Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ဖေဖေ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ကဗျာဆရာကြီး

          ရှေ့သီတင်းကျွတ်လဆန်း ၂ ရက်နေ့သို့ ရောက်ပြီဆိုလျှင် ဖေဖေ သည် အသက် ၈ဝ ပြည့်ပေတော့မည်။

          ကျွန်မနှင့် အတူနေခဲ့သော နှစ်အနေဖြင့်ကိုက နှစ်ပေါင်း ၄၂ နှစ် ရှိပေပြီ။

          ကျွန်မ ငါးနှစ်သမီးအရောက် လူမှန်းသိတတ်စပြုသောအခါ ဖေဖေမှာ နားမကြားတော့ပြီ။ သာမန်လူတို့ဖြစ်သကဲ့သို့ နားလေးရုံ လေးနေခြင်းမဟုတ်ပါ။ လုံးဝမကြားခြင်းဖြစ်၍ သူစိမ်းတို့အဖို့ ဖေဖေ့ ကို စကားပြောရသည်မှာ အလွန်ဝန်လေးရှာကြမည်သာ ဖြစ်ပါ၏။ ရှည်လျားသော စကားများအတွက် စက္ကူပေါ် စာရေး၍ပြခြင်းမှာ ဖေဖေ နှင့် စကားပြောရ အလွယ်ကူဆုံး သင်္ကေတတစ်ခုပင် ဖြစ်ပါသည်။

          အိမ်သားများနှင့် သားသမီးများအတွက် တော်ရုံတန်ရုံစကားမှာ လက်ဟန်ခြေဟန်နှင့် ပါးစပ်လှုပ်တာကိုကြည့်၍ နားလည်ကြသော နည်းလမ်းကိုသာ အသုံးပြုလိုက်ကြပေသည်။

          လွန်ခဲ့သော ၄၂ နှစ်ကျော် ညတစ်ညတွင် ဖေဖေသည် အိပ်ရာ ဝင်အိပ်သွားပြီး နောက်တစ်နေ့နံနက် မိုးလင်းချိန်တွင် လုံးဝနားမကြား တော့ခြင်းဖြစ်သည်ဟူ၍လောက်သာ ကျွန်မ သိပါသည်။

          နားမကြားသည်မှတစ်ပါး ဖေဖေသည် ဝဖြိုး၏၊ အသားဖြူ၏၊ ကျန်းမာတောင့်တင်း၏။ သူ့တွင် ကျောက်ပေါက်မာရာများရှိ၍ သူ့ အစ်ကို (ကျွန်မ၏) ဘဘတို့လို အသားဆွတ်ဆွတ်ဖြူ၍နေသည်မှာ မထင်ရှားပေ။ သို့သော် ဖေဖေတို့ အမျိုးများသည် အသားဖြူကြ၏။

          ကျွန်မ ခပ်ရွယ်ရွယ်သို့ ရောက်ပြန်တော့ ဖေဖေသည် လေငန်း ရောဂါပါ ယှဉ်လာပြီး စကားပြောလျှင် မပီမသနှင့် လေး၍လာသည်။ လမ်းလျှောက်လျှင်လည်း ခြေဖျား အနည်းငယ်ဆွဲနေပုံရ၏။

          သို့သော် သူသည် မနက်စောစောတစ်ခါ၊ ညနေထမင်းစားပြီး တစ်ခါ ဝါးခယ်မမြို့ကို တစ်ပတ် ပတ်မိအောင်တော့ လျှောက်ရမှ အိပ် ပျော် စားဝင်ပုံရပါ၏။

          ကျွန်မတို့မိသားစုမှ ကျွန်မသည် ဝါးခယ်မမှ ရန်ကုန်သို့ ပထမ ခွဲထွက်လာခဲ့၏။ ကရင်သောင်းကျန်းသူများ သောင်းကျန်းစတွင် မေမေ နှင့် မမသည် ရန်ကုန်သို့ ခေတ္တလာရင်း နယ်အခြေအနေမှာ တဖြည်း ဖြည်း ဆိုးဝါးလာတော့ရာ နောက်ပိုင်းတွင် ရန်ကုန်နှင့် ဝါးခယ်မ အဆက် အသွယ် လုံးဝပြတ်သွားပြီး ရန်ကုန်တွင်ပင် သောင်တင်နေကြပါတော့သည်။

          ညီမလေး နုနုမှာ မြို့မကျောင်းတွင် ကျောင်းတက်နေရသောအခြေ သို့ ရောက်ရပြီး ညီမအလတ်ဖြစ်သူ အကြွယ်မှာမူ ရန်ကုန်တွင်ပင် အိမ်ထောင်ကျ၍နေပေပြီ။

          ဝါးခယ်မ အိမ်အိုကြီးတွင် ဖေဖေသည် ဇနီးနှင့် သားသမီးများနှင့် အတူမနေရသော်လည်း ဆွေမျိုးသားချင်းများနှင့် ကျန်ရစ်ခဲ့ပါ၏။ တခြားဆွေမျိုးများရှိသော်လည်း ကျွန်မတို့မိသားစုအနေနှင့်ဆိုလျှင် ဖေဖေ “တစ်ယောက်ထီး” ကျန်ရစ်ခဲ့သည်ဟု ဆိုရပေမည်။

          ဝါးခယ်မနှင့် ရန်ကုန်မှာ လေကြောင်းအဆက်အသွယ်တစ်ခု တည်းသာရှိတော့သည်။ တစ်ခုတည်းဆိုသော်လည်း တိုက်ရိုက်မဟုတ် ပါ။ ဝါးခယ်မမှ ပုသိမ်ကို လာရသည်။ ပုသိမ်မှ လေယာဉ်ပျံနှင့် ရန်ကုန် ကို လာရသည်။

          ဖေဖေ့တွင် တစ်ခါတစ်ခါ စိတ်ဖောက်ပြန်တတ်သော ရောဂါ ရှိ သော်လည်း စာရေးဆရာဖြစ်မည့်သူ၏ ဖခင်ဖြစ်၍လားမသိ၊ ဖေဖေ သည် တစ်ခါတစ်ရံ လွမ်းဆွတ်ကြေကွဲဖွယ် စာကို ရေးတတ်သေး၏။ သမီးယုရေ..... ။

          ဧရာဝတီသင်္ဘောကြီးတွေ ဆိုက်ချိန်ရောက်ရင်လေ ဖေဖေ သင်္ဘောဆိပ်ကို ဆင်းသွားတယ်။ သင်္ဘောကြီးတွေကလည်း မလာ။ သမီးတို့၊ မေမေတို့ကိုလည်း မမြင်ရတော့ ဖေဖေ မြစ်ကမ်း ပါးမှာ ငိုမိတယ်။

          ကျွန်မသည် ဤစာပိုဒ်ကို ဖတ်လိုက်ရကတည်းက မျက်ရည်ကျမိ ၏။ မေမေနှင့် မမတို့ကလည်း ခေတ္တခဏ ရန်ကုန်လာရင်း သင်္ဘော လမ်း ရုတ်တရက်ပိတ်သွားသောကြောင့် အစောပိုင်းက အစီရင်ခံခဲ့ပြီး အတိုင်း ဝါးခယ်မကို မပြန်နိုင်ကြတော့ပါ။ အမှန်တော့ ခေတ်ပျက်လိုက် ရသည်မှာ ခဏလောက်သာ ဖြစ်ပြီး နောင်တွင် မူလအတိုင်း ပြန်ဖြစ် မည်ဟုသာ သဘောပေါက်ခဲ့ကြပါသည်။ သို့ဖြင့် တစ်နေ့ပြန်မည်။ တစ်နေ့ပြန်မည်နှင့် စောင့်နေသည့်အထဲမှ သောင်းကျန်းမှုအခြေအနေ မှာ စောစောက ကျွန်မတို့ သဘောပေါက်နေကြသကဲ့သို့မဟုတ်ဘဲ ပိုမို အခြေအနေဆိုးဝါးလာသောကြောင့် ရန်ကုန်တွင် မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေကြရပါတော့သည်။

          ကျွန်မက ဖေဖေ့ထံမှစာကို မေမေ့အား ပြသောအခါ မေမေလည်း မျက်နှာမကောင်းရှာပါ။ ဖေဖေသည် မေမေ့ကို တစ်ခါတစ်ရံသာ “တင်တင်” ဟူ၍ မေမေ၏ မူရင်းအမည်ဖြစ်သော ဒေါ်သိန်းတင်အမည် ကို အဖျားဆွတ်ခေါ်တတ်သော်လည်း များသောအားဖြင့် သားတွေ၊ သမီးတွေနှင့်ရောပြီး “မေမေ”ဟူ၍သာ အခေါ်များသည်။ မေမေသည် တစ်ရပ်တစ်ကျေးသို့ အလည်အပတ်သွားရာမှ မူလခန့်မှန်းထားသည် ထက် ရက်များကြန့်ကြာနေပါလျှင် သင်္ဘောဆိပ်သို့ နေ့တိုင်းလိုလိုဆင်း ပြီး စောင့်တတ်သည်။ မေမေ ပြန်လာသောအခါများဆိုပါလျှင် ဝါးခယ်မ ဘုရားကြီးလမ်းထိပ် (ကမ်းနားလမ်းနှင့်ဆုံရာ) နေရာလောက်မှစ၍ “တို့မေမေ ပြန်လာပြီ၊ တို့မေမေ ပြန်လာပြီ” ဟူ၍ လက်နှစ်ဖက်ကိုမြှောက် ရင်း လက်ခုပ်တီးပြီး ဝမ်းသာအားရ အော်သွားသည်ကို ကိုက် ၁ဝဝဝ လောက်ဝေးသော ကျွန်မတို့အိမ်က အတိုင်းသား ကြားနေရပေသည်။

          ရန်ကုန်တွင် ဖော်ပြထားသည့်အတိုင်း သားတွေ၊ သမီးတွေနှင့် မေမေသည် သောင်တင်နေဆဲ ရက်ပိုင်းအတွင်း ဖေဖေတစ်ယောက် တည်း သင်္ဘောဆိပ်သို့ အိမ်မှ ဘုရားကြီးလမ်းတစ်လျှောက် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေမည်ကိုမြင်ယောင်သောအခါ ရင်နှင့်ရပြန်ပါသည်။

          “ဘာပဲဖြစ်ဖြစ်ပေါ့ မေမေရာ၊ ရန်ကုန်မှာပဲ ရတဲ့အိမ်ငှားပြီး နေကြ ပါစို့၊ ဖေဖေ့ကိုလည်း လေယာဉ်ပျံနဲ့လိုက်လာဖို့ အခေါ်လွှတ်လိုက်မယ်လေ”

          ကျွန်မ၏စိတ်ကူးကို မေမေ့အား ပြောပြမိပါ၏။

          “အေးပေါ့... ဒါပေမင့် ရန်ကုန်ကလူတွေက သမီးဖေဖေ့ အကြောင်း ဓာတ်မသိကြတော့ သမီးဖေဖေအတွက် အိမ်နီးချင်းတွေကို မေမေက အားနာလှတယ်” ။

          “နောက်တော့ ကြည့်လုပ်ရတာပေါ့ မေမေရာ”

          သဘောတူကြပြီးသည့်နောက်တွင် ကျွန်မသည် အခေါ်လွှတ်ဖို့၊ လေယာဉ်ပျံနေရာရဖို့ စသည်များကို စီစဉ်ရ၏။ သွားခေါ်ပေးသူမှာ ဝါးခယ်မသား စစ်ရဲတပ်ရင်းမှ ရဲဘော်လေးတစ်ဦးဖြစ်သော တစ်ကျောင်း တည်းထွက်ဖြစ်သည့် မောင်ကြင်အောင် ဖြစ်ပါ၏။

          ထိုစဉ်က လေယာဉ်ပျံ အသွားအလာမှာလည်း လွယ်ကူသည် မဟုတ်ပေ။ သို့သော် မောင်ကြင်အောင်သည် ဖေဖေ့ကို ချောမောစွာပင် ရန်ကုန်ကိုရောက်အောင် ခေါ်လာနိုင်ခဲ့၏။ ရန်ကုန်လေဆိပ်သို့အရောက် တွင်မူ အဘ၏ ထူးခြားချက်ကလေးများနှင့်ပတ်သက်၍ ဦးနှောက် ခြောက်ခဲ့ရသော အဖြစ်အပျက်ကလေးများကို ဟာသနှောပြီး ပြောပြပါ တော့၏။

          “အဘဖြစ်ပုံကတော့ မပြောချင်တော့ပါဘူး မမယုရယ်။ ကျောက် ရေစစ် ငရုတ်ဆုံကြီးမပါရင် မလိုက်ဘူးဆိုလို့ ဦးနှောက်ကို ခြောက်သွား တာပဲ။ လေယာဉ်ပျံကလည်း နောက်ဆုံးအကြိမ်ပြန်မယ့်လေယာဉ်၊ အချိန်ကလည်း ကပ်နေပြီ၊ နေရာကလည်း မပေးနိုင်၊ နေရာမပေးနိုင်ရင် လည်း မလိုက်ဘူးလို့ဆိုနေ၊ စဉ်းစားကြည့်ပေတော့။ နောက်ဆုံးတော့ စွန့်ပြီး အတင်းတင်ရတဲ့ဘဝ ရောက်တာပဲ”

          ကျွန်မကတော့ မောင်ကြင်အောင် ညွှန်ပြသော ပစ္စည်းများကို ကြည့်ရင်း ပြုံးရယ်မိပါသည်။