Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ကြည်အေး - ဖုန်းသက်တိုင်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ဖုန်းသက်တိုင်

( ၁ )

သူ့လိုပင် ကွန်မြူနစ်ဝါဒ၌ သက်ဝင်ယုံကြည်၍ မြို့ကြီးပြကြီး၌ ပညာ သင်ကာ၊ ရုပ်ရှင်ကြည့်ကာ၊ မိန်းမ၌ စိတ်ဝင်စားကာဖြင့် တစ်သက်တွင်ပျော်ရွှင်ခိုကပ်ဖြစ်မည်လို့ မထင်မှတ်ခဲ့သူ အများပင်ရှိကြမည်။ သည်အထဲက သူ့လို့ပင် ငွေလဝန်း၌ ချစ်သူ့နှုတ်ခမ်းကို မြင်၍တိုက်ခတ်လာသော လေ၌ ဖြားယောင်းခေါ်သံကို ကြားသော ကဗျာမျိုးကို ချစ်တတ်သူရှိမည်။ သူ့လိုပင် အရင်းစင်စစ် ရှာမဖြစ်ဘဲ လေလွင့်လာသော သတင်းစာ စက္ကူစုတ်ပမာ တစ်ပိုင်းတစ်စ အကြောင်းချင်းရာများနှင့်ပင် မပြီးမပြတ် ရန်ကုန်မြို့သို့ ချဉ်း ကပ်ကာ၊ သူတကာလို ကောလိပ်ကျောင်းသားဖြစ်လာပြီး နိုင်ငံရေး၌ လုံးဝ ကျဆုံးသွားသူအများရှိမည်ပင်...၊

ထိုအများထဲမှ ကိုဖုန်းခင်သည်တော့ အကောင်းချည်း ဖြစ်လို၍ အလှ ကိုချည်းမြင်လိုကာ စိတ်ဝေဒနာဟူသမျှကို အသေးစိတ် ထိတွေ့ခံစားလွယ် သူ၊ သညာ၌ အရာရာလွယ်ကူစွာ ထင်သူတစ်ယောက်တည်း။ သည်တစ်ခု သာပင် သူ့ကို အထူးပြုသည့် ဝိသေသနဖြစ်ကာ၊ သူ့ကို သူ့လို လူငယ်အများ နှင့် အနည်းငယ်ဖြစ်စေ ကွာခြားစေသော၊ ဆက်ဆံရာ၌ ရော၍မသွားစေသော အကြောင်းဖြစ်သည်။ ဒါသည်ပင် သူ့ဘဝ ပန်းကွက်စကြာပုံဖော်ရာ၌ ကြမ္မာ ၏ လက်ကအသုံးပြုသော မျဉ်းဖြောင့်မျဉ်းကွေ့ အတိုအရှည်တစ်စုံပင်တည်း။

သို့သော်.. ကိုဖုန်းခင်ကိုယ်တိုင်ကမူ လူ့ဘဝ၏ နောက်ဆုံးအချိန် ဦးနှောက် နောက်ဆုံးကြည်လင်ချိန်၌ပင် သည်အဖြစ်ကို မခံချင်ဖြစ်လျက်ရှိခဲ့သည်။ သာမန်လူနှင့် တစိုးတစိမှ မကွာရပါလို၏ဟု တောင့်တဆဲပင် ရှိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် သူများတကာလိုပင် ၁၅ နှစ်သားမှာ ဆယ်တန်းအောင်၍ ဆက်တိုက်ကောလိပ်တက်ရန် လာခွင့်ရခဲ့လျှင် သူ့တောင့်တချက် ပြည့်ဝမည်လို့လည်း မှန်းဆဆဲရှိခဲ့သည်။ သို့သော်.. မခံချင်တာ တွေ၊ တောင့်တတာတွေ၊ မှန်းဆတာတွေနှင့်သာ ပြီးသည်။ သူကတော့ ရန်ကုန်မြို့ကို စိတ်ဓာတ်ပျက်ပြားပြီဖြစ်သော နိုင်ငံရေးသမားတစ်ယောက်၊ နဂိုရှိသည့် အသက်ထက် ရင့်ရော်ခဲ့သူတစ်ယောက်၊ နဂိုက အယုံကြီးယုံကြည် ခဲ့သည့်ဟာ မှန်သမျှ ဆုံးပျက်ပြီဖြစ်၍ ဘာမှ တွယ်တာခိုလှုံစရာ မရှိသူတစ် ယောက်၊ လူအနေဖြင့် စိတ်မချမ်းသာစွာသော သူတစ်ယောက်အဖြစ်သာ ရောက်ခဲ့ပြီဖြစ်သည်။

သူ ထွက်လာကတည်းက ဇာတိမြို့ကို တော်တော်နှင့် ပြန်ဖြစ်မည် မဟုတ်ဆိုတာ သိခဲ့၏။ ပါတီတာဝန်ခံ စည်းရုံးရေးမှူးအဖြစ်နှင့် မရောက် ဖူးသော မြစ်ဝကျွန်းပေါ်မြို့ဆီရှိ၊ ရေခါးလယ် ရောက်သော လယ်ကွင်းပြင် ကျယ်မှာ အဖော်စိန်ထွန်းအောင်နှင့် မိုင်ပေါင်းများစွာ နေ့ရောညပါ လျှောက် တာတွေ၊ ပြီးခဲ့ပြီဆိုတာ သိခဲ့၏။ ဘယ်ရဲဘော်နှင့်မှလည်း ရိုက်မောင်းပုတ် မောင်းဖြစ်သည့်အထိ သဘောကွဲလွဲစရာတွေ၊ ဆွေးနွေးငြင်းခုံစရာတွေမရှိ ပြီ။ သူရဲ့ တရားဟောကောင်းသော ဂုဏ်ကိုလည်း အသုံးပြုစရာနေရာမရှိပြီ။ ကောလိပ်ရောက်လျှင် သမဂ္ဂတောင်ဝင်ဖြစ်ပါ့မလားဟု သံသယမကင်းသေး။

ထို့ကြောင့် ၁၉၄၈ ခု၌ ကောလိပ်ရောက်၍ ဆရာဝန်လုပ်မည့်သူတို့ ယူသည့် သတ္တဗေဒ အရင်းခံ ဘာသာစုံကို သိပ်မစဉ်းစားဘဲယူသူ၊ အင်းဝကျောင်းဆောင်မှ ကိုဖုန်းခင်တစ်ယောက်သည်တော့ အသက် ၁၈ နှစ်၌ လူ့ဘဝ၏ အရေးကြီးသော တစ်ခန်းရပ်ပြီးသည်ဖြစ်၍ အလွန်မောပန်းနွမ်း နယ်နေသော ကျောင်းသားဖြစ်ခဲ့လေသည်။

X

X

X

( ၂ )

“ကိုဖုန်းခင်ပျို့ ကိုဖုန်းခင်”

 သည်လိုပင် အောင်တင်သည် အလကားနေရင်း တကြော်ကြော်နှင့်အရေးတကြီး ခေါ်တတ်သည်။ တစ်ခါတစ်ရံတော့ သူ့ဘာသာခေါ်မိသည် ဆိုတာကိုပင် မေ့နေတတ်ပြီး အခေါ်ခံရသူအနားရောက်လို့မှ ဘာပြောစရာ တစ်ချက်မရှိ ဖြစ်တတ်လေ၏။

ထို့ကြောင့် ကိုဖုန်းခင်သည် အောင်တင်က ခေါ်သံကို ဘယ်တော့မှ မိမိကို ရည်ရွယ်သည်လို့ အမှတ်မထား၊ အဖက်မပြု၊ တကယ်ပြောစရာရှိလျှင်အောင်တင်က ခေါ်ယင်း အော်ယင်း အနားရောက်လာရသည်သာပင်။ ထိုအခါ အောင်တင်က စိတ်ဆိုးတတ်သေး၏။

“ကိုဖုန်းခင်-ခင်ဗျားက အညာသားချင်းချင်း၊ ဘာ တင်တာတုံးဗျ”

ကိုဖုန်းခင်က မပြုံးချင်ပြုံးချင်နှင့် ကြည့်နေစမြဲပင်။ ထို့ကြောင့်အောင် တင်က သူ့ကို လူဝါးဝတဲ့ လူဟူ၍ ဂုဏ်ပြုစမြဲပင်။

အောင်တင်သည် တကယ်တော့ ကိုဖုန်းခင်ကို အထင်ကြီး၏။ ဆရာ တင်၏။ သူက အသက်လည်းငယ်သည်။ ကိုဖုန်းခင်လိုတက်ကြွသော ပါတီဝင် လည်း မဖြစ်စဖူးခဲ့။ အတန်းမှန်မှန်အောင်၍ ကျောင်းသို့ တိုက်ရိုက်လာခဲ့ ၏။ သူသည် နုနယ်ပျိုမျစ်ဆဲပင်။ ကိုဖုန်းခင်၏ တရားဓမ္မများ၌ သက်ဝင်ခဲ့ ဖူး၏။ ကိုဖုန်းခင်၏ ဝါဒစာအုပ် မှန်သမျှကို စောင့်၍ငှားကာ ဖတ်ကာ၊ သဘောကျကာဖြင့် ပြန်မပေးဘဲ သိမ်းဆည်းထားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကွန်မြူနစ်ရယ်လို့ ဆိုသူဖြစ်ခဲ့၏။ ယခု လောလောဆယ်ဆယ်မှာ ကိုဖုန်းခင် ထက် အများကြီးတက်ကြွနေဆဲပင်။ သူသည် အမြဲမအားလပ်သော သမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်လေ၏။ “ကိုဖုန်းခင် ဗျူ ကိုဖုန်းခင်”

အောင်တင်သည် ရေချိုးပြီးစ၊ ကိုယ်မှာ ရေပေါက်များနှင့် မျက်နှာ သုတ်ပဝါကိုခြုံကာ၊ ကိုဖုန်းခင်၏ အခန်းဝသို့ ရောက်လာသည်။

“ခင်ဗျားက ဘာ လူဝါးဝတာတုံး၊ ဒီမှာ ခေါ်နေတာမကြားဘူးလား” “မင်းအသံ မကြားတဲ့လူဟာ တော်တော်ပင်းတာပဲ” “ခင်ဗျား ပြန်မထူးတာက အ,လို့လား” “ဘာပြောမလို့လဲ”

“ဒီလ သမဂ္ဂအသစ်ပြန်ဖွဲ့ ရမလေ-မသိဘူးလား၊ ကျွန်တော်တို့လူတွေ ဒီနှစ်တက်ဖြစ်အောင် တက်ရမှဟန်မယ်ဗျ၊ ညက ကျွန်တော်တို့နာမည်စာရင်း လုပ်တယ်၊ ခင်ဗျားလည်းတစ်နေရာပါတယ်”

“ငါပါချင်တယ်လို့ ဘယ်သူက ပြောလဲ” “ခင်ဗျားမပါလို့ ဖြစ်မလားဗျ” “ငါမပါချင်ဘူး” “ဘာဖြစ်လို့” “ငါမပါချင်ဘူးထင်တယ်ကွ”

ကိုဖုန်းခင်က လက်ထဲမှ စီဂျွန်း၏ ရုက္ခဗေဒစာအုပ်စိမ်းကလေးကို အဓိပ္ပာယ်မရှိမြှောက်ပြမိလေ၏။ တကယ်တော့ သူလည် လေလွင့်လာ သူသာဖြစ်၍ လှပသော ပန်းပွင့် ကလေးများကို ပြိုင်ပွဲဝင်အလှ မယ်များလို ကိုယ်လုံးတီးဖြစ်အောင် ပွင့် လွှာတစ်ချပ်စီ ခွာရန် စိတ်ဝင်စားသူမဟုတ်။ သူလည်းသိ၍ အောင်တင်လည်းသိသော ထိုအ ကြောင်းကို သက်သက်ဆန့်ကျင်၍ အဖြေရှာပေးခြင်းသာဖြစ်၏။ “သြ-ခင်ဗျားက စာတွေ ကြိုးစားမလို့ပေါ့၊ ဆရာဝန်လုပ်မလို့ပေါ့”

ကိုဖုန်းခင်ကပြုံးရယ်၏။ ပြီးတော့ အာရုံကြောများ ဘယ်လိုဖြစ်သည် မသိ၊ လွှတ်ပြီးသိပ်ရယ်မောလိုက်ရာ သီးသွားပြီးမျက်နှာတစ်ခုလုံးနီလာလေ ၏။ ထို့နောက်တစ်ဖက်သို့လှည့်ကာ စိတ်မချမ်းသာခြင်းများ ထပွေနေ ပြန်လေသည်။

အောင်တင်က ဒီလူ အရင် ကိုဖုန်းခင်တော့ မဟုတ်ပြီဘူးဟု အကြိမ် တစ်ရာ့တစ်ကြိမ်မြောက် တွေးထင်မိဟန်နှင့် မျက်လုံးကို ပြူးပြဲကာ အံ့သြ ဆဲပင်လိုကြည့်လေသည်။

“ငါဘာမှမလုပ်ချင်ဘူး အောင်တင်ရာ ဒီလိုပဲ နေချင်သေးတယ်။ အေး-အိပ်ရာထဲမှာ ကျောင်းစာအုပ်ကလေး ရင်ဘတ်ပေါ် တင်ပြီး ဟို ဒီေနဲ့ပေါ့၊ ကျောင်းလည်းမတက်ဘဲပေါ့၊ ဖဲလည်းမရိုက်ဘဲပေါ့၊ ငါမလှုပ်ချင်သေးဘူး”

သူတို့သည် ငြိမ်နေကြသည်။ အောင်တင်သည် ကိုယ်၌ ရေပေါက် ပေါက်ပင်ရှိသေး၏။ အခန်းထဲဝင်လာပြီး အူကြောင်ကြောင်ရပ်နေ၏။ သူတို့ နှစ်ယောက်ကြား၌ နားမလည်သော တံတားရှည်ကြီးရှိသည်။ လျှောက်လို့ တော့ရသည်။ တစ်နေ့တစ်ဖက်ကမ်းသို့ ရောက်မည်။ သို့ သော်လည်းရုတ်တရက်မို့ အားနာသလိုရှိ၏။

အောင်တင်က “ဟေ့ ကိုဖုန်းခင် ညနေ ဘိုင်စကုတ်သွားမယ်ဗျာ” “ကောင်းသားပဲ” သို့သော်.. ကိုဖုန်းခင်မလိုက်ဖြစ်ချေ။

သမဂ္ဂဖွဲ့စည်းချိန်နီးသည်နှင့် အားလုံးလှုပ်လှုပ်ရွရွဖြစ်လာသည်။ “မဲ ပေးကြပါ” ဟူသော ခေါင်းစဉ်အောက်၌ နာမည်စီတန်း၍စာရင်းပြရာ အောင် တင်တို့လူသိုက်အတွက် ကိုဖုန်းခင်၏ နာမည်လည်းပါလာသည်။ ကိုဖုန်း ခင်ကမူ မဆီမဆိုင်သလိုပင် နေသည်။ အောင်တင်ကို တပင်တပန်းလည်း မငြင်းဆန်လို။ ဟိုသည်အလုပ်များ၍ သွားစရာကားနှင့်လာခေါ်လျှင် ဆွဲချ မည့်အကြိမ် လိုက်ဖြစ်၏။

ပြီးတော့ အင်းလျားက တင်မမဆီသွားတွေ့ဦးဗျာ” ဟု အောင်တင် က ဆော်သြပြန်၏။

“တို့မြို့က တင်မမလား” “ဒါပေါ့ဗျ-ခင်ဗျားကြီးကလဲ”

ကိုဖုန်းခင်သည် ဘာမှ ပြန်မပြောဘဲ နေလိုက်၏။ တင်မမနှင့် ညီအမတစ်ဝမ်းကွဲတော်သူ အဝင်းကို သွားသတိရသည်။ အဝင်းနှင့် သူတို့ မြို့သိရပ်သိ သမီးရည်းစားဖြစ်ခဲ့သည်ကို ပြန်ပြောင်းတွေးတော၏။ သူတို့၏ ဇာတ်လမ်းမှာ အဖွဲ့အနွဲ့ဘာမှမပါချေ။ ၇ တန်းကျောင်းသားချင်း ငယ်ငယ် ရွယ်ရွယ်မှာကြိုက်တတ်စမို့ ကြိုက်ခြင်းတည်း။ သူငယ်ချင်းလိုပင် ကစား လိုက်၊ ရန်ဖြစ်လိုက်၊ စာကျက်လိုက်နေ၏။ ကိုဖုန်းခင်မှာ ငယ်ငယ်က စာတော်သူဖြစ်၍ အဝင်းကို စာပြပေးရ၏။ အဝင်းနှင့် အမှတ်လုခဲ့၏။ သူပါတီဝင်ဖြစ်လာသော် အဝင်းသည် အရာရှိသမီးစိတ် ကောင်းစွာပေါက် လေပြီ။ နှစ်ယောက်သား ခပ်တန်းတန်း ဖြစ်လာဆဲ အဝင်းသည် ကျောက် ပေါက်၍ သေသည်။ မောင်နှမလိုခင်သူများမို့ ကိုဖုန်းခင်လက်မောင်းများ ကြားမှာ လူးလှိမ့်ပြီး သေခွင့်ရသည်။ ကျောက်ပေါက်သူ အနားသို့ ကပ်လိုသူ ပွေ့ပိုက်လိုသူများသည်ကလည်း တစ်ကြောင်းဖြစ်မည်။ လူအပေါင်းက ကိုဖုန်းခင်ကိုအကဲခတ်၏။ ကိုဖုန်းခင်၌မူ ပူပန်စိတ်မရှိချေ။ သူ့ဘာသာလည်း မအံ့သြချေ။ အကြောင်းမှာ သူသည် အဝင်းကို တကယ်တမ်းမချစ်ဖူးသောကြောင့်တည်း။ အဝင်းခံစားရသော ဝေဒနာကို စာနာကြင်နာ၏။ မြန်မြန် သေပါစေတော့ဟု ဆုတောင်းပေး၏။ မသာချပြီးသော် ပါတီသို့ ပြန်ကာ အားနာစရာ လူမရှိပြီဖြစ်၍ လွတ်လွတ်ကျွတ်ကျွတ်လုပ်၏။ လွမ်းတတ်သူ များက “အို မောင်ဖုန်းခင်လား ရည်းစားသေပြီး ကတည်းက ခေါင်းစုတ်ဖွား နဲ့ နိုင်ငံရေးသမားကြီးလုံးလုံးဖြစ်ရှာတာပါပဲကလား” ဟု အသံတိမ်တိမ်နှင့် မှတ်ချက်ပြုလေသည်။ ကိုဖုန်းခင်ကတော့ သည်စကားကို ကာလကြာမှ ကြားလေသည်။ သူ့၌ ဘာမှချေပစရာ၊ ရှင်းလင်းစရာမရှိဟု ထင်လေသည်။ တိတ်တိတ်ပင် နေသည်။

တင်မမသည်လည်း လွမ်းတတ်သူတစ်ယောက်ပေလားမသိ၊ သို့သော် ယခုကိစ္စမှာ သမဂ္ဂအမှုဆောင် ရွေးပွဲ၌ မိမိနာမည်ပါသော အောင်တင်တို့ လူသိုက်ကို မဲဆွယ်ပေးဖို့ တိုက်တွန်းရန်သာတည်း။ တင်မမသည် အဝင်းအ

ကြောင်း ပြန်ပြောနေလည်း ကိုဖုန်းခင်က နားထောင်ဖို့ မပင်ပန်းပါချေ။ အထူးသဖြင့် သူသည် နားထောင်နေသလိုနှင့် ဘာမှမကြားဘဲ နေနိုင်သော သတ္တိရှိသည်ဖြစ်၍ ပူပင်စရာမရှိ။ နောက်ပြီးတော့လည်း မိမိ၏စိတ်၌ ထိခိုက် စေအောင်မတတ်နိုင်သူ တစ်ယောက်အကြောင်း ပြန်လည်တမ်းတသံကို ကြားရမှာ ပျင်းတာတစ်ခုသာပင်။

ကိုဖုန်းခင်သည် အင်းလျားဆောင်သို့တော့ ရှောရှောရှူရှူ သွားလို၏။ သူသည် မိန်းကလေးများ ဘယ်လိုနေသည်ကို သိချင်၏။ အလှအပ ကလေး များ မြင်ချင်သည်ကို ဝန်ခံ၏။ ရုပ်ရှင်ကြည့်ရသလို စိတ်ပြေလက်ပျောက် ဖြစ်မလားလို့ မျှော်မှန်း၏။ ပြီးတော့ အင်းလျားဆောင်ဆိုတာကိုလည်း ရောက် ဖူးချင်သည်။

အင်းလျားဆောင်ရှိ တင်မမထံသို့ လှသောင်းနှင့်သွားရ၏။ လှ သောင်းလည်း ပေါင်းလို့ကောင်းသူ ကိုယ့်မြို့သားပင်။ လှသောင်းသည် သူ့ ထက် ၃-၄ နှစ်ကြီးသော်လည်း ဟိုက်စကူးတွင် အောင်တင်နှင့်အတန်းတူ ဖြစ်ရာ ကိုဖုန်းခင်က ကိုယ့်ထက်ငယ်သူလိုပင် သဘောထား၏။ လှသောင်း သည် ရိုးအ,ထူထိုင်းသော်လည်း ကြုံရာမဂ္ဂဇင်း၌ ဝတ္ထုတိုများရေးသူတည်း။ သူ့ဝတ္ထုများကို ကိုဖုန်းခင် ဘယ်တော့မှ မကြိုက်၊ မကြီးရင့်ဘူးဟုထင်သည်။ ကြိုကြားစပ်သော ကဗျာကလေးများကိုတော့ တစ်ချက်တစ်ချက် နှစ်သက်၏။

 အလိုအလျောက်ရတတ်၏။

“သေဆိုသည် သစ်ရည်မွှေးပါဗျ၊ တမင်သူလာနွေးပါမှ၊ ရင်တွင်ကြင်သူထွေးရသည်သို့၊ နွေးလောက်ကဲ့အသွင်မှာ၊

ဆေးမကြောက်သမို့၊ အကြွေးသောက်ချင်ချင်”

သို့သော် လှသောင်းသည် အရက်နံ့ခံလို့ရသူမဟုတ်၊ မိန်းမလေးကစ ၍ ပြောလို့ မေးလို့မှလည်း ဖြောင့်ဖြောင့်စကားထွက်တတ်သူမဟုတ်၊ ဘယ် သူ့ကိုမှလည်း တစ်ဖက်သတ်တောင် ချစ်ဝံ့ကြိုက်ဝံ့သူမဟုတ်၊ ကြောင် ခေါင်းကို ပုဆိုးစွပ်၍ခြုံပေးလိုက်သလို မျက်မှန်ထူထူ မမြင်မကန်း နှင့် ဘာလုပ်လုပ် ကြောက်ဆုတ်ကြောက်ဆုတ် နောက်သို့ သာ ယုတ်သူတည်း။ လှသောင်းနှင့်ဆိုလျှင် စာအုပ်အကြောင်း ပြောဖြစ်သည်။ လှသောင်းက အင်္ဂလိပ်စာအုပ်များ လာပေးတတ်သည်။

သည်လိုလူနှင့်သွားရသည်မို့ တင်မမနှင့် တွေ့ရာမှာ စကားစဆိုရသူ မှာ ကိုဖုန်းခင်သာပင်။ စကားပြောလို့မကောင်းလှ၊ ပြတ်တောင်း ပြတ်တောင်း ရှိသည်။ အင်းလျားဆောင် ဧည့်ခန်းမ၌ နာရီဝက်လောက်ထိုင်ရသောအချိန် မှာ ကိုဖုန်းခင်သည် လူ့ဘဝကို စိတ်အပျက်ကြီးပျက်လျက်ရှိသည်။ ပျင်းလှ ချည်ရဲ့ လို့ ငိုညည်းလိုက်ချင်သည်။ ကိုယ့်ဘဝရဲ့ ဟာလာဟင်းလင်းနိုင်ပုံ ကို မြင်လှသည်။ အလှအပကို အင်းလျားဆောင်၌ ရှာမတွေ့၊ အလှအပ သည် ရင်ကိုချီ၍ ခြေဖျားထောက်ကာ လမ်းလျှောက်ခြင်းလား၊ မာနကြီးသော မျက်နှာအမူအရာမှ ဆေးနီရောင်လား၊ ယောက်ျားလေးကို ခေါ်သွေးမြူဆောင် ခြင်းလား၊ နွမ်းနယ်နေသော ကိုဖုန်းခင်က ပန်းပမာရင်ကိုအေးစေသည့် အလှ၊ ပတ်ဝန်းကျင်မှာ ကြိုင်လှိုင်မွေးတဲ့အလှကို မြင်ချင်သည်။ အလိုမရှိပါ။ မပိုင် ဆိုင်လိုပါ။ ခဏပဲမြင်ပြီး ထွက်ခွာသွားစေချင်သည်။ လိပ်ပြာကလေးကို လက် ခုပ်၌ ခဏဖမ်းလိုသော သဘောသာတည်း၊ အမြဲယူထားဖို့ရာ ထည့်စရာဘူး မရှိ။ ယုယလို့လည်းမအား၊ ခုထိ မလှုပ်ချင်သေးပါဘူး။ ပျင်းလှသေးသည်။ ပြီးတော့ မောသည်။

တင်မမက ပြောစရာကုန်ပြီလို့ နေရာက ဗြုန်းခနဲ သတိရလာသေး သည်မှာ

“မေမေစိန်တစ်ယောက်လည်း အင်းလျားရောက်နေတယ်”

 “ကျွန်တော်တို့ မြို့သူလား”

“အို... မေမေစိန်ကို မသိဘူးလား”

ဟု တင်မမက မျက်ခုံးပင့်၍မေး ၏။

“ဗမာတစ်ပြည်လုံးမှာ ဆယ်တန်းစာမေးပွဲမှာ ပထမရတဲ့သူလေ။ ရှင်တို့ နဲ့ အတူတူ အောင်တာပဲ၊ ကျွန်မတို့ထက် နည်းနည်းငယ်မယ်။ ဗမာစာက လွဲလို့ ကျန်တဲ့ ၄ ဘာသာမှာ ဂုဏ်ထူးရတာပဲ”

“ကြားဖူးပါတယ်” ။

“သူလည်း ဘိုင်အိုယူတယ် ထင်တယ်”

လှသောင်းက ဝင်၍

“ပြူးဝါးဆိုင်းယင့်စ်ပါ”

“ဒါပေမဲ့ ကယ်မစ်ထရီနဲ့ ဖီးဇစ်မှာ ဆုံမှာပေါ့”

ကိုဖုန်းခင်က ဘာများ အစစ်အမေးထူနေပါလိမ့်ဟု အံ့ဩယင်း “ကျွန်တော်က အတန်းမှန်မှန်မှ မတက်တာ” ဟု ဖြေ၏။

“တစ်ခါမှ မမြင်ဖူးသေးဘူးပေါ့” “မမြင်ဖူးသေးပါဘူး” ။

“ဪ ဒီလိုပါ၊ ကိုဖုန်းခင်က ဘယ်မိန်းကလေးမှ ဂရုသိပ်မစိုက်ဘူး လို့ ကျော်နေလို့၊ ဒီမိန်းကလေးတော့ ဂရုစိုက်လောက်တယ်ထင်လို့ပါ”

တင်မမက ရောဝင်ပြုံးကလေးပြုံးလေ၏။ ကိုဖုန်းခင်က မိမိကိုယ်၌ မိမိပင် စိတ်ဝင်စားခြင်းလျော့ပြယ်နေရာ၊ အံ့အားသင့်ရ၏။ “ဟာ ဘာကြောင့် ဂရုမစိုက်နေရမှာလဲဗျာ၊ အထူးသဖြင့် လှရင်ပေါ့” စသည်ဖြင့်ရယ် ရွှန်းလိုက် ဖို့ ကောင်းတာကိုလည်း သတိရ၏။ သို့သော် ထုံးစံအတိုင်းပင် ဒီလိုပြောရမှာ လည်း ပင်ပန်းလှသည်ထင်ပြီ။

“မေမေစိန်က ရှင့်ကို သိတယ်တဲ့”

သည့်အတွက် ဝမ်းသာရမှာလား ထုံးစံရှိလေသလား၊ ကိုဖုန်းခင်သည် ဘာမှပြန်မပြောဖြစ်ပြန်ချေ။ သူ့ဘဝ ရက်ကန်းရှယ်ရာမှာ မေမေစိန်ဆိုသူ ယခုစတင်လို့ နာမည်ကြားဖူးသူကလေးသည် အတိုင်ချည်တစ်မျှင်လား၊ အဖောက်ချည်တစ်ပင်လား၊ တောက်ပြောင်သော အရောင်အဆင်းကို