်နိုင်ခဲ့ပါချေ။

          မောင်မျိုးမင်းအား အိမ်သို့ ခေါ်ယူလာမှပင် ကျွန်မမြေးငယ်၏ မျက်နှာကို မြင်ရပါ၏။ သူ့ဖခင် ဗိုလ်မှူးထွန်းအောင်ကျော်က ကလေး ကို ကျွန်မလက်ထဲ ထည့်လိုက်၏။ ကျွန်မသည် ဧည့်ခန်းဝတွင် ကြိုးစား၍ မတ်တတ်ရပ်ကာ သူ့ကိုပွေ့ချီလိုက်၏။ သူ့မျက်နှာ ဖွေးဖွေး နုနုကို မြင်လိုက်ရ၏။ သူ့ကိုယ်ငွေ့ နွေးနွေးလေး၏ အတွေ့သည် ကျွန်မ၏ ရင်အား ထိုးဖောက်ကာ အေးစက်နေသော ကျွန်မ၏နှလုံးသားအား လှုပ်ရှားလာရန် ဓာတ်အားပေးလိုက်၏။

          ကျွန်မ၏ ခြေလှမ်းများကမူ တစ်ဖဝါးမျှ ရွှေ့၍မရ။ ကျွန်မသည် ခဏသော် ကျောက်တိုင်သဖွယ် ငြိမ်သက်သွား၏။ အတွေးတို့သည် ဟိုသို့သည်သို့ ပျံ့လွင့်သွားကြ၏။ အဆွေးတို့သည်လည်း လှိုင်းဘောင် ဘင်ခတ်သလို ခတ်သွားကြ၏။ တဒင်္ဂပဟန်စိတ်၏ လှုပ်ရှားမှုအစဉ် ကို ရေးချပြရလျှင် စာတစ်အုပ်စာ ရပေဦးမည်။ ဝမ်းနည်းခြင်း၊ ဝမ်းသာ ခြင်း၊ ကြည်နူးခြင်း၊ ကြေကွဲခြင်း၊ ပြောကြားလိုခြင်း၊ တိုင်တည်လိုခြင်း။

          ဪ... စိတ်အစဉ်၏ လှုပ်ရှားမှုသည် များပြားပါဘိခြင်း။

 

သူ့ကို နာမည် ပေးရပေဦးတော့မည်

          သူ့အစ်ကိုအား ကျော်ကျော်ဝင်းဟူ၍ နာမည်ပေးစဉ်က သူတို့၏ မိခင်မိကျော်သောင်းသည် မကြိုက်။ ဇာတာဖွဲ့စဉ် ဗေဒင်ဆရာ၏ အလိုကျ ပေးလိုက်ရခြင်းဖြစ်၏။

          “အဲဒီ.. ကျော်ကျော်ဝင်းဆိုတဲ့ နာမည်မျိုးဟာလေ ရည်းစားသိပ် များတတ်တာပဲ” ဟု မိက မှတ်ချက်ချ၏။ သို့သော် မိသည် သူ့ဖခင် ဦးပုံစံ (ကလေးငယ်၏ အဘိုးဖြစ်သူက) ဤအမည်ကို လက်ခံပြီးဖြစ်၍ သူ့သားဦးကို ကျော်ကျော်ဝင်းဟု မှည့်ခေါ်ရန် လက်ခံလိုက်၏။

          ယခုမူ ကလေးတို့၏ဘဘ ဦးပုံစံမရှိတော့ပေ။ ကလေးတို့၏ ဘွားဘွားသည် ဒုတိယမြေးအား နာမည်ပေးရတော့မည်။ မိကမူ သူ့ဖခင် ဦးပုံစံခေါင်းလို နောက်စေ့ချွန်ချွန်နှင့် လုံးလုံးလေးနေသောကြောင့် မောင်ပေသီးဟူ၍ ချစ်စနိုးခေါ်ပါသည်။

          မောင်ပေသီးမှာ ကြာသပတေးသား ဖြစ်သောကြောင့် နေ့သင့် နံသင့်လည်း ဖြစ်ပါပေသည်။ သို့သော် တရားဝင်နာမည်က လိုပေသေး၏။

          ကျွန်မသည် ကြက်သွန်ဖြူ ဥတစ်လုံးတွေ ဘာတွေနှင့် နာမည် မှည့်သော ကျမ်းစာအုပ်များကိုလည်း မရှာချင်သေး၊ ဗေဒင်ဆရာများနှင့် လည်း ကျွန်မ၏ခင်ပွန်းသည် ဆုံးပြီးကတည်းက မတွေ့ လိုသေး။

          မောင်ပေသီးသည် ကျော်ကျော်ဝင်းလို အရပ်မရှည်၊ သူ့အစ်ကို သည် အလုံးထက် အရပ်က ပိုထွက်နေ၏။ မောင်ပေသီးကမူ ပုပုဝိုင်း ဝိုင်းလေး ဖြစ်၏။ တုတ်တုတ်ခိုင်ခိုင်လေး ဖြစ်၏။ သူသည် သူ့မိခင် မိလို အစားကိုသာ ပါးစပ်တလှုပ်လှုပ်နှင့် စားနေရလျှင် အေးချမ်းငြိမ်သက်စွာ နေတတ်၏။

          ကျွန်မ၏ဆရာ ဆရာဦးမျိုးမင်း (အင်္ဂလိပ်စာဌာန ပါမောက္ခ)ကို အထိမ်းအမှတ် သတိတရ အနေလည်းဖြစ်၊ နေ့သင့်နံသင့်လည်း ဖြစ် သည်ဟူ၍ ကျွန်မပြောကာ မောင်ပေသီးအား “မောင်မျိုးမင်း” ဟူ၍ ကျွန်မ အမည်ပေးလိုက်ပါသည်။

          သို့သော် သူ့ကို မောင်မျိုးမင်းဟူ၍လည်း မခေါ်၊ မောင်ပေသီး ဟူ၍လည်း မခေါ်ကြ၊ သားငယ်လေးဟူ၍ပင် ခေါ်ကြ၏။

          သူ့မိခင် ဆရာဝန်ဘွဲ့ ထူး မရခင်ကသာ ကျောင်းစာပေကို ဇောက်ချ ကြိုးစားနိုင်ရန်အတွက် ပတ်ကားနာနီ ခေါ်သော (ပထမတန်းစား ကလေး ထိန်း) ကိုခေါ်၍ထား၏။ မောင်မျိုးမင်း မွေးစ ငွေတန်ဖိုး ကုန်ဈေးနှုန်း အခြေအနေတုန်းကပင် ပတ်ကားနာနီ၏ လစာမှာ ၁၂၀ ကျပ် ဖြစ်၏။ ကလေးထိန်းလစာကို ထွန်းအောင်ကျော်ကပေး၏။ ယခုမိ ဒီဂရီ ရလာ သောအခါ ကျွန်မတို့သည် မောင်မျိုးမင်းအား တစ်လခြောက်ဆယ်ပေးရ သော သင့်ရုံကလေးထိန်း သူငယ်မလေးကို ထိန်းစေပါတော့သည်။ အဘယ်ကြောင့်ဆိုသော် မောင်မျိုးမင်းအတွက် နို့ဘူးဖျော်ရခြင်း၊ တစ် ပတ်တစ်ခါ နို့ဘူးသန့်ရှင်းရေးအတွက် အသုံးချရသောပစ္စည်းများကို ရေနွေးနှင့် ပြုတ်ရခြင်း၊ အနှီးလျှော်ရခြင်း ကိစ္စများ ငြိမ်းသွားပြီ ဖြစ် သောကြောင့် ဖြစ်၏။ ထမင်းချက်သူအတွက် လစာကိုမူ ကျွန်မက ပေး၏။ ထမင်းချက်တစ်ယောက်၊ ကလေးထိန်းတစ်ယောက်၊ ပေါင်း ၂ ယောက် ထားရသောအခါ စားအတူ၊ သွားအတူ၊ နေအတူ၊ ထိုင်အတူ၊ကျွန်မတို့မိသားစုမူအရ၊ ဆန်တစ်တင်းကျပ် ၅၀ ကျော်မှ ကျပ် ၇ဝ အထိ၊ ပေးစားရသော အချိန်တွင် အိမ်စေတို့ကို လခပေးရသည်ထက် သူတို့အား ကျွေးမွေးစရိတ်နှင့် အဝတ်ပေးရသော စရိတ်က ပိုမိုကြီးလေး လာသောကြောင့် အစစ အိမ်စရိတ်ကို လျှော့ချနိုင်ရန် ကလေးထိန်း သူငယ်မလေးကိုလည်း ရွက်ကြမ်းရေကျိုလောက်သာ ကျွန်မတို့ ငှားနိုင် တော့သည်။

          အမှန်တော့လည်း မိ၏ဖခင် (ကွယ်လွန်သူ) ဦးပုံစံ၏ ရည်ရွယ် မှန်းထားချက်အတိုင်း မိဆရာဝန်အဖြစ်သို့ ချောချောချူချူ ရောက်ရန် အတွက် ကျွန်မနှင့် ထွန်းအောင်ကျော်တို့သည် သားကြီးကျော်ကျော်ဝင်းနှင့် သားငယ် မောင်မျိုးမင်းတို့အား နို့စို့အရွယ်တွင် ကျန်းမာရေးအတွက် ငွေသွန်သုံးကြခြင်းဖြစ်၏။ မိသားငယ်များ ကျန်းမာမှ သူစိတ်ချမ်းသာ စွာ စာသင်နိုင်ပေမည်။ ကျွန်မ ကိုယ်နှိုက်ကလည်း ကျန်းမာသော ဘွားအေတစ်ယောက်ဖြစ်ပါမူ ကလေးတစ်ယောက်တာဝန်မှာ ပတ်ကား နာနီ ငှားနေစရာ မလိုပါပေ။ ယခုမူ မောင်ပေသီးတို့၏ ဘွားဘွားသည် မြေးငယ်တို့ကို နို့ဘူးဖျော်တိုက် ထိန်းကျောင်းဖို့ နေနေသာသာ ကိုယ့် ပါးစပ်ထဲကိုယ် ထမင်းတစ်လုတ်စားနိုင်ဖို့ မျက်မှန်နှစ်လက် တပ်နေရသော အဖြစ်ကြောင့် နို့ဘူးသန့်ရှင်းရေး၊ ကလေးကို အချိန်မှန် ကျွေးမွေးပြုစုနိုင် ရေးအတွက် ကျွမ်းကျင်သော နာနီကို ငှားရခြင်းဖြစ်၏။

          ယခုမူ မောင်မျိုးမင်း ပြေးလွှားကစားနိုင်လေပြီ။ စကားကိုလည်း သွက်လက်ချက်ချာစွာ ပြောတတ်လေပြီ။ သူ့ကိုထိန်းသော မိန်းကလေးမှာ အညာကျေးတောသူဖြစ်၍ အမည်မှာ မပုလေးဖြစ်သည်။

          ကျွန်မ၏ အိပ်ခန်းကို မောင်မျိုးမင်းနှင့် မပုလေးအားပေး၍ ကျွန်မသည် ဦးပုံစံ၏ အိပ်ခန်းသို့ ပြောင်းရွှေ့ အိပ်ပါတော့သည်။