ခင်နှင်းယု - မစန္ဒာ
(၁)
“အဖ ဦးကျား၊ အမိ ဒေါ်ဟေမာရံသီ၊ သမီး မစန္ဒာ ကောင်းမှု”
“အဲဒီအဝင်ဝမှာရှိတဲ့ ကျောက်ပြားမှာစာလုံးထွင်းပါဗျာ၊ တော်လောက် ပြီ ထင်တယ် ဆရာလေး”
ဆရာလေး ဒေါ်ဉာဏစာရီသည် ဖြည်းညင်းစွာ ခေါင်းညိတ်ပြရင်း..
“မောင်ဝင်းဖေ၊ သူက သိပ်ခမ်းခမ်းနားနားကြိုက်တဲ့ မိန်းကလေးမှ မဟုတ်ဘဲ၊ အခုလို ကမ္ပည်းထိုးတာတောင် သူ့မှာ အဓိပ္ပာယ်တစ်ခုခုရှိမှာ ကွယ့်၊ ကဲသွားကြဦးစို့လား”
ဆရာလေးသည် ကြာရှည်စွာ ဆက်လက်နေလိုစိတ်မရှိသလို ဖြစ် နေသည်။ သူ့ဘေးတွင်ထိုင်နေသော ဒေါ်ရွှေသွယ်ကို လှမ်းခေါ်လိုက်ပြန် သည်။
“ကဲ မရွှေသွယ်.. အင်ဂျင်နီယာတွေ တာဝန်ပဲ ရှိပါတော့တယ်၊ ဆရာလေးတို့ ပြန်ကြစို့”
ဦးဝင်းဖေလည်း အင်ဂျင်နီယာများကို မှာတန်သရွေ့ မှာ၍ နေရာ မှ ထလိုက်သည်။ သူတို့သုံးဦးသည် သရက်ပင်ဆိပ်အထက်နားမှ စစ်ကိုင်းချောင်လမ်းကို စ၍တက်လာကြသည်။ သုံးယောက်လုံးသည် အတွေး ကိုယ်စီနှင့် ဖြည်းညင်းစွာ လျှောက်လာကြပေမဲ့ သူတို့သုံးဦးလုံး၏ အတွေးမှာ တစ်ယောက်တည်းသော မစန္ဒာကိုသာ တွေးနေကြခြင်း ဖြစ်သည်။
ဂျပန်ခေတ်က ပျက်စီးသွားသော စစ်ကိုင်းတောင်ရိုးကို ရေပေးနေ သောစက်ကို ပြန်လည်ပြင်ဆင်ရန် မစန္ဒာကသူတို့သုံးဦးအား တာဝန်လွှဲခဲ့ သည်။ ငွေကြေးလည်း အလုံအလောက် ပေးခဲ့လေသည်။ ။
သုံးဦး လျှောက်လာကြပေမဲ့ စကားပြော၍ မရကြ။ တစ်ခါတစ်ရံ မြေမှုန့်များပေါ် လျှောက်လာကြသည်။ တစ်ခါတစ်ရံ အင်္ဂတေလှေကား ထစ်များကို ဖြတ်သန်းကြသည်။ ဘေးနှစ်ဖက်ရှိ ကျောင်းသင်္ခမ်းများနှင့် ဇရပ်ဆောင်များ၊ ဂူလိုဏ်များကိုပင် သူတို့သုံးဦးသည် သတိမရပေ။
ဆရာလေးအဖို့ သူဖြစ်စေချင်လှသော ရေဝက်ကို ပြုပြင်ပေးနိုင် သည့်အတွက် မစန္ဒာအား ကျေးဇူးတင်မိသည်နှင့်အမျှ မစန္ဒာထွက်ခွာသွား သည့်အဖြစ်ကို ရင်ထဲတွင် ဆွေးနေလေသည်။ မစန္ဒာသည် ဗမာပြည် မြေပြင်မှ ရိုးသားစွာ ထွက်ခွာသွားခြင်းမဟုတ်၍ သူ့သမီး မစန္ဒာအတွက် စိတ်ချမ်းသာမည် မဟုတ်ပေ။
ဒေါ်ရွှေသွယ်ကမူ ပြင်းထန်စွာတုန်လှုပ်နေသည်။ အေးချမ်းငြိမ်သက် သော စစ်ကိုင်းချောင်မှ မစန္ဒာကို ခေါ်ထုတ်သွားသည်မှာသူ တရားခံဖြစ် သည်။ သူသာ မခေါ်ခဲ့လျှင် မစန္ဒာသည် ဒေါ်ဉာဏစာရီနှင့်အတူ ကျောင်း သင်္ခမ်းတွင်ပင် အေးချမ်းစွာ လောကကို အဆုံးသတ်ကြမည် မဟုတ်ပါ လား။ ယခုတော့...
ရှုပ်ပွေသောလောကကြီးနှင့် အေးချမ်းသောကျောင်းသင်္ခမ်းကို ပေါင်းကူးတံတားသဖွယ် လုပ်ပေးမိသောဒေါ်ရွှေသွယ်သည် ပြင်းထန်စွာ တုန်လှုပ်၍ နောင်တတရား ရနေတော့သည်။//
ဦးဝင်းဖေအတွက်မူ အားလုံးဆိတ်သုဉ်း၍ သွေ့ခြောက်နေသလိုလမ်း လျှောက်နေစဉ်တွင်ပင် ဟက်ဟက်ပက်ပက် မရှိလှပေ။
“အင်မတန် ခေါင်းမာတဲ့ မိန်းကလေး၊ ဘဝကို ဆိုင်းဘုတ်တစ်ခုနဲ့ လဲတဲ့ မိန်းကလေးပဲ”
သူ့ဝမ်းထဲတွင် ဒါကိုပဲ ရေရွတ်မိသည်။ “စိတ်မကောင်းမဖြစ်ကြနဲ့ကွယ်၊ ကံ ကံ၏အကြောင်းတရားတွေပဲ၊ ဘယ်သူက ဖန်တီးနိုင်မှာလိုက်လို့”
သူတို့သုံးဦး၏ တိတ်ဆိတ်စွာလမ်းလျှောက်လာခြင်းကို ဆရာလေးက လှုပ်ရှားပစ်လိုက်သည်။ မှန်သည်၊ ကံ ကံ၏ အကြောင်းတရားပေပဲ။ ဆရာလေးက သီလရှင် တရားရှင်ပေကိုး။ ဘာပဲဖြစ်ဖြစ် တည်ငြိမ်စွာနှင့် ဒုက္ခ၊ သုခများကို ရင်ဆိုင်နိုင်ပေမည်။
တဖြည်းဖြည်းနှင့် လွမ်းစေတီနားသို့ ရောက်လာကြသည်။ လွမ်း စေတီကွေ့ဘက်သို့ မကွေ့ခင် ညာဘက်ရှိ ဇရပ်ဆောင်သို့ ဆရာလေးက ချိုးဝင်လိုက်သည်။
ဒေါ်ရွှေသွယ်နှင့် ဦးဝင်းဖေလည်း လိုက်ပါလာရင်း ဇရပ်ရှေ့ခန်းရှိ ကွပ်ပျစ်တွင် ထိုင်လိုက်ကြသည်။
ဆရာလေး ဒေါ်ဉာဏစာရီ၏ ဇရပ်။ မစန္ဒာယခင်ကနေခဲ့သောဇရပ်။ သူတို့နှစ်ယောက်သည် မစန္ဒာကလေးအား ဤကျောင်းသင်္ခမ်းမှ လောက ပြင်သို့ ထုတ်ခေါ်ခဲ့ကြလေသည်။ ။
အတိတ်၏ဇာတ်ကွက်များသည် ဇရပ်တစ်ခုလုံး၏ အခန်းထောင့် ချိုးများမှာ တစ်ခုပြီးတစ်ခု ထွက်လာကြသည်ဟု ထင်သည်။ မစန္ဒာ၏ခြေရာ၊ လက်ရာများ၊ နေခဲ့ထိုင်ခဲ့ပုံများသည် ဇရပ်တစ်ခုလုံးတွင် ကြွင်းကျန် ရစ်သလို ဖြစ်နေသည်။
ဒေါ်ရွှေသွယ်က မျက်လုံးကို စုံမှိတ်ထားသည်။
ဦးဝင်းဖေကမူ ဇရပ်ခေါင်းရင်းမှ မန်ကျည်းပင်ကိုပဲ စူးစိုက်ကြည့်နေ သည်။ သူ့မျက်လုံးထဲတွင် မန်ကျည်းရွက်တွေကို ဆုပ်ကြဲလွတ်ပစ်၍ အမြဲ ရယ်ရွှင် ကစားနေသော မစန္နာငယ်ရုပ်မှာယခုပဲ သူ့ရင်ခွင်ထဲကို ပြေးဝင် လာမည်လို့ စိတ်ထဲတွင် ထင်မြင်လာသည်။
အားလုံးထဲတွင် အတည်ငြိမ်ဆုံးက ဆရာလေးဒေါ်ဉာဏစာရီဖြစ် သည်။ မတုန်လှုပ်ဘူးဟူ၍တော့ မဆိုနိုင်။ ဒါပေမဲ့ ဆရာလေးသည် သူတို့ လိုတော့ ဣန္ဒြေပျက်လောက်အောင် မဖြစ်။ တည်ငြိမ်စွာပင် နေလို့ရလေ သည်။
“ဒွေးလေးသွယ်.. ကျွန်တော်တို့ ပြန်ကြဦးစို့” ဦးဝင်းဖေသည် ဒေါ်ရွှေသွယ်ကို လှမ်း၍ပြောလိုက်သည်။
“မဖြစ်ဘူးမောင်ဝင်းဖေ၊ မနက်စာအတွက် ဆရာလေး စီစဉ်ထား တယ်၊ မွန်းတိန်းမှ ပြန်ကြ”
ဆရာလေးသည် လှမ်း၍ ပြောလိုက်သည်။
ဦးဝင်းဖေသည် တစ်ချက်မျှခေါင်းညိတ်၍ ဇရပ်ပြင်ဘက်သို့ ထွက် လာသည်။ သူ့ ခြေထောက်များသည် လွမ်းစေတီဘက်သွားရာ ကွေ့သို့ ရွေ့လျားနေတော့သည်။
စေတီရင်ပြင်သည် တိတ်ဆိတ်နေသည်။ ဆည်းလည်းသံက ညင် သာစွာ မြည်နေသည်။ ဖြည်းညင်းစွာ တိုက်ခတ်လာသော လေထဲတွင် တရုတ်စံကားပန်းနံ့များ သင်း၍နေကြလေသည်။
ယခင်ကဆိုလျှင် ရင်ပြင်ပေါ်တွင် မစန္ဒာသည် အမှိုက်သရိုက်များကို ရှင်းလင်း၍ ဘုရားရှိခိုး အရှည်ကြီးကို ရွတ်ဆိုနေတတ်သည်။
ကိုဝင်းဖေသည် ပရိဝုဏ်ပြင်ဘက်မှကျလာသော ညောင်ရွက်ခြောက် များကို ကောက်၍ ယူပစ်ရင်း ချစ်လှစွာသော မစန္ဒာအတွက် မျက်ရည်ပင် စို့လာသည်။
ယခုတော့ ကံ-ကံ၏အကြောင်းတရားဆိုသည်ကို ကိုဝင်းဖေသည် ယုံကြည်၍ လာခဲ့ပါသည်။