Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကြူကြူသင်း - ဝထ္ထုတို၅ပုဒ်

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out
Type

စည်းရိုးကလေးလုံလုံခတ်မယ်

“ကားဂိတ်နှင့် သိပ်မဝေးလှဘူးကွ။ အေးတို့ အထည်စက်ရုံကို တော့ ဆယ့်ငါးမိနစ်လောက် လျှောက်ရလိမ့်မယ်ထင်တယ်။

အငယ် ကောင် ကျောင်းတက်ဖို့လည်း စက်ဘီးတစ်စီး ဝယ်ပေးရလိမ့်မယ် အေးရေ၊ ကျောင်းနဲ့က နည်းနည်းလှမ်းတယ်”

ကိုအောင်လှက အိမ်ကလေးကို လှည့်ပတ်ကြည့်ရင်း သူ့အတွေး ကို ပြော၏။ မခင်အေးက စေ့စေ့စပ်စပ်လိုက်ကြည့်နေရင်းက

“အိမ်က နည်းနည်းကျဉ်းတယ်နော်”

“သိပ်တော့ မကျဉ်းလှပါဘူး အေးရဲ့။ အိပ်ခန်းနှစ်ခန်းဖွဲ့ ထား တာပါတယ်။ ဟိုနောက်ဘက်မှာ မီးဖိုချောင် အဆွယ်ကလေးလည်း ပါတယ်လေ။ ပြီးတော့ အိမ်ရှေ့ဘက်မှာရော ဘေးနှစ်ဖက်မှာရော မြေပိုကလေး ရှိတယ်လေ။ အေးကြိုက်တဲ့ ပုံစံလေးပဲဟာ”

“အင်း... ဟုတ်ပါတယ်။ ကိုအောင်သဘောကျရင် ပြီးတာပါပဲ။ နှစ်သောင်း၊ သုံးသောင်းလောက် လျှော့ဖို့ ဈေးဆစ်ကြည့်ပါဦးလား ကိုအောင်ရဲ့၊ သွပ်နှစ်ချပ် သုံးချပ်လည်း လဲရဦးမှာလေ။ ပြောကြည့်ပါဦးလား”

“အဲဒါတော့ ရမယ်မထင်ဘူး အေးရဲ့.......။ ကိုယ့်သူငယ်ချင်းက စကားကုန်ပြောပြီးသား၊ သူ့ဈေးနဲ့သူတော့ တန်ပါတယ်အေးရယ်။ ကိုယ်တို့နေခဲ့တဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးနဲ့စာရင် ဒီနေရာကလေး က ပိုပြီး အသက်ရှူရချောင်ပါတယ်။ သစ်ပင်၊ ဝါးပင်၊ စိမ်းစိမ်းစိုစို ကလေးတွေ မြင်ရတာကိုက စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်။ အေးပဲ ဒီလိုအပင်ကလေးတွေနဲ့ နေချင်တယ်ဆို”

“ဟုတ်ပါပြီ ကိုအောင်ရဲ့ ၊ အေးလည်း ဒီနေရာကလေးကို ကြိုက်ပါတယ်” ။

“ကိုယ်ကတော့ ခေါင်းရင်းဘက်က အပွင့်တွေ ဝေနေတဲ့ သရက်ပင်ကလေးကို သိပ်သဘောကျတာ၊ ခြေရင်းဘက်ကိုလည်း ကြည့်လိုက်ပါဦး၊ ဒန့်သလွန်ပင်ကလေးကလည်း အပွင့်တွေ ဖွေးလို့”

“ဟုတ်ပါပြီ ကိုအောင်ရဲ့ ဒီအိမ်ကလေးပဲ ယူလိုက်ကြပါစို့”

မခင်အေးက ထပ်ခါ ထပ်ခါ သဘောတူကြောင်း ပြောရလေ သည်။ သို့တိုင် ကိုအောင်လှက အထွန့်တက်လိုက်သေးသည်။

“သားကြီးကလည်း ဒီနေရာလေးကို သဘောကျတယ်တဲ့ကွ။ သူကလည်း ဒီလိုနေရာမျိုးလေးမှာ နေချင်တာတဲ့”

သည်လိုနှင့် လင်မယားနှစ်ယောက် စိတ်တူကိုယ်တူ ဆုံးဖြတ် ကာ အိမ်ကလေးကို ဝယ်ဖြစ်ခဲ့သည်။ မြေဂရန်ထဲတွင် ပေသုံးဆယ်၊ ပေခြောက်ဆယ်ဟု ဖော်ပြထားသော်လည်း ခြံစည်းရိုး ခတ်မထား သောကြောင့် ထိုထက်ပို၍ ကျယ်ဝန်းသည်ဟု ထင်ရသည်။ ထိုမြေ ပေါ်ရှိ အိမ်ကလေးမှာ အုတ်ဖိနပ်ခံလျက် သွပ်မိုးပျဉ်ထောင်၊ လျှပ်စစ် မီး အပြည့်အစုံဖြင့် ခပ်ထည်ထည်။ အိမ်ကလေးမှာ သူတို့မိသားစု ငါးယောက်အတွက် ကျယ်ဝန်းသည်ဟု မဆိုသာသော်လည်း နေပျော်သည်ဟု ကျေနပ်နေကြသည်။

အိမ်ကလေး၏ ရှေ့တွင် မြေနီလမ်းမကျယ်ကြီး ရှိသည်။ ထို လမ်းမကျယ်ကြီးမှ ဆယ်လေးငါးလှမ်းမျှကွေ့ဝင်လာပြီး လှေကား သုံးထစ် တက်လိုက်လျှင်ပင် သူတို့အိမ်ကလေး၏ ဖိနပ်ချွတ်ပေါ်သို့ တိုက်ရိုက်ရောက်တော့သည်။ သူတို့ အနှစ်နှစ်ဆယ်ကျော် ငှားရမ်း နေခဲ့ရသည့် လှေကားအထစ်သုံးဆယ်ကျော်တက်မှ ရောက်သည့် တိုက်ခန်းနှင့်တော့ အကွာကြီးကွာသည်။ ခြေလည်း မညောင်း၊ အမောလည်း မဆို့။

ရိုးရိုးသားသား၊ ကြိုးကြိုးစားစား အလုပ်လုပ်ကြပြီး ခြစ်ခြစ် ကုတ်ကုတ် စုဆောင်းခဲ့ကြရသည့် ငွေကလေးက ကိုယ်ပိုင်အိမ် ကလေး ဝယ်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။ တစ်ခုပဲ ရှိသည်။ သူတို့နေရာ က မြို့စွန်တော့ နည်းနည်းကျသည်။ ထို့ကြောင့် အိမ်ခြေကျဲသည်။ ခေါင်းရင်းဘက်မှာရော၊ ခြေရင်းဘက်မှာပါ ကပ်လျက် အိမ်မရှိ။

ထို့ပြင် အများစုက လက်လုပ်လက်စား အခြေခံလူတန်းစား များ ဖြစ်သည်။ အတန်အသင့် ပြည့်စုံဟန်တူသော လူနည်းစုက နွားမွေးသည်၊ ဝက်မွေးသည်၊ ကြက်မွေးသည်။

အချို့က ကြုံရာကျပန်း လုပ်ကြသည်။ အချို့က ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ ဖြစ်ကြသည်။ သူတို့အရပ်သို့ ပြောင်းလာကြ သည့် ကိုအောင်လှတို့ မိသားစုကို သူတို့က အထင်ကြီး လိုလားစွာ ကြိုဆိုကြသည်။ ။

( အငှားကားမောင်းသူ ကိုအောင်လှ၊ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည့် မခင်အေးနှင့် သမီးကြီးသက်သက်၊ ဂျာနယ် တိုက်တစ်တိုက်တွင် အလုပ်လုပ်ရင်း စာပေးစာယူဖြင့် တက္ကသိုလ်မှ ဘွဲ့ရယူနိုင်ရန် ကြိုးစားနေသည့် သားကြီးကိုဇော်နှင့် ခြောက်တန်းကျောင်းသား သားငယ်မောင်စိုးတို့ ပါဝင်သည့် မိသားစုမှာ သူတို့ အတွက် ထူးခြားနေ၍ စိတ်ဝင်စားစရာ ဖြစ်နေသည်။

သားပျို၊ သမီးပျိုကလေးများရှိသည့် ကိုအောင်လှတို့ မိသားစု အနေနှင့်လည်း ပတ်ဝန်းကျင်ကောင်း၊ အိမ်နီးချင်းကောင်း ရချင်သည့် အကြောင်းရင်းကလည်း ရှိလေသည်။ ကိုအောင်လှက မနက်ခြောက် နာရီ အိမ်မှထွက်၍ ကားပိုင်ရှင်ထံမှ ကားသွားထုတ်ရသည်။ တစ်နေ ကုန် ကားမောင်းပြီး ည ရှစ်နာရီကျော် ကိုးနာရီလောက်ကျမှ အိမ်သို့ ပြန်ရောက်လေ့ရှိသည်။ သူ့တွင် နားရက်မရှိ။ မခင်အေးတို့ သားအမိ ကလည်း စက်ရုံသို့ မနက်ရှစ်နာရီအရောက်သွားကာ အလုပ်ဆင်းရ ပြီး ညနေ ငါးနာရီခန့်ကျမှ ပုံမှန်ပြန်ရလေ့ ရှိသည်။

သားကြီးကိုဇော်ကတော့ သူ့အလုပ်တိုက်တွင် အနေများပြီး တစ်ခါတစ်ရံမှသာ အိမ်သို့ ပြန်လာတတ်သည်။

သားငယ်မောင်စိုးကလည်း မနက်ကိုးနာရီမှ ညနေ လေးနာရီ လောက်အထိ ကျောင်းတက်ရသည်။ ထို့ကြောင့် သူတို့အိမ်ကလေးမှာ တစ်နေကုန် အထီးကျန်။

“ဟောတော့...၊ အမေရေ။ သမီးတို့ပျိုးထားတဲ့ မုန်ညင်းပင် ကလေးတွေတော့ ကုန်ပြီ”

မနက်စောစောထကာ ခင်ပွန်းသည်နှင့် သားငယ်အတွက် မီးဖို ထဲတွင် ထမင်းချိုင့် ပြင်ဆင်နေသည့် မခင်အေးက အိမ်ရှေ့သို့ ကမန်း ကတန်း ပြေးထွက်လာခဲ့မိသည်။

“ကြည့် ပါဦး အမေရယ်၊ ကြက်တွေ လာယက်သွားတာ အမေရဲ့ ။ ဟောတော့..၊ သမီးရဲ့ နှင်းဆီပင်ကလေးတွေပါ ပါသွားတာကို အမေရဲ့”

သက်သက်က ငိုသံပါကလေးဖြင့် ပြောကာ ပွစာကျဲနေသည့် ပျိုးခင်းကလေးအနားတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်၏။

“ဟုတ်ပါရဲ့ သက်သက်ရယ်..။ အမေနိုးခါစ ထွက်ကြည့်တုန်း ကတောင် ဘာမှမဖြစ်သေးဘူး။ ဘယ်အချိန်ကများ လာယက်သွား တာပါလိမ့်”

“မနေ့က ကျွန်တော်ကျောင်းက ပြန်လာတော့ ကြက်ဖကြီးတစ် ကောင်နဲ့ ကြက်မကြီးသုံးကောင်တွေ့လို့ မောင်းထုတ်လိုက်ရသေး တာ။ အဲဒီကောင်တွေပဲ နေမှာ အစ်မသက်ရဲ့...” " မောင်စိုးက လေသံကလည်း စိတ်တိုသည့် လေသံ။ သက် သက်က သူ့နှင်းဆီပင်ကလေးတွေကို တစ်ပင်စီ လိုက်ကောက်ရင်း ငိုမဲ့မဲ့ဖြင့် ပြောပြန်သည်။

“နှမြောလိုက်တာ အမေရယ်၊ ဒီအပင်ကလေးဆို အဖူးကလေး တောင် ထွက်နေပြီ။ ဘယ်အိမ်ကများ ကြက်တွေများ လာယက်သွား တယ် မသိဘူး။ ကြည့်ပါဦး၊ မုန်ညင်းပင်ကလေးတွေက တော်တော် သန်နေပြီဟာ။ ဒီအတိုင်းဆိုရင် ဘာမှစိုက်လို့ရမှာ မဟုတ်ဘူး...။ ဘယ်နှယ့်လုပ်မလဲ အမေ”

နှင်းဆီပင်ကလေးများကို တယုတယကိုင်ရင်း သက်သက်က တတွတ်တွတ် ပြောမဆုံး။

မခင်အေးမှာလည်း သူတို့သားအမိသုံးယောက် တူးကာ၊ ဆွ ကာ၊ မြေဆွေးထည့်ကာ ရေလောင်းကာဖြင့် နေ့စဉ်အရိပ်ကြည့်နေခဲ့ ရသည့် အပင်ကလေးများကို နှမြောမဆုံး။

“နေဦး။ နောက်နေ့မှ ချောင်းပစ်ဦးမယ်။ သိမယ် မင်းတို့တွေ ငါ့ဘတ်ခွစာမိမယ်။ အစ်မသက်သက်၊ စိတ်အေးအေးထား၊ ကျွန်တော့်လက်စွမ်းသိတယ်မဟုတ်လား။ အဲ... ကြက်သားဟင်း မစားရတာ လည်း ကြာပြီလေ အစ်မရဲ့”

“အမယ်လေး..၊ မလုပ်လိုက်ပါနဲ့ ငါ့သားရယ်၊ ရောက်တာမှ လပိုင်းရှိသေးတယ်။ ပတ်ဝန်းကျင်နဲ့ ပြဿနာတက်နေဦးမယ်”

ဖိနပ်ချွတ်ရင်း ရပ်နေရာက လှမ်းပြောလိုက်သော ဖခင်ကို မောင်စိုးက မော့ကြည့်ရင်း...

“သူတို့ကြက်တွေက လာဖျက်ဆီးတာကိုး အဖေရ။ မရဘူး။ နောက်တစ်ခါ တွေ့လို့ကတော့ ကြက်သားဟင်းစားရပြီသာမှတ်”

“ကဲပါ မောင်စိုးရယ်၊ မင်း ဒီလောက် စားချင်နေရင်လည်း အမေ ဒီညနေ အလုပ်ကအပြန် ဈေးကလေးမှာ ဝင်ဝယ်ခဲ့ပါမယ်”

မခင်အေးက သားငယ်ကို ချော့လိုက်ရ၏။ အမှန်မှာမူ သူ လည်း သည်ပတ်ဝန်းကျင်ကို ရောက်ခါစတွင် ပြဿနာမတက်ချင် ပေ။ ထို့ကြောင့် စိတ်ကို လျှော့လိုက်ရသည်။

“အေး.. ကောင်းတယ်။ ကြက်သားရေကျိုလေးချက်၊ ငါးပိ ရည်ဖျော်၊ ဟော... ခေါင်းရင်းမှာ ကြွေကျနေတဲ့ သရက်သီးအကင်း ကလေးတွေတို့..။ သားကြီးလည်း ဒီနေ့ ပြန်လာမယ် ပြောထားတာနဲ့ အံကျပဲကွ”

ကိုအောင်လှ၏ ဟင်းစပ်ကို အသံကြားရုံမျှနှင့် သူတို့သွားရည် ကျနေပြီ။ သက်သက်လည်း ဒေါသပြေသလောက် ဖြစ်သွားပြီ။ လက် ထဲတွင် တမြတ်တနိုးကိုင်ထားသည့် နှင်းဆီပင်ကလေးများကို မြေ ကြီးထဲ၌ အသာအယာ ထိုးစိုက်နေရာက အိမ်ခေါင်းရင်းဘက်ရှိ သရက်ပင်ကလေးကို မော့ကြည့်ပြီး ပြောသည်။

“ဟုတ်ပါရဲ့ အမေရယ်၊ သရက်ပင်က အုပ်အုပ်ကလေးနဲ့ အသီး တွေ အများကြီးပဲ”

“အမျိုးကောင်းလေး သမီးရဲ့ ၊ မချစ်စုလေ။ သီးကင်းတွေကိုက မွှေးနေတာ တွေ့တယ် မဟုတ်လား”

“အမေ...”

မောင်စိုးက ရုတ်တရက်ခေါ်၏။ ပြီးတော့ ဆက်တိုက်မေး၏။ “အဲ့ဒီအပင်က ကျွန်တော်တို့အပင်လား။ ကျွန်တော်တို့ ပိုင်တာ

လား”

“ဟို... အမေတို့အပင်ပေါ့ မောင်စိုးရဲ့၊ ဘာဖြစ်လို့လဲ”

“ဟိုလေ... ၊ ဟိုးတစ်ခြံကျော်က ကောင်က ပြောတာ၊ ဒါ ကျွန်တော်တို့ပိုင်တဲ့အပင် မဟုတ်ဘူးတဲ့”

“ဟင်.. ဘယ်တုန်းကလဲ၊ ဘယ်ကောင်လေး ပြောတာလဲ”

“ဟိုးအိမ်က ကောင်လေးပါ။ ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ။ မနေ့ကမနက် ကျွန်တော် သီးကင်းကြွေကလေးတွေ ထွက်ကောက်

တော့ သူက ကောက်နှင့်နေတာ။ ခြင်းကြီးနဲ့ တစ်ဝက်လောက်ရနှင့်နေ ပြီ။ ကျွန်တော်ကောက်တော့ လေးငါးလုံးပဲ ရတော့တာ။ သူက ပြော တာ အမေရဲ့ ကျွန်တော်တို့ပိုင်တဲ့အပင် မဟုတ်ဘူးတဲ့”

“အောင်မယ်...၊ ဟုတ် ဟုတ် သေးတော။ ဒီအိမ်ကို ရောင်းသွား တဲ့ မင်းအဖေ သူငယ်ချင်းကိုယ်တိုင်က ပြောခဲ့တာ။ သူစိုက်ထား တာတဲ့။ ရှစ်နှစ်လောက် ရှိပြီတဲ့၊ နော် ကိုအောင်”

“အေး..၊ ဟုတ်တယ်ကွ။ ဒါတော့ မှန်တယ်”

ခပ်အေးအေး ဖြေလိုက်သည့် ကိုအောင်လှပုံစံကို မခင်အေးက ဘဝင်မကျလှ။

“ဘယ့်နှယ်... ဒါတော့ မှန်တယ်လည်း ကိုအောင်ရဲ့။ အေးတို့ အိမ်နား ကပ်ပေါက်နေတဲ့အပင်ဟာ အေးတို့အပင်”

“အေးပါ၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကဲ၊ ကဲ၊ ကိုယ်အလုပ်သွားတော့မယ်၊ ထမင်းချိုင့်”

စကားနည်း ရန်စဲပြောပြန်တော့လည်း မခင်အေးက မကျေနပ် နိုင်ပြန်။

“နေဦး...၊ ရှင့်သူငယ်ချင်းလာမှ သူတို့ရှေ့မှာ မေးပြရဦးမယ်”

မခင်အေး၏ လေသံကြောင့် ကိုအောင်လှ ခေါင်းကုတ်မိပြန် သည်။

ထိုနေ့ညနေက မခင်အေးတို့အိမ်ကလေးသည် လူသံသူသံများ ဖြင့် စည်စည်ဝေလျက် ရှိသည်။ ထိုနေ့က မခင်အေးတို့သားအမိ အထည်ချုပ်စက်ရုံတွင် မနက်တစ်ပိုင်းသာ အချိန်ပို ဆင်းရသည်။ မောင်စိုးကလည်း ကျောင်းပိတ်ရက်မို့ အိမ်တွင် ရှိသည်။

နေ့လယ်ဘက် အလုပ်က အပြန်တွင် မခင်အေးတို့သားအမိက ဇာတ်လမ်းတွဲတစ်ခွေ ငှားခဲ့ကြသည်။ သူတို့မိသားစုနှင့် ရင်းနှီးစ ပြုလာပြီဖြစ်သည့် အိမ်နီးနားချင်း သုံးလေးယောက်ပါ လာရောက် ကြည့်ရှုကြသည်။ အားလုံး မိန်းမတွေသာ ဖြစ်သဖြင့် မိန်းမတွေ အကြိုက် လက်ဖက်သုပ်တစ်ပန်းကန်ဖြင့် မခင်အေးက ဧည့်ဝတ်ပြု သည်။

ဇာတ်လမ်းတွဲ ကြည့်ရင်း လက်ဖက်သုပ်စားရင်း အဆင်ပြေ နေကြချိန်တွင် နောက်ဖေးဘက်မှ တအီအီတအုအု အသံများကြား လိုက်ရသည်။ မောင်စိုးက နောက်ဖေးဘက်သို့ ပြေးထွက်သွား၏။ ချက်ချင်းပင် သူ့အော်သံကို ကြားရ၏။

“အမေရေ.....၊ ဝက်တွေဗျ...။ အစ်မသက်သက် ထဘီကြီးတော့ ရွှံ့ထဲ ရောက်နေပြီ”

မောင်စိုး၏ သတင်းပို့သံကြောင့် မခင်အေးရော သက်သက်ပါ နောက်ဖေးဘက်သို့ အပြေးတစ်ပိုင်း ရောက်သွားကြသည်။ သူတို့ ရေချိုးအဝတ်လျှော်လုပ်နေကျ ကျောက်စည်ပိုင်းအနီးရှိ ရေအိုင်ထဲတွင် ပျော်မြူးစွာ လူးလှိမ့်နေကြသည့် ဝက်မကြီးသုံးကောင်ကို တွေ့လိုက်ရ ၏။

“အဲတော့...။ သက်သက် ထဘီလေးတော့ သွားပါပြီ အမေ ရယ်။ အသစ်ကလေး၊ တစ်ရေပဲ လျှော်ရသေးတာ။ ခွေးမသား ဝက် တွေ”

သက်သက်ဆွဲယူပစ်ပေါက်လိုက်သည့် မီးညှပ်ကို ဝက်များက လုံးဝမမှု။ မောင်စိုးကလည်း တံမြက်စည်းကြီးဖြင့် ဝက်တွေကို တအားရိုက်၏။

သည်တော့မှ တအိအိ တအုအုမြည်ရင်း ဝက်တွေက တလိမ့် လိမ့် ထပြေးကုန်ကြ၏။ ထိုနေရာရှိ ရွှံ့ဗွက်ထဲမှာက သက်သက်၏ ထဘီကလေး။

“ကြည့်ပါဦး မေမေရယ်။ သမီး ထဘီကလေး..။ နှစ်လပေးနဲ့ ယူထားတာ၊ ဒီလ လခထုတ်မှ ကျေမှာ မေမေရဲ့...”

သက်သက်က ငိုတော့မလို မျက်နှာထားဖြင့် ပြော၏။ သမီးကို ကြည့်ပြီး မခင်အေး ရင်ထဲမကောင်း၊ သူ့လုပ်စာကလေးကို မဝတ် ရက်၊ မစားရက်ဘဲ အမေ့ကို လစဉ်အပ်သည့် သမီးကလေး၊ ဆယ်တန်း သုံးခါကျပြီးနောက် ပညာရေးကို ဆက်မလိုက်တော့ဘဲ မအေနှင့် ဒိုးတူပေါင်ဖက် လုပ်ငန်းခွင်ဝင်ခဲ့သည့် သမီးကလေး။ အချိန်ပိုဆင်းပြီး သူ့အဝတ်အစားကလေးများကို ဝယ်ဝတ်ရရှာသည့် သမီးကလေး။ မခင်အေးသည် သမီးကလေးကို သနားလွန်း၍ မည်သို့ နှစ်သိမ့်ရမှန်းပင် မသိတော့။

“လူတွေကလည်း စည်းကမ်းကို မရှိကြဘူးဗျာ။ မွေးရင်လည်း စနစ်တကျ မွေးမှပေါ့။ တကယ်တော့ ဓားနဲ့ကို ခုတ်လွှတ်လိုက်ရမှာ။ ဒါမှ မှတ်မှာ...”

မောင်စိုးက အံတကြိတ်ကြိတ်ဖြင့် ကြိမ်း၏။ “အဲဒါ ဦးစံကိတို့ အကျိတို့ အိမ်ကဝက်တွေ မောင်စိုးရဲ့ ၊ အဒေါ် တို့ အိမ်တွေဘက်ကလည်း ခဏခဏ ရောက်လာတတ်တယ်”

ဧည့်သည်တစ်ဦးက အိမ်ရှင်တွေကို မျက်နှာလိုအားရ ဝင်ပြော လိုက်၏။ ထိုစကားက မောင်စိုး၏ ဒေါသကို ပိုဆွပေးလိုက်၏။

“ဘယ်သူ့ဝက်ဖြစ်ဖြစ်ဗျာ...။ နောက်တစ်ခါ ရောက်လာရင် တော့ ဓားနဲ့ကို တကယ်ခုတ်ပစ်မှာ၊ ဝက်သားပေါ်ပစ်မှာ။ တကယ် တကယ်”

“အမယ်လေး သားရယ်.....။ ဝစီဒုစရိုက်တွေ မများစမ်းပါနဲ့ မောင်စိုးရယ်။ အလကားနေရင်း အကုသိုလ်ဖြစ်ပါတယ်။ သက်သက် ကလည်း ငိုမနေပါနဲ့တော့။ လခထုတ်ရင် အမေအသစ်ပြန်ဝယ်ပေး ပါ့မယ်၊ နော် သမီး”

“ရပါတယ် အမေရယ်၊ အမေတို့မှာ ပိုက်ဆံအပိုလည်း ရှိတာ မဟုတ်ဘဲနဲ့။ မောင်စိုးကိုလည်း စက်ဘီးဝယ်ပေးရဦးမယ်။ ပေါက် နေတဲ့ သွပ်တွေလည်း မိုးမကျခင် လဲရဦးမယ့် ဥစ္စာ..”

မျက်ရည်စကို သိမ်းရင်း ပြောလိုက်သည့် သက်သက်အသံ ကလေးက ခပ်ပျော့ပျော့။ ထို့ကြောင့် မခင်အေး သမီးကိုပို၍ သနား ' သွားသည်။

မခင်အေးကလည်း သားနှင့်သမီးတို့ကို ပြေရာပြေကြောင်း ပြောသာပြောရသည်။ သူကိုယ်တိုင်ကတော့ စိတ်က ခပ်တိုတို၊ တော် ကြာ ကြက်က လာယက်လိုက်၊ တော်ကြာ ဝက်က လာလူးလိုက်။