ခင်ဆွေဦး - ဒို့တိုင်းဌာနီ
(၁)
မြောက်ဘက်သို့လားသော်... တရုတ်ပြည်။
တောင်ဘက်သို့လားသော်. . ဘင်္ဂလားအော်နှင့်မုတ္တမတွေ။
အနောက်ဘက်သို့လားသော်. . အာသံ၊ မဏိပူရပြည်နှင့်
အင်္ဂလားအော်။
ရှေ့သို့လားသော်... တရုတ်ပြည်နှင့် ထိုင်း။
“အထွေး” လူမှန်းသိစ စတုတ္ထတန်း၌ ပညာသင်ကြားခဲ့ ရသော အရွယ်သို့ အရောက်တွင် အထွေးသိခဲ့ရသည့် မြန်မာ ပြည်နယ်နိမိတ်အကြောင်း ဖြစ်ပေသည်။ မြန်မာပြည်မြေပုံကို ကား အထွေးသည် ထိုအရွယ်ကလေးကပင် လက်လွတ်ရေးဆွဲ နိုင်ခဲ့ပေပြီ။ ကွေ့ကောက်တွန့်ချိုင့်သော ပင်လယ်ကမ်းရိုးတန်း များ၊ အကောက်အကွေ့များသော နယ်နိမိတ်များကိုကား တစ် ကြောင်းဆွဲနှင့်ပင် အထွေးရနေချေပြီ။
အာရှတိုက်တောင်ဘက် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့မြောက်လတ္တီတွဒ် ၁၀° မှ ၂၉° အကြား၊ အရှေ့လောင်ဂျီ တွဒ် ၉၂° မှ ၁၀၁° အကြား စသည့် မြန်မာပြည် တည်နေရာကို လည်း “အထွေး” နှုတ်ငုံရခဲ့လေသည်။
“အထွေးရယ်... မင်းမြေပုံဆွဲ သိပ်ကောင်းတာပဲနော်”
ခင်လေးမိသည် အထွေး၏ လေ့ကျင့်ခန်းစာအုပ်မှ မြန်မာ ပြည်မြေပုံကို ကြည့်ကာ တအံ့တသြ ချီးကျူးလိုက်သည်။
“မတော်ပါဘူး မိရယ်၊ ထွေး ခဏခဏ ဆွဲနေလို့ပါ”
ထွေးက ရှက်စနိုးနှင့် ခပ်ရို့ရို့လေး ဖြေလိုက်သည်။
“တကယ်ပါ ထွေးရယ်။ မိကို မြန်မာပြည်မြေပုံဆွဲ သင်ပေးစမ်းပါ၊ မိတို့ကျောင်းက မြန်မာပြည်အကြောင်း မသင် ရဘူးထွေးရဲ့။ မိတို့ဆရာမကလေ... နင်တို့ မြန်မာပြည်က အလကားပဲ၊ ဘာအသုံးကျတာရှိလို့လဲ၊ တိုင်းပြည်က အစက် ငယ်လေးလောက် ရှိတာ၊ ဘာညာနဲ့ သင်မပေးဘူး”
ခင်လေးမိက လေပြည်လေးနှင့် ခပ်အေးအေး ပြောလိုက် သော်လည်း ထွေးသည် ရှူးရှူးရှားရှားဖြစ်ကာ စားပွဲကို လက် သီးနှင့် ထုလိုက်သည်။
“ကြည့်စမ်း... မိတို့ ဆရာမက ကပြားကုလားပီပီ မြန်မာပြည်မှာနေပြီး မြန်မာပြည်ကို မကောင်းပြောတယ်၊ ဒါကို မိ ခံနေသလားဟင်”
“အို... ထွေးကလဲ မခံလို့ ဘယ်လိုလုပ်မလဲ၊ သူက မိတို့ ဆရာမကိုး၊ မိ ဘယ်ပြန်ပြောရဲမလဲ၊ နောက်ပြီး ကမ္ဘာ့မြေပုံ မှာကြည့်လိုက်တော့ မြန်မာပြည်က သေးသေးငယ်ငယ်လေး ရယ်လို့ ဆရာမကပြောတာလဲ မှန်သားပဲလို့ အောက်မေ့တာကိုး”
“ကဲ... ဒီလိုဆို မဖြစ်ဘူး၊ မိ ဒီကျောင်းမှာ မနေပါနဲ့၊ မိ ဒီကျောင်းမှာနေရင် ကျွန်စိတ် ဝင်တော့မှာပဲ”
“ကျွန်စိတ်ဝင်မယ်... ဘယ်လို”
ခင်လေးမိသည် “ထွေး”က စကားကြီးစကားကျယ် သုံး လိုက်သော စကားကို သူ့အရွယ်တွင် နားမလည်နိုင်အောင် ရှိသည်။ စင်စစ် မိနှင့်ထွေးတို့သည် ၁၁ နှစ်ထဲသို့ ဝင်စ အရွယ်တူပင် ဖြစ်သော်ငြားလည်း အသိအမြင်ချင်းမတူကြပေ။ “ထွေး”က အမျိုးသားကျောင်းတွင် ကြီးပြင်းလာရသော်လည်း မိမှာ နို့လွတ်စ အရွယ်ကတည်းက သာသနာပြုကျောင်းတွင် ကြီးပြင်းလာရပေသည်။ သို့ကြောင့် ထွေးပြောသော စကားများ ကို မိသည် နားမလည်နိုင်အောင် ရှိလေသည်။
“ကျွန်စိတ်ဆိုတာလေ... မိရယ် ထွေးတို့ မြန်မာပြည်က ခု သူများကျွန်ဖြစ်တယ်”
“မြန်မာပြည်က ကျွန်? သူများကျွန်? မြန်မာပြည်က လူလဲမဟုတ်ဘဲနဲ့ ဘယ့်နှယ့်ကြောင့် သူများကျွန်ဖြစ်ရတာလဲ၊ ထွေးပြောတာ မိ နားမလည်ဘူး”
မိသည် ကြားဖြတ်ဝင်မေးသဖြင့် ထွေးသည် စိတ်ရှုပ် သွားကာ ခြေထောက်ကလေးများကို ကြမ်းပြင်တွင် ဆောင့်ပြီး ခေါင်းကို တယမ်းယမ်းနှင့် ခါလိုက်သည်။
“ဪ... မိကလဲ နားဝေးသော်တာနော်၊ ထွေး မပြောတတ် တော့ဘူး၊ ထွေး ရှင်းမပြတတ်ဘူး၊ ခက်တာပဲ”
ထွေးသည် ၁ဝနှစ် သမီးအရွယ်ကစ၍ စာဖတ်လေသည်။ ကလေးပေသည့် အမြဲပင် လူကြီးတွေးတွေးသည်။ လူကြီးဆန် သည်။ လူကြီးအနေ နေသည်။ မိက ကစားချင်လို့ လာလည် သည်ကို အဖော်စပ်လို့ မရပေ။ ယခုလည်း မိ ကစားရန် ယူလာသော ကျွဲကော်အရုပ်ကလေးကို အိပ်ရာခုတင်ပေါ်သို့ပစ်တင်ကာ မြေပုံဆွဲကြရာမှ ထွေးသည် လူကြီးပြော ပြော လေသည်။
“မိ သိချင်လို့ပါ ထွေးရယ်၊ သိသလောက် ပြောပြစမ်းပါ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ထွေးတို့ မြန်မာပြည်က ရှင်ဘုရင်သီပေါမင်းကို အင်္ဂလိပ်တွေက ဖမ်း သွားပြီး မြန်မာပြည်ကို မတရား သိမ်းပိုက်ခဲ့တယ်၊ ဒီထဲက ခုချိန်ထိ ထွေးတို့ဟာ အင်္ဂလိပ်ကျွန် ဖြစ်ခဲ့ရတယ်”
ထွေးသည် ၁ဝနှစ်အရွယ် ကလေးငယ်မျှသာ ဖြစ်သဖြင့် သိသလောက် တတ်သလောက် ဝမ်းထဲငုံထားမိသလောက် ပြန် လည် ပြောမပြတတ်ရှာပေ။ မိကလည်း ထွေးလောက်မှ အသိ ဉာဏ် မဝင်သေးသူဖြစ်သဖြင့် မလည့်တလည်နှင့်ပင် မြန်မာ ပြည်၏ ကျွန်ဇာတ်လမ်းကို ခေါင်းထဲတွင် ပြဿနာတစ် ခုသဖွယ် ဝင်ရောက်နေတော့သည်။ အိမ်သို့ ပြန်ရောက်လာ၍ အဖော်များနှင့် ကစားပြန်တော့လည်း ထွေးနှင့် ပြောခဲ့သည် များကို မေ့သွားပေသည်။
*
၁၉၃၉-ခု၊ စက်တင်ဘာလ...
သန်နှောင်းမိုးသည် တဗျန်းဗြုန်း တဒိုင်းဒိုင်းနှင့် အားကောင်း စွာ ရွာဆဲတည်း။
မိသည် အိမ်နောက်ဖေး လမ်းခြားလျက်ရှိသော ထွေးတို့ အိမ်ဘက်သို့ ခမောက်ကလေး ဆောင်းကာ အပြေးအလွှားလာခဲ့လေသည်။ လျှပ်စီးတို့သည် ဝင်းခနဲ ဝင်းခနဲ ပြိုးပြက်ကာ မိုးခြိမ်းသံသည် မြေထုကို ထိုးဖောက်၍ တုန်ဟည်းသွားလေ သည်။
“အို...ဟဲ့ မိမိပါလား၊ ဘယ့်နှယ် မိုးရေထဲ ပြေးလာရတာတုံး"
ထွေးတို့အမေက ထမင်းအိုးမွှေရာမှ မိအား လှမ်းပြော လိုက်၏။
“ထွေးဆီကို လာတာ”
မိသည် မီးဖိုချောင်မှ ကျော်ဖြတ်ကာ ကရောသောပါးနှင့် ထွေးရှိရာအပေါ်ထပ်သို့ လှမ်းတက်ခဲ့သည်။ ထွေးတို့အိမ်မှာ အလုံထီးတန်းတောင်ဖျား ဘင်တန်လမ်းတွင် သစ်ပေါပေါနှင့်ဆောက်လုပ်ထားသော နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်သည်။ လေးထောင့် ကျွန်းသစ်တိုင်များသည် ခံ့ညားလေသည်။ ကြမ်း ပြင်နှင့် လှေကားအဆင့်များသည် ပေါလစ်အရောင်ဖြင့် တပြောင်ပြောင် တောက်ပနေသည်။ လှေကားပေါ်သို့ အပြေးအလွှား တက်လာသော မိသည် တစ်စုံတစ်ယောက်နှင့် တိုက်မိလေ သည်။ အဆင်းအတက်တွင် တက်သူက အောက်ဆင့်တွင် နေရသဖြင့် တစ်ပန်းရှုံးကာ လှေကားထစ်မှ ခြေချော်ပြီး နောက်လန်ကျမလို ဖြစ်သွားသည်။
မိ၏ နုနယ်သော လက်မောင်းအိုးကလေးကို ပူနွေး၍ ကြမ်းသော လက်ဝါးနှင့် ဆုပ်ကိုင်လိုက်သဖြင့်သာ မိ လိမ့် မကျခြင်း ဖြစ်လေသည်။ မိသည် ဖျတ်ခနဲ တုန်လှုပ်လန့်ဖျပ် ကာ မော့ကြည့်လိုက်မိသည်။
“ဟေး... လောလှချည်လား၊ ထွေးနဲ့ မတွေ့မှာစိုးလို့လား”
အောင်မြင်၍ ပြတ်သားကြည်လင်သော အသံဩဇာသည် မိကဲ့သို့ကလေးငယ်ကို နှုတ်ဆိတ်စေသည်။ မိသည် စကားပြန် မပေးနိုင်သေးဘဲ ထွေး၏အစ်ကိုကြီး ကိုသူရကို စိုက်ငေးနေမိသည်။ ထိုစဉ်က ကိုသူရမှာ အသက် ၁၉နှစ်ခန့်သာ ရှိသေး သည်။ ကိုသူရ၏အရပ်မှာ ၅ပေ၊ ၁ဝလက်မခန့် မြင့်မား ကာ ကိုယ်လုံးကိုယ်ထည် အနည်းငယ် ပိန်သဖြင့် အရပ် အလွန် ရှည်သည်ဟု ထင်ရသည်။ သို့သော် ကျယ်ပြန့်သော ပခုံးနှင့် ရင်အုံ၊ ခိုင်ခန့်သော လည်တိုင်တို့ကြောင့် ပိန်သော် လည်း ကြည့်ကောင်းလေသည်။
မတိုမရှည် ဘိုကေဆံစမှာ ပျော့ပျောင်းနုနယ်သဖြင့် ကျယ် ပြန့်သော နဖူးပေါ်သို့ ညွတ်ခွေဝဲကျနေတော့သည်။ အသား အတော်လတ်သဖြင့် နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်ရိတ် ထားသော နေရာတို့မှာ စိမ်းနေသည်။ ကိုသူရ၏ မျက်နှာကိုချည်း ကွက် ကြည့်မည်ဆိုလျှင် လှကွက်လှယောင် မရှိပေ။ ထူထဲသော မျက်ခုံးအောက်မှ စူးရှတောက်ပြောင်သော မျက်လုံးများ၊ မျက်နှာ လုံးလုံးတွင် ထင်ရှားသော နှာတံတို့က ရုပ်ကို ပီသစေသည်။ ကိုသူရ၏ နှုတ်ခမ်းများမှာ ပိပိရိရိနှင့် ပါးလျားသည် ဆိုသော နှုတ်ခမ်းများနှင့် ဆန့်ကျင်ဘက်တည်း။ နှုတ်ခမ်းများမှာ အနည်း ငယ် ထူထဲကာ လုံးဝန်းနေသည်။ သို့သော် နှုတ်ခမ်းများကို စေ့စေ့တင်းထားသဖြင့် ကြည့်ပျော်သည်။
“ထွေး အပေါ်မှာ... မင်းမလာလို့ တစ်ယောက်တည်း ပျင်းနေတယ်ကွ”
“ဟုတ်တယ်၊ ခု ထွေးဆီ သွားမလို့ပဲ”
“အေး. . . အေး သွား၊ မင်းကို ထွေး စောင့်နေတယ်”
ကိုသူရသည် လှေကားမှ အပြေးအလွှား ဆင်းသွားလေ သည်။ မိသည် ကိုသူရ၏ နောက်ကျောကို ငေးစိုက်ကာ ကျန် ရစ်သည်။ ရှပ်ဖြူလက်တိုနှင့် မန်ကျည်းကွက်စိပ် အနက် ချည်လုံချည်မှာ မိမျက်စိထဲတွင် ယနေ့ထက်တိုင် ပြန်လည် မြင်ယောင်နေသေးသည်။ ထိုစဉ်က မိ၏အမြင်၌ ကိုသူရသည် မြန်မာ့လွတ်မြောက်ရေး တိုက်ပွဲတွင် ရှေ့တန်းမှ ဝင်ရောက် ဆင်နွှဲမည့် မျိုးချစ်လူငယ်လေးဟု မတွေးတတ်သေး။ မိ၏ စိတ်ထဲ၌ကား ကိုသူရသည် ထွေး၏အစ်ကိုကြီး အကြီးဆုံး၊ မိမိ၏ နှစ်ဝမ်းကွဲအစ်ကို၊ လေးစားခံ့ညားထိုက်သော လူ တစ်ယောက်အဖြစ်သာ မြင်နေခဲ့သည်။
“လှေကားက အတက်မှာ အစ်ကိုကြီးနဲ့ တိုက်မိလို့ ထွေးရယ်”
ထွေးသည် စားပွဲပေါ်တွင် နေ့စဉ်မှတ်တမ်းကို လူကြီး ဂိုက်ဖမ်းကာ ရေးနေသည်။ ထွေး၏ လက်ရေးများသည် ဝိုင်း စက်လှပသည့်အပြင် ထွေးသည် မြန်မာစာ တော်သည်။ မိသည်ထွေးကဲ့သို့ ရေးတတ်ဖို့ နေနေသာသာ ဖြောင့်အောင် ပင် မဖတ်တတ်ပေ။
“အစ်ကိုကြီးက ဒီလိုပဲ အလုပ်သိပ်များတယ်၊ သူလေ ဘာမှမမြင်ဘူး၊ ထွေးနဲ့လဲ ခဏခဏ တိုက်မိတာပဲ” “ထွေး အဲဒီစာအုပ်ထဲမှာ နေ့တိုင်း မှတ်တာပဲလားဟင်”
ထွေးက ခေါင်းညိတ်ပြလိုက်သည်။ မိသည် ထွေး၏မှတ်တမ်းစာအုပ်ကို ဆွဲယူကြည့်လိုက်သည်။ မိစိတ်ထဲ၌ ထွေး ကို အလွန်အားကျနေသည်။ ထွေးလို တော်ချင်သည်။ သိတတ် ချင်သည်။ စာအုပ်မှာ ကော်ပီစာအုပ်အရွယ် အနက်ရောင် ကတ်ထူဖုံးနှင့် ဖြစ်သည်။ စာအုပ်ထဲတွင် နေ့စွဲများ ပါသည်။
“ထွေး ခုမှ စမှတ်တာပါ၊ ဒီစာအုပ်ကို အစ်ကိုကြီးက ပေးတာ၊ ထွေးဒိုင်ယာရီ မှတ်ချင်တယ်လို့ မေမေ့ကို ပူဆာ တာ အစ်ကိုကြီးက ကြားသွားလို့ ဒီစာအုပ်ကို မပျောက်စေနဲ့ ယူထား၊ ပြီးတော့ နေ့တိုင်း မှန်မှန်မှတ်ဆိုပြီး ပေးထားတာ”
၁၁နှစ်အရွယ်ထဲတွင် ရှိသေးသော်လည်း ထွေး၏ မျက်နှာ ဣန္ဒြေဆောင်ထားပုံမှာ လူကြီးအတိုင်းပင်။ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ထွေးအား ငေးမောကြည့်ရှု နေသည်။
“ဒီလိုဆိုရင် မိလဲ မှတ်ချင်လိုက်တာ”
“မှတ်ပါလား မိရယ်၊ နေ့စဉ်မှတ်တမ်းထားတာဟာ အဖိုးတန်တဲ့ အကျင့်ပဲလို့ ထွေးတို့မေမေက ပြောတယ်”
“မိက ထွေးလို ရေးတတ်မှာ မဟုတ်ဘူး၊ ခက်တာပဲ”
မိတို့ကျောင်း၌ စတုတ္ထတန်းတွင် သူငယ်တန်းဖတ်စာ လောက်သာ သင်ရသည်။ မြန်မာစာကို အိမ်၌ သင်ရသည်။ မိ၏ မေမေက မအားသဖြင့် ဒေါ်ကြီးတော်သူ ဒေါ်နှင်း (ထွေးတို့မေမေ)က မိအား အားလပ်ချိန်၌ မြန်မာစာ သင် ပေးသည်။ ထိုအချိန်၌ မိမှာ မြန်မာစာ ၂တန်း၊ ၃တန်း လောက် တတ်နေပေပြီ။ ထွေးမှာမူကား ၄ တန်းတွင် ရှိသော် လည်း ၄တန်းမကအောင် မြန်မာစာ တတ်နေပေပြီ။ ထို့ပြင် မြန်မာဝတ္ထု၊