ခင်နှင်းယု - ပန်းခင်းမှလွမ်းချင်းတေးသံ
မောင်ဆွေတင် ရန်ကုန်ကို ရောက်စက ဒဏ္ဍာရီအမျိုးမျိုးကို ကြားခဲ့ရ၏။ သူ့အဖို့တော့ ဒဏ္ဍာရီပုံလောက် သဘောထားမျိုးသဖွယ် စိတ်ထဲတွင် ထားရှိနိုင်အောင် အခြေအနေက ပေးသည်ဆိုလျှင် မမှားပေ။
အမေ၊ အဖေက ချမ်းသာလွန်း၍ မဟုတ်။ ဆွေစုမျိုးစုတွင် အဆင်းရဲဆုံးဟူသော ခံယူချက်က သူ့ဘဝအစကို ကံကောင်းခြင်း တံခါးမှ ဝင်ခွင့်ပေးလိုက်၏။
အဖေကတော့ သိပ်ပြီး မကျေနပ်လှပေ။ သားကြီးသြရသ ဆိုသည်မှာ မောင်နှမသားချင်းတို့တွင် ရှေ့ဆောင်နည်းယူစရာအရည် အချင်းတို့နှင့် ပြည့်ဝစေချင်သည်။ သူ့သားသည် ထိုအရည်အချင်းတို့ နှင့် မပြည့်ဝဟူ၍ သိ၏။ လုံးလုံးမရှိတော့ မဟုတ်ပါပေ။
ဖခင်တစ်ယောက်အနေနှင့် ဘမျိုးဘိုးတူချိုနဲ့ဟူသော စကား လုံးများက မွေးသောသားသမီးများထဲတွင် သားများ ထူးထူးချွန်ချွန် မရှိလျှင် ဖြစ်စေ၊ အကျင့်စာရိတ္တမကောင်းလျှင်ဖြစ်စေ အဖေကိုအခိုက် ခံရသည်။ သူ့သားကြီးသည် လိုအပ်သော အရည်အချင်းနှင့်မပြည့်ဝလျှင် သူ့ခေါင်းပေါ် ပုံကျလာမည်ကို သူသိသည်။
“သမီးမကောင်းလာလျှင်လည်း နွားငယ်လှ၊ မလှ နွားမ ကြည့်” ဟူသော စကားလုံးက မိခင်ကိုခိုက်၍ ပြောတတ်၏။
အော် တကယ်ဆိုတော့ မိဘဆိုသော လူတန်းစားသည် ဘယ်ဘက်ကမျှ မသက်သာသော လူတန်းစားတစ်ရပ်ပင် မဟုတ်ပါလား။
အရွယ်ရောက်အောင် ကျွေးမွေးရဦးမည်။ သူတို့ကို ပညာ ပေးရဦးမည်။ ပညာပေးပြီး၍ မဆုံးသေး၊ ကြင်ရာ ရှာပေးရဦးမည်။ ဆင်းရဲလျှင် တော်သေးသည်။ ချမ်းသာသော မိဘဆိုလျှင် အမွေခွဲဝေ မပေးပါက မိဘအပြစ်။ သူတို့၏ ဘဝခိုင်လုံမှုအတွက် အမွေအတုံး လိုက်၊ အတစ်လိုက် အသပြာ စုပုံမပေးနိုင်တောင် အသက်မွေးမှုတစ် ခုခုအတွက် အရင်းအနှီးတစ်ခုခုကိုတော့ မြှုပ်နှံပေးပါ။ ဤဘဝဆိုသော လူတန်းစားတစ်ရပ်သည် အပြစ်ကင်း၏။
ဘဝကုသိုလ်ကံ ဉာဉ်ဆိုးတစ်ခုခုကြောင့် သားသမီးတစ် ယောက်ယောက် အကျင့်ဖောက်လာပါလျှင်လည်း
“မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်”ဟူသော ဝတ္တရား နှင့် မညီခဲ့၍ဟူသော ပုဒ်မဖြင့် မိဘတို့အား စွပ်စွဲပေဦးမည်။ စွဲချက် တင်ပေဦးမည်။
ဘယ်လိုပင် ဖြစ်စေ၊ ကိုမြဇော်ကတော့ သူ့ဝတ္တရားရှိသမျှ အစွမ်းကုန်လုပ်ပေးလိုက်သည်ဆိုလျှင် မမှားပါပေ။
သူတို့နေထိုင်ရာ ကျောက်ဆည်မြို့ကလေး၏ အထက်တန်း ကျောင်းတွင် သူတို့၏ သားဦးဖြစ်သူ မောင်ဆွေတင်ကို အတန်းကုန် အောင် ထားပေး၏။ ဆွေတင်က(ဘီကွမ်း)ဘီနှင့် နှစ်ထပ်ကွမ်းကျ သောကြောင့် ၁၀ တန်းကို မအောင်၊ တက္ကသိုလ်ကို မသွားရပေ။
ကိုမြဇော်သည် သူတို့မြို့ ကားဆိပ်အနားတွင် လက်ဖက် ရည်ဆိုင်ဖွင့်၍ ဇနီးသည်က လက်သုပ်ဆိုင်ဖွင့်သည်။ ဒီဝင်ငွေနှင့် ဆွေတင်ကို မပင်မပန်း အထက်တန်းပညာကို ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆွေတင်၏ အောက်တွင် မိန်းကလေးနှစ်ယောက်နှင့် သားငယ်သုံးယောက်ရှိသေးသည်။ “မပင်မပန်း”ဆိုသော စကားလုံးက ကိုမြဇော် နှင့်ဇနီးသည် မစိန်အေးအတွက် စကားလုံးမဟုတ်၊ ဆွေတင်အတွက် စကားလုံး ဖြစ်ပါသည်။
ကိုမြဇော်အတွက် လက်ဖက်ရည်ဆိုင် အလုပ်ဆိုသည်မှာ မပင်ပန်းဘဲ ရှိပါမည်လား။ မစိန်အေးအတွက်ကရော။
သန့်ရှင်းဝင်းဝါသော ခေါက်ဆွဲပုံတစ်ပုံ၊ ဖြူဖွေးသော ဆန် ညှပ်ခေါက်ဆွဲတစ်ပုံ၊ မုန့်ဟင်းခါးတစ်ပုံ၊ ကြည်လင်ဖြူစင်သော ပဲကြာဇံ ပြုတ်ထားသော အပုံတစ်ပုံ၊ အာလူးပြုတ်ရဲရဲနီနီ၊ ထိုစားသောက်ဖွယ် ရာများကို ကြွေရည်သုတ်လင်ပန်းတစ်ချပ်စီပေါ်တွင် နံနက်ခင်း ဝယ်ယူ စားသောက်သူ စိတ်သန့်အောင် ခင်းကျင်းပြင်ဆင်ထားရ၏။ ကြည့်တော့သာ ဘာမှမဟုတ်ဘူး ထင်ရသော်လည်း အလွန်လက်ဝင်သော အလုပ်ဖြစ်သည်။
တစ်နေ့တာ လက်သုပ်စုံတစ်ခါရောင်းအတွက် နံနက် ၄ နာရီက မစိန်အေး ထ၍ ပြင်ရသည်။ ချက်ရသည်။ ကြော်ရသည်။လှော်ရသည်။ ခေါက်ဆွဲအတွက် အုန်းနို့ဟင်း၊ မုန့်ဟင်းခါးအတွက် ငါးခူပြုတ်၊ ဟင်းခါး၊ ဆီချက်၊ ကြက်သွန်စိမ်း၊ နံနံပင် မကျန်အသေး စိတ် အလုပ်လေးများလည်း ပါသည်။ မစိန်အေးကိုတော့ အရွယ်မ ရောက်တရောက် သမီးငယ်လေးနှစ်ယောက်က မိုးမလင်းခင် အမေ့ကို ကူပြီးမှ နံနက် ၇နာရီတွင် ကျောင်းသို့ပြေးသွားကြသည်။ တစ်ယောက် မှာ ၆ တန်းဖြစ်၍ တစ်ယောက်မှာ ၅ တန်းဖြစ်သည်။
အငယ်သား သုံးယောက်ပင် ကိုယ့်ပန်းကန်ကိုယ်ယူ၍ သူတို့ အဖေဆိုင်မှ ကော်ဖီနှင့် မုန့်ကြွပ်အချောင်းများကို တို့စားကာ ကျောင်း သို့ ပြေးသွားကြသည်။
ဒီအချိန်ထိ သားကြီး ဩရသ မောင်ဆွေတင်အိပ်ရာမှ မနိုး သေး။ ထိုအဖြစ်ကိုပင် ကြည့်ခြင်းဖြင့် ဆွေတင်၊ တက္ကသိုလ်ဝင်တန်း (သို့မဟုတ်)အထက်တန်းကို ဘီနှစ်ထပ်ကွမ်းနှင့် ကျနေခြင်းမှာ ထူး ခြားသော အကြောင်းမဟုတ်ပါပေ။
တစ်ခါတစ်ရံတော့ ကိုမြဇော်သည် မစိန်အေးကို သားကြီးအ ပေါ် စည်းကမ်းရှိရှိ မဆုံးမကောင်းလားဟု အပြစ်တင်မည် ဆူပူလိုက် မည်ဟုလုပ်တိုင်း မစိန်အေး၏ ပြုံးရွှင်ကြည်လင်သော မျက်နှာနှင့် မနက်မိုးမလင်းခင်မှ အလုပ်စ၍ နေ့လယ်နှစ်ချက်တီး ဆိုင်သိမ်းချိန် အထိ ဇယ်စက်သလို လုပ်သွားသည်ကို မြင်ရသောအခါ သူ၏ဆူပူသံ နှင့် မစိန်အေးကို ထပ်မံစိတ်ညစ်အောင် မလုပ်ချင်တော့ပေ။
ပြီးတော့ သားကြီး၏ ဖြစ်ရပ်များတွင် သူသည် တာဝန်အရှိ ဆုံး သူတစ်ယောက်ဖြစ်သည်ကို သူ သဘောပေါက်နားလည်ပါသည်။
သူတို့လင်မယား နှစ်ယောက်စလုံးသည် လှပအေးချမ်းသော အတိတ်ဖြင့် စခဲ့သော ကြေးရတတ်လင်မယားဖြစ်ခဲ့၏။ စစ်ပြီး ကတည်းက လခစားအလုပ်ကို ပြန်မဝင်ဘဲ လက်ဖက်ရည်ဆိုင်တည် ခဲ့သူဖြစ်၏ ။ ပညာမဲ့၊ ဥစ္စာမဲ့ ခပ်တုံးတုံးမိဘနှင့် သားသမီးအပြန်အလှန် ထားရှိအပ်သော လူ့ကျင့်ဝတ္တရားကို မသိသည့်ဇနီးမောင်နှံမဟုတ်ပါပေ။
ယခုတော့ မစိန်အေးသည် အပျိုဘဝသက်တမ်းတစ်လျှောက် ဆောင်းခဲ့သော သူ၏ လှပသော ရွှေထီးကလေးပျက်စီးသွားကတည်း က သူ၏ အိမ်အို အခန်းတစ်ထောင့်တွင် သိမ်းဆည်းခဲ့၏။ ချစ်လင်၏အင်ဖက်နှင့် ယှဉ်၍လုပ်သော ထီးစုတ်ကလေးကို နှစ်ကိုယ်တူယှဉ်တွဲ ဆောင်းကာ ခရီးထွက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မစိန်အေးကို၊ သူ ဘာမှ သားကြီးကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မပေးချင် မဆူပူချင်တော့ပေ။
ရန်ကုန်မြို့တွင် ကြီးပွားတိုးတက်နေသော သူ၏ ရဲဘော်ရဲ ဘက်ရောင်းရင်းများထံ မိတ်ဆက်စာ တစ်စောင်စီရေး၍ ဆွေတင်ကို လွှတ်လိုက်၏။ ရေဆုံးမြေဆုံးထိရောက်အောင်တော့သားကို ပို့ရဦး မည်။ လမ်းပေါ်ရောက်အောင် ပို့ပေးဖို့က သူ့တာဝန်၊ ဆက်လျှောက် သည်၊ မလျှောက်သည်က ဆွေတင်၏အလုပ်။
ကိုမြဇော်၏ ရောင်းရင်းရဲဘော်များသည် ယခုတိုင် သူတို့၏ ရဲဘော်ကြီးကို သစ္စာရှိကြ၏။ အောက်ခြေမလွတ်။ တို့များရဲဘော်မြဇော် ကြီး၏ သားအနေနှင့် ဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲ ဆီးကြိုကြ၏။
ထမစာက ရဲဘော်ဖေသော်(ယခု ဗိုလ်မှူးဖေသော်)ထံသို့ဖြစ် ၏။ ဗိုလ်မှူးအဖြစ် ကောင်းစားနေသည်ဟု ဆိုဖွယ်ရာရှိသော်လည်း သူတို့သည် သူတို့၏ ရောင်းရင်းမြဇော်ကို မမေ့။ ထို့ကြောင့်မြဇော် စာကို ဆွေတင်လက်မှ ရရချင်းဝမ်းသာအားရ ဖောက်ဖတ်၏။