ခင်နှင်းယု - မဟာသာကီ
ယခုတစ်လော မည်သူက စတင်လွှင့်လိုက်မှန်းမသိသော သတင်း တစ်ခုမှာ ကံ့ကော်ကုန်းမြို့ လှုပ်လှုပ်ရှားရှားဖြစ်၍ သွားစေပေသည်။
ကံ့ကော်ကုန်းသည် ကားလမ်းပေါ်တွင်ရှိ၍ မြယာကုန်းသည် မီးရထားလမ်းပေါ်တွင် ရှိပေသည်။ မြယာကုန်းမှ ကံ့ကော်ကုန်းသို့ ကားလမ်း ဖြင့်လာနိုင်၏။ ကားလမ်းသည် ဝေးကွာလှသည်မဟုတ်ပေ။ လှပသော တောတန်းတစ်ခုကို ဖြတ်လိုက်လျှင် ကံ့ကော်ကုန်းမြို့သို့ ရောက်၏။ အကြမ်း အားဖြင့် မိုင်ငါးဆယ်လောက် ဝေးမည်ဖြစ်ပေသည်။
မြယာကုန်းသည် ကုန်သွယ်ရာ လမ်းဆုံကျ၍ ကံ့ကော်ကုန်းထက် စည်ကားသော်လည်း ကုန်သည်ရုပ်လိုပင် မလှပပေ။ ကုန်စုံဆိုင်ကြီးလို ရှုပ်ရှုပ်ပွပွဖြစ်၍နေပေသည်။ နယ်ပိုင်မင်း ရုံးစိုက်၏။
ကံ့ကော်ကုန်းကမူ မြို့ပိုင်မင်းရုံးစိုက်သော မြို့ငယ်ကလေးဖြစ်သော်လည်း တောတန်းအဆုံးတွင် လှပသော မြို့လေးဖြစ်၏။ အေးမြ၏။ ငြိမ်းချမ်း၏။ မြို့အဝင်ကားလမ်းတွင် ကံ့ကော်ပင်များသည် မိုင်ဝက်လောက် စည်ကား ပေါက်၍နေ၏။ မြို့ထဲ၏ သွင်ပြင်ကမူ တောမြို့လေးဟန်ပင် ဖြစ်သော်လည်းကိုယ့်ဝင်းကိုယ့်ခြံနှင့် သပ်သပ်ရပ်ရပ်နေကြသည်။ အိမ်များသည် မြန်မာဆန် ၍ ရှေးကျသော ရေနံသုတ်အိမ်ကြီးများ ဖြစ်၏။ ပင်စင်ရ၍ နောက်ပြောင်း လာသော ဝန်ထောက်ကြီး သုံးလေးဦးသာ အုတ်တိုက်ဆောက်၍ နေကြ ပေသည်။ သူတို့အုတ်တိုက်များကလည်း ခေတ်မမီလှပေ။
များသောအားဖြင့် မြေပိုင်ရှင်များ၊ နောက်ဘက်တစ်ခွင် ယာခင်းမှ ပဲများကို သိုလှောင်သိမ်းသွင်း၍ ပဲပေး၊ ဝါပေး ပေးသော ကြေးရတတ် များသာ နေတတ်ကြပေသည်။ နံနက်ပိုင်းတွင် မြယာကုန်းသို့ ပဲများ၊ ဝါဂွမ်းများ တင်ဆောင်သွားသော ကုန်တင်ကားကြီးများ၊ လှည်းများ လှုပ်ရှားသံကလွဲ၍ နေ့လယ်တွင် မြို့သည် ချမ်းငြိမ်းတိတ်ဆိတ်၍ နေတတ် ပေသည်။
ယခုတစ်လော မြို့တွင် ရုတ်တရက်ထွက်လာသော သတင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေကြ၏။ မနက်တိုင်း မြို့ပြင်လမ်းဘက် ကံ့ကော်ပင်တန်း များဆီသို့ လမ်းလျှောက်ထွက်လေ့ရှိသော အငြိမ်းစားရာဇဝတ် ဝန်ထောက် ကြီးပင် ကံ့ကော်ပင်များဆီသို့မရောက်ဘဲ သူကြားသောသတင်းကို ကျောင်း ဒကာဦးအောင်ဘနှင့် ဆွေးနွေးနေကြသည်။ သူတို့ရပ်၍ စကားပြောနေသော နေရာမှာလည်း သတင်းစထွက်ရာ အိမ်ကြီး၏ ရှေ့မှာ ဖြစ်ပေသည်။
ကျောင်းတက်သော ကလေးများပင် ထိုအိမ်ကြီးကို လှည့်ကြည့်ကြ၏။ ကံ့ကော်ပင်များကို ရွက်လာသော ပန်းသည်မကလေးကလည်း ထို အိမ်ကြီးကို လှည့်ကြည့်၏။ သူ့အပါးတွင် စံပယ်ပန်းကုံးများကို လက်တွင် ကိုင်ထားသော အဖော်ပန်းသည်မလေးကို လက်တို့ကာ “အဲဒီအိမ်ကြီးပေါ့ ” ဟုပြောပြ၏။ - ဝန်ထောက်ကြီးသည် ကလေးမလေးများ လှုပ်ရှားဟန်ကို ကြည့်ကာ ပြုံးလိုက်၏။ သူ့အပါးတွင်လည်း ကံ့ကော်နှင့် စံပယ်ရနံ့များ သင်းပျံ့သွား သောကြောင့် ပိုမို၍ ကြည်နူးသွားဟန် ရှိပေသည်။
" ဦးအောင်ဘရဲ့ ပန်းသည်မလေးတွေတောင် ဒီသတင်းကို ဂရုစိုက် နေကြတာပဲနော်”
“ဪ... သူတို့လည်း ကံ့ကော်ကုန်းသူတွေဆိုတော့ ကိုယ့်မြို့ ဂုဏ်တက်မယ့်ကိစ္စ ဝမ်းသာမှာပေါ့ ဝန်ထောက်မင်းကြီးရဲ့၊ တကယ်တော့ လည်း ဂုဏ်ယူစရာပါပဲ”
ဦးအောင်ဘက အိမ်ကြီးမျှော်ကြည့်ကာ ပြန်ပြော၏။ သူတို့ကြည့်နေ သော အိမ်ကြီးမှာ ရှေးကျလှသော အိမ်အို၂ထပ်အိမ်ကြီးဖြစ်ကာ ရေနံသား ကျလွန်း၍ ညိုမှောင်နေပေသည်။
စတီးဘရားသားသို့ ပဲများသွင်းသော ပွဲစားကြီးဦးစံသည် သူတို့ အနားသို့ ရောက်လာ၏။ “ဟော ဦးအောင်ဘတို့ မဟာသာကီအိမ်ကြီး အကြောင်း ဆွေးနွေးနေတယ်ထင်တယ်။ ကျွန်တော်လည်း ဈေးဘက်ပိုင်းက ဒီသတင်းကြားလာခဲ့တယ်”
“ဟုတ်ပါ့ဗျာ...”
“လက်ဖက်ရည်ဆိုင်မှာ လူငယ်တွေ ဒါပဲပြောနေကြတယ်၊ ဒါနဲ့ ကိုဥက္ကာက ဘယ်တော့လောက်ရောက်မှာလဲ ဦးအောင်ဘ”
ဦးအောင်ဘမှာ မြို့ခံရှေးလူကြီးဖြစ်၍ ကံ့ကော်ကုန်းရာဇဝင်ကို အစုံ သိသူဖြစ်သည်။ ဝန်ထောက်ကြီးမှာမူ ကိုဥက္ကာကို ကြားသာကြားဖူးသည် မမြင်ဖူးပေ။
“အသေအချာတော့ မပြောတတ်သေးဘူး၊ ကျွန်တော်လည်း သတင်း ကြားတာပဲ ကိုစံ”
“နေပါဦး ဒီသတင်းက အဟုတ်ပဲလား၊ ဘယ်က စကြားာလဲ...”
ဦးစံက ဦးအောင်ဘကို ထပ်မေးလိုက်၏။
“စတဲ့လူတော့မသိဘူး၊ ကျုပ်ပထမဆုံး သိတာကတော့ မနေ့က ဘုန်းတော်ကြီးဆီ သီလသွားယူရင်း ဘုန်းတော်ကြီးက ပြောလိုက်တာပဲ မောင်ဥက္ကာ လန်ဒန်က ပြန်လာမယ်၊ မဟာသာကီအိမ်ကြီးကိုလည်း မောင်ဥက္ကာ မွေးဖွားရာအိမ်မို့လို့ ပြတိုက်လုပ်မယ် ပြောတာပဲ”
ဦးစံက ခေါင်းညိတ်လိုက်၏။ ဝန်ထောက်ကြီးကလည်း ဆေးတံကြီး ကိုဖွာကာ အိမ်ကြီးကို ငေးစိုက်ကြည့်၏။ အိမ်ကြီးသည် ကျယ်ပြန့်သော ခြံကြီးအလယ်တွင် အဖွားအိုတစ်ယောက်လို ငြိမ်သက်စွာ သူတို့ကို ပြန် ကြည့်ဟန်ရှိပေသည်။
“ဂုဏ်ယူထိုက်ပါတယ်ဗျာ” ဟု ဝန်ထောက်ကြီးက ထပ်မံဆို၏။
“ကိုဥက္ကာဟာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာကျော်စာရေး ဆရာကြီး ဖြစ်လာတယ်ဆိုတော့ ကံ့ကော်ကုန်းမြို့အနေနဲ့ အင်မတန်ကို ဂုဏ်ယူထိုက်ပါတယ်၊ တကယ်တော့ မြို့ငယ်ကလေးမို့လား..”
“ဟုတ်ပါတယ် ဝန်ထောက်ကြီးရယ်၊ ဒီမဟာသာကီအိမ်မှာ မွေးဖွား လာတဲ့လူတွေကလည်း ခပ်ဆန်းဆန်းတွေပါပဲ၊ ဒီအိမ်ကို တကယ်ပိုင်တဲ့ ဒေါ်မမက ကျွန်တော်နဲ့အတူ စတီးဘရားသားနဲ့ ဆက်သွယ်ပြီး ပဲတွေလှောင်ခဲ့တာပေါ့၊ ဒေါ်မမတို့ ဘေးဘိုးစဉ်ဆက်တွေကတော့ ဟောဒီ ဦးအောင်ဘတို့နဲ့ ပေါင်းဟောင်းသင်းဟောင်းတွေပဲ”
ဝန်ထောက်ကြီးမှာ စိတ်ဝင်စားစရာ ဝတ္ထုကောင်းတစ်ပုဒ်ကို စဖတ် လိုက်ရသော အရသာမျိုး ခံစားလိုက်ရ၏။ ။
“ကျွန်တော်ဈေးဘက်ကို သွားစရာကလေးရှိသေးလို့ သွားလိုက် ဦးမယ်”
ဦးစံက နှုတ်ဆက်ကာ ထွက်သွား၏။ ဝန်ထောက်ကြီးနှင့် ဦးအောင်ဘ နှစ်ယောက်သာ ကျန်ရစ်ခဲ့ပေသည်။ လမ်းမကြီးအလယ်ကောင်တွင် နှစ်ယောက် ရှည်ကြာစွာ ရပ်နေခြင်းသည် အဓိပ္ပာယ်မရှိလှပေ။ သို့သော် ဝန်ထောက်ကြီးက မဟာသာကီအိမ်ကြီးတွင် စာရေးဆရာကြီး ဦးဥက္ကာတို့လူစု ကြီးပြင်းလာ ကြပုံ၊ ယခုဆွေစဉ်မျိုးဆက်များ ဘယ်လိုရှိကြပုံကို သိလိုလှပေသည်။
ကံ့ကော်ကုန်းသို့ သတင်းစာမှာ အရောက်နောက်ကျလှ၏။ ထင်ရှားသော ပုဂ္ဂိုလ်များသတင်းသည် သတင်းစာထဲဖတ်ရသည်ထက် နီးစပ်ရာ ဇာတိ ဌာနေတွင် စုံစမ်းရခြင်းက တကယ့်သဘာဝဝတ္ထုကို ပို၍သိနိုင်ပေသည်။
“အေးဗျာ.... မောင်ဥက္ကာရောက်လာရင် ကျွန်တော်က မြူနီစီပယ် ဥက္ကဋ္ဌအနေနှင့် လက်ဖက်ရည်ပွဲဖြစ်ဖြစ်၊ ညစာစားပွဲဖြစ်ဖြစ် ကျွေးမွေးရဦးမှာပဲ”
“လုပ်သင့်ပါသော်ကော ဦးအောင်ဘရယ်၊ ကျွန်တော်တို့လည်း ကူညီ မယ်။ ကျွန်တော်တို့မြန်မာကတော့ ကိုယ့်တိုင်းပြည်မှာ ထူးချွန်ပေမဲ့ ဒီလူ တစ်ယောက်ရဲ့ တန်ဖိုးကို တယ်မသိကြဘူး။ နိုင်ငံခြားက “တော်လှချည်ရဲ့” လို့ဆိုလိုက်တော့မှ ဟာ... တို့တိုင်းပြည်မှာ လူတော်လူကောင်းတွေ တကယ်ရှိပါလားလို့ ဂရုစိုက်တတ်ကြတဲ့ လူစားမျိုးဗျ။ ကျွန်တော်ရှင်းရှင်း ဖွင့်ဝန်ခံရရင် ဦးဥက္ကာရေးတဲ့ မြန်မာဝတ္ထုတွေကို စစ်ကြီးမဖြစ်မီက မဖတ်မိ ဘူး၊ အခု လန်ဒန်ကနေထုတ်တဲ့ အင်္ဂလိပ်လိုရေးတဲ့ “အာလူးကောက်သူ” ဆိုတဲ့ဝတ္ထုကျမှ ဖတ်မိတော့တယ်။ ဒီလူ ဒီအညာမှာ အတော်နေသွားသေးလား”
“နေတာပေါ့ သူတို့မှာ အရင်က ပဲသီးခင်းရော၊ အာလူးသီးခင်းရော၊ ဝါခင်းရောရှိတယ်ဗျ။ စစ်ပြီးမှ မြန်မာပြည်က ထွက်သွားတာကလား။
ဟော... ပြောရင်းဆိုရင်း ကိုတာတေ ဘယ်ကပြန်လာတာလဲ။ မျက်နှာ လည်း ရွှင်လို့ ပြုံးလို့ ”
ဦးအောင်ဘက လူတစ်ယောက်ကို လှမ်း၍ နှုတ်ဆက်လိုက်၏။ ထို သူမှာ အသက်ငါးဆယ်နီးပါးခန့်ရှိသော်လည်း အတော်ပင် သန်သန်စွမ်းစွမ်း နှင့် အားခွန်ဗလကောင်း၏။ နေလောင်ထားသော မျက်နှာကြီးသည် ရင့် ရော်နေသော်လည်း သူ့မျက်လုံးများသည် တောက်ပကြည်လင်နေပေသည်။ မြင့်မားသောအရပ်ကြီးနှင့်လိုက်အောင် သူ့ ရယ်သံကြီးကလည်း ဝေဝေ ဆာဆာ ရှိလှ၏။
“ရွှင်ဆို နှစ်ပေါင်းများစွာ ကွေကွင်းနေတဲ့ ကိုယ့်အရှင်သခင် ဆွေစဉ် မျိုးဆက်တွေ ပြန်တွေ့ရမှာဆိုတော့ ဝမ်းသာတာပေါ့ ဦးအောင်ဘရယ်။ ဘယ့်နှယ်ပြောပါလိမ့်”
ကိုတာတေက တကယ်ပင်ပြုံးချိုသော မျက်နှာကြီးနှင့် ပြန်ပြော၏။ ဝန်ထောက်ကြီးပင် ကိုတာတေကို အတော်သဘောကျသွားပေသည်။ သူ့မျက်နှာကြီးသည် အကျည်းတန်သလောက် ချစ်ဖွယ်ကောင်းပေသည် တကား”