စိတ်ကူးချိုချိုစာပေ
Kyi Aye - Kyi Aye's poems
Couldn't load pickup availability
ကြည်အေး၏ ကဗျာပေါင်းချုပ်
လူမသိသော ကဗျာ
ကဗျာမဖွဲ့တာဖြင့်
ကြာခဲ့ပြီကောရယ်လို့
ပိတောက်ရွှေ ဝေတဲ့တောဆီက
တငင်ငင် ဥရွှေဩစဉ်မှ
တဆိတ်ဆို စိတ်ကို မောအောင်ရှင့်
ပြောလာတဲ့ တစ်ယောက်သောသူ။
သော်မောင်မသိလေဘု
ယောင်တိယောင်တောင်နဲ့
ညဥ့်မှောင်မှောင် လရောင်မဝင်းသော်လည်း
ငွေစံပယ် ရွှေကြယ်လင်းရှာငဲ့
သီချင်းတကြော်ကြော်နဲ့
ဪ အော်မဆုံးခဲ့ပါဘူး
ပျော်တုန်းကို ဆူ။
သည်တစ်ပုဒ်ကိုတော့
ဆုတ်ပစ်မယ် ဘယ်နှမြောပါဘု
ပေါလှတယ် ဟိုတစ်ပိုဒ်
မကြိုက်ပေါင် ချေလို့လုံးတယ်တဲ့
ချစ်စရာ ကာရန်သုံးကာဖြင့်
အလင်္ကာ ပီပြင်ဆုံးကိုမှ
နှလုံး၌ ကပ်လို့မြူ
ပူပင်အံ့တနွေး။
တစ်နွေကူးမယ်လို့
နှစ်ဦးအသာလှယ်တော့ကို
စိန်ပန်းနီနီခြယ်သမို့
စိတ်ငယ်သူ အပူကြွချိန်မှ
ဆိုခဲ့တယ် သူက
ဘဝတိုတို လျှောက်ချင်သတဲ့
ဘယ်မြေပုံ မှုန်ဆီရောက်ရှာလို့
နှင်းဆီပင် တစ်ပင်ပေါက်ပြီလား
ပျို့ကဗျာ အိပ်ရာအောက်ကယ်က
ပျောက်ခဲ့ပြီလေး။
ရှုမဝ မဂ္ဂဇင်း၊ ဇူလှိုင်လ၊ ၁၉၅၂ ၊ စာ - ၂၁၀ ။
ကြွေပွင့်
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ်၊ ယခုလှစ်သည်
ရွှေရစ်ပန်းပြာ၊ ခပ်မာမာလေး။
လှမ်းမမီပေမယ့်
မောနေပါ့မယ်၊ ခူးမလွယ်ဘူး
မြေဝယ်လျောင်းစင်း၊ မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့်၊ ခရေပွင့်လေး။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့်၊ လှမ်းကြိုနှင့်သည်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။
ရှုမဝမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၅၃၊ နွမ်းလျအိမ်အပြန်ဝတ္ထုမှ။
မြစ်လယ်မှာ ချစ်လှယ်တုန်းက
မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။
လမင်းကလှောင် ကြယ်ပြောင်ကပြုံး
ညဉ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။
လေအေးက ခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တရိုးမှာ
စိုးတဲ့အသံ။
လှပသည့်ကာရန်၊ ပန်းမန်မှာနား
လဝန်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်းဝါး။ ။
လဝန်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တဝါးမှာ
ရှက်အားကကြွယ်
ထက်ရေးဆန်းကြယ် ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင် ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။
ကမ်းဆီကို ဝိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်စိုက်လာ
ယက်ပန်းက ဖာ။
ရွာဦးမှာ စေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လက်ရှည်တင် ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။
မျက်လုံးတာရာ
မည်းကော့မျက်တောင်၊ ညအမှောင်ဝယ်
မြရောင်အဟပ်၊ ရောင်စုံစပ်၍
ဖျပ်ဖျပ်ဖြိုးပြက်၊ တခဲနက်မျှ
ဝင်းလက်မည်လို၊ ထိန်မည်လိုနှင့်
ဆိုငိုမတန့်၊ ဆန့်တငံ့လျှင်
မဆန့်အာသာ၊ မပြေလာအောင်
တာရာမလင်း၊ ထိန်မဝင်းခဲ့
ရုတ်ခြည်းဖိတ်ဖိတ်၊ ရုတ်ခြည်းမှိတ်သို့
ချစ်စိတ်လွှမ်းဖုံး၊ ကြော့မျက်လုံးလျှင်
နှလုံးစာနာ၊ တည်မေတ္တာနှင့်
ချစ်မှာလိုလို၊ သစ္စာဆိုလို့
ရွှင်ချိုဝင်းပ၊ ပြုံးရာကလျှင်
မုန်းလှသည့်ပုံ၊ ညှိုးပြန်တုံ၏
မှုန်ကာသာကာ၊ မှုန်သာကာတည့်
တာရာမျက်လုံး၊ မြတနှုန်းသည်
အပြုံးတစ်ချက်၊ မုန်းတစ်ချက်
မလက်ပြန်ချည်၊ လက်ပြန်ချည်။
မိခင့်မျက်နှာ
လူရရွတည့်
ဖြူဆွေမြှင်၊ ကြွေဆံပင်လည်း
ပြေစင်အလှ၊ ခြယ်မသ၍
သွယ်လျပျော့ပျော့၊ ရောင်ဖျော့ဖျော့နှင့်
မကြော့မလွှား၊ လျော့သာပါးသည်
တရားရဟန်း ညှိုးနွမ်း၏။
လွန့်ရရွန့်တည့်
တိမ်ညွန့်တိမ်လှိုင်း၊ ပတ်ကွေ့ဝိုင်း၍
ပြာမှိုင်းမိုးငွေ၊ ကြောင်းရစ်ခွေသို့
အရေလျလျ၊ အစင်းထ၏
လျောကျချိုင့်ဝင်၊ ရိုးသားတင်သည်
ပါးပြင်မပြည့် တွန့်လိပ်၏။
ပြုံးမျက်နှာလျှင်
ဇရာနှိပ်စက်၊ မည်သို့ဖျက်လည်း
မျက်လုံးအလည်၊ အပြုံးတည်၏
ချိုကြည်နှုတ်ခမ်း၊ အပြုံးသန်း၏
ငြိမ်းချမ်းမေတ္တာ၊ မယှဉ်သာတည့်
မျက်နှာလပြည့်၊ ထွန်းစည့်စည့်လျှင်
မိခင့်မျက်နှာ၊ မြနှယ်သာသည်
ရှုကာမဝနိုင်တကား။






