Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်ဆွေဦး - တက္ကသိုလ်စာမျက်နှာများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

တက္ကသိုလ်များ အရိပ်နှင့် 

စာရေးသူအမှာစာ

(၁) 

          ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ ပညာရေး တက္ကသိုလ်တို့မှာ အကြောင်းအားလျော်စွာ ကျွန်မပညာသင် ကြားခွင့် ရလာတဲ့ဘဝ စံပယ်ဖြူမဂ္ဂဇင်းမှာ ကျွန်မလစဉ် ဆောင်းပါးတွေ ရေးဖြစ်ခဲ့ပါတယ်။ ကျွန်မရေးတဲ့ ဆောင်းပါး တွေကို မြန်မာပြည်တင်ပါမက ပြည်ပမှ စာချစ်သူတွေကပါ ဖတ်ရှုအားပေးကြတာကြောင့်မို့ ဝမ်းမြောက်ဝမ်းသာနဲ့ ကျေးဇူး တင်ကြောင်း အရင်ပြောကြားလိုပါတယ်။

          မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် တည်ထောင်ခါစ ၁၉၂ဝ လောက်မှ အစပြုလို့ စစ်ဖြစ်လုဆဲဆဲ ၁၉၄၁ ခုနှစ်ထိ စစ်ပြီးစ ၁၉၄၆ ခုနှစ်မှ ၁၉၅၀ ခုနှစ်...၊ ၁၉၅၁-၁၉၅၅ (သင်ကြားရေး စနစ်ပုံစံအကြောင်း) ဒါကျွန်မရဲ့ စာသင်နှစ် များ၊ ၁၉၅၆- ၁၉၆၁ ခုနှစ် (ရန်ကင်း-ထီးတန်းကောလိပ်)စသည်ဖြင့် အကြမ်းဖျင်း အချိန်တွက်ကြည့်ရင် ၁၉၅၁-၁၉၅၅ ခုနှစ်ဟာ ကျွန်မရဲ့ စာသင်နှစ်တွေပါပဲ။ အဲဒီ ၁၉၅၁-၁၉၅၅ ခုနှစ်မှာရန်ကုန်တက္ကသိုလ်မှာ သုံးနှစ်၊ မန္တလေး တက္ကသိုလ်မှာတစ်နှစ် စုစုပေါင်း စာသင်ချိန်လေးနှစ်တာ ကာလဖြစ်ပြီး ၁၉၆၅-၆၇ခုနှစ်ကတော့ ကျွန်မအထက်တန်း ပြဆရာမ (လသာ-၂) အဖြစ် “စာသင်ခွင့်” (Study Leave) နဲ့ ပညာရေးတက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ ဘီအေ (Bachelor of Arts) အဖြစ် ဘီအီးဒီလို့ခေါ်တဲ့ ဘွဲ့လွန် ပညာရေးဘွဲ့ (Bachelor of Education) အတွက်ပါ တက်ရောက်ခွင့် ကြုံ ခဲ့ပါတယ်။

          အလုပ်လုပ်ခဲ့တာ (၁၀) နှစ်ကြာပြီးမှ တက္ကသိုလ် ကျောင်းသူ ဖြစ်ရပြန်လို့ ကျွန်မတက္ကသိုလ်ရဲ့ အရိပ်တွေ၊ အငွေ့အသက်တွေကို တတမ်းတတစွဲငြိခဲ့တာ အမှန်ပါပဲ။

          ပထမ အဓိပတိလမ်းမမှ ရေတမာပင်များက အစပြုလို့ မြက်ခင်းစိမ်းစိမ်းနဲ့ သစ်ပင်ထူထူ တောအုပ်ငယ်တွေ သစ်အိုပင်၊ သရက်ပင်၊ မရန်းပင်တွေ၊ ပင်စည်ကြီးမားလှတဲ့ သစ်ပုပ်ပင်၊ နွေဦးမှာ သစ်ရွက်တွေတဖြုတ်ဖြုတ် ကြွေကျလေ့ ရှိတဲ့ မဟော်ဂနီပင်၊ ယုဒသန် (ရှေးအခေါ် ဂျပ်ဆင်) စာသင် ခန်းတွေရှေ့မှ ဘိုဟီးမီးယားခေါ် စွယ်တော်ပင်တွေ၊ ယုဒသန် ဘုရားရှိခိုးကျောင်းရှေ့မှ ဝါးရုံပင်တွေ၊ သီရိဆောင် ဆင်ဝင် ဘေးနံရံမှာတွယ်ကပ်တက်နေတဲ့ အိုင်ဗွီပန်းခရမ်းရောင်တွေ၊ အင်းလျားဆောင်ရှေ့မှ ကံ့ကော်ပင်တန်း၊ ပင်မတက္ကသိုလ် တစ်ဖက်ကမ်းကူးပြီး ပညာရေးတက္ကသိုလ် ဆက်သွားရာ ကတ္တရာ လမ်းပြောင်ပြောင် ဘေးနှစ်ဖက်မှ ခရေပင်တွေစီတန်းပေါက်နေတာမို့ ခရေလမ်း၊ ပိတောက်ပင်တန်းလည်း ရှိနေတာမို့ တချို့အခေါ် ပိတောက်လမ်း၊ “ခက်လည်း စိပ်စိပ်၊ ရိပ်လည်း မြိုင်မြိုင်၊ ဝင့်ခိုင်သီးမှည့်” ဆိုတဲ့ ကန်တော် မင်းကျောင်း ဆရာတော်ရဲ့ အဖွဲ့အနွဲ့ လို သာယာ လှပြီး ကျွန်မပညာရင်နို့ သောက်စို့ခဲ့ရတဲ့ အမိတက္ကသိုလ် မြေကို လွမ်းမဆုံးနိုင်တာ အမှန်ပါပဲ။

          အခါမလပ်ကြားနေရတဲ့ ချိုးငှက်ကူသံတွေ၊ ကျေးငှက် သာရကာတေးသီဖွဲ့သံ၊ နွေရာသီ မတ်လဦးမှာ စတင်ကြား ခဲ့ရတဲ့ ဥသြငှက်တွေရဲ့ မြည်ကြွေးသံ..အားလုံးဟာ အလွမ်းဖွဲ့ ချည်းပါပဲ။ စာရေးဆရာတွေကလည်း တက္ကသိုလ်နောက်ခံ ဝတ္ထုတွေ ရေးလာကြတာ စာဖတ်သူတွေကို အတော်လွှမ်းမိုး လာခဲ့ကြပါတယ်။ စာရေးဆရာ တစ်ဦးကတော့ တက္ကသိုလ်ကျောင်းလာတက်တဲ့ ကျောင်းသူတွေဟာ လင်လာရှာတာလို့ ရေးပေမယ့်လည်း စိတ်မဆိုးနိုင်ဘဲ သူရဲ့ အချစ်ဝတ္ထုတွေကို ဖတ်ရှုစွဲလမ်း နေခဲ့မိပါတယ်။ အဲဒီတုန်းက တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုတွေ ပလူပျံသလို ထွက်ပေါ်လာပြီး စာဖတ်သူတွေ အသည်းစွဲ ဖြစ်လာပါတယ်။

          ပုဂ္ဂိုလ်အရ ပြောမယ်ဆိုရင် ကျွန်မတက္ကသိုလ်ရောက်စ အိပ်မက်ကမ္ဘာ (Dream World) ထဲမှာ သမိုင်းစာမျက်နှာ ပြုစုဖို့ဆိုတဲ့ အဓိကရည်မှန်းချက် ကျွန်မရဲ့ နှလုံးအိမ်ထဲ မြှုပ်နှံ လို့ပေါ့။ ကျွန်မတို့နောက် ၁၅ နှစ်အကြာမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘဝရေးဖွဲ့ကြတဲ့ ကဗျာတွေမှာလည်း ဒီလိုရည် မှန်းချက်တွေ ရင်ထဲတည်ဆောက်ကြလို့ ။

ချစ်စရာ မိုးဥတု 

သမိုင်းစာမျက်နှာ ပြုစုဖို့ 

လူငယ်တစ်စု ရောက်လာကြတယ်။ 

မောင်သစ်လွင် စာရင်းထဲ 

ကျွန်တော်လည်း ပါခဲ့တယ်။ 

ပတ်ဝန်းကျင်အသစ် 

ချစ်စရာ တက္ကသိုလ်ဘဝ 

ခဏတော့ ရခဲ့ပါရဲ့ ..တဲ့

 

(၂) 

          ကျွန်မတို့ ဘာလုပ်လုပ် အဓိပ္ပာယ်ရှိရမယ်။ ကိုယ်နှုတ်၊ နှလုံးသုံးပါး အဓိပ္ပာယ်ရှိတာပဲ ဖြစ်စေရမယ်။ အဲဒီတုန်းက အသက် ၁၇ နှစ်အရွယ် ကျွန်မလည်း တက္ကသိုလ်ကျောင်းသူ ဘဝနဲ့ စာရေးဆရာမ ပေါက်စအဖြစ် စာတွေရေးခဲ့ပါတယ်။ ကျွန်မတို့ခေတ်ရဲ့နှလုံးခုန်သံတွေဟာ လူ့ဘဝ ပန်းချီကားချပ် သို့မဟုတ် ကဗျာတွေပါပဲ။

          ဒီမှာ အကျင့်ဖောက်ပြန်နေသူတွေ၊ အမှန်တရားမှ သွေဖည်သူတွေ၊ ပညာတတ်ဉာဏ်နဲ့ ပကာသနဖက်သူတွေ၊ အပေါ်ယံမျှသော တွေးတတ်သူတွေ မရှိဘူးမဟုတ်ပါဘူး။ ရှိကြပါတယ်။ ပန်းပေါင်းစုံပွင့်ကြတာပဲ။ အဲဒီအထဲမှာ အဆိပ်ပန်းတွေလည်း ပါမှာပေါ့။ ဘာပဲပြောပြော တက္ကသိုလ် ဘဝဟာ ချစ်စရာကောင်းပါတယ်။ ဘဝရဲ့ အနာဂတ် အလှ အတွက်လည်း ရှင်သန်မှန်းမသိ ရှင်သန်လာတာပါ။ ကျွန်မတို့ ဘဝပတ်ဝန်းကျင်၊ ကျွန်မတို့ ခေတ်ရဲ့ အရိပ်တွေ၊ ခံစားမှုတွေ၊ရင်ခုန်သံတွေဟာ စာဖတ်သူတွေအတွက် ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်တွေ မျှဝေခံစားကြရင် ကျွန်မဒီရန်ကုန်၊ မန္တလေးနဲ့ ပညာရေး တက္ကသိုလ် ဆောင်းပါးတွေ ရေးရ ကျိုးနပ်ပါပြီ။

          ကျွန်မတို့ မြန်မာတွေ ဘဝကို အလဟဿ ဖြုန်းတီး တဲ့ လူစားတွေ မဖြစ်စေချင်ပါဘူး။ ကျွန်မချစ်တဲ့ စာဖတ်သူတွေ ပြည်သူတွေနဲ့ လောကသားတွေ ရွှင်လန်းသာယာ ရှိကြ ပါစေ။