Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ကြည်အေး - မှန်၏မှောင်ရိပ်

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

စိုး နဲ့ ခိုင်

စိုးကို ပထမဆုံးတွေ့တော့ တစ်ညနေဦး မြို့လယ်ကောင် ရုပ်ရှင်ရုံများ အနားမှာ ဖြစ်၏။ ခိုင်တစ်ယောက်တည်း ရည်ရွယ်ချက်မရှိ လျှောက်လာပြီး လမ်းဘေး ဆိုင်များက သိပ်ကိုအဖိုးမတန်၊ အသုံးမကျသော ပစ္စည်းကလေးများ စိတ်ကူးမရှိဘဲ ကြုံသလိုဝယ်ဖို့ အသင့်ရှိလေ၏။ တစ်ခါတစ်ရံ စာအုပ်ဟောင်းများလည်း တွေ့ရှိ ရတတ်၏။ မကြာခဏပင် ကလေးကစားစရာကလေးများကို ကိုင်တွယ်ကြည့်မိ တတ်၏။ တစ်ခါတလေ အများအပြားဝယ်မိပြီး ထားစရာနေရာမရှိ ပြတင်းပေါင် ပေါ်၊ စာအုပ်စင်ပေါ်၊ အဝတ်ဗီရိုပေါ် ထိုင်နေကြကာ ဖုန်တင်နေတတ်သည်။ တဖြည်း ဖြည်းများလာလျှင် ကလေးဆေးရုံသို့ လှူပစ်ရတတ်သည်။

ထိုမည်မည်ရရပြောစရာမရှိသော တစ်ညနေဦးမှာ ကျောင်းစောစောပြီးသည် နှင့် တက္ကသိုလ်အရိပ်မှခွာခဲ့ပြီး မြို့လယ်သို့ ရောက်လာသည်တွင် စိုးနှင့် တွေ့သည်။

စိုးက ဗြုန်းခနဲ ခိုင် အနားရောက်လာပြီး

“ခိုင် မဟုတ်လား” လို့ မေးသည်။ သူ ခိုင့်ကို သိနေပြီး ရင်းရင်းနှီးနှီး နာမည် တစ်လုံးတည်းခေါ်သည်ကို သတိထားမိ၏။ အမှုမထားလှဘဲ ရယ်ချင်သလိုလို ရှိ သော်လည်း ဣန္ဒြေဆည်ချင်သည်နှင့် “ကျွန်မနာမည် လှပွင့်ခိုင်ပါ” လို့ ပြောလိုက် သည်။

“ဒါပေမဲ့ ခိုင်လို့ပဲ သိကြတာပဲ မဟုတ်ဘူးလား” “ခင်တဲ့မိတ်ဆွေ သူငယ်ချင်းတွေကတော့ ခိုင်လို့ခေါ်တာပေါ့ ”

“ကျွန်တော့်ဘက်ကတော့ အရမ်းခင်နေတာပဲ”လို့ သူက ရဲရဲတင်းတင်း ပြောသည်ကို ခိုင် ဘာမှ မဖြေတတ်ဘဲ“ရှင့်နာမည်တောင် မသိသေးဘူး” လို့သာ ပြောမိတော့၏။

“စိုးမင်းပါ၊ ခိုင့်လိုပဲ ခင်တဲ့လူတွေကတော့ စိုးလို့ ခေါ်ကြတယ်၊ နားထောင် လို့ ကောင်းသားပဲ”

သူက ပြုံးရယ်လိုက်သည်။

“ခိုင်ကတော့ ဘယ်သိမလဲ၊ ကျွန်တော် ခိုင်ယူတဲ့ဘာသာတွေယူထားတယ်။ ခိုင်နဲ့ အတန်းတူတူပဲ၊ နောက်ဆုံးက ခုံတန်းမှာ အမြဲထိုင်နေတာပဲ၊ ခိုင့်ကို နေ့တိုင်း

တွေ့ရတယ်”

ခိုင်က အနည်းငယ် အံ့သြနေဆဲ။

“မအံ့သြပါနဲ့ဦးလေ၊ ကျွန်တော်က တစ်နှစ်နောက်ကျတယ်၊ ဒါပေမဲ့ ခိုင့် အတန်းတွေကိုပဲ လိုက်တက်နေတာပဲ၊ ကျွန်တော် ဖရက်ရှာပဲ ရှိသေးတယ်၊ ခိုင်က စီနီယာမမပေါ့”

သူက ပြုံးသော်လည်း ခိုင်က မပြုံးနိုင်။ ဖျတ်ခနဲ မောင်လေးကို သတိရ၏။ မောင်လေးသာရှိရင် သူလည်း ဖရက်ရှာပေါ့။ ကောလိပ်မှာ မောင်နှမနှစ်ယောက် အတူလိုလို ရောက်နေကြမှာ။ ပျော်စရာကောင်းမှာ။ ဒါပေမဲ့ .. ဟု အတွေးကို တစ်ဝက်နှင့် ဖြတ်လိုက်သည်။ ရှေ့ဆက် မတွေးချင်။ နည်းနည်း ငိုချင်လာ၏။ ခိုင့်မျက်နှာ ညှိုးနွမ်းသည်ကို သူက ချက်ချင်း သတိပြုမိပြီး

“စိတ်မဆိုးပါနဲ့နော် ခိုင်ရယ်၊ ကျွန်တော်က ခိုင်နဲ့ အသိဖြစ်ချင်လို့ပါ။ မကောင်းတဲ့စေတနာ မရှိပါဘူး”လို့ တောင်းပန်သည်။

“ဒီမှာ မတ်တတ်ကြီးရပ်ပြီး စကားပြောရတာ မကောင်းဘူး”လို့သာ ပြောမိ ပြန်၏။

“ဟောဟို မုန့်ဆိုင်ဝင်ပြီး မုန့်စားရအောင်၊ ကော်ဖီသောက်ရအောင်၊ ခိုင် ဝန်မလေးပါဘူးနော်၊ ကျွန်တော် ဖိတ်ပါရစေ”လို့ သူက ယဉ်ယဉ်ကျေးကျေး ပြောပြန် ၏။ ခိုင်က ဘာမှ ထွေရာလေးပါး စဉ်းစားဟန်လုပ်တတ်သူ မဟုတ်။ လူလူချင်း အဆင်ပြေသလို စကားပြောဆက်ဆံ မိတ်ဆွေဖြစ်သင့်သည်လို့ ထင်သည်။ လူများ စွာသည် ဘေးမပြုတတ်။ အမူအကျင့် မဟော့ရမ်းတတ်လို့လည်း ယုံသေးသည်။ သည်လိုမှ မယုံရလျှင် လူ့ဘဝသည် ဘာမှနေပျော်ဖွယ်မရှိ။ အန္တရာယ်နှင့်အတိ ပြည့်နေပြီး လူအချင်းချင်း အားတိုင်း ကြောက်လန့်ပူပန်နေဖို့သာ ရှိတော့မည်။

သူတို့နှစ်ယောက် မုန့်ဆိုင်မှာထိုင်မိတော့ မောင်စိုးမင်းက သက်သောင့်သက် သာရှိသွားပြီး

“ကျေးဇူးပဲ ခိုင်ရယ်၊ ခိုင် အဲဒီလို ဟန်မလုပ်တတ်တာ သိပ်သဘောကျစရာ၊ ကျေးဇူးတင်စရာ ကောင်းတာပဲ”လို့ ဆိုပြန်သည်။ ခိုင်က အနည်းငယ် ပြုံးလာသည်။

သူက ခိုင့်ထက် အရပ်မြင့်သော်လည်း ငယ်ရွယ်နုပျိုသော မျက်နှာကြောင့် ခိုင့်ထက် နည်းနည်းမှ မကြီးနိုင်။ ငယ်သာငယ်ဦးမယ်။ သူက ကောလိပ်ကို တစ်နှစ်နောက် ကျရောက်တယ်ဆိုတော့ တစ်နှစ်၊ နှစ်နှစ် ငယ်လို့လည်း ဖြစ်နိုင်၊ စာမေးပွဲကျကျ နေလို့လည်း ဖြစ်နိုင်။ ဒါပေမဲ့ ခိုင့်ထက် ဘယ်နည်းနဲ့မှ ပိုပြီး အသက်မကြီးနိုင်ပါ ဘူး။ မောင်လေးလိုပေါ့။ ။

“ခိုင့်ကို ဘာလို့ အသိဖြစ်ချင်နေတာလဲ”လို့တော့ မေးလိုက်၏။ သူ ခိုင့် ကို လမ်းမှာ ခုလိုရပ်ပြီး စကားစပြောတာ နည်းနည်းဆန်းကြယ်တယ်ထင်ဆဲ။ တစ်ဖန် သိက္ခာရှိရှိ ဆိုပါတော့။ အတူတူထိုင်ပြီး စကားပြောဆက်ဆံနေပုံကတော့ လည်း အပြစ်မြင်စရာမရှိ။ ခိုင်က ဘယ်လောက်မှ အရေးကြီးတဲ့လူလည်း မဟုတ်တော့ သူ ခိုင့်ကို သာမန်အဖိုအမတို့ ဝသီအရ စချင်နောက်ပိုးချင်တာလား မသိလို့သာ သတိရပြီး ပြုံးရယ်နေမိပြန်၏။ ကျေနပ်တာလည်းအမှန်။ ဘာဟန် ဆောင်စရာရှိသလဲ။

“ခိုင်က ကောလိပ်မှာ တော်တော်နာမည်ကျော်နေတာ ကိုယ့်ဘာသာ သိပုံ မရဘူး”လို့ မောင်စိုးမင်းက စတင်လေ၏။ “ခိုင်လှတာ၊ ဟန်ပန်တွေလည်း မလုပ် တတ်တာ၊ မိဘမရှိတာ၊ အမွေတွေအများကြီးရခဲ့တာ၊ စာလည်းတော်တာ၊ ကျောင်း အုပ်ကြီး ဦးလှတင်ရဲ့ တူမဖြစ်တာ အားလုံး သိကြတာပဲ။ ကျွန်တော်ကတော့ ခိုင် မိဘမဲ့ကျောင်းက ကလေးတွေကို ငွေမှန်မှန်လှူပြီး အဲဒီကလေးတွေအတွက် အားကြိုး မာန်တက် လူအားပါပေးနေတာ စနေ၊ တနင်္ဂနွေနေ့တိုင်း၊ ဒါကြောင့် မအားနိုင်တာဘဲ စိတ်ဝင်စားနေတာ”

ခိုင်က ကြိုးစား၍ပြုံးလိုက်ပြီး

“မဆန်းပါဘူး၊ ခိုင်ကိုယ်၌က မိဘမဲ့ဖြစ်သွားတော့ အဲဒီကလေးတွေကို စေတနာအထူးရှိလာနိုင်တာပေါ့၊ ခိုင်က ကုသိုလ်ကောင်းတော့ နည်းနည်း ပိုက်ဆံ တတ်နိုင်တာပေါ့၊ ကလေးတွေကို ငွေအား လူအားနဲ့ထောက်ပံ့နိုင်တာပေါ့ ”လို့ပြောရ၏။

“ကျွန်တော်လည်း မိဘမဲ့ပဲ၊ အဘွားနဲ့နေတယ်။ ခိုင့်လို ပိုက်ဆံတော့ မချမ်း သာဘူး”လို့ မောင်စိုးမင်းက ပြောလိုက်လျှင် ခိုင်သည် ရင်ထဲမှာ လှိုက်လှဲလာကာ သူ့ကို စိုက်ကြည့်မိ၏။ သူ့ကြည့်ရတာ အမေရိကန်ရုပ်ရှင်ဇာတ်လိုက် တိုနီပါး ကင်းနဲ့ တူသလိုလို။ နားရွက်ကားကလေးတွေကတော့ မောင်လေးနဲ့သိပ်တူတယ်။

သူက ရယ်မောလိုက်ပြီး “ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တယ်။ ကိုယ် ဝါသနာပါတာပဲ လုပ်ချင်တာပဲ။ စာဖတ်တယ်။ ကျောင်းစာတော့ သိပ်မကျက်မိဘူး။ သူငယ်ချင်းတွေနဲ့ လည်တယ်။ ရုပ်ရှင်ကြည့်တယ်။ မယ်ဒလင်တီးတယ်။ သီချင်းဆိုချင် ဆိုတတ်တယ်။ ကျွန်တော်တို့ တီးဝိုင်းကလေးတစ်ခု ထောင်ထားတယ်။ အပျော်ပေါ့”

“ခိုင့်မှာတော့ သူငယ်ချင်း သိပ်မရှိပါဘူး။ အဆောင်မှာ လာနေတော့ သူငယ် ချင်းဟောင်းတွေကလည်း နေ့ကျောင်းသူတွေဆိုတော့ တဖြည်းဖြည်းကွဲသွားတယ်။ ပြီးတော့ ခိုင်က အားရင် မိဘမဲ့ကလေးတွေကျောင်းမှာ အချိန်ကုန်နေတော့ အဲဒီက ဆရာမတွေ၊ အလုပ်သမားတွေနဲ့ပဲ အချိန်ကုန်တာပဲ။ အတူလုပ်ကြကိုင်ကြပေါ့။ ကလေးတွေဖို့ ဒီနေ့ သောကြာနေ့ဆိုတော့ မနက်ပိုင်းပဲ အတန်းရှိတယ်။ မြို့ထဲ ခုလိုလာနိုင်တယ်။ သောကြာနေ့ပဲ နည်းနည်းအားတယ်”

“သိပါတယ်၊ ခိုင့်နောက်ကို ကျွန်တော် အမြဲလိုက်ကြည့်နေတာပဲ”လို့ သူက ပြောပြီး မလုံမလဲ နည်းနည်းဖြစ်လာဟန်နှင့် မျက်နှာ အနည်းငယ် ပျက်သွားလေ၏။

ခိုင်က ထပ်ပြီး ဘာကြောင့်လဲလို့ မေးရမည်လား။ သူ့ကို စကားကြောင်းပေး တယ်များ ထင်သွားမလား။ ဘာကြောင့်လဲမသိ ချစ်ချင်သူတွေ ခိုင့်အဖို့ တော်တော် များများရှိတော့ သည်အတွေ့အကြုံမျိုးဟာ သိပ်ပြီး တုန်လှုပ်စရာ မဟုတ်တော့။

“ဒီလောက် အချိန်ပိုတွေရှိနေရင် ခိုင်တို့မိဘမဲ့ကျောင်းမှာ လာကူလုပ်ပေး မလား၊ လူအားပေးမယ့်လူတွေ လိုနေတယ်”လို့ လိုရာဆွဲပြီး မေးပြန်တော့

“ဘာလုပ်ရမလဲတော့ မသိဘူး။ ခိုင် ခိုင်းတာတော့ လုပ်တတ်မှာပဲ။ ခိုင်နဲ့ အတူ အဲဒီကိစ္စဝိစ္စတွေ လုပ်နေရရင် ကောင်းမှာပဲ”

သူ ခဏနားပြီးမှ ဆက်ပြော၏။

“ဒါပေမဲ့ ခိုင် ကိုယ့်ဘဝကိုယ့်ကိစ္စလည်း လုပ်သင့်သေးတာပဲ။ စပ်စုတယ် မထင်ပါနဲ့။ ခိုင် ပျော်ပျော်ရွှင်ရွှင်နေတာ ကြည့်ချင်လို့ပါ။ ခိုင်က သိပ်တည်ကြည် တာပဲလို့ အများက ပြောကြတယ်။ ရယ်ရယ်ပြုံးပြုံး မရှိလှဘူး။ အသက်ငယ်ငယ် လေး ရှိသေးတယ်လို့ ပြောကြတယ်။ ခိုင်မျက်နှာ ညှိုးနေတာ ကျွန်တော် ခဏ ခဏ သတိထားမိတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ခိုင့်ကို ပျော်ရွှင်လန်းဆတ် လာအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားတယ်”ဟု ပြောပြန်၏။

နေပါဦး။ နည်းနည်းတော့ သူက မရင်းနှီးလွန်းဘူးလားဟု စိတ်တွင်းက ပြောမိ၏။ ခိုင့်ဘက်က သူ့ကို ခုမှမြင်ဖူးတာ။ အတန်းထဲမှာ သူ့ကို မျက်လုံးချင်း တောင် ဆိုင်ခဲ့ဖူးရဲ့ လား မမှတ်မိ။ ဒါပေမဲ့ ကြည့်ရတာ လူလည်လူညာကလေးနဲ့ တော့ မတူပါဘူး။ သူ့အသံက တည်ငြိမ်လှပါတယ်။ သူ့မျက်လုံးများက ညိုမှောင် နက်နဲလှပါတယ်။ သူ့နှုတ်ခမ်းများက အေးချမ်းလှပါတယ်။ သူ့ကို မယုံဘဲ မနေနိုင် ပါဘူးဟု ခိုင်သည် အရှည်ကြီးတွေးတောပြီး ဘာမှ ပြန်မပြောဖြစ်။

“ကျွန်တော့်ဘက်ကတော့ ခိုင့်ကို တစ်နှစ်လုံး သိလာတော့ တကယ်ရင်းနှီး တဲ့မိတ်ဆွေသူငယ်ချင်းလို ပြောမိတယ်”လို့ သူက ရှင်းလင်းပြန်၏။

“ပြီးတော့ ခိုင်၊ သေသူတွေက သေသွားမှာပဲ။ ကျန်ရစ်သူတွေက ဆက်နေ၊ အသက်ရှင်နေပြီး လုပ်စရာရှိတာလုပ်ပြီး နောက်ဆုံးတော့ သေကြရပြန်တာပဲ။ ကျွန်တော်တို့လောကက တကယ့်သင်္ခါရလောကအစစ်ပဲ။ ကျွန်တော်က တရားရှိ လှချည်ရဲ့လို့ ကိုယ့်ကိုယ်ကိုယ်ထင်ပြီး ဒီစကားပြောတာ မှုတ်ဘူး၊ တကယ်တော့ စဉ်းစားပုံက ဗုဒ္ဓဘာသာတောင်သိပ်မဆန်ဘူး။ ဘာကိုမှ စွန့်ပစ်ချင်တဲ့စိတ်မှ မရှိဘဲ ဘဝကို တွယ်တာတာ လွန်ရောပဲ။ ကျွန်တော် ဆိုလိုတာက နေသမျှအချိန်မှာ စိတ်ချမ်းသာစရာ ရှာလုပ်ကြဖို့ လိုတယ်။ ကျွန်တော့်အဘွားက အသက် ၇၀ ကျော် ပေမဲ့ တော်တော်ခေတ်ဆန်တယ်။ အဲဒါ သိပ်ကောင်းတဲ့ အကြံပဲတဲ့”

သူတို့နှစ်ယောက် ရယ်မောကြပြီး ခိုင် စိတ်ပေါ့ပါးကြည်လင်လာလေ၏။ မောင်စိုးမင်းက နားထောင်ကောင်းအောင် စကားပြောတတ်သူပဲ။ သူပြောတဲ့အတိုင်း သူ့ဘက်က ရင်းနှီးပြီးသူပဲ။ ခိုင်ကို ချစ်ချင်တယ်လို့များ ပြောနေသလားလည်း မသိပါဘူး။ သူ အသက်ငယ်ပုံရပေမဲ့ ကြီးပြင်းရင့်သန်သူတို့စကားမျိုး ပြောတတ် တယ်။ သူ ဘာစာအုပ်မျိုးဖတ်ပါလိမ့်။ ဘာရုပ်ရှင်မျိုးကြည့်ပါလိမ့်။ ဘာသီချင်းမျိုး နားထောင်ပါလိမ့်။ လူ့ဘဝမှာ သူ ဘာလုပ်ချင်ပါလိမ့်။ ခိုင့်ကိုတော့ လူ့ဘဝမှာ ဘယ်လိုနေမလဲလို့ သူ မေးလိုက်တာ အမှန်ပဲ။

“ခိုင် ဘာမှ လေးလေးနက်နက် မစဉ်းစားသေးပါဘူး။ ကျောင်း နောက်ထပ် (၂)နှစ် အနည်းဆုံး ဆက်နေရဦးမှာပဲ။ ဘာမှမလုပ်ဘဲ ကျောင်းကို အသာချပြီး ကျောင်းနေနေတယ်ဆိုပြီးပဲ နေနိုင်ပါသေးတယ်”

“ဒီလိုဆိုတော့ ကျွန်တော်လည်း ကျောင်း(၃)နှစ် ဆက်နေရဦးမှာပေါ့”လို့ သူက တည်တည်တံ့တံ့ပဲ ပြောပြန်သည်။

စကားမရှိ စကားရှာပြီး ပြောရပြန်၏။

“ဘီအက်စ်စီပြီးသွားရင် ဘာလုပ်မလဲ၊ ကျောင်းဆက်တက်မှာလား၊ အလုပ် လုပ်မှာလား” ခိုင်က မေးပြန်၏။

တကယ်တော့ သူ့ကိုယ်သူမေးနေခြင်း ဖြစ်၏။ ခိုင် ဘာလုပ်ရကောင်းမလဲ။

သူက

“အို အခြေအနေအရပဲ”လို့ ပြော၏။

ခိုင်လုပ်သလို အကုန်လိုက်လုပ်မှာပဲလို့ မပြောချင်တော့ဘူးထင်ပါရဲ့။ သူ ပြောရင် နည်းနည်းတော့ လွန်ပြီပေါ့။ ခိုင် ပြုံးရယ်လာပြီး မျက်နှာကြည်လင်လှပလာသည်ကို သူက စူးစိုက်ကြည့်နေပြီး

“ကျွန်တော် ဘယ်တော့ မိဘမဲ့ကျောင်းမှာ အလုပ်စလုပ်ရမှာလဲ။ ဒီစနေက စရမလား၊ ခိုင့်ကို လာခေါ်ရမလား၊ ကျွန်တော့်ကို လာခေါ်မလား။ အဲဒီနေရာတွေ ခိုင် ကားနဲ့ သွားတတ်တာ သိပါတယ်။ ခိုင့်ဒရိုင်ဘာ ကုလားအဘိုးကြီးဆာဘူးနဲ့ ကျွန်တော်မိတ်ဖြစ်နေတာ ကြာပြီ”

ခိုင်က ပေါ့ပါးစွာ အသံထွက်ရယ်လိုက်၏။ သူ တော်တော်စနစ်တကျလုပ် တတ်သားပဲလို့ ထင်၏။ ခိုင်က ဘာမှကန့်ကွက်ခွင့်မရှိပါ။ ခိုင် နှစ်လိုနိုင်သော လူ တစ်ယောက်လည်းဖြစ်ပါမည်။ သူ အသက်ဘယ်လောက်ရှိပါလိမ့်။ သိပ်များငယ်နေ မလား။ အဲဒါတော့ တော်တော်အရေးကြီးသည်။ ခိုင်က အသက်(၂၀)ပြည့်တော့မှာ။

“သူက ခိုင့်ထက်ငယ်မှာ၊ မောင်လေးလိုပေါ့ ”လို့ စကားစလိုက်လျှင်

“မငယ်ပါဘူး၊ (၂ဝ)ပြည့်တော့မှာ၊ မောင်လေးလိုလည်း မဟုတ်ပါဘူး၊ ရွယ်တူပဲ”လို့ လျင်မြန်စွာ ငြင်းဆန်လေ၏။

“မပြောချင်လည်း နေပါ”လို့ ဆိုလျှင်တော့ သူက စိတ်ညစ်ညူးဟန်ဖြင့်

“အသက်(၂၀)ပြည့်ဖို့နှစ်နှစ်ပဲ လိုတော့တယ်”ဟု ပြောပြီး နှစ်ယောက်သား ရယ်ကြရပြန်၏။

“ကဲ...မောင်လေး မလုပ်ချင်လည်း မောင်စိုးမင်းပဲပေါ့၊ ကိုစိုးမင်းလို့ခေါ်မှ ကြိုက်မှာလား။ ဒါဖြင့်လည်း ကိုစိုးမင်းပေါ့ ”လို့ ခိုင်ကပြောပြီး သူတို့ မုန့်တိုက်မှ ထွက်ဖို့ ပြင်ကြရ၏။

“ခိုင်မြို့ထဲ လျှောက်သွားနေဦးမှာလား” “ဘာဖြစ်လို့လဲ”

“ခိုင် ကျောင်းဘက်မပြန်မချင်း ကုသိုလ်ကံဖန်တဲ့အတိုင်း ကျွန်တော်က နောက်က ခပ်လှမ်းလှမ်းက လိုက်နေရဦးမှာဆိုတော့ ... အဲဒါပဲ ခိုင် ကြိုက်သလား၊ ဒါမှမဟုတ် ခိုင်နဲ့အတူ စကားပြောရင်း လိုက်ရမှာလား၊ သိချင်လို့”

ခိုင်က မျက်လုံးလှန်ကြည့်ပြီး

“ခိုင်လည်း စကားများများ ပြောတတ်တာပဲ။ သူ့လောက်တော့ ချက်ကျ လက်ကျ မပြောတတ်ဘူးထင်တာပဲ။ လမ်းလျှောက်ရင်း စကားပြောရ၊ နားထောင်ရ တာ ကောင်းသားပဲ” ပြောလျှင်တော့

“ခိုင်က တကယ်တော့ ပိုပြီး စကားပြောလိမ္မာတာပါ” သူတို့သည် ကြာရှည်စွာ သိကျွမ်းလာကြသလို ဆက်ဆံနေကြတာ အမှန်ပဲ။ ခိုင်ကလည်း ဒီလိုပဲ လူလူချင်း ဆက်ဆံတတ်လို့ ထင်ပါရဲ့။ သင့်လျော်