Skip to product information
1 of 2

Other Websites

ခင်နှင်းယု - စိမ်းသင့်မှာစိမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စိမ်းသင့်မှစိမ်း သို့မဟုတ် မေတ္တာမဟာဝုန်

ဆင်တော်ရန် ကေသာ ပြီးရင်လ

လင်ပျော်ပြန်ပြီ တော့လို့

အများပြည်ရွာက

 ညည်းကြပါလိမ့်

အတီးကိုပင် စရော့သလား

သမီး ကိုယ်ညီမကဲ့သို့

အများက မစာနာသတော်

ကြားရ စကားလာ။

ထိုတေးအိုလေးမှာ ကျွန်မ၏မေမေ ဆိုပြသော သီချင်း

တစ်ပုဒ်ဖြစ်ပါသည်။ ထိုတေးကို “စိမ်းသင့်မှစိမ်း”ဝတ္ထုရေးသောအခါ ဒုတိယပိုင်းတွင် ထည့်သွင်းသုံးစွဲခဲ့ပါသည်။

၁၉၅၂-ခုနှစ်လောက်တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျွန်မခရီးထွက်ခဲ့ပါသည်။ ကားနှင့်လားရှိုးမှထွက်ကာ နမ္မတူဘော်တွင်း သို့ ခရီးဆန့်ရာတွင် မိုင်းငေါကို ဖြတ်ကျော်ခဲ့ရပါသည်။ မိုင်းငေါအနီး ရွာကလေးမှာ ချောင်းတစ်ခုရှိ၍ ထိုချောင်းကိုဖောင်နှင့်ဖြတ်ကူးရသည်။ ပထမဆုံးပစ္စည်းများနှင့် လူကြီးများဖြတ်ကျော်နေချိန်တွင် ချောင်း ကမ်းပါးနှင့် ခပ်လှမ်းလှမ်းရှိ တဲငယ်တစ်ခုအတွင်း ကျွန်မ ခေတ္တနား နေပါသည်။ ထိုတဲ ထဲမှာ တဲပိုင်ရှင်အမျိုးသမီးနှင့် ကျွန်မ စကား လက်ဆုံကျနေပါသည်။

သူ့ခင်ပွန်းမှာ ထိုဖောင်ကို တစ်ဘက်ကမ်းရောက်အောင် ပို့ရာတွင် ဦးဆောင်ရသူဖြစ်ပါသည်။ ကျွန်မတို့ဆီမှာတော့ ကူးတို့ သူကြီးခေါ်ပါသည်။ ရှမ်းပြည်နယ်မှာတော့ ဘယ်လိုခေါ်သည် မသိပါ။ သူသည် နွမ်းပါး၍သူ့တဲမှာ အိုဟောင်းလှသည်။ သူ့ချစ်ဇနီးသည် ကျွန်မကို မြေကရားထဲမှ ရေနွေးကြမ်းနှင့် ဧည့်ခံပါသည်။ ပန်းကန် ကတော့ စဉ့်ဝါရောင် မြေခွက်ပဲဖြစ်သည်။ နောက်ကျောတွင် နို့စို့ ကလေးတစ်ယောက် လွယ်ထား၍ အကြီးနှစ်ယောက်က သူ့ဘေးမှာ ထိုင်နေသည်။ အကြီးမှာ ငါးနှစ်သားလောက်ရှိ၍ အငယ်က သုံးနှစ် သားလောက်ရှိပြီး၊ သူတို့အမေကို မုန့်ပူဆာနေသည်။

“အစ်မ သူတို့ကို ကျွန်မ မုန့်ပေးလိုက်ဦးမယ်"

" သူသည် ပေါ့ပါးစွာထ၍ ကျပ်ခိုးစင်ပေါ်ရှိ မြေအိုးထဲမှ ဖတ်ရွက်နှင့် ထုပ်ထားသော မုန့်သုံးထုပ် ယူချလာသည်။ နှစ်ထုပ်ကို ကလေးများအားပေး ၍ ကျန်တစ်ထုပ်ကို ဖြေကာ ကျွန်မကို

 ချကျွေး သည်။ ဖက်ရွက်ထဲမှာတော့ပဲကတ္တီပါလို  ပဲမည်းမည်းများ ပေါင်းထား သည်ကို တွေ့ရပါသည်။ စားပါအစ်မရယ်၊ ရေနွေးကြမ်းလည်း သောက်ပါ။ ဒီမှာတော့ကလေးအတွက် မုန့်ဟာ ဒါပဲရှိတယ်။ တစ်ခါတစ်ခါ အာလူး ပြုတ်ပေးတယ်။ ကောက်ညှင်းပေါင်းလည်း ကျွေးပါတယ်။ တဲနောက် မှာသူ့အဖေက အာလူးခင်းနဲ့ ပဲခင်းစိုက်ထားတယ်။ ကလေးတွေ သွားရည်စာနဲ့ ကျွန်မတို့ စားဖို့ လုံလောက်ပါတယ်”

သူ့ဘဝကို အကျဉ်းရုံးတင်ပြပါသည်။ ထိုစဉ်က ထိုနေရာမှာ ခေါင်လှသည်။ ကျွန်မကတော့ တစ်ဘဲနှင့်တစ်တဲ အလှမ်းအတော် ဝေး၍ တဲငယ်များကြားတွင် ယာခင်းလေးများခြား

နေသော ရွာဟုပင် မခေါ်သာသည့် သည်ပတ်ဝန်းကျင်ကို စိတ်ဝင်စားနေမိ၏။

“သူတို့ အဖေ အားတဲ့အချိန် အခင်းကို စိုက်ထားတယ်။ ကျွန်မက နောက်ပိုင်းကြည့်ရတာပေါ့။ လိုချင်တာရှိမှ တစ်ခါတလေ မိုင်းငေါဈေးသွားဝယ်ရတယ်” ။

ပါးပုံဖောင်းဖောင်းနှင့်စားနေသော ကလေးများမှာ မပိန်မဝ အတော်က်ပင် ကျန်းမာရေးတော့ ပြည့်စုံပုံရသည်။ သူတို့သည် လတ်ဆတ်သောလေနှင့် လတ်ဆတ်သော သစ်သီးဝလံစားနေရ၍ ကျန်းမာကြသည် ထင်ပါသည်။ အဝတ်အစားကတော့ နွမ်းပါးလှ၏။ အမျိုးသမီးမှာ ရှမ်းပြည်ဇာတိ ဖြစ်ဟန်မတူ။ စကားသံ မဝဲပါ။ သူ့အမျိုးသားမှာတော့ ရှမ်းအမျိုးသား ဖြစ်ပါသည်။ ချစ်၍ခေါ်ရာ လိုက်တော်မူခဲ့ပုံရပါသည်။ "ကျွန်မက ပဲပြုတ်ကိုစား၍ ရေနွေးကြမ်းသောက်ကာ ကျေးဇူး တင်ကြောင်းပြောပြရာမှ

“သူတို့ကို ကျောင်းဘယ်မှာ ထားသလဲ” ဟုမေးမိသည်။ မိန်းမငယ်သည် ကျောင်းဆိုသောစကားကို ထည့်သွင်းစဉ်းစားပုံမရ။ သူကိုယ်တိုင်လည်း စာသင်ဖူးမည် မထင်ပါ။

ကျွန်မတို့ အလှည့်ရောက်၍ ချောင်းကိုကူးရန် ထလိုက် သောအခါ မိန်းမငယ်သည် ချောင်းကမ်းပါးအထိ ကျွန်မကို လိုက်ပို့ နှုတ်ဆက်ပါသည်။ သူ့ခင်ပွန်းသည်မှာ ကျွန်မတို့ကို တစ်ဘက်ကမ်း အရောက်ပို့ပါသည်။ ကျေးဇူးတင်ကြောင်းပြောပြနှုတ်ဆက်၍ ကျွန်မ ခရီးဆက် ထွက်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်စောင်းနှင့် တောင် ကြားမြေပြင်များရှိ ယာခင်းများ၊ တဲငယ်များမှာ ကျွန်မ အတွေးကို နှိုးဆွဲလျက်ရှိသည်။ ဤယာခင်းများရှိ ကလေးများ ပညာသင်ကြား ရေးကိုလည်း ကျွန်မ အစီအစဉ်လုပ်ကြည့်မိသည်။ သူတို့ယာခင်းများ ကို ခေတ်မီတိုးတက် စိုက်ပျိုးရေးအထိ ဦးဆောင်နိုင်သော ရှမ်းလူငယ် များဖြစ်လာအောင် ကလေးများကို ကျွန်မ ပညာသင်ကြားချင်သည်။ အိပ်မက်ထဲမှာတော့ မြစ်၊ ချောင်းနှင့်ဝေးကွာသော သီးနှံယာခင်း များကို ရေသွင်းစိုက်ရန် ရေစုပ် စက်မောင်းနှင်သံသည် တညံညံ ဖြစ်၍နေပါသည်။ ကျွန်မ နှလုံးသားတွင် ဆောင်းနှင်းဖြူ၊ ခြုံစောင်

အောက်မှာ အိပ်ပျော်နေသော ယာခင်းများသည် လဲလျောင်းလျက် ရှိနေပါသည်။

၁၉၅၄-ခုနှစ်ရောက်တော့ “စိမ်းသင့်မှစိမ်း'ကို ရှုမတွင် ကျွန်မ မွေးထုတ်ဖြစ်သည်။ စိတ်ထဲမှာ ဖြစ်ချင်သည်များကို ဝတ္ထုထဲတွင်ဖန်ဆင်းလိုက်သည်ဆိုပါတော့။ စိမ်းဆိုသော ရန်ကုန်မြို့ပေါ်မှ နယ်ပိုင်ကတော် တစ်ယောက်ကို ကျွန်မသည် မိုင်း‌ငေါရွာ ကမ်းပါး ယာခင်းဆီသို့ ခေါ်သွားခဲ့ပါသည်။

စိမ်း ယာခင်းထဲသို့ ရောက်သွားပုံမှာ ဝထ္ထူဆန်ပါသည်။ လက်ထပ်ပြီး ခြောက်လအကြာ ခင်ပွန်းသည်နှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်းကို ခရီးထွက်ရင်း မိုင်းငေါအနီးမှာ ဓားပြတိုက်ခံရသည်။ ကားအရှိန်မသတ်ခင် စိမ်းသည် ကားတံခါးကိုဖွင့်၍ လှိမ့်အချ။ ကားပေါ်မှ ချောက်ထဲသို့ ကျကျန်ရစ်သည်။ ခင်ပွန်းသည်နှင့်ကားကို ဓားပြများက ခေါ်ယူသွားကြသည်။ သတိမေ့နေသော စိမ်းကို ရှမ်းအဘိုးကြီး တစ်ယောက်က ချောက်ကမ်းပါးချုံပေါ်မှ ကယ်တင်ခဲ့ ရာမှ ကိုဝဏ္ဏတို့ ယာခင်းကို ရောက်လာခဲ့ရသည်။

ကိုဝဏ္ဏ၏ အမေ ညီမလေး မခမ်းလုံ၊ ညီငယ်တိုးကြီးနှင့် အတူးတို့က မမျှော်လင့်ဘဲရောက်လာသော စိမ်းကိုချစ်ခင်လှိုက်လှဲစွာ ကြိုဆိုလက်ခံကြသည်။  ကိုဝဏ္ဏကလည်း အထူးဂရုစိုက် စောင့်ရှောက် သည်။ ရောက်စက ကားပေါ်မှကျသောဒဏ်၊ အဖျားဒဏ်ကြောင့် အိပ်ရာမှ မထနိုင်သော စိမ်းမှာ နွေးထွေးသော ကိုဝဏ္ဏမိသားစု မေတ္တာဖြင့် ကျန်းမာလာသည်။

စိမ်းက နေကောင်းလာချိန်တွင် သူ့အဖြစ်ကို ပြောပြ၍ သူရန်ကုန်ပြန်ရန် စီစဉ်နေသည်။ ကိုဝဏ္ဏက မိုင်းငေါ၊ ကျောက်မဲ တို့သို့ သွားရောက်တိုင်း စိမ်း၏ယောက်ျားသတင်းကို အမြဲစုံစမ်း ပေးသည်။ တစ်နေ့ကျောက်မဲသို့ ကိုဝဏ္ဏသွားရာမှ သတင်းစာ တစ်စောင်ယူလာခဲ့သည်။ သတင်းစာထဲတွင် စိမ်းယောက်ျားကိုဝင်းဖေ ဓားပြလက်ချက်ဖြင့် သေဆုံးသွားကြောင်း၊ ပုံပျက်နေသော အလောင်းနှင့်ပစ္စည်းများ ကိုဝင်းဖေလက်ဆွဲအိတ် ဓာတ်ပုံပါ သောသတင်းဖြစ်သည်။ ကိုဝင်းဖေ မိဘများက စိမ်းနှင့်ကိုဝင်းဖေ လက်ထပ်သည်ကို သဘောမတူသောကြောင့် အဆက်ဖြတ်ထား သည်။ စိမ်းမှာမိဘမရှိ။ ရင်းနှီးသော ဆွေမျိုးလည်းမရှိပါ။

အထီးကျန်ဘဝနှင့် ရန်ကုန်မှာ တစ်ယောက်တည်း နေရ မည့်အတူတူ ယာတောတွင် ဆက်လက်နေပါရန် အမေက တောင်း ပန်သည်။ စိမ်းက သူ့ဘဝအတွက် ဘာမှပြင်ဆင်မှု မရှိသေးဘဲ ရန်ကုန်ပြန်ရန် မဖြစ်သေး၍ အမေ တို့ယာတောတွင် ဆက်လက်နေ ရန် သဘောတူလိုက်သည်။ ကလေးများကလည်း စိမ်းကိုချစ်ခင်ကြ သည်။ ကိုဝဏ္ဏကလည်း အလွန်ဝမ်းသာသည်။

စိမ်းသည် အိမ်ထောင်မှုကို ကျွမ်းကျင်သူပီပီ အမေ့တွက် အကူအညီရသည်။ စိမ်းရောက်လာမှ အမေတို့၏ မြေစိုက်တဲမှာ သန့်ရှင်းသပ်ရပ်လာသည်။ တိုးကြီး၏ ဝက်ခြံမှာလည်း ကောင်ရေ ပွားလာ၍ နွားခြံကလည်း နို့ပိုထွက်လာသည်။ မခမ်းလုံ၏ ကြက်ခြံက လည်း ကြက်ဥများပိုထွက်လာသည်။ ကြက်ခြံရှင်းသည်ကအစ နွားခြံ ကိစ္စများပါ စိမ်းက မခမ်းလုံနှင့်တိုးကြီးကို ကူညီဝင်ရောက်ဆောင် ရွက်ပေးသည်။

တိုးချဲ့သော ယာခင်းများအတွက် ရေစုပ်စက်ဝယ်ရန်  ကိုဝဏ္ဏက ငွေစုဆောင်းသည်။ သို့သော် စိမ်းအတွက် ရာသီဥတု ဒဏ်ခံနိုင်ရန် တဲငယ်ကိုဖျက်၍ ကျောက်တုံးအိမ်လေးဆောက်လိုက် သည်။ နောက်မှ တဖြည်းဖြည်း ရေစုပ်စက်ဝယ်ယူရန် စီစဉ်ထားသည်။စိမ်းက ဖျက်လိုက်သော တဲမှဝါး သစ်များနှင့်တဲငယ် တစ်လုံးကို အိမ်အနီးမှာ သပ်သပ်ရပ်ရပ် ဆောက်လိုက်ပြီး စာသင် ကျောင်းအဖြစ် ဖန်တီးအသုံးပြုလိုက်သည်။ အိမ်နီးချင်း ဦးခွန်နောင်ကူအညီဖြင့် ယာခင်းတစ်ဝိုက်တွင်နေသော ကလေးငယ်များကို စုဆောင်းကာ စိမ်းက မခမ်းလုံ၊ တိုးကြီး အတူးတို့နှင့်အတူ အားလပ်ချိန်တွင် စာသင်ပေးသည်။ တိုးကြီး နွားနို့ပို့အသွားတွင် မိုင်းငေါမှသတင်းစာကို ယူလာကာ ညဘက်တွင် သတင်းစာဖတ် တတ်အောင် သင်ပေးသည်။

သူတို့ အပျော်ဆုံး ဆောင်းရာသီ ညဘက် ရေချိုးချိန်တွင် ရေနွေးနှင့် ချိုးရသည်ကိုပျော်ကြသည်။ ယခင်က အမေ့မှာတစ်ယောက်တည်း လူကလည်း အိုမင်းလာ၍ အလုပ်များများ မလုပ် နိုင်။ စိမ်းရောက်လာမှ တိုးကြီး စုဆောင်းထားသော ထင်းများနှင့် သူတို့ တစ်အိမ်သားလုံးအတွက် စိမ်းက ရေနွေးကျိုးပေးသည်။

ကိုဝဏ္ဏအဖို့ နေ့လယ်ယာခင်းကအပြန် ခေတ္တနားချိန်တွင် စိမ်း၏လက်ရာတို့ဟူးသုပ် နို့နှင့်ကြက်ဥရော၍ ဖုတ်ထားသော ပူတင်း များစားရသည်။ စိမ်း၏အပြုအစုကို ကိုဝဏ္ဏသာယာလာသည်။ ညဉ် ဦးတွင် အိမ်ထဲ၌ မီးဖို၍ မီးလှုံရင်း သူတို့စာဖတ်ကာ စကားပြောကြ သည်း တစ်ညမှာ စိမ်းကတိုးကြီးယူလာသော သတင်းစာတွင် တိတိ ရိရိပြတ်နေသော ကြော်ငြာတကွက်လပ်ကို ကိုဝဏ္ဏအားပြသည်။ ကိုဝဏ္ဏက သူဘာမှမသိဟု ဖြေသည်။

ကိုဝဏ္ဏသည် ငယ်စဉ်က တောင်ကြီးတွင်နေ၍ စာသင်ခဲ့ ရပြီး အရွယ်ရောက်တော့ မြေပြန့်သို့ဆင်းကာ မြန်မာမျိုးချစ်လူငယ်များနှင့်ပူးပေါင်း၍ နယ်ချဲ့တော်လှန်ရေး၌ ပါဝင်ဆောင်ရွက်သည်။ လွတ်လပ်ရေးရပြီး၊ ဖခင်ကြီးဆုံးသွားသောအခါ အမေတို့မိသားစုကို အမေချစ်သော ယာခင်းသို့ပြန်လည်ခေါ်ကာ စိုက်ပျိုးမွေးမြူရေးလုပ်၍ မိသားစုကိုလုပ်ကျွေးသည်။

တစ်နေ့ ကိုဝဏ္ဏအိပ်ရာထ နောက်ကျ၍ ယာခင်းသို့ အထွက်နောက်ကျသည်။ စိမ်းက -

“ကိုဝဏ္ဏ ညက ဘာဖြစ်လို့လဲ။ ဒီမနက် အိပ်ရာထ နောက်ကျတယ်”

ကိုဝဏ္ဏသည် ညက သူ၏အတွေးကို ဖွင့်၍ပြောပြသည်။

“ကျွန်တော် အိပ်လို့မရဘူး၊ တစ်ညလုံး စိမ်းကို တွေးနေမိ တယ်။ ခင်ဗျားများ တစ်နေ့ ဒီယာခင်းက ထွက်သွားမလားလို့၊ ပြီးတော့ ယာသောအကြောင်းလည်း တွေးမိတယ်။ ကျွန်တော်က နယ်ရှင်တွေကို အားမကိုးချင်ဘူး။ ကိုယာခင်းကို တိုးတက်အောင် ကိုယ့်ဟာကိုယ် လုပ်ချင်တယ်။ မြေရိုင်းတွေထွင်ပြီး တောင်ကုန်း ဘက်မှာ ရေစုပ်စက်နဲ့ ယာခင်းတွေကို တိုးချဲ့စိုက်ချင်တယ်။ ကျွန်တော် အားကြိုးမာန်တက် လုပ်နိုင်အောင် စိမ်း ကျွန်တော့် အနားမှာ အမြဲရှိနေစေချင်တယ်။ ကျွန်တော်ဟာ စိမ်းနဲ့ အတူနေရ

တော့ အလုပ်ပို လုပ်လာတယ်။ ကျွန်တော်မှာ တိုင်ပင်ဖော် တိုင်ပင် ဖက်လည်းရတယ်။ ပြီးတော့ ဟိုနေ့ကလိုဆိုပါတော့ နေ့လယ်ပြန် လာချိန် တို့ဟူးသုပ် လုပ်ထားတာတွေ၊ ညဦးမှာ ယာခင်းက ပြန်ရောက်ချိန် ရေနွေးနဲ့နွေးနွေးထွေးထွေးရေချိုးရတာတွေ အားလုံး စိမ်းပြုစုပေးတာတွေ အသေးအဖွဲမယ့် အပြုစုခံရသူ ကျွန်တော့်မှာတော့ တစ်အားတက်တာပဲ။ ရှင်းရှင်းပြောရရင် ကျွန်တော် စိမ်းကို မခွဲနိုင်ဘူး။ စိမ်းနဲ့ လက်တွဲပြီး ယာခင်းမှာအခြေချချင်တယ်။ ကျွန်တော့် သားစဉ်မြေးဆက်တွေကို ဒီယာခင်းသစ်မှာ အတွေး သစ် အမြင်သစ်တွေနဲ့ တိုးတက်တဲ့ နိုက်ခင်းတွေအလယ်မှာ တွေ့ချင် တယ်။ ဒါပေမယ့် လမ်းဘဝကို ဒီယာတောမှာ နှစ်ပစ်လိုက်ပါလို့လဲ ကျွန်တော် မပြောရက်ဘူး။ စိမ်းကိုလည်း မခွဲနိုင်ဘူး။ မခွဲချင်လို့ တစ်ညလုံး စိတ်ဒုက္ခကျရောက်ပြီး အိပ်မရတာ ကျွန်တော်သွားမယ်”

ကိုဝဏ္ဏက ဒါပဲပြောကာ ယာတောသို့ ထွက်သွားသည်။

စိမ်းကလည်း ကိုဝဏ္ဏ၏ ယဉ်ကျေးစွာ ပြောသွားသော လူပျိုစကားကြောင့် တုန်လှုပ်သွားသည်။ တကယ်လည်း လွတ်လပ်သူနှစ်ဦး ယခုလိုကြာရှည်ရင်းနှီးစွာ နေလာတော့လည်း ကိုဝဏ္ဏလို လူငယ်တစ်ယောက်အဖို့ သူ၏ ပြုစုစောင့်ရှောက်မှုများမှာ စိတ် လှုပ်ရှားစရာပေပဲ။ သူ့အနေနှင့်က သုခိုလှုံနေရသော ကျေးဇူးရှင် အဖြစ် အမေတို့ မိသားစုကို မိသားစုစိတ်ဓာတ်နှင့် ပြုစုနေခြင်း ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရန်ကုန်သို့သွား၍ သူ့ချစ်လင် ကိုဝင်းဖေအကြောင်း စုံစမ်းဖို့ သူအမြဲကြံစည်နေသည်။ ယခုလို ကိုဝဏ္ဏက ဖွင့်ပြောခါမှ ကိုဝင်းဖေကို အထူးသတိရဖို့ ဖြစ်လာသည်။ စိတ်ထဲမှာ လင်ဖြစ်သူကို အောက်မေ့တမ်းတစိတ်ဖြင့် စိတ်မကောင်း ဖြစ်လာ၍ စိတ်တည်ငြိမ်အောင် ကိုဝဏ္ဏအခန်းထဲဝင်ကာ စာအုပ်များ နေသားတကျ ရှင်းလင်းပေးသည်။ ကျောက်တုံးအိမ် ဆောက်ပြီး ကတည်းက ဖရိုဖရဲဖြစ်နေသော စာအုပ်၊ စာရွက် စာတမ်းများကို ရှင်းလင်းပေးသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)