Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ချစ်သူတို့ရွာ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အိပ်မပျော်သော ညတစ်ည

          မကြေးမှုံအဖို့ စာမေးပွဲ ဖြေဆိုပြီးသော်လည်း အိပ်မပျော်ပေ။ စာမေးပွဲ မပြီးခင်က အပြင်းအထန် စာကြိုးစားနေရစဉ် အတောအတွင်း “စာမေးပွဲပြီးလျှင်တော့ အတိုးချအိပ် မည်””ဟူသော အတွေးမှာ စာမေးပွဲ ပြီးသောအခါ လုပ်၍ မရတော့ပေ။

          ရင်ထဲတွင် ဟာသလိုလို၊ မျက်လုံးကလည်း ကြောင်တောင် ဖြစ်နေ၏။ အတိုးချ အိပ်ဖို့ နေနေသာသာ သာမန်အိပ်ရိုးအိပ်စဉ်နှုန်းအတိုင်းတောင် အိပ်၍မရပေ။

          လသာသော ညဉ့်ဦးတွင် တောင်တွေးမြောက်တွေးနှင့် တွေးရင်းမှ စာမေးပွဲအကြောင်း တွေးလိုက်မိလျှင် “အောင်မှ၊ အောင်ပါ့မည်လား”ဟူသော အတွေးက သူ့ရင်တွင်းသို့ ဝင်ဆောင့်လိုက်ခါ နှလုံးခုန်သံသည် ပို၍မြန်လာသည်ဟု သူက ထင်၏။

          စာမေးပွဲခန်းထဲတွင် ဖြေဆိုစဉ်က အားရပါးရရှိသလောက် စာမေးပွဲခန်းမှအထွက် တစ်လှမ်းချင်း တစ်လှမ်းချင်း ကျောင်းခန်းမှ ဝေးကွာလာတိုင်း အားလျော့၍ လျော့၍လာ၏။ သူဖြေဆိုပုံများကို သူငယ်ချင်းများက ဝေဖန်သောအခါ “အောင်မှတ်မှ ပြည့်ပါမည်လား” ဟူသော အတွေးမှာ ဒုက္ခပေးပြန်သည်။ ထိုအတွေးများက သူ့အား ညဉ့်ဦးယံတွင် အိပ်မပျော် အောင် နှိပ်စက်ကြ၏။

          ယခုအတန်းကို အောင်ပါမှ မကြေးမှုံနောက်နှစ်တွင် ဒီဂရီရမည်ဖြစ်၏။ မကြေးမှုံ သည် ပကတိ ကျောင်းသူလေးအတိုင်း စိတ်အားငယ်တတ်၏၊ ထိတ်လန့်တတ်၏။

          ညဉ့်ဦးတွင် လရောင်မှာ ထိန်ထိန်သာနေသည်။ သူရပ်နေသော ဝရန်တာမှကြည့်လျှင် ကောင်းကင်သည် နက်ပြာနေသော်လည်း ကတ္တီပါလို တောက်ပနေပေသည်။ ကြယ်များ သည် ကတ္တီပါပေါ်တွင် ကြဲဖြန့်ထားသော စိန်များလို ဝင်းပတောက်ပြောင် နေကြပေသည်။

          လမင်းကမူ သူ့ရှေ့မျက်နှာတူရူမှ တဖြည်းဖြည်းမြင့်တက်လာသည်မှာ ဦးခေါင်းတည့်တည့်သို့ ရောက်လုနီးနေပေပြီ။

          ညဉ့်ဦး လေသည် သန်းခေါင်ယံသို့ နီးလာလေလေ ပိုမို၍ အေးမြလာ၏။ ပတ်ဝန်း ကျင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။

          ပန်းပွင့်လေးများသည် ချစ်သူမျက်နှာကို မော်ကြည့်သလို ကောင်းကင်ရှိ ကြယ်များကို မျှော်၍နေဟန်ရှိ၏။ သစ်ရွက်တို့လည်း မြရောင်တောက်ပနေကြသည်။ အရှေ့တောင် ကောင်း ကင်တွင် နဂါးငွေ့တန်းသည် နတ်သမီး၏ ခြုံပဝါလို ဖြူလွလွ ကွေ့ဝိုက်ဝိုက်နှင့် မြင်နေရ ပေသည်။

          နဂါးငွေ့တန်းအတွင်းရှိ ကြယ်စုသည်လည်း လှုပ်ရှားပြေးလွှားတော့မယောင် ဟန်ပြင် နေကြသည်။

          ထိုညသည် အလွန်လှပသော ညသာတည်း။ သို့သော် အင်္ဂလိပ်ကဗျာဆရာကြီး ဝီလျံဝတ်စ်ဝတ်သ် ပြောသကဲ့သို့ “လိုချင်တာမရသော ဆင်းရဲခြင်းသောက၏ စိတ်”တို့ ဖြင့် ဖုံးလွှမ်းနေသော မကြေးမုံ၏ အသည်းနှလုံးသည် ထိုမျှ လှပသော ညဉ့်၏အရသာ အတွေ့ကို မခံစားနိုင်တော့ပေ။ သဘာဝအလှကို မြင်ပါရက်နှင့် မသုံးသပ်၊ မခံစားနိုင်တော့သော လူ့ဘဝမှာ လူဖြစ်ရှုံးနေပြီ ဖြစ်သည်ကို မကြေးမုံ သတိမရပေ။ သူ့မျက်လုံးဝယ် စာလုံးများကို မြင်နေ၏။ မမြင်ဘူးသော ဂလက်စတုံနှင့် ဒစ်စရေလီသည် သူ့ရှေ့တွင် လှုပ်ရှားနေကြ၏။ ဗြိတိသျှပါလီမန် အရှေ့တိုင်းရာဇဝင်ထဲရှိ ဂျပန်မင်းသားကြီး နာကာ၊ မင်းနန္ဒသူ ကျောက်စာ။

          “ဘုရား... ဘုရား”

          သူသည် ထိုင်ရာမှထကာ ဝရန်တာလက်ရမ်းကို ကိုင်မိ၏။ ပါးစပ်မှလည်း ဘုရား တမိ၏။ ထူးဆန်းအံ့သြဖွယ်ရာ မြင်ကွင်းကြောင့် မကြေးမှုံသည် ဆက်လက် မလှုပ်ရှားပေ။ ကောင်းကင်ယံရှိ နဂါးငွေ့တန်းဆီမှ မှေးမှုန်သော နှင်းငွေမှုန်သဖွယ်အငွေ့များ သူ့ဆီသို့ ရောက်လာ၏။ ပထမသော် ဖြူဖြူ၊ အလုံးသဏ္ဌာန် ရှိသော်လည်း သူ့အနား ရောက်လာသော အခါ ပုံသဏ္ဌာန်မှာ ကွဲပြားထင်ရှား၍လာ၏။

          အတော်ပင် အိုမင်းနေပြီဖြစ်သော တရုတ်အဘိုးကြီးတစ်ယောက်သည် ကောင်းကင် လမ်းဖြင့် သူ့ထံရောက်လာ၏။ မကြေးမှုံသည် တစ်ခါတည်း ထွက်ပြေးရန် ပြင်တော့၏။

          “မိန်းကလေးရဲ့၊ ဘယ်ကိုပြေးမလို့လဲ။ ကျုပ်ကို စကားလက်ခံ ပြောပါဦး”

          မကြေးမှုံသည် စကားမပြောနိုင်ဘဲ ကြက်သေ သေနေ၏။

          “ကျုပ်က တရုတ်ပြည်မှာ သက္ကရာဇ် (၂၂၀) ဘီစီတုန်းက ချင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ တန်ခိုးအကြီးဆုံး ဧကရာဇ်ဘုရင်မင်းမြတ် ရှိအန်တီ (Shih Huang Ti) ပါ””

          မကြေးမှုံသည် ယခုမှ အကြောက်နည်းနည်းပြေသွား၏။ အဘိုးကြီးအား ထိုင်စရာပေး လိုက်၏။

          “ဟုတ်ကဲ့၊ ဧကရာဇ်မင်းမြတ်ကြီးအကြောင်းကို ကျွန်မတို့ဆရာမကြီး ဒေါ်ခင်ခင် ကြီးက ပြောပြလို့ သိသင့်သလောက် သိပါတယ်။ ဟို.. ဟို... ကျွန်မက ထီးသုံး၊ နန်း သုံးတွေ မတတ်တော့ နန်းတော်သူတွေလို စကားမပြောတတ်တာကို ခွင့်လွှတ်စေလိုပါတယ်။ ဧကရာဇ်ဘုရင်ကြီး”

          “အို... ခွင့်လွှတ်ပါတယ်... မိန်းကလေးရဲ့။ ကျုပ်ကိုလဲ ဧကရာဇ်ဘုရင် မင်းမြတ်ကြီးလို့ မခေါ်ပါနဲ့။ ကျုပ်က ရှိအန်တီဘဝက စုတေပြီးနောက် သူလိုငါလို ဝိညာဉ် ပါပဲ။ သေမင်းရဲ့ လက်အောက်မှာ အားလုံးသော သတ္တဝါတွေဟာ အဆင့်အတန်းခွဲလို့ မရပါဘူး”

          “ဟုတ်ကဲ့” မကြေးမှုံသည် ကြောက်စိတ်လုံးလုံး မပြေတတ်သေးပေ။

          “လူသားတွေဆိုတာကလည်း တစ်ခါတစ်ခါ ရယ်စရာတယ်ကောင်း။ သင်္ခါရကို အစဉ်ထာဝရ မှတ်တတ်ကြတာကလား၊ ကျုပ်ဆိုရင် ရှိအန်တီဆိုတဲ့ ဘွဲ့ယူတဲ့ ရည်ရွယ်ချက် ကိုက “ပထမဆုံး ဧကရာဇ်မင်းမြတ်””ဆိုတဲ့ အဓိပ္ပာယ်နဲ့ ယူခဲ့တာပဲ။ ကျုပ်နောက်ကို မင်းဆက်ပေါင်း တစ်ထောင်ထိ ဒုတိယ၊ တတိယ စသည်ဖြင့် ဘုရင်တွေရှိရမယ်လို့ ထင်ခဲ့ တာပေါ့။ တကယ်အဖြစ်ကတော့ ကျုပ်လည်း ကွယ်လွန်ရော ကျုပ်ကို ဆက်ခံမဲ့ သားကြီးလည်း သူ့ကိုယ်သူ သတ်သေရတဲ့ဘဝရောက်၊ ကျုပ်သားငယ်က ဆက်ခံပေမဲ့ အရည်အချင်းမရှိ တော့ ချင်မင်းဆက်လည်း ပျက်ပြုန်းရတာပဲ”

          “ဟုတ်ပါတယ် အဘိုးရဲ့။ ခု အဘိုးလာတဲ့ ကိစ္စကရော”

          “ဪ... ဟုတ်ပါရဲ့။ ငယ်ရွယ်သူတွေနဲ့ တွေ့ရတဲ့အခါ ဘဝဟာ စိုပြေလာသလို ထင်မှတ်ရပြန်တော့ လာရင်းကိစ္စကို မေ့သွားပြန်တယ်။ မင်းတို့ခေတ် တိုင်းပြည်တိုင်းလိုလို သတိမမူမိဘဲနဲ့ မှားတတ်တာကလေးတွေရှိတတ်လို့ သတိပေးမလို့ လာခဲ့တာပဲ။ တစ်ခါ တစ်ခါ ကိုယ့်ဘက်ကနေပြီး ကောင်းလှပြီလို့ယူဆပြီး အလုပ်တစ်ခုလုပ်လိုက်ပေမဲ့ အမြင် အားဖြင့် ပြောင်းပြန်ဖြစ်သွားတတ်လို့ ရာဇဝင်အမည်းစက်ကို ဖျက်မရတာတွေ တွေ့ခဲ့ရ တယ်။ ဥပမာ ကျုပ်လုပ်ခဲ့တာတွေ ဥပမာပြရရင် ကျုပ်က ခရီးလမ်းပန်းတွေ ကောင်းအောင် လမ်းတွေဖောက်၊ တူးမြောင်းတွေ တူးနဲ့ ပြုပြင်ထူထောင်ရေးတွေ လုပ်လိုက်တာ မပြောနဲ့တော့။ ကျုပ်စေတနာရင်းမှန်က တိုင်းပြည်ကောင်းစေရိုးအမှန်ပါ။ ပြီးတော့ တရုတ်ပြည်ကြီး ကို ကာကွယ်ဖို့ မြောက်ဘက်မှာ တရုတ်တံတိုင်းကြီးကို စတင်ပြီး ကျုပ်ဆောက်လုပ်ခဲ့တာ ပေါ့။ ကျုပ်က တိုင်းသူပြည်သားတွေကို မလုပ်မနေရ အာဏာနဲ့ဆင့်ခေါ်ပြီး ခိုင်းခဲ့တယ်”

          “ဟုတ်ကဲ့”

          “ဟော... ရာဇဝင်မှာကျတော့ ကျုပ်လုပ်ခဲ့တာတွေလည်း ပါပါရဲ့။ ကျုပ်ဟာ လယ်သမား၊ အလုပ်သမားတွေကို ဘုရင့်အာဏာနဲ့ အဓမ္မမတရားစေခိုင်းတဲ့ ဘုရင်ကြီးရယ် လို့ တွင်ပါလေရောဗျာ”

          မကြေးမှုံသည် မင်းမြတ်ကြီးအား သနားသလိုဖြစ်သွား၏။