Skip to product information
1 of 2

Other Websites

ကြည်အေး - အပြင်ကလူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူ့ကိုမမျှော်လင့်ပဲ လက်ထပ်ပွဲခန်းမ အပေါက်ဝ၌ ရုတ်တရက်ပေါ်လာသည်ကို ကျွန်မတွေ့လိုက်ရ၏။ လူ ပရိသတ်ကြား၌ အထူးသဖြင့် ခုလို ပြုံးပြက်ဝင်းလက်သော ပရိသတ်ကြား၌ သူ့ကိုတွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့။ သူလဲ ပိုးတိုက်ပုံ၊ ဘန်ကောက်လုံချည်နှင့် သပ်ရပ်စွာရှိသည်မို့ အနည်းငယ်စိတ်ချမ်းသာရသည်။ သူ့နဖူးပေါ်၌မူ ဖြီးသင်လို့ မပိပြားသော ဆံပင်တစ်စသည် ကျမြဲကျနေသည်။ သူ့ထုံးစံ အတိုင်း လူအများကို လျှံ၍ကြည့်ပြီးမှ ကျွန်မကို သူမြင်တွေ့ သွားပါသည်။ သူ့မျက်လုံးများ ကြည်လဲ့လာပြီး ကျွန်မထိုင်ရာထောင့်စွန်းလဲကျ၊ တိုင်ကွယ်သော စားပွဲသို့ တန်းတန်းမတ် မတ်လာပါသည်။ တစ်ချက်မျှလဲ ပြုံးလိုက်ပါသေးသည်။

“ကျွန်တော်ထိုင်တော့မယ်နော်” ဟု ယဉ်ယဉ်ကျေး ကျေး သူကခွင့်တောင်းလိုက်လျှင်တော့ ကျွန်မသည် ပြုံးလိုက်မိပြီး • • • “ရပါတယ်ရှင်” ဟု ခပ်စိမ်းစိမ်း ဆို လိုက်သည်။

သူက ဘယ်သူမှမထိုင်ချင်သဖြင့် လပ်နေသောကျွန်မစားပွဲမှ ထိုင်ခုံကို လိုလိုချင်ချင်ထိုင်ပါသည်။ လက် ထက်ပွဲမှာလိုမဟုတ်ပဲ ခရီးပန်းလာသူ ခုမှ နားခိုရသလိုလျော့ပြေစွာ စားပွဲပေါ် တထောင်ဆစ်ထောက်၍ ထိုင်ပါ သည်။ ပြီးတော့ မနေ့ကပင် သူနဲ့ကျွန်မဆုံခဲ့သေးသလို ရင်းနှီးစွာပင် တစ်ချက်ပြုံးပြန်ရင်း “အေးအေးကို ကျွန်တော် တွေ့ချင်နေတာကြာပြီ” ဟု စကားစလေ၏။

“မိတ်ဆွေဟောင်းတွေပဲ • • • ပြီးတော့ ဆွေမျိုး တောင်တော်သေးတာ” ဟု ကျွန်မက ညင်သာစွာ ပြော လိုက်သည်ကို သူက ကြည်ကြည်လင်လင်ပင် ရယ်ပြုံး နေသည်။ ဘာမျှမပြောပါ။

“ရှင် အိမ်ကိုလာနိုင်သားပဲ၊ ပြီးတော့ • • •”

“နုနုတို့သားအမိကို အေးအိမ်မှာခေါ်ထားတာလဲ သိ ပါတယ်။ ကျေးဇူးလဲတင်ပါတယ်အေးရယ်။ ကျွန်တော်ပြော ချင်တာတွေလဲ အများကြီးပဲ။ ဘာကစပြောရမှန်းတောင် မသိပါဘူး”

“အင်းလေ၊ သည်နေရာက သိပ်စကားပြောလို့ ကောင်းတဲ့ နေရာတော့လဲ မဟုတ်ဖူးထင်ပါရဲ့။ ဒါပေမယ့် ခုမှပဲတွေ့ရတော့လဲ ဘယ်တတ်နိုင်မလဲ”

“ဟုတ်တယ်၊ ကျွန်တော်လဲ အင်းလျားလိပ် ဟော် တယ်ဆိုတာ သိပ်ရောက်ဖူးတာမှုတ်ဖူး။ စောင်းဦးဘသန်း အဖွဲ့ ဆိုလို့ လာနားထောင်တာ။ စောင်းဦးဘသန်းနဲ့ လဲ တွေ့ချင်လို့ • • •”

ကျွန်မတို့ စကားခဏပြတ်နေပြီး ကျွန်မက မကျေနပ် နိုင်သောအကြောင်းကို ပြန်၍ကောက်လိုက်ပြန်သည်။

“ရှင် • • • အိမ်ကို လာနိုင်သားပဲ၊ နုနုရှင့်အိမ်ပေါ်က ဆင်းလာတာ ဆယ်နှစ်ကျော်ပြီ ရှင်တစ်ခါမှ လိုက်မလာဖူး ဘူး၊ ရှင့်သားလေးကိုလဲ ရှင်မမြင်ဖူးတာကြာပြီမှုတ်လား”

သူသည် ညိုမှိုင်းသောမျက်နှာနှင့် ဘာမျှမပြောပဲ နေပါသည်။ ထိုခဏ၌ တီးဝိုင်းမှ အချစ်သီချင်းတစ်ပုဒ်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျွန်မသည် ဘယ်သူ့ကို မှန်းမသိ အားနာသွားပြီး စကားပြောရပ်လိုက်သည်။ သီချင်းသံ ပို၍ကျယ်လောင်လာသည်။ တဖြည်းဖြည်း ပြည့် ကြပ်လာသော ပရိသတ်တို့သည် နေ့ကြောင်တောင်မှာပင် တလက်လက်တောက်ပနေလေ၏။ ။

“သတို့သမီး သတို့သားက ၁၂ နာရီထိုးမှ လာ မှာ • • •” ဟု ညာဘက်စားပွဲမှ မိန်းမဝဝ၏ ပြောသံကို ကြားလိုက်၏။

“ခုမှ ၁၀ နာရီရှိသေးတယ်။ အမာစိန်လဲကအုံးမယ် ဆို။ ခုဟာက ဧည့်ခံချိန်သက်သက်ပေါ့နော် • • • ပိုက်ဆံ တတ်နိုင်တော့လဲ ချဲ့ချင်တိုင်းချဲ့လို့ရတာပေါ့။”

“နှင်းဆီတွေရော သစ်ခွတွေရော လှိုင်နေတာပဲ။ ဟောင်ကောင်ကမှာတာတဲ့”

“ဖိတ်စာတောင် အင်္ဂလန်မှာ ရိုက်တာ • • •”

 “စိန်တွေကတော့ အမေရိကားကတဲ့ • • •”

တီးဝိုင်းမှသီချင်းသံသည် ရုတ်ခြည်းပင် မကျယ်လောင် တော့ပဲ ပရိသတ်ဆူညံနေသံအလယ်မှာ မြုပ်လုလု ရှိနေ ပြန်သည်။ ရယ်မောသံများ၊ ဖန်ခွက်ထဲ လိမ္မော်ရည်ငှဲ့သံ များ၊ စကားလုယက်ပြောသံများ ရောနှောထွက်ပေါ်လာ သည်။

“အေးကညနေ(၄)နာရီထိ သည်မှာထိုင်နေမယ်စိတ် ကူးသလား။ သူတို့လိုလေ”ဟု သူက ရုတ်တရက်မေးပါ သည်။

ကျွန်မက အနည်းငယ်တုံ့ဆိုင်းပြီး •••

“မသိဘူးလေ • • •သတိုသမီးအမေက ကျောင်းနေ ဘက်မို့ လာရတာပဲ၊ ရှင်နဲ့လဲခင်တယ်မှုတ်လား၊ ကျွန်မတော့ (၆)နာရီ လုံးလုံးနေရမှာလား • • • မသိပါဘူး”

“လာပါ ဟောသည်ဘေးပေါက်ကထွက်ပြီး ရေကူး ကန်နားသွားရအောင်၊ မြင်နေရတယ်မှုတ်လား၊ ရေကလေး တွေကြည်လို့ စိတ်အေးစရာ၊ သစ်ပင်အောက်မှာဖြစ်ဖြစ် ထိုင်ရအောင်ပါ။ ကျွန်တော်ပြောစရာတွေရှိတယ်အေးရယ်။ ကျွန်တော်ပြောမယ့် စကားကို ဟိုတုန်းကလို မိတ်ဆွေ သူငယ်ချင်းလိုသဘောနဲ့ နားထောင်ပါလား။ ညီမဝမ်းကွဲနဲ့ ညားပြီး ကွဲခဲ့တဲ့ယောက်ျားတစ်ယောက်လို သဘောမထား ဘဲနဲ့ ဟင် • • •”

ကျွန်မသည် မှန်တံခါးမကြီးမှ လှမ်းမျှော်ကြည့်လိုက် လျှင် သူပြောသလိုပင် အပြင်၌အေးချမ်းသာယာနေသည်ကိုတွေ့ရပါသည်။ ရေကူးကန်၌ ပြည့်လျှံနေသောရေတို့သည် စိမ်းလဲ့၍ အသာအယာ လှုပ်ရှားနေသည်။ သစ်ရိပ်တို့လဲ အေးမြလှပါသည်။

“မှန်တံခါးကဖွင့်လို့ရတဲ့ တံခါးမှဟုတ်ရဲ့လားမသိဘူး”

 “ဖွင့်ကြည့်တာပေါ့” ဟု သူကထမည်ပြင်လျှင်

“နေပါဦး • • • သူကလဲ ကြောင်လိုက်တာ၊ ဝင်လာတဲ့ အပေါက်ဝက ပြန်ထွက်လဲရပါတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားနေသေးတယ်။ ရှင်ပြောသလို သည်မင်္ဂလာလက် ထပ်ပွဲခန်းမက ရှင်နဲ့ထွက်သွားပြီး သစ်ပင်အောက်မှာ ကျွန်မ စကားသွားပြောချင်စိတ် ရှိရဲ့လားလို့” ဟု ကမန်းကတန်းပြောလိုက်သည်။ “စဉ်းစားအုံးလေ” ဟု သူက ညင်သာစွာ ဆိုပြီး စီးကရက်သောက်စပြုလေ၏။

ကျွန်မကမူ လွန်ခဲ့သော ၁၅နှစ်ခန့်က နုနုနှင့်သူတို့ ချစ်ခဲ့ကြသည်ကိုသာ စဉ်းစားမိ၏။ နုနုမှာ မိန်းမပီသ နွဲ့နှောင်းလှသူဖြစ်သည်။ သူ့ကို စိတ်ခဏခဏကောက် တတ်၏။ ငိုရ၏၊ မသိတတ်သူဟု ရန်ထောင်၏။ တကယ် မချစ်ဖူးဟု စွပ်စွဲ၏။ ကျွန်မက ပြေရာပြေကြောင်း ပြောခဲ့ ဖူးသည်။ “နုကို သူအမြဲတွေ့ချင်နေတာ၊ တွေ့ရရင်ပျော်တာ ချစ်လို့မှုတ်ဖူးလား။ သူ့မှာ နုကြောင့် ဝမ်းနည်း ရတယ်။ နုကြောင့် စိတ်ချမ်းသာရတယ်။ နုအလိုကိုလိုက် တယ်။ ဘာလိုသေးလဲ။

နုနုကပြော၏။ “သူစာမေးပွဲ မဖြေဘူး။ လခစားမလုပ်ချင်ဘူးတဲ့။ လူတောထဲမတိုးချင်ဘူးတဲ့။ တောပြန်ပြီးခြံ စိုက်စားမယ်တဲ့။ ရှမ်းပြည်နယ်သွားရင်လဲ သွားမယ်တဲ့။ နုက ရန်ကုန်မြို့ကြီးပေါ်လာတဲ့သူ၊ ဟုတ်တယ်။ နုရဲ့ မေမေ လိုပဲ အရာရှိကတော်ဖြစ်ချင်တယ်၊ နုရဲ့ ကလေးတွေလဲ အထက်တန်းကျစေချင်တယ်။”

ပထမတော့ ကျွန်မ သက်ပြင်းသာချနေရင်း သူတို့ ဘယ်လိုစီစဉ်ကြသည်မသိ၊ နုနုနှင့်သူသည် ကောလိပ်မှာ စာသင်နေရင်းပင် တစ်ပိုင်းတစ်စနှင့် ထွက်သွားကြ၏။ မရမ်းကုန်း၌နေထိုင်ကြ၏။ နုနုသားလေးမွေးတော့ ကျွန်မ သွား၍ ကြည့်ပါသေးသည်။ သူတို့ ပျော်ရွှင်ကြသည်လို့လဲ ထင်ခဲ့ပါသည်။ သို့သော် သူတို့ပေါင်းသင်း၍ သုံးနှစ်ခွဲမျှသာ ကြာသည်။ နုနုသည် ကျွန်မဆီ တယ်လီဖုန်းနှင့် လှမ်း၍ စကားပြောပါသည်။

“အေးရေ၊ နုနဲ့သူတော့ မဖြစ်တော့ပါဘူး၊ အေးနဲ့ လာနေချင်တယ်၊ လက်ခံမလား၊ နုအလယ်တန်းပြဆရာမ အလုပ်လျှောက်တာလဲရပြီ၊ ဝန်လေးနေမှာလား”

“ဘာဖြစ်ကြတာလဲ” ဟု ကျွန်မကမေးလျှင်တော့

“မမေးပါနဲ့တော့ကွယ်၊ နုလဲမဖြေတတ်တော့ပါဘူး” ဟု ဆိုကာတယ်လီဖုန်းခွက်ထဲ၌ နုနု၏ရှိုက်သံများကိုသာ ကြားခဲ့ရလေ၏။

နုနု ကျွန်မနှင့်လာနေသည့် ဆယ်နှစ်ကျော်အတွင်း သူသည် တစ်ခါမျှမလာရောက်ခဲ့ချေ၊ စာလဲလှမ်းမရေးချေ။တယ်လီဖုန်းနှင့်လဲ စကားမပြောခဲ့ချေ။ နုနုသည် ဖွင့်မပြော ခဲ့သော်လည်း သူလာခေါ်မည်ကို စောင့်စားလျှက် အချိန် ကုန်ခဲ့သည်ကို ကျွန်မရိပ်မိရပါသည်။ နုနုသည် မကျန်းမမာ ဖြစ်လိုက်သေးသည်။ အိပ်ပျက်စားပျက်နှင့် မူးဝေ၍ လဲ လိုက်သေး၏။ သားငယ်ကိုဖက်၍ ငေးမောနေတတ်သည်။ နုနု၏မိဘများ ပြန်ခေါ်သည်ကိုလဲ မလိုက်နိုင်ချေ။

“ရှင်တစ်ခါမှ မလာခဲ့ဘူး။ တွေ့ဖို့မကြိုးစားခဲ့ဘူး” ဟု ကျွန်မသည် လက်ထပ်ပွဲသို့ ပြန်ရောက်လာလေ၏။

“အဲဒါကတော့ ဇာတ်လမ်းရဲ့ သေးငယ်လှတဲ့ အစိတ် အပိုင်းကလေးတစ်ခုသာဖြစ်တယ်” ဟု သူက သူ့ထုံးစံအတိုင်း စာသံပေသံနှင့် ပြောလေ၏။

“ဟိုလူရှင်းတဲ့ အခန်းဘက်ဖြစ်ဖြစ် သွားရအောင် လားအေးရယ် “ • •၊ တစ်နေကုန် ပြောရင်ပြောရမှာ”“ခုတော့မသွားချင်သေးပါဘူး၊ တော်ကြာစိတ်ပြောင်း သွားမှသွားရအောင်၊ ခုလဲ ဒီမှာထိုင်ပြီး ပြောလို့ ရသားပဲ။ ကျွန်မတို့ကို ဘယ်သူမှလဲ ကြည့်မနေပါဘူး။ လူတွေက သတို့သမီး သတို့သားကိုသာ ကြည့်ချင်တာပဲ”

“အမာစိန်ကတာဖြစ်ဖြစ်၊ ဦးဘသန်းစောင်းတီးတာ ဖြစ်ဖြစ် ...”

“ဟုတ်တယ်”

“ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့စကားလဲ အရေးကြီး ပါတယ်၊ သည်မင်္ဂလာဆောင်မှာ သြဘာစာရွတ်တာထက်တောင် အရေးကြီးအုံးမယ်၊ သတို့သမီးနဲ့ သတို့သားကို ပိုအကျိုးပြုအုံးမယ်”

ကျွန်မက ပထမအကြိမ်ပြုကာ ဘာဖြစ်လို့လဲရှင်”

 “ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အချစ်ဆိုတာ ဘာလဲဆိုတာ ပြောပြမလို့ပေါ့ • • •၊ သည်မင်္ဂလာဆောင်နဲ့ အင်မတန် သင့်တင့်လျောက်ပတ်တဲ့ ဘာသာရပ်ပဲမို့ပေါ့”

သူသည် တိုက်ပုံအင်္ကျီအိတ်ထဲမှ ဖြူဖွေးစင်ကြယ် သော လက်ကိုင်ပဝါကိုထုတ်၍ မျက်နှာကိုသုတ်ပါသည်။ ပြီးတော့ ဘယ်တုန်းကလာချသွားမှန်းမသိသော လိမ္မော်ရည် ခွက်ကို နှစ်ကျိုက်မျှသောက်ပြီး နှုတ်ခမ်းကို လက်ကိုင်ပုဝါနှင့် သုတ်ပြန်ပါသည်။ သူ့နှုတ်ခမ်းများ ပြေပြစ်လှပသည်ကို ပထမဆုံးအကြိမ် သတိထားမိပြီး ကျွန်မအံ့သြနေဆဲ သူက အေးဆေးငြိမ်သက်စွာပြောသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)