Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - တစ်ထောင့်ငါးရာည၏အိပ်မက်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

( ၁ )

           မိုးပေါက်များ အရှိန်ပြင်းစွာ သွပ်ခေါင်မိုးကို ရိုက်ခတ်နေသည်။ မိုးထစ်ချုန်းလိုက်သည်ကလည်း ပြင်းထန်လှသည်။ သစ်ကိုင်းများသည် မုတ်သုံလေကြမ်းအောက်တွင် တဝေါဝေါ အော်မြည်နေကြသည်။ လျှပ် စီးပြက်လိုက်တိုင်း အခန်းထဲတွင် ဝင်းလက်သွားသည်။ သူကတော့ မျက်စိကို တအားမှိတ်ထားသည်။ ကြောက်၍မဟုတ် တိတ်ဆိတ်ငြိမ် သက်နေမည်ကိုသာ ကြောက်သည်။ ညဉ့်ဆိုသည်က အမှန်တော့ ချမ်း ငြိမ်ရမည်။ အားလုံးပဲ နားကြရမည် မဟုတ်ပါလား။ သို့သော် ဝင်းပသော လရောင်အောက်တွင် ညဉ့်ငှက်မည်းလေးများ ပျံသန်းတတ်သည်။ ပြီးတော့ တချို့သောပန်းလေးများ ညဉ့်မှာပွင့်သည်။ တစ်ခါတစ်ရံ ညဉ့်၏ အမှောင်ရိပ်သည် တိတ်တခိုးစိတ်များကိုလည်း နှိုးဆွတတ်သေးသည် မဟုတ်ပါလား။ ညဉ့်က မှောင်ရသည့်ကြားထဲ တိတ်ဆိတ်ငြိမ်သက်နေပါ လျှင် ပို၍ဆိုးမည်။ ထို့ကြောင့် ယခုလို လေကအော်မြည်၍ မိုးက ထစ် ချုန်းနေသည်ကို သူ ပို၍သဘောကျသည်။ မျက်စိကိုတော့ သူ မဖွင့်ရဲ သေး။

           သို့သော် စိတ်က ငယ်တုန်းက ဝတ္ထုတွေကို သွား၍သတိရပြန် သည်။ သူတို့ငယ်တုန်းက ဝတ္ထုများတွင် မိုးကြိုးက ပစ်ပေးရသည်။ မြွေကြီးက လန့်အောင်လုပ်ရသည်။ ကြွက်ကိုမြင်၍ ကြောက်လန့်တကြား ထခုန်တော့မှ မိန်းကလေးက လဲကျ၍ ယောက်ျားလေးက ပွေ့ယူရ သည်။ ဤသို့နှင့် ဇာတ်လမ်းက စကြသည်။

           ဘုရား... ဘုရား... သူကသာ ဆူညံနေခြင်းကို ကြိုက်သည်။ တစ်ဖက်က မိုးကြိုးပစ်သည်ကို လန့်၍ သူ့ကိုလာဖက်ပါမှ အမယ်လေး.. အမယ်လေး.. သူ့နဖူးကို လာထိသောအတွေ့ကြောင့် သူ လန့်၍အော်မိ သည်။ ။

           " အန်ကယ်.. ကိုယ်တွေပူနေပါလား”

           သူသည် ခေါင်းကိုခါယမ်း၍ မျက်လုံးကို ဖွင့်လိုက်သည်။ ခင်လှ မျက်နှာသည် သူ့မျက်နှာပေါ်တွင် အုပ်မိုးနေသည်။

            " မပူပါဘူး၊ မပူပါဘူး”

           သူသည် ကယောင်ကတမ်းလို အော်လိုက်၏။ အမှန်တော့ သူ သတိလွတ်အောင် မဖျားသေးပါ။ ကိုယ်ကတော့ နွေးနေသည်။ ပေါင်ရင်း က အနာက စူးစူးရှရှ တစ်ချက်တစ်ချက် ထိုးနာသည်။

           ခင်လှသည် ကိုင်းညွတ်ကြည့်နေရာက ခါးကိုမဆန့်သေး။ ဟိုက် လွန်းသော အင်္ကျီလည်ဝိုင်းအောက်တွင် အသားမို့မို့ကို လျော့ရဲသော ဘရာစီယာထဲတွင် ဖျတ်ခနဲ မြင်လိုက်ရပြန်သည်။ သူ့ရင်ထဲတွင် လှုပ်ရှား သွားပြန်သည်။ မျက်လုံးကို ပြန်မှိတ်လိုက်၏။ အနာက သိပ်မနာဘဲ ယောင်၍ “အား” ဟု အသံကျယ်ကြီးနှင့် အော်လိုက်မိသည်။ “အန်ကယ် ဘာဖြစ်လို့လဲဟင်” အနာက နာလို့ပါ” ခင်လှကြည့်မယ်လေ”

           ခင်လှသည် သူ့ခြေသလုံးကို ခပ်ဖိဖိ ကိုင်လိုက်ပြန်သည်။

           မကြည့်နဲ့ မကြည့်နဲ့၊ ဦးဖိုးထွန်းတို့ ပြန်လာပြီလားလို့ အိမ်ရှေ့ကို သာ သွားကြည့်စမ်း” “မလာသေးပါဘူး အန်ကယ်ရဲ့ ၊ လာရင်လည်း အသိသာကြီး” ခင်လှသည် ပြုံး၍ သူ့ကိုကြည့်ကာ ပြောသည်။ သူ့အပြုံးက ကြောက်စရာကြီး။ မျက်လုံးများက ရွှန်းလက်လွန်းလှသည်။ “အို.. မိုးသံနဲ့ ဘယ်ကြားရမလဲ၊ သွား အိမ်ရှေ့ခန်းကသွားစောင့်”

           သူသည် ငေါက်သလိုပင် အော်လိုက်ပြီး ခင်လှလက်အောက်မှ သူ့ခြေထောက်ကို ရုပ်လိုက်သည်။ ခင်လှသည် မထွက်ချင်ထွက်ချင်နှင့် အခန်းပြင်ဘက်ကို ထွက်သွား၏။

           တော်ပါသေး၏၊ တော်ပါသေး၏။ သူသည် သက်ပြင်းချလိုက်မိ သည်။ အမှန်တော့ အနာက မွေ့ရာစွန်းနှင့်ထိ၍ ပိုနာလာသည်။ ကိုယ်ပူ ကလည်း ပြင်းလာသည်။ ဦးဖိုးထွန်းတို့ လာခဲလှ၏။ ညဉ့်အမှောင်တွင် သူ့အိပ်ခန်းထဲမှာ ငယ်ရွယ်သောမိန်းမငယ်တစ်ယောက်နှင့် နေရသည်မှာ အန္တရာယ်ကြီးလှသည်။ သူကသာ မိန်းမငယ်ဟုထင်သည်။ ခင်လှသည် သုံးဆယ်တွင်း ရောက်နေပေပြီ။ သူ့လင်နှင့် အသက် ၂၀ က ကွဲခဲ့သည် ဆို၏။

           အဆက်အပေါက်က တောင့်တင်းသည်။ အရောင်းအဝယ် လုပ် သည်ဆိုသည်။ တစ်ခါတစ်ရံ အစ်မကြီးဒေါ်မြအိမ်သို့ လာတတ်၍ တစ်လလောက် နေတတ်သည်။ ပြီး.. တစ်နှစ်လောက် ပျောက်သွားပြန်သော မိန်းမ။ အခြေအနေကို သူ မသိ။ ကြီးဒေါ်မြကတော့ သူ့တူမဟု ဆိုသည်။ ယခုလည်း သူ့ကိုစောင့်ရန် ခင်လှကို ထားခဲ့ပြန်သည်။

           ထိုး၍နာသော အနာ၏ နာကျင်မှုကို သူသည် အံကြိတ်၍ ခံလိုက် သည်။ အနာနာသည်ကို သည်းမခံဘဲ အော်လိုက်မိပါက သူ့အော်သံကြားလျှင် ခင်လှ ပြန်ဝင်လာဦးမည်။ ဘုရား... ဘုရား... ဒီတော့မှ သူ့ အနာကို ပြပါဆိုလျှင် ဂူတွင်းမှာ အနာပြစဉ်က” ဇာတ်လမ်းကို ခင်းဖြစ်ကောင်း ခင်းဖြစ်မည်မှန်၏။ သူကလည်း ဣဿိင်္ကရသေ့လို မိန်းမကို မမြင်ဖူးသူမှ မဟုတ်။ သည်းမခံနိုင်ခြင်း၏ အကျိုးဆက်များကို ကြောက် မက်ဖွယ် ခံစားရဦးမည်။

           အိမ်ရှေ့မှ တံခါးဖွင့်သံများ၊ လူသံများကြားရပြီး အခန်းတံခါး တွင် ဦးဖိုးထွန်းကိုမြင်ရမှ သူ့ရင်ထဲ အလုံးကြီးကျသွားသည်။ ဒေါက်တာ ကျော်မောင်လည်း နောက်ကပါလာသည်။

           “ဦးဖိုးထွန်း၊ ကြီးဒေါ်မြနဲ့ ခင်လှကို ရေနွေးကျိုခိုင်း၊ အခန်းထဲ မဝင်စေနဲ့ဦး”

           သူသည် အမှန်တော့ ခင်လှ ပြန်ဝင်လာမည်ကို ကြောက်၍ ဒေါက်တာကိုပင် နှုတ်မဆက်မိပဲ အော်ပြောမိ၏။

           “အေးပါကွယ်၊ အေးလွန်းလို့ မယ်မြကို ကော်ဖီလုပ်ခိုင်းထားပါတယ်”

           ဦးဖိုးထွန်းရော၊ ဒေါက်တာကျော်မောင်ပါ သူ့ခုတင်နား ရောက် လာသည်။

           သူ့အနာကို ဒေါက်တာကျော်မောင်က ပထမကြည့်ပြီးမှ အဖျား တိုင်းနေသည်။

           “တစ်သက်လုံးက စာအုပ်ကိုင်ပြီး ကျောင်းခန်းထဲနေလာတဲ့လူက ခုမှ သစ်ပင်စိုက်ချင်သတဲ့။ ဆရာ ရေမြောင်းတွေပေါက်၊ မြေကိုတူးဆွနဲ့ မိုးရေထဲမှာ တစ်ညနေလုံးပဲ။ ကျုပ်ကလည်း ငှက်ပျောမျိုးတွေ ရမယ် ဆိုလို့ စော်ဘွားကြီးကုန်း သွားနေမိတာ ညဉ့်မိုးချုပ်ခါနီးမှ ပြန်ရောက်တယ်”

           ဦးဖိုးထွန်းက ကရုဏာဒေါသောနှင့် ဆရာဝန်ကို ပြောပြနေသည်။

           “အဲဒါနဲ့ သံက ဘာလို့ ပေါင်ကိုစူးရတာလဲ”

           သူသည် ဒေါက်တာ့မေးခွန်းကို ဖြေရမှာ ရယ်ချင်သလိုဖြစ်လာ၏။ အမှန်တော့ သူပေါက်သော အခင်းများပေါ်တွင် ယခင်က ပန်းပင်များဆောက်ထားသည်။ သူ့စိုက်ခင်းများ လုပ်လိုသည်ဆို၍ ဦးဖိုးထွန်းက စင်ကိုဖျက်ပေးခြင်းဖြစ်သည်။ စင်ဖျက်နေစဉ်က သံတန်းလန်းနှင့် သစ် သားတစ်စ ကျန်ရစ်ခဲ့သည်။ ထိုသစ်သားပေါ်ကိုမှ သူက ဖင်ထိုင်ချမိ သည်။ ပြီးတော့ မြေဆွနေစဉ်ကတည်းက မိုးကလည်း သည်းနေသည် မဟုတ်ပါလား။

           “ကျန်းမာအောင်လို့ သစ်ပင်စိုက်တာပဲ ဒေါက်တာပေါ့” သူသည် အတိုချုံး၍ ဖြေလိုက်၏။ “သံဆိပ်ကာကွယ်ဖို့လည်း ဆေးထိုးခဲ့မယ်။ အဖျားကျဖို့လည်း ဆေးပေးခဲ့မယ်။ ကျွန်တော်လည်း မိုးသည်းလို့ ဆိုင်သိမ်းတော့မယ်လုပ် တုန်း ဦးဖိုးထွန်း လာခေါ်လို့”

           ဒေါက်တာသည် စကားပြောရင်း သူလုပ်စရာရှိသည်ကို လုပ်၏။ ဒေါ်မြနှင့် ခင်လှက ကော်ဖီများယူလာသည်။