Skip to product information
1 of 2

Other Websites

ကြည်အေး - ဤမာန

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပြောဆိုနေသည့်ပမာ ပီသစွာ ကြားနေလေသည်။ ပတ်ဝန်းကျင်မှ သစ်ပင်များကလည်း ယင်းသို့ ပြောဆိုနေသည့်ပမာပင်ကြားရသည်။ သူမနှင့် မာ့က်တို့ ရပ်နေသော “လူလေလွင့်သစ်တော” တွင်းရှိ မနီးမဝေးမှ ငှက်ကလေးလည်း ထင်းရှူးပင်ပေါ်မှ ယင်းသို့ပင် ပြောဆို နေသည့်ပမာ ကြားရသည်။ အားလုံးသော အရာဝတ္ထုများက ပြောဆို နေသည့်ပမာပင်။ စောစီးသော နွေဦး၏ ပုရစ်ငယ်ကလေးပင် ယင်းသို့ စူးရှစွာ တွန်လျက် ရှိသည်။ ထို့နောက်ကား မာ့က်၏ ရိုးသား လေးပင်သော ကျိုးနွံစွာ မေးမြန်းနေသံကို ကြားရသည်။ ။

“စုဇန် ကိုယ့်ကို လက်ထပ်နိုင်မလားကွယ်”

စင်စစ် ထိုအခြင်းအရာမှာ မာ့က်၏ စီမံလာခဲ့မှု တစ်ခုပင်ဖြစ်ကြောင်း သူမ ကောင်းစွာ သိခဲ့လေသည်။ မာ့က်ကို အနီးအနားရှိ ယာတစ်ခင်းမှ ရှက်ကြောက်တတ်သော ထွားကျိုင်းသည့် သူငယ်ကလေး တစ်ယောက် အနေဖြင့် သိကျွမ်းခဲ့ရလေသည်။ သူငယ်သည် ပဉ္စမဆင့်သို့ လမ်းလျှောက် ပြီး ကျောင်းတက်လေ့ရှိသည်။ ငယ်ငယ်ကစ၍ သိကျွမ်းခဲ့ရသူထံ၌ အံ့အား သင့်စရာဟူ၍ မရှိနိုင်ချေ။ ကျောင်း၏ကျေးဇူးဖြင့် သူတို့နှစ်ယောက်သည်အချင်းချင်း အဖော်ပြုခဲ့မိလေသည်။ သူမက အစဉ် ရွှင်လန်းသော ကလေးမ။ သူက သူမကို ငေးလျက်ရှိသော ပရိသတ်အစွန်က ထွားကျိုင်း၍ အစဉ် ရှက်ကြောက်သော သူငယ်ကလေး။ သူ၏ မျက်လုံးများမှာ သူမအပေါ်၌သာ ရှိသည်ကို ပထမဆုံးနေ့မှစ၍ သိခဲ့လေသည်။

“ကိုယ်လည်း လက်ထပ်ချင်နေတာပါ” ဟု သူမသည် ခေါင်းကို ဆတ်ခနဲ နောက်ပစ်၍ ပြောလေသည်။ “ပြီးတော့ မင်းကိုပဲ လက်ထပ် မယ်လေ...” သူက တုန်သွားလေ၏။ သူ၏ ကြီးမားသော လက်များသည် သူမ၏ပခုံးပေါ်မှာ တုန်နေကြသည်ကို ခံစားမိလေသည်။ ကိစ္စတစ်ရပ် ပြီးဆုံးလေပြီ။ သူမသည် လက်ထပ်ရပေတော့မည်။ သူမအဖို့ ပြုလုပ်စရာ ကိစ္စများ အများကြီး ရှိသည့်အနက် လက်ထပ်ခြင်းကို ပထမဆုံး လုပ်ချင်သည်။ ယခု ကား မာ့က်သည် သူမအား ဆွဲယူလျက် ရှိလေသည်။ သူမနှင့် မကျွမ်းသေးသော ထောင့်ကျမာကျောသော သူ့ကိုယ်ခန္ဓာကိုယ်၏ အလေးချိန်သည် ဖိလျက် ကျလာသည်ကို ခံစားရသည်။ သူမသည် သေးကွေးသူ မဟုတ်ချေ။ အခြား မိန်းကလေးများလောက်တောင်မှ မသေးသွယ်ချေ။ သို့သော် သူနှင့် ကျတော့ ကိုယ့်ကိုယ်ကို သေးငယ်လှသလို ထင်မိသည်။ ထိုထူးဆန်းသော အတွေ့၌ ပျော်မွေ့မိသည်။ သို့သော် ထိုအတွေ့သည် မာ့က်က သူမအား ချစ်ကြိုက်စိတ်ဖြင့် လေးနက်စွာ နမ်းရှုပ်နေသည့်ကြားကပင် သူမအား သွက်သွက်ခါအောင် မလှုပ်ယမ်းနိုင်ချေ။

“ကိုယ်လေ.. ပထမဆုံးနေ့ ပဉ္စမဆင့် ကတည်းက မင်းနဲ့ခုလို တွေ့ ချင်တယ်” ဟု သူက ပြောသည်။

“နမ်းတမ်းကစားရင်တော့ ကိုယ့်ကို မင်းရွေးလည်း ရွေးဖူးပေါင်” ဟု သူမက ရယ်ပြီးပြော၏။

“နမ်းတမ်း ကစားတာတွေကို မုန်းတယ်၊ နမ်းတာကို အဖိုးထားစေချင် တယ်” ဟု သူက ခပ်တိုးတိုး ပြော၏။ သူမကို ဆိတ်ငြိမ်စွာ နီးနီးကပ်ကပ် ကိုင် ထားတုန်းပင် ရှိလေ၏။

“ကိုယ် သိပါတယ်” ဟု သူမက တီးတိုးစွာ ပြောသည်။ သူတို့သည် ကြာရှည်စွာ တိတ်ဆိတ်လျက် နေ၏။ သူမသည် မာ့က်ကို မှီလျက်ရှိ၏။ သူမ၏ ဂနာမငြိမ်ခြင်းမှာ ပျောက်ကွယ်သွားလေပြီ။ သူမ ဘာလုပ်ချင်သည် ဆိုတာများကို သိဖို့ရာမှာ အလွန် ခက်ခဲခဲ့ဖူးလေပြီ။ အင်္ဂလိပ်စာ အချိန်၌တစ်ခါက ပါမောက္ခအိုကြီး ကင်ဟော့က ပြောဖူး၏။ စူဇန်၊ နင် စာရေးမယ် ဆိုရင်လည်း ရေးနိုင်လိမ့်မယ်... တဲ့။ သို့ရာတွင် ထိုစဉ်အခါက သူမ၏ ဖခင်သည် နယူးယောက်မြို့သို့ ခေါ်သွားကာ ပြဇာတ် ကြည့် စေရာ သူမသည် ပြဇာတ်ထဲ ပါချင်စိတ်သာ ရှိခဲ့လေသည်။ နှစ်ပေါင်းများစွာပင် သူမသည် တကယ်တမ်း မဖြစ်ရသော ဇာတ်ဆောင် သူကြီးပမာ ကိုယ့်ကိုယ် ကို ထင်ကာ၊ ဇာတ်စင်ပေါ် တက်နေရသလို ထင်စားလျက် ရှိခဲ့လေ သည်။ ဘယ်လို လူစားမျိုးအဖြစ်သို့မဆို သူမ ရွေးချယ်လျှင် ဖြစ်နိုင်စွမ်းရှိ သည်။ သို့သော်လည်း ထိုအချိန်၌ သူမ၏ လက်များ ရှိနေသေးသည်။ လက်များဖြင့် လုပ်ချင်သည်။ အလုပ် လုပ်ချင်သော သူမ၏ လက်များဖြင့် အရာဝတ္ထုများကို စမ်းသပ် ထိတွေ့မိသလို ရှိသည်။ ထိုအရာဝတ္ထုများမှာ ဖခင်က သင်ပေးခဲ့သော ဂီတ ထက်တောင်မှ ပိုပြီး စမ်းသပ်တွေ့ထိ၍ ရသည်။ သူမသည် သူမ၏ လက်များကို ဘယ်နေရာမှာ သုံးရပါမည်ဟု မသိဘဲ ဂနာမငြိမ်ဘဲ ရှိလေသည်။ ဘာကြောင့်ဆိုလျှင် သူမသည် အားလုံးကို ကြိုက်နှစ်သက်ကာ လုပ်ချင်လျက်ရှိ၏။ အားလုံးကို သူမ လိုချင်သည်။ ယင်းသို့လျှင် သူမ သည် လက်ထပ်ပြီး ကလေးများစွာကို မွေးမြူဖို့ ဆုံးဖြတ်လိုက်ပြန်၏။

သူမသည် သူမ၏လက်များဖြင့် ပြုလုပ်ခဲ့သော မေရီ၏ ဦးခေါင်းကို သတိရကာ အတွေးများစွာ အလယ်၌ တန့်သွားလေ၏။ လွန်ခဲ့သော အပတ် က ထိုဦးခေါင်းကို ပြုလုပ်စဉ်က သူမ၏ လက်များ ဘယ်လို နေသည်ကို သတိရ၏။ လက်များသည် သွက်လက်ပြီး ကျွမ်းကျင်လှလေသည်။ စုဇန် သည် ပျော်ရွှင်စွာ မေရီကို အော်၍ ပြောမိသည်။ “မေရီရေ... ကြည့်စမ်း၊ နှင့်ခေါင်းရပြီ ဆရာ”

မေရီက လာကြည့်သည်ကို စုဇန် စောင့်မိသည်။ မေရီက အံ့သြ တကြီးနှင့် “စုဇန်ရေ.. သိပ် အံ့ဩစရာကြီးပါလားကွာ၊ ငါနဲ့ကို တစ်ပုံတည်း ပဲဟေ့” ဟုများ ပြောမလားဟု သူမ စောင့်နေစဉ် မေရီသည် သူမ၏ လက်များဖြင့် လှမ်းပြီး စိုစွတ်သော ရွှံ့ရုပ်ကို ရွှံ့ပုံမျှသာ ကျန်တော့အောင် ဆုတ်ဖြဲပစ်လိုက်သည်။

မေရီက နင် ငါ့ကို ကြောက်စရာ ရုပ်ဆိုးကြီး လုပ်ပစ်တယ်၊ ဒါကြောင့် နင့်ကို မုန်းတာ” ဟု ပက်ပက်စက်စက် ပြောကာ ငိုယိုပြီး ထွက်ပြေးသွားလေသည်။

စုဇန်လည်း စကား မပြောနိုင်အောင် အံ့အားသင့်ကာ ရွှံ့ကို ကောက်ယူပြီး အဓိပ္ပာယ်မရှိ နယ်နေမိလေသည်။ သို့သော် သူမ၏ လက်များက ခံစားရခြင်းအားဖြင့် သူမ သိနေသည်မှာ မေရီ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူမ ပြုလုပ်ခဲ့သည့်ပုံမှာ မေရီပင် ဖြစ်သည် ဟူ၏။ ယခု စုဇန်သည် ပြန်၍သတိရလာကာ လက်ဖဝါးများ ပူလောင်လျက် ဖွင့်လိုက်ဆုပ်လိုက် ဖြစ်နေလေ၏။

“မာ့က်” ဟု သူမ ခေါ်လိုက်သည်။ သူ့မျက်နှာကို မြင်ရအောင် နောက်သို့ ဆုတ်လိုက်၏။ “ကိုယ်တို့ လက်ထပ်ပြီး ကိုယ်ပန်းပု ထုချင်တယ် ဆိုရင် ကြိုက်ပါ့မလား၊ ပန်းပုထုတာကို တို့နှစ်ယောက်ကြားထဲ ဝင်မရှုပ်စေ ပါဘူးကွယ်” ဟု ပြော၏။

“မင်း လုပ်ချင်တာ လုပ်ဖို့သာ ကိုယ် အလိုရှိတယ်” ဟု မာ့က်က ပြော၏။ သူ၏ ပျော့ပျောင်းကြည်လင်သော မျက်လုံးပြာများမှာ ရှက်ကြောက် သော သဏ္ဌာန်ကို ဆောင်လာ၏။

“ကိုယ်ဟာ မင်းနဲ့ မတန်လှပါဘူး စုရယ်၊ ကိုယ် သိပါတယ်၊ ကိုယ့် မိဘ ဆွေမျိုးတွေဆိုတာက သိပ်ပြီး မတော်လှဘူးလေ၊ ကိုယ်လည်း မတော် ပါဘူး၊ မင်းကတော့ တစ်မြို့လုံးမှာ အသွက်ဆုံး မိန်းကလေးတစ်ယောက်ပဲ”

“အို... အလကား စတာပါ၊ ကိုယ်ကတော့ကော ဆင်းရဲတဲ့ ပါမောက္ခ တစ်ယောက်ရဲ့ သမီးအပြင် ဘာများ ဖြစ်သေးလို့လဲ” ဟု သူမက ပေါ့ပါး ရွှင်လန်းစွာ ပြောမိလေသည်။

သူမသည် အားလုံးကို တစ်ပြိုင်နက် စတင် ပြုလုပ်ချင်စိတ် ပေါ် ပေါက်လာ၏။ သူမသည် စူးရှသွက်လက်စွာ သူ့ကို နမ်းပြန်၏။ နောက် ရယ်လိုက်ကာ သူ့လက်ကို ဖမ်းကိုင်လိုက်သည်။

“ပြေးရအောင်” ဟု သူမက ပြောပြီး သူတို့ နှစ်ယောက်သည် သစ်တောကို ဖြတ်ကာ အိမ်ဘက်သို့ ပြေးကြလေသည်။

ပျံလွှားနေသော ခြေများ၏ ပျော်ရွှင်သော သီချင်းသံအလိုက်အတိုင်း “ငါ လက်ထပ်တော့မယ်၊ ငါ လက်ထပ်တော့မယ်” ဟု သူမ တွေး၏။

မိခင်ဖြစ်သူ မစ္စစ်ဂေးလော့က “စုဇန်.. ညည်းကို ဒီလောက်ငယ်ငယ် ကလေးနဲ့ လက်မထပ်စေချင်ဘူး၊ ညည်း လက်ထပ်တာနဲ့ တစ်ပြိုင်နက် ညည်းဟာ အတုပ်အနှောင် ခံလိုက်ရတော့တာပဲ” ဟု ပြောလေသည်။

“ကျွန်မတော့ လက်ထပ်ချင်တယ်” ဟု စုဇန်က ပြော၏။

သူမ၏ အမေက ဘာမျှ မပြောတော့ချေ။ သူတို့သည် စက်ချုပ်ခန်း ထဲ၌ သူမ၏ ပွဲထိုင် အဝတ်အစားအတွက် ညှပ်ကာ သီကာ ရှိကြသည်။ သူတို့ နှစ်ယောက်တည်း ဖြစ်လေ၏။ မနက်စာ စားပြီး၍ ပန်းကန် ခွက်ယောက်များ ဆေးပြီးတိုင်း သူတို့သည် နှစ်ယောက်တည်း ရှိမြဲဖြစ်လေသည်။ စုဇန်သည် တစ်ချိန်လုံးပင် သူမ အမေက ပြောစရာစကား ရှိနေသည်ကို သိနှင့်လေသည်။ ထိုစကားသည် သွယ်ဝိုက်၍ ဘေးချော်သော အဓိပ္ပာယ်ကို ဆောင်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အမေသည် အိမ်ရာ ထောင်သည့် အကြောင်းကို ပြောရမှာ ရှက်ကြောက်တတ်သောကြောင့် ပေတည်း။

လွန်ခဲ့သောနှစ် တစ်ချိန်၌လည်း မာ့က်သည် ပထမဆုံးအကြိမ် သူမ ထံ လာလည်သည့်အခါ သူမ အမေသည် တစ်စုံတစ်ခု ပြောဖို့ရာ ကြိုးစားခဲ့ ဖူး၏။ စုဇန်ကမူ ညဉ့်အလယ်တွင် သူမကိုယ်တိုင် နားမလည်နိုင်သောအောင်မြင်ရွှင်လန်းစိတ်နှင့် မျက်နှာများ နီမြန်းကာ အပေါ်ထပ်သို့ တက်ခဲ့ သည်။ အမေဖြစ်သူက သိုးမွေး ဂါဝန်ညို ကြီးဝတ်ကာ မနက်ဖြန် ဆံတွန့်များ အတွက် ယနေ့ ကျစ်လိမ်ထားသော ဆံပင်များနှင့် အခန်းထဲက စောင့်နေ သည်။ ။

အမေက စိတ်ညစ်ခက်ပွေသော မျက်လုံးများနှင့် “စုဇန်၊ အမေ နည်းနည်း ပြောချင်တယ်” ဟု ဆိုခဲ့လေသည်။

“ဘာလဲ အမေ” ဟု သူမက အမေဖြစ်သူကို တည့်တည့်မတ်မတ် ငေးစိုက်ကာ မေး၏။

“ညည်း အသက်အရွယ်မှာ အေ..” ဟုသာ ပြော၏။ စုဇန်ကမူ အမေ ဖြစ်သူ၏ ရှက်ကြောက်နေမှုကို ခံစားရကာ ပူရှိန်းရှိန်းဖြစ်ပြီး တစ်ချက် နှစ်ချက်မျှ နှလုံး ပြင်းပြင်းခုန်မိသည်။

“မာ့က်အတွက် ပြောတာလား” ဟု သူမက တောင့်တောင့်ကြီးမေးသည်။

“လူပျို လူရွယ်ကလေးတိုင်းအတွက် ပြောတာ” ဟု အမေက ဆို သည်။

 " - စူဇန်က မြန်ဆန်စွာ “စိတ်မပူပါနဲ့ အမေ၊ မာ့က်နဲ့ ကျွန်မကအကြောင်း သိချင်းပါ။ ပြီးတော့ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်တတ်ပါတယ်”

“အေးလေ... အမေ ပြောချင်တာ နားလည်ရင် ပြီးတာပဲ” ဟု အမေက ပြောကာ သက်ပြင်းချကာလေသည်။

အမေသည် ပါးပြင်များ ရှက်သွေးကြွကာ စုဇန်အား စိတ်မရှင်းမလင်း နှင့် နမ်းရှုပ်လေ၏။ အမေသည် အခန်းတွင်းမှ ထွက်သွားသော် သူမအင်္ကျီမှ ခါးပတ်သည် တွဲလောင်းဆွဲကာ ပါသွားရာ တံခါးလည်းပိတ်၊ ခါးပတ် လည်း ညပ်ပြီးသား ဖြစ်သွားလေ၏။

“အမယ်လေးတော်” ဟု အမေက အပြင်မှ အော်သည်။

“ပေး... ကျွန်မ လုပ်ပေးမယ်” ဟု ဆိုကာ စုဇန်က ဖြုတ်ပေးလိုက်ရ သေးသည်။ -

ယခုမနက်မှ စုဇန်သည် ဆိုးညစ်သည့် စိတ်ကလေး တစ်ဝက်နှင့် ပြုံးနေမိလေသည်။ ညကဆိုလျှင် မာ့က်နှင့်တောင် ရယ်နေခဲ့မိသေး၏။ “အမေကတော့ ကိုယ့်ကို စကားနည်းနည်း ပြောစရာ ရှိဦးမှာပဲ။ ကိုယ်က ကိုယ်တို့နှစ်ယောက် တကယ့်ကို စေ့စပ်လိုက်ကြပြီဆိုတာ ပြောပြရင်လေ” ဟု ပြောခဲ့၏။

“ကိုယ့်အကြောင်းလားကွာ” ဟု မာ့က်က တည်ကြည်စွာ မေးခဲ့လေ သည်။ “ကိုယ်တော့ မြင်ယောင်သေးတယ်၊ မင့်အဖေက မျက်ခုံးတွေ ပင့်ပြီး “ငါ့ သမီးကို ဘာကိစ္စ မင်းက လက်ထပ်မှာလဲ သူငယ်” လို့ မေးမှာကို ကိုယ်တော့ ဘာမှ ပြောတတ်မှာ မဟုတ်ဘူး၊ သူ့ကဗျာသင်တန်းမှာ ကိုယ် သိပ်ညံ့တာဆရာ၊ သိလား စု”

သူမက ရယ်ကာ ပြော၏။ “အမေကတော့ အဲဒါကို ဂရုစိုက်မှာ မဟုတ်ပါဘူး၊ အို... အမေ ပြောမှာက ဘဝအကြောင်းပါကွ”

“အခြေခံအချက်တွေ ဘာတွေပေါ့ ဟင်” ဟု သူက လေးနက်စွာ မေးရာ စုဇန်က ခေါင်းညိတ်ပြီး သူတို့နှစ်ယောက် ရယ်ကြပြန်သေးသည်။

ယခု အမေက မေးနေသည်။ “အင်္ကျီ လည်ကုပ်မှာ အတွန့်ကလေး တွေ မထည့်တော့ဘူးလား အေ”

“အတွန့်ကလေးတွေ သီထည့်ထားပြီ အမေ”

သူမသည် ဂါဝန် နောက်တွဲရှည်ကြီးအလိုက် ချုပ်ရိုးစပ်ကာ တ‌ဂျောင်းဂျေင်း ချုပ်သည်။ ထို့နောက် ကိုယ်ထည်ကို ချုပ်ပြန်သည်။

အမေက တုံ့ဆိုင်းဆိုင်းနှင့် ပြောသည်။

“ညည်းကတော့ အင်မတန် အဆန်းထွင်တတ်တာပဲ အေ၊ ညည်း လုပ်ပုံကိုင်ပုံကလည်း မြန်လွန်းတော့ အပေါက်တည့်မယ် မထင်ရဘူး၊ ဒါပေမဲ့ တယ်ပြီး နေရာကျတာကိုး၊ ညည်း ဘယ်လို လုပ်လိုက်တယ် ဆိုတာ အမေတော့ မသိတတ်ပြီဘူး”

“မှန်မယ် မှားမယ်ဆိုတာက ကျွန်မ လက်တွေက စမ်းတတ်တယ်”

အမှန်ပင်၊ သူမ၏ ဦးနှောက်ထဲ၌ ဆွဲပြီးသော မျဉ်းတစ်ကြောင်း၏ မှန်မမှန်ကို ခံစားတတ်သော၊ မဖြေလည်း မဖြေရှင်းပြတတ်သော ဝေဒနာ အသိ ရှိသည်။ ထိုအသိကို များစွာသော အကြောင်းအရာများနှင့် ပတ်သက်၍ ရသည်။ အထူးသဖြင့် သူမ ရုပ်ပုံထုသည့်အခါ ဆိုပါစို့။ သို့သော် ထိုအသိ သည် အဝတ်အစား ချုပ်ရိုးတစ်ရိုးကို ချုပ်ရာ၌လည်းကောင်း၊ ကိတ်မုန့် နယ်ရာ၌ လည်းကောင်း၊ ပန်းအိုး၌ ပန်းစိုက်ရာ၌ လည်းကောင်း သူမ၌ ရှိလေသည်။ အားလုံးသော အရာများသည် ဘယ်လိုရှိနေရမည် ဆိုသည်မှာ သူမ ခေါင်းတွင်း၌ ပုံဆွဲပြီးသား ရှိကာ၊ လက်ချောင်းများကို လျင်မြန်သော၊ ဖျတ်လတ်သော ကျွန်များပီသစွာ ထိုအမြင်၏ အစေကို နာခံကြလေသည်။ သူမက ပြုံးကာ ထပ်ပြောခဲ့သေးသည်မှာ “ကျွန်မရဲ့ အဝတ်အစားကိုတော့ မမှားအောင် ချုပ်နိုင်ရမှာပေါ့”

သူမသည် ပွဲထိုင်ဂါဝန်ကို ဝယ်မည်ဆိုလည်း ဝယ်နိုင်ပေသည်။ သူမ၏ အဖေက “မင်း လိုချင်တာ ဝယ်ဟေ့ စုဇန်” ဟု ဆိုကာ ဒေါ်လာ တစ်ရာ ပေးလေသည်။ “ဒါဟာ အနည်းဆုံး ကဗျာ အပုဒ်နှစ်ဆယ်ရဲ့ အဖိုးပဲ။ ဘုရား... ဘုရား... ကဗျာစျေး ပေါလိုက်တာကွာ၊ တော်ပါသေးရဲ့၊ မင်းရဲ့ သူငယ်က ကဗျာမှာ မသန်ဘဲ အိမ်မြေနဲ့ လုပ်ကိုင်စားလို့” ဟု ဆို၏။

သူမ၏အဖေမှာ အီစတန် တက္ကသိုလ်၌ အင်္ဂလိပ်စာပေ သင်သည့် ဆရာ ဖြစ်သည်။ ထိုလစာဖြင့်သာ သူတို့ စားသောက်နေထိုင်နိုင်ခြင်းပေ တည်း။ အဖေ လုပ်သူကမူ သူ့ တကယ့် အလုပ်အကိုင်မှာ ကဗျာရေးခြင်း ဖြစ်သည်ဆို၏။ သို့သော် သူသည် ထိုစကားကို ယုံကြည်စေခြင်းငှာ မည်သူ့ ကိုမျှ မတတ်နိုင်ချေ။ ကဗျာရေးခြင်းဖြင့် ရရှိသမျှကိုမူ စားရာ သောက်ရာ၌ ချည်းပဲ မကုန်စေလိုဟု သူက ဆိုပြန်သည်။ ။

စုဇန်သည် ဒေါ်လာတစ်ရာကို ကျေးဇူးတင်စွာ လက်ခံကာ မြို့ထဲရှိသမျှ ဆိုင်တို့၌ ပွဲထိုင်အဝတ်ကို ရှာလေသည်။ သေသေချာချာ ရှာလေ သူမဘာသာ ချုပ်ရမည့် အဖြစ်ကို မြင်လေလေပင်။ သူမ လိုချင်သည်မှာ သည်ထဲက တစ်ခုမျှ မဟုတ်။ သူမကိုယ်တိုင် ချုပ်လုပ်မှ ဖြစ်တော့မည်။ ထို့ကြောင့် အဝါဖျော့ရောင် လေးလံသော ဖဲစ ကိုက်ပေါင်းများစွာကို ဝယ်လေသည်။ ဖဲစမှာ ခပ်ဖြူဖြူ ဖြစ်သော်လည်း စင်စစ် အရောင်ပြေးသော အဖြူပေတည်း။ သူမသည် အလွန်နု၍ မှုန်သော ဇာများရရန် ဆယ်ဒေါ်လာ ပေးခဲ့ရသေးသည်။ နောက်ထပ် ဆယ်ဒေါ်လာကိုလည်း နူးညံ့သော ပဝါပါး တစ်စအတွက် ကုန်ကျရသေးသည်။

“အင်္ကျီပုံစံကော ယူဦးမလားဗျာ” ဟု စာရေးက မေးသည်။

“မလိုချင်ပါဘူး ရှင်” ဟု သူမက ဖြေခဲ့၏။

  သူမ၏ ကိုယ်ခန္ဓာနှင့် ပုံစံသွင်းကြည့်သည့် အခါ၌ကား သည်ဟာ သည် သူမ၏ လက်ထပ်ပွဲထိုင် အဝတ်အစားပါကလားဟု တစ်နည်းအားဖြင့် နူးညွတ်ရမည်ကိုပင် မေ့သွားလေတော့၏။ မာ့က်ကိုလည်း မေ့၍သွားသည်။ သူမကား တစ်စုံတစ်ရာကို ပြုလုပ်နေပြန်ခြင်း ဖြစ်လေ၏။ ဘာကိုပဲ လုပ်လုပ် လုပ်ကိုင်နေသည့် အဖြစ်က သူမကို ဆွဲခေါ်သွားလေ့ ရှိပေ၏။ သူမ၏ ကိုယ်ခန္ဓာမှာ ဂီတပမာ သံစုံညီညွတ်လျက် ကျေနပ်ကာ ရှိသည်။ စုဇန်သည် ဖဲထည်ကို နုပျိုသန်မာသော ကိုယ်၌ ကပ်ကြည့်၏။

အမေက “အင်း.. တယ်လှတာပဲ အေ” ဟု ပြောကာ သက်ပြင်းချ လေသည်။ ။

စုဇန်က သက်ပြင်းချသံ ကြား၍ “မောသလား ဟင်” ဟု ဖျတ်ခနဲ မေးရာ “မမောပါဘူး” ဟု အမေက ဖြေပြီး ပါးစပ်စေ့ကာနေလေ၏။

အမိုးနိမ့်သော စက်ချုပ်ခန်းကလေးကား ပူလာလေသည်။ သူမ၏ အမေသည် မျက်မှန်ကို အပေါ်သို့ ပင့်တင်ကာ အရေတွန့်သော မျက်နှာ ဝိုင်းဝိုင်းကို အင်္ကျီရှေ့ဖုံးအဖြူနှင့် သုတ်၏။

တိတ်ဆိတ်သော အခန်းတွင်းဝယ် သူမ၏ ကိုယ်တွင်းရှိ ဂီတသံစုံကို ကျော်ကာ စုဇန်သည် မပြေပြစ်သော အသံဗလံကို သတိပြုမိလေသည်။ ထိုအသံသည် မှန်ပြတင်းကို တိုးနေသော နကျယ်ကောင်လို တဇီဇီမြည် သည်။ သူမသည် ခေါင်းထောင် လိုက်မိလေသည်။

ညီမဖြစ်သူ မေရီသည် မန်ဒယ်ဆွန်း၏ “နှစ်သိမ့်ခြင်း” အမည်ရှိသီချင်းကြီးကို ဖြည်းညင်းစွာ ဂရုတစိုက် တီးနေလျက်က ထိုဂီတ၏ အချက် အချာဖြစ်သော အသံမြှင့်ခလုတ်ကို မတို့ဘဲ သံကြောင်ကိုသာ ချလျက်ရှိ သည်။ စုဇန်သည် ခဏမျှ တန့်နေပြီး နားထောင်နေသေး၏။ သံကြောင် သည် သူမ၏နားကို ရိုက်ခတ်ကာ ကြီးမားသော သောတဝေဒနာကို ပေးလေ ၏။ သူမသည် ဖဲစကိုချခဲ့ကာ တံခါးသို့ သွားလေသည်။

အမေက “ဘာ...” ဟု စရုံရှိသေးစဉ် စုဇန်သည် မရပ်ဘဲ ဆက်၍ သွား၏။ စုဇန် အမီရောက်ရမည်။ မေရီသည် ခုတင်က အသံမြှင့်နေရာသို့ မရောက်ခင် သူမ အမီရောက်ရမည်။ သူမ၌ ရုပ်ဝေဒနာ ဖိစီးလျက် ရှိသော ကြောင့်ပင် ဧည့်ခန်းတံခါးကို လျင်မြန်စွာဖွင့်လေ၏။

“မေရီ” ဟု နူးညံ့သိမ်မွေ့စွာ ခေါ်လေ၏။ သူမထက် ၅ နှစ်မျှ ငယ်သော ညီမနှင့်ဆိုလျှင် စုဇန်သည် အမြဲတမ်း နူးညံ့သိမ်မွေ့လေ့ ရှိ၏။ စန္ဒရားခုံ၌ အသားညို၊ မေရီသည် မျက်နှာကလေးကို လည်ကာ စောင့်ဆိုင်း လျက် ရှိလေသည်။ မေရီ၏ သေးငယ်ပိန်ခြောက်သော လက်များမှာမူ စန္ဒရားခလုတ်များပေါ်၌ လက်ချောင်းများ ဖြန့်ကားလျက် ရှိ၏။

“ညီမလေးရေ... ညည့်.. မမ ပြပေးမယ်နော်”

စုဇန်သည် မေရီကို စန္ဒရားခုံမှ ညင်သာစွာ တွန်းဖယ်လိုက်ကာ စန္ဒရား တီးလေ၏။ ထိုသီချင်းကြီးကိုပင် ပြည့်ဝချိုသာစွာ ခပ်တိုးတိုး တီးသည်။

“ဟော... ဟော... ကြားလား၊ သီချင်းက ဒီလို ဆို နေတယ်။ ဝမ်းမနည်းပါနဲ့ကွယ်၊ နည်းနည်းမှ ထပ်ပြီး ဝမ်းမနည်းပါနဲ့တော့။ အို... သတိရလိုက်စမ်း၊ မင်းရရှိခဲ့တဲ့ ပျော်ရွှင်မှုတွေကိုလေ” ကဲ... ဟုတ်ပြီလား၊ ခလုတ်ဖြူကိုနှိပ်ကွဲ၊ အမည်းကို မဟုတ်ဘူး၊ ဟော.. ဟောဒီလို”

စုဇန်သည် တီးကွက်အမှားကို ကျော်လွန်နိုင်ရခြင်းအတွက် ဝမ်းသာ ကာ စိတ်သက်သာရာရပြီး စန္ဒရား တီးလေသည်။ မေရီကိုလည်း သတိ မရတော့ပြီ။ သီချင်းဂီတကို ကြွယ်ဝနိုင်သမျှ ကြွယ်ဝသော အသံဖြစ်စေကာ မိမိ၏စိတ်သက် သာရာရရေးအတွက် မိမိနှစ်သိမ့်ရေးအတွက် ထပ်တလဲလဲ တီးလေ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)