Skip to product information
1 of 2

Other Websites

ကြည်အေး - မေတ္တာမီးအိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ညက အဖြူသည် မက်နေကျ အိပ်မက်ကို မက်သည်။ အိပ်မက်ထဲမှာ ဖေဖေ သေဆုံးပြီးသားဖြစ်၍ ငရဲခံနေသည်ကို သွားကြည့်ရ၏။ ဖေဖေ သည် နဂိုနေထက် ငါးဆမျှ ကြီးမားနေကာ ဇရပ်လို၊ တန်ဆောင်းလို အဆောက်အအုံ၏ ထုပ်တန်းများကြားမှာ သူ့ခေါင်း ဝင်ရောက်နေသည်။ ဖေဖေသည် တူနှင့်ပေကို မနားတမ်း ထုနေရသည်။ အဖြူသည် တစ်ခဏမျှ လန့်၍ နိုးလာသည်ထင်သည်။ အပြင်မှာ ခါတိုင်းလိုပင် ညသည် တိတ်ဆိတ် အေးမြနေ၏။ အိပ်ခန်းပြတင်းနှင့် ကပ်နေသော စံကားဖြူပင်မှ အရွက်ပွန်း သည့် အကိုင်းတစ်ကိုင်းသည် ပြတင်းမှန်ချပ်ကို တရှပ်ရှပ်လာ၍ခြစ်သည်။ လက်လှမ်းမီသော ထိုအကိုင်းမှာ စံကားဖြူ၊ အပွင့်ကြွင်းများ ပွင့်နေတာကတော့ အိပ်မက်လားမသိ။ ခုလို ဆောင်းဦးမှာကော စံကားဖြူပွင့်လို့လား။ မနက်ကျ ထကြည့်ဦးမည် စိတ်ကူးရင်း စံကားဖြူပွင့်များသည် မီးသီးမှိန်မှိန် များ ဖြစ်သွားသည်။

ကြည့်နေရင်း မီးသီးများငြိမ်းသွားကာ အဖြူသည် တောလမ်း ကျဉ်းတစ်ခု၌ ခပ်သုတ်သုတ်လျှောက်လျက် ရှိသည်။ နားထဲမှာတော့ ပြတင်း မှန်မှ သစ်ကိုင်းခြစ်သံ တရှပ်ရှပ် ကြားဆဲပင်။ စံကားဖြူပန်းနံ့လည်း သင်းပျံ့မွှေးရီလို့ နေသည်။ လေပြင်းတိုက်၍ တိတ်ဆိတ် အေးမြမြဲ ညအခါ ဖြစ်လေ၏။ တော်တော်ပင် မှောင်လေတော့ တစ်ယောက်တည်းဖြစ်သည်ကို သတိရပြီး ကြောက်ရွံ့လာဆဲ။ ကိုဦးကို တွေ့လိုက်သည်။ ကိုဦးသည် လမ်းကွေ့မှာ မီးအိမ်ကိုင်မြှောက်ပြလို့ နေသည်။ မီးအိမ်သည် ရှေးဆန်၍ သံပန်း နွယ်ခက်များဖြင့် ခြယ်လှယ်၍ လှပသည်။ ပြာလဲ့သော အလင်းရောင်ကို ပေးသည်။ မျက်စိ အေးမြစေသော အလင်းရောင်ပင်။ ပြီးတော့ ကောင်းကင် ပေါ်တက်သွားကာ လဝန်းလို သာနေသည်။ အိပ်မက်ထဲမှာ ကိုဦးရဲ့ တိမ် တိုက်ကြားက သာနေသော မီးအိမ်ကလေးကို လသာတယ်လို့ပဲ အဖြူက ပြောနေသည်။

အိပ်မက်သည် ခါတိုင်းလိုပင် သည်နေရာမှာ ဆုံးသွားသော်လည်း ပြီးပျောက်မသွားဘဲ သည်အတိုင်းနေသည်မှာ မိုးလင်း၍ နိုးလာသည်အထိ ပင်။ နိုးလာသည့်အခါ အပြင်၌ နုနယ်သော နေရောင်ခြည်မျှင်များကို ပထမ တွေ့လိုက်၏။ ဖေဖေ သေပြီပေါ့။ သည်တော့ ကိုဦးကို တယ်လီဖုန်း ဆက်ရတော့မည် ဖြစ်၏။ ကိုဦး၏ နံပါတ် ခုနစ်-တစ်-တစ်-ငါး-ငါးကို အလွယ် တကူ သတိရလာသည်။ ပြီးတော့ ဘယ်လောက် မှတ်လို့လွယ်တဲ့ နံပါတ်စဉ် ကလေးလဲ။

အဖြူသည် မြန်မြန်ဆန်ဆန် မျက်နှာသစ်လေ၏။ နာရီကို ကြည့်လျှင် ခုနစ်နာရီပင် ခွဲတော့မည်။ ၈ နာရီမထိုးခင် ကိုဦးကို တယ်လီဖုန်း ဆက်မှ ဖြစ်မည်။ သို့မဟုတ် သူ လူနာများကို လှည့်ကြည့်ရသည်နှင့် ၁၁ နာရီကျော် ၁၂ နာရီခန့်မှ ဖမ်းလို့မိမည်။ ကိုဦးကို မနေ့က ဖုန်းမဆက်မိဘူး ထင်သည်။ထိုခဏ၌ အဖြူဦးခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး ထိတ်လန့် သွားသည်။ မနေ့ကအကြောင်း မစဉ်း စားချင်။ မနေ့က ဖေဖေ သေဆုံးသေး သည်မဟုတ်။ အေးမြတိတ်ဆိတ် သော စံကားဖြူပွင့်ကြွင်းများ ပွင့်သောည ကမှ ဖေဖေ သေဆုံးခဲ့ပြီဆိုတာ သိလိုက်ရ၏။ ညကမှ ကိုဦးနှင့် တွေ့ရ၏။ အဖြူသည် မုန့်စားလျှင် ကြာမည်စိုးကာ အိပ်ရာဘေးက စားပွဲပေါ် အသင့် လာတင်ထားသော လင်ပန်းမှ နို့ဖန်ခွက်ကိုသာယူ၍ မြန်မြန်သောက်ချလိုက်လေ၏။

ခုနစ်-တစ်-တစ်-ငါး-ငါး။ အဖြူ၏လက်များ တုန်နေလေ၏။ သူ့ရဲ့ ရင်တွင်းမှာ တဒိတ်ဒိတ် ခုန်ကာ “ကိုဦး...ကိုဦး”ဟု ညည်းညူ တမ်းတ ပြန်သည်။ ကိုဦးကို တွေ့ဖို့လိုသည်။ ကိုဦးက အဖြူအတွက် ပူပင်တတ်သည်။ စီစဉ်ပေးတတ်သည်။ သိပ်သဘောကောင်းတဲ့၊ ချစ်ဖို့ကောင်းတဲ့ ကိုဦး။

ဟိုဘက်မှ ခေါ်ခေါ်ချင်း ကောက်ကိုင်လိုက်သံကြားကာ ကျက်မိ နေသော ကိုဦးရဲ့ “ဟဲလို”ဟု ထူးသံကြားလိုက်လျှင် အဖြူ အားတက် ပျော်ရွှင်သွားသည်။ ထို့ကြောင့် မရေမရာပင် တစ်ချက်ရယ်လိုက်ကာ “ကိုဦး လား၊ အဖြူပါ”ဟု ပြောလိုက်လေ၏။

“အဖြူလား...အဖြူလား”ဟု တုန်ယင်ခဲသော ကိုဦးရဲ့ အသံကို ကြားလေ၏။

“အဖြူပါ၊ ဘာလုပ်နေလဲ” “အဖြူ၊ ကိုဦးကို သတိရလာပြန်ပြီလား”

“အို...ကိုဦးကလည်း ဘယ်တုန်းက မေ့သွားလို့လဲ။ နေ့တိုင်း ဖုန်းဆက်နေတာပဲ မဟုတ်လား” အဖြူသည် ခေါင်းကြည်လင်သွားမည် လားဟု တစ်ချက် ခါလိုက်၏။ ဟုတ်တယ်၊ နေ့တိုင်း ဆက်နေတာပဲ။

“ကိုဦး ဖုန်းနံပါတ် ဘယ်ကရလဲ”

“ညက ကိုဦးရဲ့ မီးအိမ်မှာ ထွင်းထားတာပဲ။ ခုနစ်-တစ်-တစ်ငါး-ငါး၊ ပြီးတော့ အလွတ်လည်း ရနေတာပဲ။ ကိုဦးကလည်း ဘာဖြစ် နေတာလဲ”

ရယ်မောလိုက်သံကို ကြားရပြီး အနည်းငယ် မခံချင်သလို ဖြစ်သေး သည်။ သူ သိပ်ဆိုးတာပဲ။ ဘာဖြစ်လို့ ရယ်ချင်တာလဲ။

“အဖြူ၊ ဟိုအိပ်မက် မက်ပြန်ပြီပေါ့ ”

“ဟုတ်တယ်။ ကိုဦး မမှတ်မိဘူးလား။ ညက တစ်ညလုံး စကား တွေ ပြောနေကြပြီး အဖြူ၊ မပြောမိဘူးလား။ မနက်ကျ လာခဲ့မယ်လို့။ ဖေဖေ့ကို တွေ့ခဲ့တယ်။ သိပ်သနားတာပဲ ကိုဦးရယ်။ အဖြူငိုချင်တယ်၊ သိပ်ငိုချင်တယ်။ ရင်ထဲမှာ ဘယ်လို ဟာနေမှန်း မသိဘူး။ သိပ်သနားတာပဲ။ ဒါပေမဲ့ သူ သေသွားတာ အဖြူ၊ ဘာမှလည်း မတတ်နိုင်ပါဘူးနော်။ ဒါပေမဲ့ အဖြူတစ်ယောက်တည်း ဖြစ်နေပြီ။ ဒီ အိမ်ကြီးမှာ ဘယ်လို ဆက်နေလို့ ရမလဲ။ ညကျရင် ပြတင်းပေါက်မှန်ကလည်း တရှပ်ရှပ်မြည်လို့။ ကြောက်တတ်လှတာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအသံကြောင့် ပိုပြီး ထိတ်တယ်။ ကိုဦးကိုလည်း သိပ်တွေ့ချင်တာပဲ။ အဖြူ လာခဲ့မယ်နော်”

သက်ပြင်းချသံ ကြားလေ၏။ ပြီးတော့ ကိုဦးက ဝမ်းနည်းတစ် ဝက်၊ ပျော်ရွှင်တစ်ဝက် ရောသောအသံဖြင့် ပြောလေ၏။ “အဖြူ၊ အသင့်ပြင် ထားလေ၊ ကိုဦးဆီလာဖို့ စီစဉ်လိုက်မယ်။ ခုပဲ ကိုဦး အဖြူဖေဖေကို ဖုန်း ဆက်မယ်။ တယ်လီဖုန်းမြည်ရင် မကိုင်နဲ့။ ပြောစကား နားထောင်နော်”

အဖြူသည် “ဟုတ်ကဲ့..ဒါလင်”ဟု ပြောလိုက်ပြီး တယ်လီဖုန်း ကို ချလိုက်သည်။ ပြီးတော့ နံနက်စာကို ဆက်စား၏။ နို့ချိုင့်ထဲမှ ဖန်ခွက်ထဲ နို့ထပ်ဖြည့်ရ၏။ တယ်လီဖုန်း မြည်လာသော်လည်း သူ မကိုင်တော့။ ဖေဖေ့အခန်းမှ ကိုင်သည်ထင်သည်။ မြည်သံတိတ်သွားသည်။ ဘာမျှ ထွေထွေထူးထူး မစဉ်းစားတော့ဘဲ မှန်တင်ခုံသို့ လာခဲ့သည်။ ပုလဲနှစ်ရောင် ညဝတ်အင်္ကျီနှင့်၊ ကျစ်ဆံရှည်နှစ်ဖက် ကပိုကရိုနှင့်၊ အဖြူသည် တစ်မျိုး လှပနေသည်ကို မှန်ထဲမှာ မြင်ရသည်။ လှတာ ကောင်းသားပဲ။ ကိုဦး အတွက် လှပချင်သည်။

ထိုခဏ၌ စံကားဖြူပွင့်များ ရှိ၊ မရှိ ထကြည့်ဖို့ သတိရလာလေ၏။ အဖြူရဲ့ စံကားဖြူပင်ဟာ ရာသီမရွေး ပွင့်မြဲပဲမဟုတ်လား။ မိုးတွင်းမှာ အများဆုံးပွင့်တာတော့ အမှန်ပဲ။ လှိုင်ကြိုင်ပြီး အဖြူအခန်း တစ်ခန်းလုံး ရီဝေနေအောင် ပွင့်တတ်သည်။ သို့ပေမယ့် စံကားဖြူများ အလှိုင်ကြီး လှိုင်နေ ဆုံးအချိန်သည် အမြဲပင် အဖြူ၊ ဝမ်းနည်းကြေကွဲရသော အချိန်များသာ ဖြစ်တတ်လေသည်။ အကြောင်းမှာ စံကားဖြူ ကြိုက်တတ်သူကို အစဖော် မရနိုင်သောကြောင့်ပင်။ တစ်ခါတစ်ရံ မခံရပ်နိုင်အောင် ပူလောင်သော စိတ်ဖြင့် လက်လှမ်းမီသမျှ စံကားပွင့်ဖြူများကို ပြတင်းမှ ကိုယ်တစ်ပိုင်း ထွက်၍ ခူးကာ စာအုပ်စင်ပေါ်မှ သွယ်ပျောင်းသော လက်ခုပ်ပုံသဏ္ဌာန်ကြွေပန်းစိုက်အိုးကလေး၌ ထည့်လိုက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ရတတ်သည်။ စံကားဖြူပွင့်များ ဘယ်သူ့ကို ပေးရမှာပါလိမ့်။

ထိုအခါမျိုးကို ဖေဖေ တွေ့သွားလျှင် အင်မတန် စိတ်ဆိုးတတ် သည်။ ဖေဖေသည် ရိုက်တော့မည်လိုပင် လက်တောင် ရွယ်တတ်သည်။အဖြူသည် ထွက်ပြေးဖို့လည်း စိတ်မကူး။ ရှောင်တိမ်းဖို့လည်း စိတ်မကူး။ သည်အတိုင်း ငုံစုံပစ်ခံတော့မည်ဟု ငြိမ်နေတတ်သည်။ ဖေဖေသည် ဒေါသ မလျော့ပါးသော်လည်း မျက်နှာပျက်ကာ လှည့်ထွက်သွားလေ့ရှိ၏။ ထို့ နောက် အဖြူအခန်းနှင့် ကပ်နေသော ဖေဖေ့အခန်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်သည့်ခြေသံ တဒုန်းဒုန်း ကြားမည်။ နောက် မချုပ်တည်းနိုင် သည့်ပမာ စားပွဲပေါ်မှ စာအုပ်များကို တွန်းချပစ်သံ ကြားတတ်သည်။ ပြီး တော့ စားပွဲကို လက်သီးနှင့် ဆင့်ကဲဆင့်ကဲထုသံ ကြားတတ်သည်။

ဖေဖေ သိပ်ဒေါသကြီးတာပဲ။ စိတ်ဆင်းရဲစရာ...။

ဒါကြောင့် ဖေဖေ သေသွားသည့်အခါမှာ ဝဋ်ခံရတာပေါ့။ သနား ဖို့တော့ ကောင်းလိုက်တာ။ ကြည့်တောင် မကြည့်ရက်ပါဘူး။ ငိုလည်း ငိုချင်လိုက်တာ။ သို့ပေမယ့် ဖေဖေ သေပြီဆိုတော့ သည်အိမ်က ခွဲရတော့ မည်။ ကိုဦးဆီ သွားရတော့မည်။ ကိုဦးဆီ သွားရတာတော့ သိပ်သဘော ကျတာပဲ။ ဒါကိုပဲ စောင့်နေတာပဲ။

ကိုဦးကို ပေးဖို့ စံကားဖြူပွင့်များ စောစောက သူ ရှာဖွေနေသည် ကို သတိရလာပြန်၏။ အဖြူသည် ပေါ့ပါးသွက်လက်စွာ ပြတင်းပေါက်သို့ ပြေးပြီး တံခါးဖွင့်လိုက်ရာ စံကားဖြူနံ့ သင်းမွှေးသော လေအေးသည် အပြေး ကလေး ဝင်လာသည်။ လေအေးကို တဝကြီးရှူလိုက်သည့်အခါ အဖြူပျော်ရွှင်နေသည်ဟု သတိရလိုက်၏။ စံကားဖြူတွေ ဘယ်မှာလဲ။ တကယ် ပွင့်တာလား။ အိပ်မက်ထဲမှာတော့ မီးပွင့်ကလေးများ ဖြစ်သွားသည်။ အို...ဆောင်းဦးမှာလည်း ပွင့်တာပဲနော်။ နည်းနည်းပါးပါးပါပဲ။ ရွက်ကြိုရွက်ကြား ကို ချောင်းကြည့်လိုက်သည့်အခါ ကော့နေသော ပွင့်ဖတ် ဖြူဖြူသွယ်သွယ် ကလေးများကို တစ်ပိုင်းတစ်စ မြင်ရသည်။ ကံကောင်းလာပြီ ထင်သည်။ လက်လှမ်းမီရာမှာ နှစ်ပွင့်ပွင့်လျက်ရှိ၏။ အဖြူဖို့တစ်ပွင့်၊ ကိုဦးဖို့ တစ်ပွင့်။ ဟော... ပြတင်းတံခါးရွက်စွန်းနှင့် တိုက်မိနေတာက တစ်ပွင့်။ တံခါးရွက် ထောင့်ချွန်နဲ့ ထိမိတော့ စံကားဖြူပွင့်ကလေး ဒဏ်ရာများ ရသွားလေ သလား။ ပြတင်းပေါင်ပေါ် တင်ပါးလွှဲ တက်ထိုင်မှ ခူးလို့မီပေ၏။ သည် တစ်ပွင့်ကတော့ အဖြူနဲ့ ကိုဦးတို့ရဲ့ အချစ်အတွက် တစ်ပွင့်ပေါ့။ ထိုစံကားဖြူပွင့် ကလေးသည် ဘာဒဏ်ရာ ဒဏ်ချက် တစ်ခုမှမရှိဘဲ ဖြူစင်လတ်ဆတ် လှသည်။ ကောင်းမြတ်သော နိမိတ်ပဲ။

အဖြူသည် ညာလက်ဝါးပေါ်မှာ စံကားဖြူပွင့် သုံးပွင့်ကို ယုယု ယယတင်ကာ မှန်တင်ခုံသို့ လာသည်။ ပြီးတော့ အလှတင်ထားသော ငွေဆေးလိပ်ပြာခွက်ကလေးပေါ် တင်လိုက်သည်။ ပြာလဲ့သော ငွေရောင်နှင့် တွေ့တော့ စံကားဖြူပွင့်များသည် နံ့သာဖြူလို အဝါဘက် လုသွားလေ သည်။

အဖြူအတွက် တစ်ပွင့်၊ ကိုဦးအတွက် တစ်ပွင့်။ အဖြူနဲ့ ကိုဦးတို့ ချစ်ကြတဲ့ အချစ်အတွက် တစ်ပွင့်။ သိပ်လှတာပဲ။

မှန်တင်ခုံ၌ ထိုင်လိုက်သည့်အခါ ကြည်လင်ချမ်းသာသော သူ့ မျက်နှာကို အဖြူ မြင်ရသည်။ အို...ဘာမှ မပြင်ရသေးပါလား။ ကိုဦးကပြောတယ်၊ အသင့် ပြင်ထားတဲ့ ရေချိုးရမယ်၊ အလှပြင်ရမယ်၊ ပြီးတော့ ဇီဇဝါနဲ့ ရယ်ဗလွန်ရေမွှေး သင်းသင်းအေးအေး ဆွတ်ရမယ်။ ဒါပေမဲ့ ဘာရောင်ဝတ်ရမလဲကွယ်။

ကိုဦး ကြိုက်တယ်လို့ တစ်ခါ ပြောဖူးသည်နှင့် နှင်းဆီဝါပွင့်များ ပျစ်ခဲ ယှက်သန်းနေရာက အနားသို့ တဖြည်းဖြည်း ကျဲသွားသည့် ထဘီဆင်ကို အဖြူရွေးလိုက်၏။ ကိုဦးနှင့်ပတ်သက်သမျှ အကုန်သတိရလာသည်။ ကိုဦး ပေးသည့် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)ထွက် ရွှေနှင့်လုပ်သော နှင်းဆီငုံ ရင်ထိုး ကလေးကို ထိုးဖို့သတိရသည်။ ဘယ်မှာလဲ၊ ဘယ်မှာသိမ်းမိပါလိမ့်။ သိပြီ။ အဝတ်ဗီရို အပေါ်ဆုံးထပ်ရဲ့ အတွင်းဘက်ထောင့်မှာ။ ကတ္တီပါ ဘူးနက် ကလေးထဲမှာပဲ။ ကုလားထိုင်ခု၍ အဖြူတက်ယူသည့်အခါ ကတ္တီပါဘူး ကလေးသည် ဖုန်ထုတက်နေသည်ကို တွေ့လေ၏။ ဘာဖြစ်လို့ ဖုန်မသုတ်မိ ပါလိမ့်။ ဖုန်မသုတ်မိတာ ဘယ်နှရက် ကြာပြီလဲ။ လပေါင်းများစွာတော့ ကြာပြီထင်သည်။

အဝတ်ဗီရို၏ အထက်ဆုံးဆင့်သည် စိတ်ဝင်စားဖွယ် ပစ္စည်းများ နှင့် အပြည့်ရှိသည်။ အားလုံးပင် ဖုန်ထုတက်နေသည်။ ဘယ်လောက်ကြာ အောင် မေ့ကျန်ခဲ့သည့် ကဏ္ဍပါလိမ့်။

အဖြူသည် မူးဝေလို့ပင် သွားတော့မလို ဖြစ်ရသည်။ အဖြူရင်မှာ အရမ်းခုန်နေပြီး မောဟိုက်လာသည်။ အသက်ပြင်းပြင်းမြန်မြန် ရှူနေရ သည်။ မျက်စိများ ခဏမှိတ်ပြီး ဗီရိုကို ခေါင်းမှီ၍နေလိုက်မှ သက်သာ သည်။ သို့ပေမယ့် စိတ်ကစောနေရာ ချက်ချင်းပင် တဆတ်ဆတ် တုန်ယင် နေသော လက်များဖြင့် ဗီရိုအထက်ဆုံးထပ်၏ စိတ်ဝင်စားဖွယ်ပစ္စည်းများကိုတစ်ခုပြီးတစ်ခုကြည့်ရလေ၏။ အားလုံး ကိုဦးဝယ်ပေးသော ပစ္စည်းများ ဖြစ်သည်။

အဖြူ လှန်ကြည့်မိသော ပထမဆုံးစာအုပ် ခုနစ်အုပ်တွဲမှာ ကမ္ဘာ တစ်ဝန်းမှ အကြီးကျယ်ဆုံး ဝတ္ထုတိုများဆိုသည့် အနီရောင်အဖုံးနှင့် စာအုပ် များ ဖြစ်သည်။ ထိုစာအုပ်အားလုံး ကုန်လုနီးနီး ဖတ်ဖူးသည်ကို သတိရ လာပြန်သည်။ ဖတ်ဖူးရုံမက တချို့တလေတောင် ဘာသာပြန် ကြည့်ဖူး သည်။ ဘယ်တော့မှတော့ မပြီးပေ။ ကိုဦးက ရယ်မော၍ “အမယ်... အဖြူက စာရေးဆရာမကြီး လုပ်ချင်တယ်ပေါ့လေ။ အရမ်း ဘာသာမပြန်နဲ့”ဟု နောက် ပြောင်သည်။ အဖြူက ရှက်နေလျှင် “အလကား နောက်တာပါ။ အဖြူ၊ စာ ရေးရင် ဗာဂျီးနီးယားဝုလ်ဖ်လို နေမလား မသိဘူး” ပြီးတော့ ကိုဦး မျက် ရည်လည်လာသည်ကို မှတ်မိသည်။ အဖြူကတော့ ဘာကြောင့်ပါလိမ့်လို့ တွေးနေခဲ့သည်။

နောက်တစ်အုပ်မှာ ကာယပီတိဆိုသော ဝတ္ထုဖြစ်သည်။ အဖြူ သည် အနည်းငယ် မျက်နှာနီလာသည်။ သူ ရှက်လာသည်။ ကိုဦး သိပ်ဆိုး တာပဲလို့ ပြောချင်သည်။ ကိုဦး အဲဒီစာအုပ်ကို ဖတ်ခိုင်းပြီး၊ ဖတ်ပြီး ပြန်ပြော ကြတော့ ခုလိုပင် မျက်နှာနီလာသည်။ ရှက်လာသည်။ ကိုဦး သိပ်ဆိုးတာပဲလို့ပြောခဲ့သည်။ ကိုဦးက ထုံးစံအတိုင်း ရယ်မောပြီး “သိမ်းထားနော်၊ သိပ်ရှားတဲ့ စာအုပ်ပဲ အဖြူရဲ့ ”လို့သာ ပြောလေသည်။

ပြီးတော့ အချစ်ကဗျာစာအုပ် နှစ်အုပ်ပင်။

စာအုပ်တိုင်းမှာ “အဖြူသို့ ၊ လှဦး”ဟုသာ ရေးထားသည်။

ကိုဦးရဲ့ သိမ်မွေ့သော သဘောတွေပါပဲဟု အဖြူ၊ တွေးတောကာ လက်ကိုင်ပဝါဖြင့် ဖုန်သုတ်လိုက်ပြီး သူ့လက်မှတ်ကို နှုတ်ခမ်းနှင့် ကပ်မိလေ ၏။

ထို့နောက် သီချင်းဓာတ်ပြားများ။

နတ်သျှင်နောင်၊ စန္ဒကိန္နရီ၊ မိုးဒေဝါ၊ မယ်ခုမျှော်၊ ချစ်ရေစင်။ စစ်မဖြစ်ခင် အင်္ဂလိပ်ခေတ်က ကိုဦး စုဆောင်းထားသော ဓာတ်ပြားများ ဖြစ်သည်။ အဖြူ၊ ကလေးဘဝက အလွတ်ရခဲ့သော၊ တကြော်ကြော်ဆိုခဲ့သော သီချင်းများ။ ပြီးတော့ အဖြူ၊ ကိုးတန်းအောင်သည့်နှစ်မှာ ကျော်ကြား လာသည့် ကိုစောငြိမ်းရဲ့ သီချင်းဓာတ်ပြားများ ဖြစ်သည်။ စံပယ်၊ စိမ်။ ပြီးတော့ အဖြူဆိုလို့ မဝနိုင်တဲ့၊ ဝမ်းနည်းကြေကွဲစေတဲ့ ဆည်းဆာ။

လောလောဆယ်တော့ ပျော်ရွှင်ကြည်လင်နေသော အဖြူသည် တမ်းတသံနှင့်သာ ခပ်လဲ့လဲ့ ဆိုမိသည်။

“နာဝါလှေများဆွေရယ်

ဆွေးသူကို ဖေးကူပါလှည့်...

 လမ်းကြုံရင် ခေါ်စေချင် ပြာရီလဲ့ ဆည်းဆာ ညချမ်းဝယ်

 နေညိုညို၊ မောင့်ကို လွမ်းမိတယ်”

ပြီးတော့ ပြင်သစ်စကားသင် ဓာတ်ပြားလေးချပ် တစ်စုံ။

အို..ဖုန်တွေကလည်း ထုတက်နေတာပါပဲလား။ ဖုန်တွေသည် ဓာတ်ပြားစက္ကူ အိတ်ပေါ်တွင်မက စက္ကူအိတ်ပေါက်မှ ဝင်ကာပင် ဓာတ် ပြားတွေကို ပေရေစေတော့သည်။ ဖုန်ထုကို ကြည့်ခြင်းအားဖြင့် မေ့လျော့ နေခဲ့တာ ရက်ပိုင်းမကတော့ပြီပင်။ ဘယ်နှလ ကုန်ခဲ့ပြီလဲ။ ဘာဖြစ်လို့ သည်ဓာတ်ပြားများကို မဖွင့်မိပါလိမ့်။ ဘယ်တုန်းက သည်အပေါ်ဆုံး ထပ်မှာ သိမ်းခဲ့ပါလိမ့်။ အဖြူပဲ သိမ်းမိလေသလား။

သည်လိုပင် ဖုန်တက်နေသော အလှအပ ပစ္စည်းများစွာ စီရရီ သိမ်းထားတာ တွေ့ရသည်။ ဟုတ်တယ်၊ ဟောဒီငွေကတော့ ပန်းအိုးကလေး က အဖြူရဲ့ မွေးနေ့မှာ ကိုဦး ပေးတာပဲ။ နှင်းဆီဝါတွေ ဝေနေအောင် စိုက်လို့ ပေါ့။ ကိုဦးက နှင်းဆီပါမှ ချစ်တယ်တဲ့။ မဆီမဆိုင် “ပန်းနီနီ မပေးနဲ့ကွယ်၊ ပန်ချင်ပါဘူး”ဆိုသည့် သီချင်းကို စိတ်ထဲက ဆိုချင်လာပြန်သည်။ နီရဲနေသော ဂျပန်ယွန်းခွက်သုံးလုံး တစ်စုံကို မြင်မိလို့လားမသိ။ ကြွေပန်းအိုး အမျိုးစုံလည်း ရှိသည်။ တချို့ကိုတော့လည်း ဘယ်တုန်းက ဘယ်လိုအခါနှင့် ကြုံကြိုက်လို့ ပေးသည်ဆိုတာ မမှတ်မိတော့ဘဲ မမှတ်မိတာကို မကျေမနပ် ဖြစ်မိသည်။ ပြီးတော့ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်လာပြန်သည်။ ထိုပစ္စည်းတို့ သည် အရိပ်များစွာ ယှက်သန်းနေတာကို ကြည့်ရသလိုပဲနော်။ တချို့ ပီပြင်ပြတ်သား၍ တချို့ မှေးမှိန်ဖျော့တော့သော အရိပ်များပါပဲ။ အရိပ်များ ထပ် နေသည်။ တစ်ခုချင်း ဆွဲထုတ်လိုက်လျှင်တော့ လက်ဝါးပြင်မှာ အားလုံး ပီပြင်ပြတ်သားလာလိမ့်မယ်ထင်သည်။ သို့ပေမယ့် ဘယ်လို တစ်ခုချင်း ဆွဲထုတ်ရမည်လဲ။ ကိုဦးနဲ့တွေ့မှ မေးရမည်။

အကြံရပြီ။ ဒါတွေအားလုံး ကိုဦးဆီ ယူသွားမည်။ အဝတ်အစား သေတ္တာနှင့်ပါဆိုတော့ သေတ္တာနှစ်လုံး ဖြစ်နေမှာပဲ၊ ဖြစ်ပါစေပေါ့။ ကိုဦး ပေးတဲ့ အဖြူပိုင်တဲ့ ပစ္စည်းတွေ ထားခဲ့ဖို့ စိတ်မချနိုင်ပါဘူး။ ပထမ ဖုန်သုတ် ကြစို့။ အဝတ်စိုနှင့်သုတ်ပြီး အဝတ်ခြောက်နှင့် ချက်ချင်း ပြန်သုတ်ရမည်။ အဖြူသည် သူ့ပစ္စည်းများကို တစ်ခုချင်း တယုတယ ကြမ်းပေါ်ချလေ၏။ ကဗျာစာအုပ် တစ်အုပ်ထဲမှ ကိုဦးရဲ့ ချိုပြုံးသော မျက်နှာနှင့် ဝါနေပြီဖြစ်သော ကိုယ်တစ်ပိုင်းဓာတ်ပုံသည် လွင့်ပါးကျလာသည်။ ထိုဓာတ်ပုံမှာတော့ ဖုန် မရှိပေ။ “အဖြူသို့ အချစ်များစွာနှင့်၊ ဆုတောင်းကောင်းစွာနှင့်”လို့ သေသေ သပ်သပ်ရေးထားသည်။ “လှဦး” ဆိုသည့် နာမည်လက်မှတ်ကို အဖြူ နှုတ်ခမ်းနှင့် ကပ်မိပြန်လေ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)