ခင်ခင်ထူး - ဝထ္ထုတိုငါးပုဒ်
သည်နားတစ်ဝိုက် လေး ငါး ဆယ်ရွာကလူတွေ အားလုံးလိုလို ပါပဲ။ ဆီကလေး ပျားကလေး လိုချင်လို့၊ ကိုယ့်အခင်းကထွက်တဲ့ သစ်စေ့သစ်နှံ၊ ပဲကလေး၊ မှော်ကလေး ရောင်းချင်လို့၊ တစ်ရွာတစ်ရွာ လူကြုံမှာစရာရှိလို့၊ အလှူရယ် ဆွမ်းကျွေးရယ် ဖိတ်ချင်လို့၊ ကြွေးဟောင်းကလေး ဆပ်၊ ကြွေးသစ်ကလေး ယူချင်လို့ စသည်အားဖြင့် ရည်ရာရွယ်ရာ အကြောင်းကိစ္စကို အခြေခံပြီး ကုန်းကြီးဈေးကို လာကြ ရတယ်။ တောဈေးဆိုတော့ ဈေးကြီးတော့လည်း မဟုတ်ပါဘူး။ မြစ်ဆိပ်နဲ့ မနီးမဝေး ကုန်းတန်းကလေးပေါ်မှာ လေးရက်တစ်ခါ ခင်း ရောင်းကြတဲ့ ဈေးပါ။ ကုန်းတန်းပေါ်ကဈေးဆိုတော့ ကုန်းကြီးဈေး တဲ့။ ကုန်းကြီးရွာရယ်လို့တော့ မရှိပါဘူး။
ကုန်းကြီးဈေးကို လှည်းနဲ့လာကြသူ၊ လှေနဲ့လာကြသူ၊ ကုန်းကျင်း ကုန်းကြောင်း လျှောက်လာကြသူတွေရယ်လို့ အမျိုးမျိုးရှိတာပေါ့လေ။ မြစ်နားရွာတွေကတော့ နွားအပန်းမခံကြဘူး။ ကမ်းနားဆိုက်ထားတဲ့လှေ တွန်းထုတ်ပြီး လှော်လာရုံပါ။ အဆန်လှော်လာကြရမယ့် ရွာတွေ တော့ ဝီရိယကလေးထားပြီး ကြက်ဦးတွန်လောက်ကတည်းက မြစ်ကြီး မှောင်မှောင်ထဲ တစွပ်စွပ် လှော်လာကြရတာပါ။ အစုန်လှော်တွေက လည်း ဝီရိယမရှိလို့ မရပါဘူး။ ဈေးက မိုးလင်းပြီးမကြာဘူး မနက် စက်နာရီ ရှစ်နာရီလောက်ဆိုရင်ပဲ ဈေးကွဲချင်ပြီ။ တောဈေးဆိုတော့ ဆိုင်ကြီးကနားကြီးမှ မရှိဘဲနဲ့။ ကိုယ့်တောင်း ကိုယ့်ဖျာခင်းပြီး ဆိုးဆိုး ဆတ်ဆတ် ရောင်းသူကရောင်း၊ ချိုးဖဲ့ဖျတ်ဖျတ် ဝယ်သူကဝယ်ပြီး တော့ ပြန်ကြတာ များတာကိုး။ များသောအားဖြင့်ကတော့ ကိုယ့်ကုန် ရောင်း သူ့ကုန်ဝယ်ကြတာပါပဲ။ လေးရက်တစ်ခါလောက် စားနိုင်တဲ့ မုန့်ပဲသရေစာကို မက်လို့ လာကြတာလည်း ရှိတာပေါ့။ ဈေးထဲမှာ ကိုယ်တွေ့ချင်တဲ့ရွာက လူကိုရှာပြီး စာလူကြုံ၊ ပါးစပ်လူကြုံပါးချင်လို့ လာကြတာလည်း ရှိတယ်။ သည်လို လာကြသူတွေထဲမှာ အရီးရင်းငြိမ် လည်း ပါတယ်။ အရီးရင်းငြိမ်က ဈေးနေ့တိုင်း ကုန်းကြီးဈေးကို လာမှန်းသိကြတော့ ချောင်းဆင်းရွာ လူကြုံမှာချင်သူက လူကြုံမရှိမှာ မပူရဘူး။ အနည်းဆုံး အရီးရင်းငြိမ်ကိုတော့ မတွေ့ မရှိဘူး တွက်ကြ တာကိုး။
အရီးရင်းငြိမ်က ချောင်းဆင်းသူပါ။ အသက်ကလေးလည်း ရလှ ပါပြီ။ နဖူးပြောင်ကြီးနဲ့ ၊ နားရွက်ပျော့ပျော့မှာ တွဲလောင်းကျနေတဲ့ နားတောင်းကြီးနဲ့၊ သနပ်ခါးပိန်းကျားကြီးနဲ့၊ ထဘီ တရွတ်တိုက်ကြီးနဲ့ ဈေးထဲ တလန်းလန်းသွားနေတာကို မမြင်ချင်လို့လည်း မရဘူး။ ဈေး ကလေး ဆန်ကာခုံလောက်ထဲမှာ လူကို ခလုတ်မတိုက်ရင် ကံကောင်း။
“ရီးငြိမ် အတော်ပဲ၊ ချောင်းဆင်း မှာစမ်းပါရစီတော်။ ကိုဘစီတို့ မခင်ပေါတို့ သိသမှုတ်လား။ ကူးတို့လျားပို့နေမဲ့ ကိုဘစီဟာကော။ သန်ဘက်ခါ ပေပင်ကုန်းကို ဆက်ဆက်လာပါဦးလို့ မှာလိုက်ချင်သားစကားတစ်ဆင့် ကမ်းပါရစီ”
“ဘစီ သိပါ့အေ။ မင်းသား ဘိုကေသန်းစိန် ကြည့်ချင်ရင် သူ့သာ ကြည့်၊ တကတည်း တူသာ။ အေးအေး မနက်ဖြန်နော်”
“သန်ဘက်ခါပါ ရီးငြိမ်ရဲ့” “အေးအေး စိတ်ချနော့”
သည်လိုမှာလိုက်လို့ အရီးရင်းငြိမ်က မေ့သွားတယ်မရှိဘူး။ ပြော ဖြစ်အောင် ပြောတာပါ။ မပြောလို့လည်း မဖြစ်ဘူး။ တစ်ရွာတစ်ရွာဆောင်ပါးမှုက ဓလေ့ကိုး။ အမှာခံရသူက မသွားချင်လို့ မလာချင်လို့ သာ ရှိရမယ်။ ပြောရမယ့်သူကတော့ မပြောလိုက်ရလေခြင်းဆိုတာ မရှိဘူး။ အရီးရင်းငြိမ် ကုန်းကြီးဈေးကို ဈေးနေ့တိုင်း ဝတ်မပျက်လာတာ ကတော့ ဈေးဝယ်ဖို့ မဟုတ်ပါဘူး။ ဈေးရောင်းဖို့လာတာဆိုတော့လည်း မဟုတ်ပြန်ဘူး၊ အသက်ရယ်လို့ ခြောက်ဆယ်ကျော်ပြီဆိုပေသိ လက်လှဲလှေကလေး ရေထဲတွန်းထုတ်ပြီး ဇွပ်ခနဲ ဇွပ်ခနဲ လှော်လာတာ အကြောင်းရှိတယ်။ ပွဲစနည်းနာဖို့လာတာ။ သည်ဈေးကိုလာရင် သည် နားတစ်ဝိုက်ရွာတွေမှာ အလှူအတန်းရှိလို့၊ ဘုရားပွဲရှိလို့၊ ဘုန်းကြီးပျံပွဲ ရှိလို့ ပွဲထည့်တယ် ပွဲပါတယ် စသည်ဖြင့် ကြားနိုင်တာကိုး။
အရီးရင်းငြိမ်အကြောင်း သိနေကြသူတွေဆိုတော့ ဈေးထဲ မည်း မည်း မည်းမည်းနဲ့ ထိုးထိုးထောင်ထောင်ကြီး သလားနေတာတွေ့ရင် ဘယ်ရွာမှာတော့ ပွဲရှိတယ်၊ ဘယ်နေ့ပွဲဝင်လိမ့်မယ်၊ ဘယ်နှချီဖြင့် ဘယ်နှချီကအစ ပြောတတ်ကြတယ်။ သည်နားရွာတွေမှာက ဘယ်ရွာ ပဲ သွားသွား၊ ဆွေရင်းမျိုးရင်း ဆွေမျိုးဝေး ရှိရှိ မရှိရှိ တစ်ညတန် သည် နှစ်ညတန်သည် ဘယ်သူ့အိမ်တည်းတည်း ရတာချည်းဆိုတော့ ခိုစရာတည်းစရာကိစ္စက ပူစရာမရှိဘူး။ စစ်စီးသုတ် (သစ်စေးသုတ်) တောင်းကလေးရွက်ပြီး တဘက်ပွဲကြီးတစ်ထည် ပခုံးတင်လာတဲ့ မိန်းမအိုကြီးတစ်ယောက် ပွဲအဝင်ညမှာ မလာမရှိ လာကိုလာတော့မယ် ဆိုတာ ကြိုသိတဲ့ ရွာချည်းပဲ။
“ဟဲ့.. မိုးနံကုန်းမှာ ပွဲရှိရအောင် ဘုရားပွဲက တပို့တွဲလမှပါ၊ အလှူရှိလို့လား”
“အလှူ၊ ရီးငြိမ်ရဲ့ ။ ကိုစံဖေတို့အလှူလေ။ ဇာတ်မှ မြင်းခြံတက် ငှားသာ တော်ရေ။ ဘယ်မှသွားမနေနဲ့၊ ကျုပ်တို့အိမ်သာ လာခဲ့၊ ချောင်း ဆင်းကနေ ဆိတ်စာပင်ကို လှေလှော်လာခဲ့။ ဆိတ်စာပင်ရောက်တော့ နှစ်တိုင်လျှောက်ရင် ကျုပ်တို့ရွာ ရောက်ပြီ”
သည်နားရွာတွေကို အရီးရင်းငြိမ် မသွားတတ်မရှိပါဘူး။ တောသူ တောင်သားတွေ ထုံးစံ စကပီနကြား (စကားပီ နားကြား) ပြည့်စုံ အောင် ပြောတတ်ကြတဲ့ အကျင့်ကြောင့် ခရီးလမ်းကိုပါ ပြောကြတာ ပါ။ အရီးရင်းငြိမ်က သည်လောက်နဲ့ လက်မခံသေးဘူး။ သေချာဖို့ လိုသေးတာကိုး။ မိုးနံကုန်းလှည်းတွေ ရပ်ထားတဲ့ ဈေးကုန်း တောင် ဘက်က ချောက်ထဲဆင်းပြီး မေးသေးတာပါ။ တစ်ခါတလေ ရက်မှား လို့ ကြိုရောက်မိတာ၊ တစ်ရက်နောက်ကျပြီး ရောက်သွားတာ မရှိဖူးတော့ သေချာအောင် မေးရတယ်။ ကိုက်ပြီဆိုရင် ဈေးထဲက လက်သုပ် တစ်ပွဲ ပလုတ်ပလောင်းစားပြီး လှေဆိပ်ဆင်း လှေကလေး လှော်ပြန် တာပဲ။ ဈေးနေ့မှာ လှေကလေးနဲ့ ပြန်လာပြီဆိုရင် အရီးရင်းငြိမ် အိမ်သား ဘိုးပြောင်းက သိပြီ။ မရင်းငြိမ်တော့ ပွဲစနည်းနာတာ အဆင်ပြေလာပြီပေါ့ လေ။ အရီးရင်းငြိမ် ပွဲကြိုက်မှန်းသိတော့ အိုကြီး အိုမကျခါမှ တားလည်း တားမနေတော့ပါဘူး။ သားသမီးတွေ၊ ဆွေတွေမျိုးတွေဆိုတာ မပြောနဲ့၊ လင်သားက မသွားရဘူးဆိုတာတောင် မဖြစ်ဖြစ်အောင် သွားသူဆိုတော့ ဘာရလိမ့်မတုံး။
“ရင်းငြိမ် ပွဲက ဘယ်မှာသဲ့တုန်းဟ။ ဘုန်းကြီးပျံ ဧယင်ကျူးဖြစ်နေပါ့မဟာ”
“တော့်ပါးစပ်ကလေ နှုတ်ကြောင့်ကျေ လက်ကြောင့်သေ၊ မဦး မရာ မပြောစမ်းပါနဲ့ ။ ဇာတ်မှ မြင်းခြံက ဇာတ်သဲ့တော်။ ဇာတ်လှေ ကြီး မြစ်ထဲက ရေကင်းတီးလာမှ တော့်ခါးပုံစ ဆွဲပြရဦးမယ်” ။
အရီးရင်းငြိမ်က အဲသလောက် ပွဲကြိုက်တာပါ။ အရီးရင်းငြိမ် ပွဲကြိုက်မှန်းလည်း လူတိုင်းကသိတော့ ဟိုတုန်းက ပွဲစားကြီးကတော်တွေကို ပွဲကတော် ခေါ်ကြသလို အရီးရင်းငြိမ်ကိုလည်း ရွာက ပွဲကတော်လို့ ခေါ်ကြတယ်။ ပွဲကြည့်ရင်း ခြေစကြာဖြန့်နေလေတော့ အရီးရင်းငြိမ် မရောက်ဖူးတဲ့ ရွာရယ်လို့လည်း မရှိပါဘူး။ တစ်ယောက်ယောက်က “ရီးငြိမ်ရယ် ကျွန်မ လိုက်ခဲ့ပါရစီ” ဆိုတော့လည်း မလိုက်နဲ့ မဆိုပါဘူး။ လှေပေါ်တင် ခေါ်လာတာပဲ။ ဘယ်ရွာမှာတော့ ဘုရားပွဲ ရှိပြီ၊ ပွဲပါပြီဆိုတာနဲ့ ထဘီကျစ်ကျစ်ပါအောင် ဝတ်တဲ့ပြီး ရက်တွက် နေတော့တာပါ။