Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - မုဆိုးမပုံပြင်

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

(၁)

          “မြေပုံစိုနေတာ ခြောက်သွားအောင် ယပ်တောင်နဲ့ နေ့တိုင်း မြေပုံကို ယပ်သွားခတ်တယ်”

          ဤစကားပိုဒ်မှာ ရှေးဟောင်းတရုတ်ပုံပြင်ထဲမှ ဖြစ်သည်။ အရွယ်ရှိ သေးသော အမျိုးသမီးငယ်တစ်ယောက် လင်သည်သေဆုံးသွား၍ လင် သည်၏အလောင်းကို မြေမြုပ်သဂြိုဟ်လိုက်သည့်မြေပုံက မြေကြီးမှာ စိုနေ သည်။ ထိုမြေပုံပေါ်က စိုနေသော မြေစိုင်ခဲ ခြောက်မှ နောက်အိမ်ထောင် ပြုရမည်ဆို၍ ထိုအမျိုးသမီးက နေ့တိုင်း မြေပုံမှ မြေခြောက်အောင် ယပ်တောင် နှင့် သွားခတ်သည်ဟု ဆိုသည်။

          ရှင်းရှင်းဆိုရလျှင် ထိုအမျိုးသမီးမုဆိုးမက “လင်လိုချင်လွန်း၍”ဟူ သောအနေနှင့် နှိမ့်ချထားသောပုံပြင်ဖြစ်သည်။

          ရှေးခေတ်တရုတ်ပြည်တွင် အမျိုးသမီးများ၊ မုဆိုးမများကို ဝိုင်းပယ် သည်၊ နှိမ်ချစကားဆိုတတ်သည်။ ထိုပုံပြင်လေးကို ကြည့်လျှင်ပင် အရွယ် မတိုင်မီ မုဆိုးမဖြစ်ရသော မိန်းမငယ်အပေါ် အမြင်ကျဉ်းသည်ကို တွေ့နိုင်သည်။

          ကျွန်မအရွယ်ရောက်စက မုဆိုးမပုံပြင်များကို ကြားဖူးပါသည်။ သို့သော် ကျွန်မဘဝနှင့် ဘယ်လိုမှ ပတ်သက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။

          သို့သော် မမျှော်လင့်ဘဲ ကျွန်မ အသက် ၄၅ နှစ်မှာ ကျွန်မ၏ချစ်သူ ကွယ်လွန်ခဲ့၍ ကျွန်မ မုဆိုးမဘဝရောက်ခဲ့ရသည်။ ထိုအခါ ဘဝတူ မုဆိုး မများကို စာနာစိတ်ဖြစ်၍ လာခဲ့ပါသည်။

          ထိုအခါ ရှေးဟောင်းမုဆိုးမပုံပြင်တို့ထက် လက်ရှိမုဆိုးမဖြစ်ကြရှာ သော အကြောင်းမလှသည့် မုဆိုးမအမျိုးသမီးများပုံပြင်တို့ကို လေ့လာမိသည်။

          အိန္ဒိယပြည်မှာလည်း ရှေးက မုဆိုးမဖြစ်လာလျှင် လူရာမသွင်း၊ ဝိုင်း ပယ်ခံရသည်။ ယခုခေတ်မှာတော့ အင်ဒီရာဂန္ဒီဆိုလျှင် မုဆိုးမဘဝနှင့်ပင် အိန္ဒိယပြည်၏ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့ပေသည်။

          မြန်မာပြည်မှာက မုဆိုးမတိုင်းမှာ ကိုယ်ပိုင်ယူဆချက်ကိုယ်စီနှင့် ကိုယ့်ဘဝကိုယ် တီထွင်သွားကြသည်။ အစဉ်အလာက ဖိစီးနှိပ်စက်ထား ခြင်း မရှိပေ။

          မုဆိုးမဆိုသည်မှာ တခြားအမျိုးသမီးများကဲ့သို့ပင် နှလုံးသားနှင့် အသွေးနှင့် အသားနှင့် ဆိုသည်ကို သဘောပေါက်လက်ခံလာလျှင် မုဆိုးမ များကို နှိမ့်ချသော ပုံပြင်များထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။

          မမဒေါ်မေကြည်ကတော့ သူ့ကိုယ်ပိုင်ယူဆချက်ကို ဇောက်ချလုပ် သွားရာမှာ ဘယ်သူ၏ဝေဖန်မှု၊ နှိမ့်ချမှုကို ဂရုစိုက်သူ မဟုတ်ပေ။

          ကျွန်မကမှ တော်သေးသည်။ မမမေ(ဒေါ်မေကြည်ကို ကျွန်မ ဒီလို ပဲ ခေါ်သည်) သည် အသက် ၃ဝ မှာ အရွယ်မရောက်သေးသော သား တစ်ယောက်၊ သမီးတစ်ယောက်နှင့်မုဆိုးမဘဝရောက်ခဲ့ရသည်။ သူ့ခင်ပွန်း ဦးဉာဏ်ဝင်းမှာ လူတော်တစ်ယောက်၊ ပညာတော်ရုံမဟုတ်၊ သူတို့၏ ကုမ္ပဏီ ကို ဦးစီးဆောင်ရွက်ရာမှာလည်း စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတော်သူ ဖြစ်သည်။ ထိုခေတ်က လိုင်စင်ခေတ်ဖြစ်၍ သွင်းကုန်ထုတ်ကုန်လိုင်စင်များကို ကိုယ် ပိုင်ကုမ္ပဏီတည်ထောင်၍ ရန်ကုန်မြို့လယ် မောင်ထော်လေးလမ်းမှာ လုပ် ကိုင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

          သူကွယ်လွန်ပြီးနောက် မမမေက ကုမ္ပဏီကို ဆက်လက်အုပ်ချုပ်ခဲ့ သည်။ အသက် ၃ဝ ဆိုသည်မှာ ဘာမှကြီးသည်မဟုတ်၊ ကာမဂုဏ်စည်း စိမ်နှင့်တကွ အလှအပသာယာမှုအားလုံးကို ခံစားနိုင်သည့်အရွယ်။

          မမမေက လင်သားမရှိတော့သည့်နောက် တချို့ မုဆိုးမများလို ပုံကျသွားသူမဟုတ်၊ ပင်ကိုက အရပ်မြင့်မြင့်၊ ကိုယ်လုံးက သွယ်သွယ်ပျောင်း ပျောင်းရှိရသည့်အထဲ အဝတ်အစားကို လိုက်ဖက်အောင်ရွေးချယ်ဝတ်တတ် သည်။

          အသားဖြူဖြူ နှာတံပေါ်၍ ဝင်းပရွှန်းလက်သောမျက်လုံးများက သူ့ သတ္တိနှင့်စရိုက်ကို ဖော်ထုတ်နေသည်။ မျက်ခုံးမွှေးထူထူလေးတစ်ခုပဲ မရှိပါ။ ဆွဲထားသော မျက်ခုံးသေးသေးလေးမှာ မျက်ဝန်းပေါ်မှာ ကိုင်းညွတ် နေသည်။

          ပွဲနေပွဲထိုင်တွေမှာ မမမေ ဝတ်စားလာလျှင် ယူရသည်။ ခေတ် နှင့်လိုက်အောင် ဖက်ရှင်ကျကျ မမမေက ဝတ်စားတတ်သည်။

          ကျွန်မနှင့်မမမေ မရင်းနှီးပါ။ ကျွန်မ၏ညီအစ်မဝမ်းကွဲတော်သူ အစ်မကြီး ဒေါ်အေးအေးကြည်မှတစ်ဆင့် မမမေကို ကျွန်မသိခဲ့ရခြင်းဖြစ် သည်။ အစ်မကြီးလောက် မရင်းနှီးဘူးဆိုလျှင် မှန်မည်။ အစ်မကြီးကလည်း ဗိုလ်ချုပ်ဈေးမှာ အထည်ဆိုင်နှင့်ဆိုတော့ သူတို့နှစ်ယောက် လုပ်ငန်းခြင်း ကလည်း ဆက်သွယ်နေ၍ ဆွေမျိုးထက် ရင်းနှီးသည်ဆိုရမည်။ မမမေ ကုမ္ပဏီကိစ္စနှင့် နိုင်ငံခြားသွားတိုင်း၊ ပြန်လာလျှင် အစ်မကြီးအတွက် အဝတ် အထည်၊ လက်ကိုင်အိတ်ဆန်းဆန်း တစ်ခုခု ပါလာတတ်သည်။ ပွဲနေပွဲထိုင် ကို နှစ်ယောက်တွဲ၍ တက်လေ့တက်ထရှိသည်။ သူတို့နှစ်ယောက် ညီအစ်မ ဟု ထင်ရအောင် အရပ်မြင့်ပုံခြင်း၊ အသားဖြူကြခြင်း၊ အဝတ်အစား အချိုး တကျ ဝတ်တတ်ပုံခြင်း တူပါသည်။

          တစ်နေ့ အစ်မကြီးဆီ ကျွန်မဖုန်းဆက်သည်။ ဈေးပိတ်သော တနင်္ဂ နွေနေ့ (ထိုခေတ်က ဗိုလ်ချုပ်ဈေး တနင်္ဂနွေနေ့ပိတ်သည်)မှာ ထမင်းသုတ် စားဖို့ အစ်မကြီးကို ကျွန်မ ဖိတ်ခေါ်ခြင်းဖြစ်သည်။ စနေနေ့တစ်ည နေလုံး ညဦးပိုင်းတစ်ချိန်လုံး ဖုန်းဆက်ပေမယ့်မရ။ ကျွန်မကလက်လျှော့ကာ သူ့ အိမ်သားတွေကိုပဲ နက်ဖြန် အစ်မကြီးလာဖို့ မှာရသည်။

          တနင်္ဂနွေနေ့ ထမင်းသုတ်စားချိန် အစ်မကြီး ရောက်လာပါသည်။ ကျွန်မက ဆီးကြိုမေးမိသည်။

          “မနေ့က တစ်ညနေလုံး အစ်မကြီး ဘယ်သွားနေလဲ၊ ဆိုင်သိမ်းချိန် က စပြီး မစု ဖုန်းဆက်တာ မရဘူး၊ ညရောက်ရော”

          ခင်နှင်းယု အစ်မကြီးက လက်သုတ်စားရင်း အေးအေးဆေးဆေး ပြောပြသည်။

          “မေရယ်လေ၊ မေ ပြောမပြောချင်ဘူး။ ကားနဲ့လာခေါ်လို့ လိုက် သွားရတာ၊ ရွှေတောင်ကြားထဲမှာ မှောင်စကပြုလာ၊ ဒရိုင်ဘာကလည်း လမ်းမသိ၊ မေကလည်း မသေချာနဲ့ အိမ်ရှာရတာ၊ ည ၈ နာရီထိုးရော” အစ်မကြီး ပြောသည်ကို ကျွန်မ နားမလည်။

          “ဘာကိုရှာတာလဲ အစ်မကြီး”

          “ဟို သူ့ဆံပင် ‘ဆက်” လုပ်ဖို့ ဆံပင်ပြုပြင်တဲ့သူရဲ့ အိမ်၊ မေက တော်တန်ရုံ အလှပြင်ဆိုင်ကိုလည်း မကြိုက်ဘူး။ သူ့စိတ်ကြိုက် ဒေဝစ္ဆရာ အလှပြင်ဆိုင်က မောင်လှမိုးအိမ်ကို ရှာရတာ၊ မြို့ထဲက ဆိုင်ကပိတ်သွား တော့ အိမ်လိုက်ရတာ”

          “မနက်မှ လုပ်တော့ ဘာဖြစ်လဲ”

          “မစုလည်း သွားမှာမဟုတ်လား၊ အတွင်းဝန် ဦးစံဖေသမီး လက် ထပ်ပွဲကိုလေ”

          “ဟုတ်တယ်၊ အဲဒါ ဧည်ခံပွဲက ညနေ သုံးနာရီမှ စမှာပဲ”

          “အဲဒါဧည့်ခံပွဲ၊ အိမ်မှာ မနက်စောစောလက်ထပ်ပွဲလုပ်မှာ၊ ၇ နာရီ စမှာလေ၊ သူက သတို့သမီးဘက်က အထူးဧည့်သည်အဖြစ် သွားရမှာ၊ နောက်နေ့မှာဆို အချိန်မရှိတော့လို့ ညကြီးမင်းကြီး မောင်လှမိုး လိုက်ရှာရ တာ၊ အိမ်ပြန်ရောက်တော့ ၉ နာရီတောင်ထိုးပြီ”

          ကျွန်မ ဘာမှပြန်မပြောမိပါ ။ မမမေ အလှကို အထူးဂရုစိုက်သည် ကိုပဲ အံ့သြမိသည်။

          နောက်နေ့ညနေ ဧည့်ခံပွဲမှာ မမမေ ဆံထုံးက တကယ်ထူးဆန်းပါ သည်။ ပထန်ခေါင်းပေါင်းပုံဆန်ဆန်၊ ဆံပင်ကို အဖတ်လိုက် အဖတ်လိုက် နှင့် သပြုသီးအဖတ်တွေနှင့်လည်း တူသည်။ ကျွန်မ ပြောမပြတတ်ပါ။ မြင့်မြင့်မို့မို့နှင့် ဆံထုံးဘေးတွင် စိန်ပန်းခိုင်ကို ပန်ထားသည်။

          အပြာရောင် ပြင်သစ်ဘရိုကိတ်လုံချည်နှင့် နိုင်လွန်အကျီအပြာနု ပေါ်မှာလည်း ပန်းပွင့်ကလေးတွေ ပွင့်ဖတ်ပုံစံမပျက်၊ အပွင့်လိုက်တင်ထား သလိုပါပဲ။ ပဝါဖြူအရှည် ငွေခြည်ပေါက်ခြုံထားသော မမမေမှာ သတို့ သမီးထက်ပင် အလှမှာ ထင်ရှားပြေပြစ်ပါသည်။ ကျွန်မအဝေးကပဲ မမမေကို ငေးမောနေမိပါသည်။

          နောက်လတွင်မှာတော့ အစ်မကြီး ကျွန်မဆီရောက်လာရင်း မမမေ အကြောင်းပြောပြသည်။

          “မေရယ်၊ သူ့သား ဥက္ကာနဲ့ သူ့သမီး မာလာကို လန်ဒန်ပို့မလို့တဲ့” “သူ တတ်နိုင်လို့ဖြစ်မှာပေါ့” | ကျွန်မက ဒီလိုပဲ ပြောမိသည်။

          “ဒီလိုရှိတယ်လေ၊ မစုရဲ့ ၊ သူ့စိတ်ဓာတ်ကို ချီးကျူးပါတယ်။ သူ့ ယောက်ျားသေသွားပေမယ့် သူ့သား သူ့သမီးတွေကို လူတစ်လုံး၊ သူတစ် လုံးဖြစ်အောင် ပညာပေးမယ်ဆိုတဲ့ မာနသူ့မှာရှိတယ်”

          “အစ်မကြီးရယ် ရန်ကုန်မှာ အင်္ဂလိပ် မက်သဒစ်လိုကျောင်းတွေမှာ လည်း အင်္ဂလိပ်စာအဆင့်အတန်းမနိမ့်ပါဘူး။ အဲဒီကနေ လန်ဒန်မက်ထရစ် တောင် ဖြေနိုင်တာပဲ၊ ကလေးတွေက ၁၀ တန်း ရောက်ပြီလား”

          “အကြီးကောင်က ရောက်ပြီ၊ အငယ်မက ၈ တန်း၊ သူက သူ့သား သမီးတွေ လန်ဒန်ပို့မှာ သူ့သားသမီးတွေဟာ ပညာမှာလည်း ထိပ်တန်း၊ အနေအထိုင်မှာလည်း သူ့အဖေရှိစဉ်ကထက် မနိမ့်ကျစေရဘူး။ အခုတောင် သမီးက မာစီးဒီးကားမှဆိုလို့ ကိုဉာဏ်ဝင်း စီးတဲ့ ဘောက်ဆာရောင်းပြီး မာစီးဒီး ဝယ်ပေးတယ်လေ။ မေက အဲဒီတာဝန်ကို ရေရှည်ဘယ်လောက် အထိ ထမ်းနိုင်မလဲဆိုတာ မစဉ်းစားဘူး။ မစုက ကုန်သွယ်ရေးကို ဘာမှ နားမလည်ဘူး။ ကုန်သည်ဆိုတာ အစဉ်အခြေအနေကောင်းနေတာ မဟုတ် ဘူး၊ ရှေ့ရေးအတွက် ရှိသေးတယ်”

          အစ်မကြီးက သက်ပြင်းချကာ လေးလေးပင်ပင်ပြောနေ၍ ကျွန်မ ဝင်မစွက်ပါ။