ခင်ဆွေဦး - ဝါဆိုဦးကပန်ဖူးတယ်
အခန်း (၁)
ရင်ထဲ သိသိသာသာခုန်နေတာ အမှန်ပင်။
သည်လမ်းကို လျှောက်ခဲ့ရတာတော့ ချောင်းဖြစ်မတတ်ပါဘဲ။
အထူးတဆန်းဖြစ်သင့်သည်တော့ မဟုတ်။ ငယ်စဉ်ကလေးဘဝ တုန်းကတည်းက အဖန်ဖန်အလီလီ လျှောက်ခဲ့ရတဲ့ ရွာလမ်းရှည် လေး။
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ကဲ့သို့ အေးမြသာယာ သော အရိပ်များနှင့် အံ့အုံ့ဆိုင်းဆိုင်းရှိလှသော ကုက္ကိုပင်များ တစ်သီကြီး သွယ်တန်းနေမြဲပင် ထိုကုက္ကိုသစ်ခွများအကြားတွင် မြရည်ဖြင့် လိမ်းကျံလျက်ရှိသော သစ်ခွပင်တို့သည် သန်စွမ်းစွာ အုံဖွဲ့ နေကြသည်။ ထိုမှ ဝေဝေဆာဆာ ဖူးပွင့်နေသော ဖယောင်း ပန်းခက်ဝါဝါများသည် အသစ်တစ်ဖန် မွေးဖွားပြန်လေပြီ။
လမ်းဘေး တစ်ဖက်တစ်ချက်၌ကား မိုးရေတို့နှင့် ချောင်းရိုး တိမ်တိမ်များ ဖြစ်လျက် ကျွဲကျောင်းသားတို့ ကျွဲများ တစ်အုပ်ပြီး တစ်အုပ် မောင်းနှင်လာခဲ့လေသည်။ သစ်တုံးဖြတ်ဝိုင်းတံတား လေးများသည် ရွှံ့မည်းများနှင့် လိမ်းလျက် မည်းနေကြလေသည်။
အကြိမ်ကြိမ် ပြေးခဲ့လျှောက်ခဲ့ရသောလမ်းကို ဘယ်နှမိုင် ဆို တာ ခရီးဆန့်လို့ ရကောင်းပါရဲ့။
မိုးရေတိုက်စားဖန် များသဖြင့် မြေမာလမ်းသည်ပင် ချိုင့်ဝှမ်း သည့် နေရာက ချိုင့်ဝှမ်းနေပေပြီ။
“ဒီလမ်းတစ်လမ်းလုံး ဖုထစ်တွေ ပြည့်နေသလို လောကကြီး မှာလဲ မတရားမှုတွေနဲ့ ပြည့်နေတာပဲ”
မိုးဟိန်းမှာ အတွေးနှင့်တစ်ကိုယ်လုံး နွေးလာလေသည်။
“အလင်းရောင်ဟာ အမှောင်ထက် အားကောင်းတယ်လို့ ဆို တာပဲ၊ ဒါ အမှန်ပဲလား၊ မြင့်မြတ်မှုဟာလဲ ယုတ်ညံ့သိမ်ဖျင်းတာ ထက် အားကောင်းသတဲ့၊ ကိုယ်ကျိုးစွန့်တာက တစ်ကိုယ်ကောင်း ဆန်တာကို အနိုင်ရရမှာပေါ့တဲ့၊ နောက်ပြီး ပျော်ရွှင်မှုဟာ ဝမ်းနည်း ပူဆွေးမှုကို ကျော်လွှားနိုင်ရမယ်လို့ဆိုတယ်၊ နောက်ဆုံးတော့ လူ တွေဟာ တကယ့်လူလို နေကြရမတဲ့”
မိုးဟိန်းသည် အတွေးအုံဖွဲ့ရင်း ရင်အခုန်မြန်လာသည်။ “နွေးနွေး” ကို ခဏခဏ ပြောခဲ့ဖူးတာတွေကိုလည်း သတိရသည်။
“တို့ဟာ လူတွေပါ နွေးနွေး၊ လူဟာ တကယ့်လူလို နေရမှ လူ ဖြစ်ကျိုး နပ်မှာပေါ့၊ နင့်ဘဝကို နင်သိရမယ်၊ ကိုယ့်ဘဝကိုကိုယ် နားလည်အောင် ကြိုးစားရမှာက လူတိုင်းတာဝန်ပဲ”
ထို့နောက် နွေးနွေးကို အင်္ဂလိပ်ဘာသာနှင့် စာပိုဒ်လေးတစ် ပိုဒ်တောင် ရွတ်ပြခဲ့ဖူးသေးတာကို အမှတ်ရမိသေးသည်။
ငယ်ငယ်ကတည်းက အတူတကွ ကြီးပြင်း၍ ကစားဖော်ကစား ဖက်ဖြစ်ခဲ့သော နွေးနွေးက...
“မိုးဟိန်း... နင်ကလေ သိပ်ရယ်စရာကောင်းတာပဲ၊ ဝ, မရှိဘဲ တော်တော် ဝိ လုပ်ချင်တဲ့လူ”
“ဟုတ်တယ်၊ ငါ ဝ,မရှိသေးဘူးနွေးနွေး။ ဒါပေမဲ့ ‘ဝ’ ရှိအောင် တော့ ကြိုးစားနေတယ်။ ငါ့ဘာသာငါ လောကြီးပြီး လုံးကြီးတင် မိချင်လဲ တင်မှာပေါ့၊ ဒါပေမဲ့ နင်အထင်ကြီးစရာတော့ မဟုတ် ဘူး၊ ဘာလို့လဲဆိုတော့ နင်သိပ်အထင်ကြီးနေတဲ့ အသိုက်အဝန်းလို ဂုဏ်ပကာသနအတွက် အလုပ်လုပ်နေတာမှ မဟုတ်ဘဲ”
“တော်စမ်းပါဟာ... နင်က တကယ်တော့ တော်ပါတယ်၊ ဉာဏ်လဲ ကောင်းသားပဲ၊ ၁ဝ တန်းကို ဘီနဲ့ ခဏခဏအောင်တာ ကလွဲလို့ နင့်မှာ တခြားဘာမှ ပြောစရာမရှိပါဘူး။ အင်္ဂလိပ်စာတွေ လဲ နင် ဖတ်တတ်သားပဲ”
“အင်္ဂလိပ်စာဖတ်တတ်တာတော့ ဂုဏ်ယူတယ်မဟုတ်လား”
“ဘယ်အငြိုးနဲ့ ငါ့ကို ရန်ထောင်နေတာလဲ၊ နင်စောစောက ရွတ်ပြတဲ့ ကဗျာလေးက သိပ်ကောင်း”
“ကဗျာ မဟုတ်ပါဘူး၊ စာပိုဒ်ရိုးရိုးပါ”
“ငါ့ဒိုင်ယာရီထဲမှာ ရေးပေးပါဦး၊ နင်က လက်ရေးလှတယ်၊ တကယ့်ပန်းချီလက်ရေးလေး၊ နင်နဲ့ငါ ဘယ်တော့မှ မတည့်ပေ မယ့် နှင့်လက်ရေးလေးတွေတော့ တစ်သက်လုံး သိမ်းထားပါ့မယ်”
ထိုစာပိုဒ်မရေးခင် မိုးဟိန်းသည် နွေးနွေး၏ ခေါင်းကို တစ် ချက် လှမ်းခေါက်ဖြစ်လေသည်။
ပေါကြောင်ကြောင် ခင်မိမိနွေးနွေး။
ဒီစာပိုဒ်ကို သေသေချာချာဖတ်၊ အဓိပ္ပာယ်ကို
လေးလေးနက်နက်တွေးပြီးမှ ရင်ထဲ သိမ်းထားနိုင်ပါစေ။
သူငယ်ချင်းရဲ့ အမြင်လမ်းကြောင်း ဖြောင့်မှန်စေဖို့
စေတနာထား ရေးပေးလိုက်တယ်။
Light is stronger than darkness.
Nobility stronger than baseness.
Unselfshness triumph over selfishness,
and happiness over sorrow.
we must live like real MEN.
အခန်း (၂)
မွန်အိမ်ခေါ် ဝရန်တာနိမ့်နိမ့်နှင့် ခြေတံရှည်ရှည်သစ်သားအိမ် ငယ်လေးများသည် ဓနိမိုးကျူထရံကာနှင့် ခြံဝင်းထဲများထဲတွင် တည်ငြိမ်အေးချမ်းစွာ ဝပ်စင်းနေကြသည်။ မှိုပင်တချို့သည် အိမ် ခေါင်မိုးတို့ကို မထိတထိတို့ကစားနေကြသည်။
ယခုလို ဝါဆိုခါတော်မီ ဆည်းဆာရောက်လုလုဝယ် ရွှေရောင် ဖြင့် တောက်ပနေသော သစ်ခွအုံများမှ ကြောင်ပြီးတူများ ပွင့်မြဲ ဖြစ်သည်ကို အမှတ်ရမိသည်။ အလိုလိုပင် ချိုသင်းသော ပန်းရနံ့ က နှာဝဝယ်မွှေးထုံလာသည်။ တစ်ခိုင်စ နှစ်ခိုင်စ ပန်းမရမ်းပြာ လေးများကိုလည်း ကတ်ကတ်သတ်သတ် မြင်မိသေးသည်။
သစ်ပင်အောက် လမ်းပေါ်တွင် ကလေးတစ်သိုက် ကုလားမ စည်း ကစားနေကြတာကို အမှတ်မထင်စိုက်နေမိသည်။ တချို့ကျောင်းအဆင်း အိမ်ရောက်သေးဟန်မတူ။ သစ်ပင်အမြစ်ခွကြား များတွင် သူတို့ လွယ်အိတ်အနွမ်းလေးများကို ထောင်ထားဆဲဖြစ် သည်။
ခုနစ်နှစ်ရွယ်မှ ၁၁ နှစ် ၁၂ နှစ်ရွယ်အထိ မိန်းကလေး ယောက်ျားလေးများ လေးငါးယောက်မျှ စုကစားနေကြသည်။ကလေးမငယ်တစ်ယောက်သည် သူ့အလှည့်တွင် ဒိုးပစ်ရင်း နှုတ် ဖျားမှ ချိုအေးသော တေးသံသည် ပျံ့လွင့်လာလေသည်။
ရောင်စုံဘောလုံး
ရောင်စုံဘောလုံး
တစ်လုံးငါးပြား
တစ်လုံးငါးပြား
ကြိုက်တဲ့အရောင် ရွေးပါ
ကြိုက်တဲ့အရောင် ရွေးပါ
တစ်လုံးငါးပြား
တစ်လုံးငါးပြား
ဝဝကစ်ကစ် အဆစ်မပေါ်သော လက်ဖြူဖြူကလေးမှ ဒိုးလေး သည် ညာဘက် စတုတ္ထစည်းအကွက်ထဲသို့ မထောင့်မယွင်း ရှပ် တိုက် ဝင်သွားလေသည်။ သူလေး၏ သီချင်းသံသည် ရုတ်ခြည်း ရပ်နားသွားပြီး ဝမ်းသာအားရ “ဟေး' ခနဲ အော်ကာ လက်ခုပ် လက်ဝါး တီးလိုက်သည်။ ခုန်ဆွခုန်ဆွနှင့် ခြေတစ်ပေါင် ထောက် ကာ စည်းတွင်းသို့ ဝင်လာရင်း...
“ဒီမှာ သေချာကြည့်နော်... တို့စည်းပေါ် မနင်းဘူး”
ခပ်သွက်သွက်လေးပြောနေသည်။ ဘေးမှ ရပ်နေသောကောင် လေး ခပ်ကြီးကြီးက ခေါင်းတစ်ချက်ဆတ်ကာ သီချင်းတအေး အေး နှင့်...
ရောင်စုံဘောလုံး
ရောင်စုံဘောလုံး
တစ်လုံးငါးမူး
တစ်လုံးငါး မူး
“ဟေ့... ဆန်ညို၊ ဘာတွေ လျှောက်ဆိုနေတာလဲ၊ ရောင်စုံ ဘောလုံး တစ်လုံးငါးပြားပါ”
အလှည့်ကျနေသော ကောင်မလေးက ခပ်စွာစွာလေး ဝင်ပြော လိုက်လေသည်။
“တစ်လုံး ငါးမူးပါ”
“ငါးပြားပါဟာ”
“ခု ငါးပြားမဟုတ်တော့ဘူး၊ အားလုံး ငါးမူးချည်းပဲ”
“ဟုတ်ပါတယ်၊ ငါးပြားပါ”
“ငါးမူး”
အသားညိုညိုနှင့် ဆန်ညိုဆိုသောကောင်လေးက စပ်ဖြဲစပ်ဖြဲ မျက်နှာထားနှင့် စ,နေသည်။ ကောင်မလေးသည် ကောင်လေး စမှန်းသိလျက်နှင့် ဇွတ်အတင်းငြင်းကာ ခြေတစ်ပေါက်ကျိုး ခုန် နေရာမှ မောဟိုက်စွာ အသက်ရှူရင်း ကောင်လေးကို မျက်စောင်း တထိုးထိုး လုပ်နေသည်။
မိုးဟိန်းက ပြုံးမိလေသည်။ ကောင်မလေးသည် သတင်းစာ စက္ကူစုတ်အဟောင်းနှင့် ပတ်ထားသော ကောက်ညှင်းဘိန်းမုန့် တစ်ခုလုံးကို ပလုတ်ပလောင်းနှင့် ပါးစပ်ထဲ သွတ်ပြီး စက္ကူလေးကို လွှဲပစ်လိုက်လေသည်။
စက္ကူလုံးလေးသည် မိုးဟိန်းခြေရင်းတွင် ကျလာလေသည်။ သတင်းစာပြတ်စက္ကူကို ဖြန့်လိုက်တော့ ကာတွန်းတစ်ခု ဖြစ်နေ သည်။ ကာတွန်းသဘောမှာ လူငယ်အရုပ်တစ်ရုပ်သည် အထုပ် အပိုးလွယ်လျက် ကြေးနန်းရုံးရှေ့တွင် ရပ်နေဆဲ အနီးမှအဘိုးကြီး တစ်ဦးက ထိုလူငယ်အား...